← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း (၃၁၁) - မင်းက ဘာချန်ပီယံလဲ

ရှုတောင်၏ ရှန်ကျန့်တောင်ထွတ်သည် အမည်းရောင်သံမဏိတုတ်တစ်ချောင်းကဲ့သို့ ဖြောင့်တန်းနေပြီး အလွှာလိုက်ကွေ့ကောက်နေသော တောင်တက်လမ်းများဖြင့် ဝန်းရံထားလေသည်။

ယခုတစ်ကြိမ် တိမ်တိုက်လမ်းကြောင်းပြိုင်ပွဲသည် ထိုတောင်တက်လမ်းများ၏ ပုံစံအတိုင်း ကွေ့ကောက်နေသော အကွေ့ဆယ့်ရှစ်ကွေ့ကို ပြင်ဆင်ထား၏။

ယင်းက ယခင်ရိုးရှင်းသော အကွေ့တစ်ကွေ့တည်းနှင့် လုံးဝကွာခြားလှပြီး ပြိုင်ပွဲလမ်းကြောင်းတစ်ခုလုံးတွင် အခက်ခဲဆုံးအပိုင်းပင် ဖြစ်လေသည်။

ဝှီးးး။

ချူလျန်၏ ဝူချန်ဓားက ရုတ်တရက် အရှိန်တင်ကာ ပြေးဝင်သွားခဲ့ရာ နောက်ကျန်ရစ်ခဲ့သည့် ပြိုင်ပွဲဝင်များအားလုံးက သူ အရှက်ကွဲမည့်အချိန်ကို စောင့်ကြည့်နေကြသည်။

အကြောင်းမှာ ဆယ့်ရှစ်ကွေ့ရှိသော လမ်းတွင် ဓားပျံဖြင့် လျောတိုက်ခြင်းကို အသုံးပြုပါက အကြိမ်အနည်းငယ် ဆက်တိုက်ပြီးနောက်တွင် ထိန်းချုပ်နိုင်စွမ်းမဲ့ကာ လွင့်စင်ထွက်သွားမည်ဖြစ်သောကြောင့်တည်း။

ယခင် ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲများတွင် ထိုလမ်းပိုင်း၌ မိမိကိုယ်ကိုယ် လွင့်စင်သွားအောင် လုပ်မိတတ်သည့် သိုင်းပညာရှင်များ မကြာခဏရှိခဲ့ဖူးလေသည်။

အကယ်၍ အရှိန်အပြည့်ဖြင့် ဆက်တိုက်လျောတိုက်မည်ဆိုပါက သာမန်သိုင်းပညာရှင်များအနေဖြင့် အများဆုံး အကွေ့သုံးကွေ့မှ ငါးကွေ့အတွင်း ကျရှုံးသွားနိုင်ပေသည်။

ထိပ်တန်းသိုင်းပညာရှင်များဆိုလျှင်ပင် အကွေ့ဆယ်ကွေ့ထက် ကျော်လွန်နိုင်မည်မဟုတ်ချေ။

အရှိန်မလျှော့ဘဲ အကွေ့ဆယ့်ရှစ်ကွေ့လုံးကို လျောတိုက်ဖြတ်ကျော်ခြင်းမှာ လွန်ခဲ့သောနှစ်များစွာက လော့ယန်တောင်ထွတ်မှ ဓားနတ်ဘုရားသာလျှင် စွမ်းဆောင်နိုင်ခဲ့သော ကိစ္စဖြစ်လေသည်။

ဝှီးးး။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူလျန်က တတိယမြောက်အကွေ့ကို လျောတိုက်ကာ ဖြတ်ကျော်သွားခဲ့သော်လည်း အရှိန်မလျှော့သေးပေ။

နောက်မှ ပြိုင်ပွဲဝင်များကမူ လုံခြုံစွာဖြတ်ကျော်နိုင်ရန်အတွက် အရှိန်ကို အနည်းနှင့်အများ လျှော့ချလိုက်ကြသည်။

ထိုသို့ဖြင့် ချူလျန်၏ ဦးဆောင်မှုအကွာအဝေးမှာ ချက်ချင်းပင် ပိုမိုကျယ်ပြန့်သွားတော့သည်။

သို့သော် မည်သူကမျှ သူ့အတွက် စိတ်မပူကြချေ။

အကြောင်းမှာ သူ ယခု ပိုမြန်မြန်ပျံသန်းလေ ခဏနေလျှင် ပိုဝေးဝေးလွင့်စင်သွားမည်ဖြစ်သောကြောင့်ပင်။

သူ မည်သည့်အကွေ့တွင် လွင့်စင်ထွက်သွားမည်ကို စောင့်ကြည့်ရုံသာ ရှိလေတော့သည်။

ဓားအလင်းတန်းက စိတ်အာရုံထက်ပင် ပိုမိုမြန်ဆန်လှသည်။ ထိုရှုပ်ထွေးသော အတွေးများ လူတိုင်း၏စိတ်ထဲ ဖြတ်ပြေးသွားချိန်မှာပင် ဝူချန်ဓားက အကွေ့ဆယ်ကွေ့ကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်လေသည်။

'ဒီလောက်တောင် စွမ်းနေတာလား...'

လူများစွာ၏စိတ်ထဲတွင် အံ့ဩဖွယ်အတွေးများ ပေါ်လာလေသည်။

မကြာမီမှာပင် ထိုအတွေးက အဆုံးအစမဲ့ ကြီးမားလာတော့သည်။ အကြောင်းမှာ ချူလျန်က ဆယ့်သုံးကွေ့၊ ဆယ့်လေးကွေ့၊ ဆယ့်ငါးကွေ့ စသည်ဖြင့် ဆက်တိုက် ဖြတ်ကျော်သွားသောကြောင့် ဖြစ်လေသည်။

'ဟေး... ဟေး... ဟေး...'

'ဒီလောက်ဆို ရလောက်ပြီလေ...'

လူတိုင်းက စိတ်ထဲမှ အော်ဟစ်နေကြတော့သည်။

သို့သော် ချူလျန်က ကျရှုံးမသွားသေးဘဲ အရှိန်အပြည့်ဖြင့် ဆက်လက် လျောတိုက်နေခဲ့ရာ ဆယ့်ခြောက်ကွေ့၊ ဆယ့်ခုနစ်ကွေ့၊ ဆယ့်ရှစ်ကွေ့အထိ ရောက်ရှိသွားလေသည်။

ဘုန်းးး။

သူ၏ ပျံသန်းသောဓားက နောက်ဆုံးတွင် ဆယ့်ရှစ်ကွေ့ပြိုင်ပွဲလမ်းကြောင်းမှ လွင့်စင်ထွက်သွားခဲ့သည်။ သို့သော် လူတိုင်း၏စိတ်ထဲတွင် ဝမ်းသာမှုများ မဖြစ်ပေါ်လာနိုင်မီ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကြ၏။

ဆယ့်ရှစ်ကွေ့ဆိုသည်မှာ...

စုစုပေါင်းမှ အကွေ့ဆယ့်ရှစ်ကွေ့သာရှိခြင်း ဖြစ်လေသည်။

သူက ဓားပျံကို အရှိန်မလျှော့ဘဲ လျောတိုက်ကာ အားလုံးကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

ချူလျန်သည် လွန်ခဲ့သောနှစ်များက လော့ယန်တောင်ထွတ်မှ ဓားနတ်ဘုရားသာလျှင် စွမ်းဆောင်နိုင်ခဲ့သော ကြီးမြတ်လှသည့်လုပ်ရပ်ကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်လေသည်။

မရည်ရွယ်ပါဘဲနှင့် သမိုင်းတစ်ခေတ်ကို ထပ်မံသက်သေခံခွင့် ရလိုက်ခြင်းပေလော။

ထိုအခိုက်အတန့်တွင် မည်သူကမျှ ချူလျန်၏ ဓားပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုကို သံသယမဝင်ရဲကြတော့ပေ။ လူတိုင်း၏ခေါင်းထဲတွင် တုန်လှုပ်ချောက်ချားမှုများသာ ကျန်ရစ်နေပြီး မိမိတို့၏ အဆင့်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

ဝှီးးး။

အကွေ့ဆယ့်ရှစ်ကွေ့ကို ဖြတ်ကျော်ပြီးနောက်တွင် ရှည်လျားသော ဖြောင့်တန်းသည့်လမ်းတစ်ခု ထပ်မံပေါ်ထွက်လာသည်။ ချူလျန်က သူ၏စစ်မှန်သောချီစွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း တိမ်တိုက်လမ်းကြောင်း၏ အဆုံးသတ်ဆီသို့ ပြေးဝင်သွားလိုက်ရာ ပိလော့တောင်ထွတ်၏ ပြိုင်ပွဲလမ်းကြောင်းဆီသို့ ရောက်ရှိသွားလေတော့သည်။

များပြားလှသော ဓားစွမ်းအင်များက မိုးရွာချသကဲ့သို့ ကျဆင်းလာခဲ့သည်။

ထိုဓားစွမ်းအင်များမှာ အရှိန်ပြင်းပြင်းဖြင့် လာနေသော ဓားပျံစီးနင်းသူများကို နှောင့်ယှက်ရန်သာ ဖြစ်သောကြောင့် သိပ်တော့မပြင်းထန်လှပေ။

ချူလျန်က မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ခံနိုင်ရည်ရှိရှိဖြင့် အတင်းထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

သူ့အရှိန်မှာ အလွန်မြန်ဆန်လွန်းလှသဖြင့် ဓားစွမ်းအင်မိုးများ ပြင်းထန်စွာ ကျဆင်းနေသော်လည်း ထိုအကွေ့ကို ဖြတ်ကျော်သွားချိန်တွင် ဓားစွမ်းအင်နှစ်ခုသာလျှင် ချူလျန်ကို ရှပ်ထိသွားခဲ့လေသည်။ အင်္ကျီစွန်းတွင် အပေါက်တစ်ပေါက် ပြဲသွားသည်မှလွဲ၍ သူ့အား မည်သည့်ထိခိုက်ဒဏ်ရာမျှ မပေးနိုင်ခဲ့ပေ။

ယခုလက်ရှိ ချူလျန်၏ ရုပ်ခန္ဓာကိုယ်မှာ ထိုမျှလောက် ရှပ်ထိမှုမျိုးအတွက် အလွန်ဆုံး အဖြူရောင်အစင်းကြောင်းတစ်ခုသာ ထင်ကျန်ရစ်နိုင်လေသည်။

ဘုန်းးး။

နောက်ဆုံးပြိုင်ပွဲလမ်းကြောင်းက ကောင်းကင်တက်လှမ်းတောင်ထွတ်၏ အောက်ခြေအထိ ရောက်ရှိသွားပြီးနောက် ကောင်းကင်ယံဆီသို့ ကြီးမားလှသည့် အရှိန်ဖြင့် ထိုးတက်သွားရမည်ဖြစ်သည်။

ထိုနေရာသည် နှစ်စဉ်နှစ်တိုင်း စိတ်လှုပ်ရှားစရာအကောင်းဆုံး တောင်ထိပ်တက် ပြေးလွှားရသည့် ပြိုင်ပွဲလမ်းကြောင်းလည်း ဖြစ်လေသည်။

ပွဲကြည့်ပရိသတ်များမှာ တောင်ပေါ်မှနေ၍ ငုံ့ကြည့်နိုင်ပြီး ပြိုင်ပွဲဝင်များ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့်ပြေးတက်လာသည်ကို မြင်တွေ့နိုင်သလို ဓားအလင်းတန်းများ မျက်စိရှေ့မှ ဖြတ်ပြေးသွားကာ ကောင်းကင်သို့ ထိုးတက်သွားသည်ကိုလည်း စောင့်ကြည့်နိုင်ကြသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ယခုတစ်ကြိမ်တွင်မူ တစ်ဦးကိုတစ်ဦး အပြိုင်အဆိုင် လိုက်လံကျော်တက်သည့် အခြေအနေမျိုး ပေါ်ထွက်မလာခဲ့ခြင်းပင်။

ဘုန်းးး။

ချူလျန်၏ ဝူချန်ဓားက ချောက်ကမ်းပါးကိုကျော်ဖြတ်ကာ ကောင်းကင်ယံဆီသို့ ထိုးတက်သွားတော့သည်။

"ဟား..."

ချူလျန်က အသံရှည်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ထိုကဲ့သို့ အသည်းယားဖွယ်ကောင်းလှသော ဓားပျံ ပျံသန်းခြင်းခရီးစဉ်ကို ဖြတ်သန်းပြီးနောက် အလွန်အမင်းမြန်ဆန်သည့်အရှိန်ကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုက နှလုံးခုန်နှုန်းကို ပြင်းထန်စွာမြန်ဆန်စေလေသည်။

ကောင်းကင်ယံဆီသို့ ထိုးတက်သွားစဉ် သူသည် အသံကုန်ဟစ်အော်လိုက်ချင်စိတ်ကိုပင် မထိန်းချုပ်နိုင်ဖြစ်သွားရ၏။

သို့သော်လည်း သူက အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်သည်။

သူက ဓားကိုသိမ်းကာလှည့်ပတ်လိုက်ပြီး အောက်ဘက်သို့ ပြန်ကြည့်လိုက်ချိန်တွင် ရုတ်တရက် အံ့ဩသွားလေသည်။

"ဟင်..."

ချူလျန်က အနည်းငယ် အံ့ဩသွားပုံရသည်။ အကြောင်းမှာ ဓားပျံစီးနင်းပျံသန်းနေစဉ်အတွင်း သူက အခြားသူများကို ဂရုမစိုက်ဘဲ မိမိကိုယ်ကိုသာ အာရုံစိုက်ထားခဲ့သောကြောင့် ဖြစ်လေသည်။

ဖြစ်စဉ်များက ချောမွေ့နေသဖြင့် သူ အနိုင်ရမည်ကို ခန့်မှန်းမိနိုင်သော်လည်း ထိုမျှလောက်အထိ အပြတ်အသတ် ဦးဆောင်နေလိမ့်မည်ဟု သတိမထားမိခဲ့ပေ...။

"ငါ တောင်ခါးပန်းကိုတောင် ကျော်လာခဲ့ပြီလေ...သူတို့က ဘာလို့ တောင်အောက်မှာ ကျန်နေကြသေးတာလဲ..."

* * *

ဝှီး... ဝှီး... ဝှီး... ဝှီး။

ဓားအလင်းတန်းများက ကောင်းကင်ယံကို ဖြတ်သန်းသွားကာ ပွဲကြည့်ပရိသတ်များ၏ မျက်စိရှေ့တွင် တစ်ဖွဲဖွဲကောင်းကင်သို့ ထိုးတက်သွားကြသည်။ သို့သော် ထိုကဲ့သို့ ခမ်းနားလှသောမြင်ကွင်းက ပြိုင်ပွဲဝင်အများစုကို စိတ်လှုပ်ရှားမှု မဖြစ်စေခဲ့ပေ။

အကြောင်းမှာ ခေတ္တမတိုင်မီကပင် ချောမောလှပသော လူငယ်လေးတစ်ဦးက ထိုနေရာမှ ဖြတ်ကျော်သွားခဲ့ပြီးဖြစ်သောကြောင့်ပင်။

ချူလျန်မှာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်နှင့် သူ့အနောက်ဘက်မှ လှမ်းခေါ်လိုက်သော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

"ဂိုဏ်းတူညီလေးချူ..."

သူက လှည့်ကြည့်လိုက်သောအခါ ပြီးခဲ့သည့်အကြိမ်က ချန်ကျန်းဖြစ်နေကြောင်း တွေ့လိုက်ရ၏။

အကယ်၍ သူသာမရှိခဲ့လျှင် ချူလျန်လည်း ဓားပျံကို လျောတိုက်သည့်နည်းစနစ်ကို တွေ့ရှိခဲ့မည်မဟုတ်သောကြောင့် ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်ကိုချန်...ကိစ္စရှိလို့လား..."

ချန်ကျန်းက သူ့ထက် အသက်အနည်းငယ် ပိုကြီးသည်မှာ ထင်ရှားသောကြောင့် စီနီယာအစ်ကိုဟု ခေါ်လိုက်ခြင်းမှာလည်း မမှားပေ။

ချန်ကျန်း၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

ပြိုင်ပွဲအပြီးတွင် ခွန်အားကုန်ခမ်းလုနီးပါး ပင်ပန်းနွမ်းနယ်နေသည်ကို လုံးဝဂရုမစိုက်ဘဲ သူက ရှေ့သို့တိုးကာ မေးလိုက်လေသည်။

"ပြီးခဲ့တဲ့ အုပ်စုတွင်းပြိုင်ပွဲတုန်းက မင်း ဓားပျံနဲ့ လျောတိုက်တာကို မလုပ်တတ်သေးဘူးလေ…”

“ဒါပေမဲ့ အခုချိန်မှာကျတော့ ဒီလောက်တောင် ကျွမ်းကျင်နေတယ်ဆိုတာ...တကယ်ကို အံ့မခန်းပဲ...မင်း ဘယ်လိုလုပ်လိုက်တာလဲ..."

ချူလျန်က ပြုံးလိုက်သည်။

"အကြိမ်အနည်းငယ်လောက် လေ့ကျင့်လိုက်ရုံပါပဲ..."

"အကြိမ်အနည်းငယ်...ဟုတ်လား..."

ချန်ကျန်းမှာ လန့်ဖျပ်သွားလေသည်။

တကယ်တမ်းတွင်မူ ချူလျန်၏ဓားပျံဖြင့် လျောတိုက်သည့်နည်းစနစ်က ၎င်းတို့ထိပ်တန်းသိုင်းပညာရှင်အနည်းငယ်ထက် ပိုမိုစွမ်းအားကြီးမားချင်မှ ကြီးမားမည်ဖြစ်သည်။

သို့သော် သူကျင့်ကြံမှုအဆင့်က မြင့်မားကာ စစ်မှန်သောချီစွမ်းအင်က ပြင်းထန်ပြီး ဝိညာဉ်အာရုံကလည်း အားကောင်းသောကြောင့် တူညီသောနည်းစနစ်ကို အသုံးပြုလျှင်ပင် သေချာပေါက် ပိုမိုအစွမ်းထက်နေခြင်းဖြစ်လေသည်။

သို့သော် သူတို့တွင် ထိုကဲ့သို့သော နည်းစနစ်များရှိနေခြင်းမှာ ငယ်စဉ်ကတည်းက ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲများကို အထူးတလည် ကစားရင်း လေ့ကျင့်လာခဲ့ခြင်းကြောင့်ဖြစ်ကြောင်းကို သိထားသင့်ပေသည်။

ချူလျန်ကဲ့သို့သောလူမျိုးမှာ ၎င်းတို့နှင့်ယှဉ်လျှင် ကိုယ့်ဘာသာ ကျပန်းလေ့ကျင့်ထားသူတစ်ယောက်ဟုပင် သတ်မှတ်၍ရလေသည်။

ထိုအရာမှာ တကယ်ပဲ အကြိမ်အနည်းငယ်မျှ လေ့ကျင့်ရုံဖြင့် ရနိုင်ပါမည်လော။

ချူလျန်က တကယ်ပဲ လိမ်ပြောနေခြင်း မဟုတ်ချေ။ ယခင်က အကြိမ်အနည်းငယ် လေ့ကျင့်ခဲ့ဖူးပြီး ဓားပျံဖြင့် လျောတိုက်ခြင်း၏လျှို့ဝှက်ချက်ကို အကြမ်းဖျင်း သိရှိထားသော်လည်း အလွန်အမင်းမကျွမ်းကျင်ခဲ့ပေ။

စောစောက ပြိုင်ပွဲဝင်ပြီးနောက် နှစ်ကြိမ်မျှ ထပ်မံစမ်းသပ်ကြည့်ရာမှ အဓိကအချက်ကို လုံးဝကျွမ်းကျင်သွားကာ ယခုကဲ့သို့ အပြည့်အဝချောမွေ့သော လျောတိုက်ခြင်းများကို စတင်နိုင်ခဲ့ခြင်းဖြစ်လေသည်။

ချန်ကျန်း၏ အံ့ဩခြင်းနှင့် သံသယဖြစ်ခြင်းများ ရောယှက်နေသော အသံနေအသံထားကြောင့် ချူလျန်က သူ့ကို မေးနေသည်ဟု ထင်လိုက်မိသဖြင့် ခဏမျှ ပြန်စဉ်းစားကာရေရွတ်လိုက်သည်။

"သုံးကြိမ်လောက်တော့ ရှိမယ်ထင်တယ်..."

"ဒါပေမဲ့ သေချာပြောရရင် စောစောက အရှေ့ပိုင်း အကွေ့သုံးကွေ့ကလည်း လေ့ကျင့်တယ်လို့ သတ်မှတ်လို့ရပါတယ်...အဲဒီအကွေ့တွေကို ဖြတ်ကျော်ပြီးမှ အဓိကအချက်ကို နားလည်သွားတာလေ…”

“ဒါကြောင့် အဲဒါတွေကိုပါ ထည့်တွက်မယ်ဆိုရင် ခြောက်ကြိမ်လောက်တော့ ရှိမယ်... ဟင်...စီနီယာအစ်ကိုချန်...ဘာဖြစ်သွားတာလဲ..."

သူ စကားပြောနေသည်ကို နားထောင်ရင်း ချန်ကျန်းမှာ ရုတ်တရက် ခန္ဓာကိုယ်ပျော့ခွေကျသွားကာ သတိလစ်သွားခဲ့ခြင်းပင်။

စောစောက စွမ်းအင်များ အရမ်းကုန်ခမ်းသွား၍လား သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအရမ်းကြီးသွား၍လား ဆိုသည်ကိုတော့ မသိနိုင်တော့ချေ။

* * *

ကျန်းရှောင်ဟန်က ယနေ့မှသာ ရှုတောင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကောင်းကင်မဏ္ဍိုင်မျှော်စင်၏ လေဖမ်းခန်းမမှတပည့်တစ်ဦးအနေဖြင့် သူမသည် ပုံမှန်အားဖြင့် အလွန်အလုပ်များလှသည်။

မည်သည့်နေရာတွင်မဆို သတင်းကြီးတစ်ခုခု ထွက်ပေါ်လာပါက ရေးသားစရာ တန်ဖိုးရှိမရှိ သွားရောက်ကြည့်ရှုရလေသည်။

မူလက သူမသည် ရှုတောင်ထိပ်သီးအစည်းအဝေးသို့ လာရောက်ကြည့်ရှုရန် အစီအစဉ်မရှိခဲ့ဘဲ ပြိုင်ပွဲပြီးဆုံးချိန်အထိစောင့်ကာ ရလဒ်ကောင်းသူ အနည်းငယ်ကိုသာ လာရောက်မေးမြန်းရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ရှုတောင်ထိပ်သီးအစည်းအဝေးမှ ပြန်လည်ရောက်ရှိလာသော သတင်းများကို ကြားရသောအခါ ယခုနှစ်ပြိုင်ပွဲက အထူးတလည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အံ့ဩစရာကောင်းလောက်အောင် ပြဇာတ်ဆန်နေကြောင်း သိလိုက်ရသည်။

ထိုအချက်က သူမ၏စိုးရိမ်စိတ်ကို နှိုးဆွလိုက်လေသည်။ အကယ်၍ ပြိုင်ပွဲပြီးဆုံးသည်အထိစောင့်နေပါက ပထမဆုံး အင်တာဗျူးများကို အခြားသော ဂိုဏ်းတူအစ်ကိုအစ်မများက လုယူသွားကြမည်မဟုတ်ပါလော။

ထို့ကြောင့် သူမက ရှုတောင်သို့ ချက်ချင်းအပြေးအလွှားလာခဲ့ပြီး ချူလျန်နှင့် အနည်းငယ်ရင်းနှီးမှုကို အခွင့်ကောင်းယူကာ ငွေဓားတောင်ထွတ်ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။

ထိုနေရာသို့ လာရောက်ရသည့် အကြောင်းရင်းမှာ ယခုနှစ် ရှုတောင်ထိပ်သီးအစည်းအဝေးတွင် ငွေဓားတောင်ထွတ်က အကြီးမားဆုံးသော မျှော်လင့်မထားသည့် ဖောက်ထွက်လာသူ ဖြစ်သောကြောင့်ပင်။

ငွေဓားတောင်ထွတ်တွင် တပည့်တစ်ဦးတည်းသာရှိပြီး ပြိုင်ပွဲမစတင်မီက ယခုနှစ်တွင် ဖျော်ဖြေရေးပွဲစဉ်အားလုံးနီးပါးကိုသိမ်းပိုက်ကာ အဖွဲ့ဝင်အားလုံးနီးပါး ချန်ပီယံဖြစ်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြပေ။

ထို့အပြင် ချူလျန်မှာ ယခုအချိန်အထိ ထိပ်သီးတပည့် ယှဉ်ပြိုင်မှုအစီအစဉ်တွင် ပါဝင်နေဆဲပင် ဖြစ်လေသည်။

ကျန်းရှောင်ဟန် ရောက်လာချိန်တွင် ချူလျန်နှင့် လျိုရှောင်ယွီတို့လည်း ယခုလေးတင် ပြန်ရောက်လာကြခြင်းဖြစ်ပြီး ဆံပင်နှစ်ခွကျစ်ထားသော ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားကြသည်။

"မိန်းကလေးရှောင်ဟန်..."

ချူလျန်က ပြုံးလိုက်သည်။ ထိုမိန်းကလေးကိုလည်း သူနှင့် အနည်းငယ်ရင်းနှီးသူဟု ဆိုနိုင်ပေသည်။

"ပြိုင်ပွဲက မပြီးသေးဘူးလေ...ကျုပ်ရဲ့ ငွေဓားတောင်ထွတ်ကို ဘယ်လိုလုပ် ရောက်လာတာလဲ..."

"ဟားဟား...ပြိုင်ပွဲပြီးသွားရင် ရှင်တို့ကို မမီလိုက်မှာစိုးလို့လေ..."

ကျန်းရှောင်ဟန်ကလည်း ပြုံးကာ ပြောလိုက်သည်။

"ရှင်တို့ ငွေဓားတောင်ထွတ်က အားလုံးနီးပါး ချန်ပီယံတွေဖြစ်ကုန်ပြီလို့ ကြားတယ်... အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးချင်လို့ပါ...အချိန်ခဏလောက်များ ပေးလို့ရမလား..."

"ရပါတယ်...ကြိုဆိုပါတယ်..."

ချူလျန်က သူမအား နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

"သိုင်းသူရဲကောင်းချူက အခုလေးတင် ဓားပျံ ပျံသန်းခြင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးလာတာဆိုတော့..."

ကျန်းရှောင်ဟန်က စကားစလိုက်သည်။

"ဒီမိန်းကလေးကရော..."

"သူက လျိုရှောင်ယွီလေ...ကျုပ်တို့ ငွေဓားတောင်ထွတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ... သူက အခုလေးတင် မာကျောက်ပြိုင်ပွဲမှာ ချန်ပီယံဆုရလာတာ..."

ချူလျန်က ရှင်းပြလိုက်သည်။

ငွေဓားတောင်ထွတ်တွင် တပည့်တစ်ဦးတည်းသာ ရှိသော်လည်း အခြားအဖွဲ့ဝင်အနည်းငယ် ရှိနေကြောင်းကို ကျန်းရှောင်ဟန်က မလာမီကတည်းက ကြားသိထားပြီး ဖြစ်လေသည်။

ထို့နောက် ဟိုဘက်တွင် ပျင်းရိစွာမှောက်လျက်နေသော ခေါင်းကြီးကြီးနှင့် သတ္တဝါကို လက်ညိုးထိုးပြလိုက်သည်။

"ဟိုကောင်က ရွှေမွေးဟူလေ...အခုလေးတင် ဝိညာဉ်သားရဲအိမ်မွေးတိရစ္ဆာန် တိုက်ခိုက်ရေးပြိုင်ပွဲမှာ ချန်ပီယံဆုရလာတာ..."

ချူလျန်၏ ပထမဆုနှင့် နှိုင်းယှဉ်ပါက လျိုရှောင်ယွီနှင့် ရွှေမွေးဟူတို့၏ ချန်ပီယံဆုများက ပို၍ပင် အငြင်းပွားဖွယ်ရာမရှိခဲ့ပေ။

ရှုတောင်ပေါ်တွင် အခြားသော ဆဋ္ဌမအဆင့်ဝိညာဉ်သားရဲများ မရှိသည်တော့ မဟုတ်ချေ။ သို့သော် ထိုအရာများမှာ အနည်းဆုံးတော့ စွမ်းအားရှင်ကြီးများ၏ စီးတော်ယာဥ်များသာ ဖြစ်ကြရာ မည်သို့လုပ် ဝိညာဉ်သားရဲအိမ်မွေးတိရစ္ဆာန်ပြိုင်ပွဲသို့ လာရောက်ပါဝင်ကြမည်နည်း။

ပြိုင်ပွဲဝင်အားလုံးထဲတွင် ရွှေမွေးဟူတစ်ကောင်တည်းသာ ဆဋ္ဌမအဆင့် ဖြစ်လေသည်။

ပြိုင်ပွဲတစ်လျှောက်လုံးတွင် ပြိုင်ဘက်ဟူ၍ လုံးဝမရှိသလောက်ပင်ဖြစ်ရာ နောက်ပိုင်းတွင် ချူလျန်ကသွားရောက်ကြည့်ရှုရန်ပင် ပျင်းရိနေခဲ့တော့သည်။ မည်သို့ပင်ဖြစ်စေ ပြန်လာလျှင် နောက်ထပ်အောင်ပွဲတစ်ခုသာ ဖြစ်နေမည် မဟုတ်ပါလော။

၎င်းမှာ ကလေးငယ်များကို ရိုက်နှက်အနိုင်ကျင့်နေခြင်းနှင့်ပင် တူလေသည်။

ဘေးဘက်မှ တိနွီဖုန့်က ပေါ့ပေါ့ပါးပါးလျှောက်လာသည်။ သူမကလည်း ကောင်းကင်တက်လှမ်းတောင်ထွတ်မှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး လူများစုရုံးနေသည်ကို မြင်သောအခါ စပ်စုရန်ဝင်လာခြင်း ဖြစ်လေသည်။

"ဟင်...မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ...ဒီကောင်မလေးက တော်တော်ချစ်စရာကောင်းတာပဲ...ဘယ်ကလာတာလဲ..."

ကျန်းရှောင်ဟန်က တိနွီဖုန့်ကို မသိချေ။ သူမက မော့ကြည့်လိုက်ရာ လှပပြီး ပျင်းရိပျင်းတွဲနိုင်လှသော ထိုအမျိုးသမီးကို မြင်လိုက်ရပြီး မိမိကို ချစ်စရာကောင်းသည်ဟု ချီးကျူးနေသည်ကို ကြားလိုက်ရသဖြင့် ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဒီအစ်မချောချောလေးကရော ငွေဓားတောင်ထွတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလား..."

"မမက ဘာချန်ပီယံလဲ..."

All Chapters