အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း (၃၁၂) - အရင်က တော်တော်လေး ဝင့်ဝါနေကြတာ မဟုတ်ဘူးလား
ထိုအမျိုးသမီးနှင့် ကလေးငယ်မှာ အမှန်စင်စစ် ဝေလငါးစီးအင်မော်တယ်နှင့် မိန်းကလေးငယ်လေးသာ ဖြစ်ပေသည်။
လွန်ခဲ့သည့်ရက်ပိုင်းက ရှုတောင်ဂိုဏ်းအပြင်ဘက်တွင် စောင့်ဆိုင်းကာ သစ်သီးများကို လုယက်ခဲ့စဉ်က သူတို့လည်း အန္တရာယ်အချို့နှင့် ရင်ဆိုင်ခဲ့ရသေး၏။
သို့သော် လုယူလာသည့်သစ်သီးများမှာ လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး မိန်းကလေးငယ်လေးက ထပ်မံ၍ဂျီကျလာပြန်သဖြင့် ဝေလငါးစီးအင်မော်တယ်မှာ အလွန်ပင် ခေါင်းခဲနေရလေသည်။
'ဒီသစ်သီးမျိုးက ရှုတောင်ဂိုဏ်းမှာပဲ ရှိပြီး ရှားပါးထူးဆန်းတဲ့ မျိုးစိတ်တစ်ခု ဖြစ်လိမ့်မယ်...'
မူလက သူသည် ထိုသို့တွေးထင်ခဲ့သောကြောင့် သစ်သီးအနည်းငယ်ရရုံဖြင့် ကျေနပ်ရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ချူလျန်က ထိုအရာများကို လက်ဆောင်ဗူးများအဖြစ် ပြုလုပ်၍ ရောင်းချနေသည်ကို မြင်လိုက်ရသဖြင့် ၎င်း၏ထွက်နှုန်းမှာ မနည်းနိုင်ကြောင်း တွေးမိသွားလေသည်။
'ဒါဆိုရင် သစ်ပင်အနည်းငယ်ကို မြင့်မြတ်တဲ့တောင်ဆီ တိုက်ရိုက်ရွှေ့ပြောင်းစိုက်ပျိုးလိုက်တာက ပိုကောင်းလိမ့်မယ်...ဒါမှ နောင်ကျရင် သမီးလေးကို နေ့တိုင်းကျွေးနိုင်မှာ…’
‘ဘာပဲဖြစ်ဖြစ် ဒီအရာမှာပါတဲ့ ဝိညာဉ်စွမ်းအင်က သိပ်မများတော့ မြေဆီလွှာနဲ့ ရေမြေအခြေအနေအပေါ် လိုအပ်ချက်လည်း အရမ်းမမြင့်မားလောက်ဘူး...'
သူသည် ထိုသို့ တွေးတောမိသဖြင့် မိန်းကလေးငယ်လေးကို ခေါ်ဆောင်ကာ ရှုတောင်ပေါ်သို့ တက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ရှုတောင်ပေါ်တွင် လူအမျိုးမျိုး ရောပြွမ်းနေသဖြင့် သူတို့ကို တစ်စုံတစ်ဦးက မှတ်မိသွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ လောကဓံကို ဖြတ်သန်းထားသည့် ချောမောခန့်ညားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့် စကားမပီသသော မိန်းကလေးငယ်လေးတစ်ဦး၏တွဲဖက်မှုမှာ အနည်းငယ် လူသိသာလွန်းလှ၏။
သို့သော် ထိုပြဿနာလေးက သူ့ကို မတားဆီးနိုင်ပေ။ ရိုးရိုးမျက်လှည့်အတတ်ဖြင့် ရုပ်ဖျက်ခြင်းမှာ အဆင်မပြေနိုင်သည်မှာ သေချာသည်။ ရှုတောင်ပေါ်တွင် စွမ်းအားကြီးသူများစွာရှိနေသဖြင့် တစ်ဦးတစ်ယောက်က အကြည့်တစ်ချက်ဖြင့်ပင် ရိပ်မိသွားနိုင်သည်။
မိစ္ဆာဂိုဏ်းတွင် ဆန်းကြယ်လှသော အတတ်ပညာတစ်ခု ရှိပြီး ၎င်း၏အမည်မှာ 'အရေခွံခြယ်သရဲအတတ်' ဖြစ်၏။
၎င်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ရုပ်ရည်ကို ပြောင်းလဲစေနိုင်သော်လည်း သူတစ်ပါးက ရိပ်မိရန်အလွန်ခက်ခဲလှသဖြင့် အလွန်ဆန်းကြယ်လှပေသည်။
ဥပမာအားဖြင့် အမှောင်ဘုရင်ဂိုဏ်း၏ တန်ချင်းနန်းဆောင်တွင် လူ့လောက၌ အဆင့်မြင့်မားဆုံးသော အရေခွံခြယ်သရဲအတတ် ရှိပေသည်။
တန်ချင်းနန်းဆောင်သခင်သည် မျက်နှာပေါင်းတစ်ထောင်ရှိပြီး သူ၏အစစ်အမှန် ရုပ်သွင်ကို မည်သူမျှမသိရှိကြကြောင်း ကောလာဟလများရှိသည်။
သူသည် မည်သည့်လူကိုမဆို တစ်ချက်ကြည့်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုသူ၏ပုံစံအတိုင်း ပြောင်းလဲနိုင်ပြီး ခွဲခြားရန်လည်း အလွန်ပင်ခက်ခဲလှပေသည်။
ထိုအတတ်ပညာကို ဝေလငါးစီးအင်မော်တယ်ကလည်း အနည်းငယ် တတ်မြောက်ထားပေသည်။ အခြားသူတစ်ဦး၏ပုံစံအတိုင်း ပြောင်းလဲရန်မှာ ခက်ခဲသော်လည်း မိမိ၏ရုပ်ရည်ကို ပြောင်းလဲရန်မှာမူ အလွန်ပင် လွယ်ကူလှပေသည်။
ထို့ကြောင့်သာ ယခုကဲ့သို့သောမြင်ကွင်း ဖြစ်ပေါ်လာရခြင်းဖြစ်၏။
လူကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့မှာ ထိုနေရာတွင် ခေတ္တမျှ လှည့်လည်ကြည့်ရှုနေစဉ် ရင်ပြင်အလယ်ပိုင်းမှဆူညံသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ဦးက အော်ဟစ်လိုက်၏။
"ကျန်းယွဲ့ပိုင် လာပြီ..."
"နတ်သမီးကျန်း စင်ပေါ်တက်တော့မယ်..."
"ဝိုး..."
လူအုပ်ကြီးမှာ ထိုနေရာသို့ ချက်ချင်းပင်တိုးဝှေ့သွားကြရာ အချို့သူများမှာ ခြေလှမ်းများပင် မြေပြင်နှင့်လွတ်နေပြီး မသွားချင်သူများပင် လူလှိုင်းလုံးကြီး၏ တွန်းတိုက်မှုကြောင့် ပါသွားကြလေသည်။
ဝေလငါးစီးအင်မော်တယ်သည်လည်း ချွင်းချက်မရှိဘဲ ကလေးငယ်၏လက်ကို ဆွဲကာ အေးအေးလူလူ လျှောက်လှမ်းသွား၏။
မြင့်မားလှသော စိန်ခေါ်မှုစင်မြင့်ထက်တွင် ကျန်းယွဲ့ပိုင်သည် ခါးစည်းဖြူဝတ်စုံကို ဝတ်ဆင်ထားပြီး လေညင်းထဲတွင်လွင့်ပျံနေကာ သူမကိုယ်ဟန်မှာ နတ်သက်ကြွေလာသည့် နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူမသည် သာမန်ကာလျှံကာ လှည့်ပတ်လိုက်ရုံမျှဖြင့် မျက်ဝန်းအစုံရှိ တောက်ပမှုမှာ လွင့်မျောနေသော တိမ်တိုက်များကိုပင် ထင်ဟပ်စေနိုင်၏။
ဝေလငါးစီးအင်မော်တယ်သည် ကျန်းယွဲ့ပိုင်ကို စိုက်ကြည့်နေ၏။ သူမသည် လူပေါင်းများစွာ၏ အလယ်တွင်ရပ်နေကာ တောက်ပလှသော ဂုဏ်ရောင်များကို ခံစားနေရသည်။
သူသည် ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ခပ်ပြုံးပြုံး ပြုံးလိုက်ကာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလေသည်။
ထို့နောက် ကျန်းယွဲ့ပိုင်၏ ဆန့်ကျင်ဘက်တွင် သူမ၏ပြိုင်ဘက်က စင်ပေါ်သို့ တက်လာခဲ့သည်။
ထိုသူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းမွန်ယဉ်ကျေးသော အမူအရာရှိသည့် လူငယ်လေးတစ်ဦးဖြစ်ကာ မျက်နှာပေါ်တွင် အမြဲတမ်း ဘေးကင်းအန္တရာယ်ကင်းသော အပြုံးတစ်ခုကို ဆင်မြန်းထား၏။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းမတတ် ကျန်းယွဲ့ပိုင်၏အမည်ကို အော်ဟစ်နေကြသည့် ကြားထဲတွင် ချူလျန်ဟူသည့် အော်ဟစ်သံအချို့လည်း ရောပြွမ်းလျက် ထွက်ပေါ်နေပေသည်။
ထိုလူငယ်လေးကို မြင်လိုက်ရသည်နှင့် မိန်းကလေးငယ်လေး၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ခုပေါ်ပေါက်လာ၏။
သမီးလေးက ချက်ချင်းပင် ချူလျန်ထံသို့ ပြေးဝင်သွားရန်ပြင်လိုက်သဖြင့် ဝေလငါးစီးအင်မော်တယ်က သူမလက်ကို အမြန်ဆွဲကိုင်ကာ တိုးညင်းစွာ တားဆီးလိုက်သည်။
"မလောနဲ့ဦး..."
ချူလျန်သည် ကျန်းယွဲ့ပိုင်ကို ကြည့်ကာ ညင်သာစွာ ဦးညွှတ်လိုက်၏။
"ကျွန်တော် ဒီစင်မြင့်ပေါ်မှာ ရပ်တည်နိုင်တာက စီနီယာအစ်မကျန်းရဲ့ ကူညီမှုက အများကြီး ပါဝင်ပါတယ်...ဒါပေမဲ့ စီနီယာအစ်မအပေါ် လေးစားမှုကို ပြသတဲ့အနေနဲ့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ..."
ကျန်းယွဲ့ပိုင်ကလည်း သာယာစွာ ပြုံးလိုက်၏။
"ဘယ်အဆင့်အထိ ရောက်နိုင်မလဲဆိုတာ မင်းရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်...ငါလည်း အလျှော့ပေးမှာ မဟုတ်ဘူးနော်..."
"ဘယ်အဆင့်အထိပဲရောက်ရောက် ကျွန်တော်ကျေနပ်ပါတယ်...လွန်ခဲ့တဲ့ ခြောက်လကဆိုရင် စီနီယာအစ်မကျန်းနဲ့ ယှဉ်ပြိုင်ခွင့်ရလိမ့်မယ်လို့ ကျွန်တော် လုံးဝ ထင်မထားခဲ့ဘူး..."
ချူလျန်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
ကျန်းယွဲ့ပိုင်သည်လည်း ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် ထပ်တူ ခံစားလိုက်ရသည်။ ပထမဆုံးဆုံတွေ့စဉ်က ချူလျန်သည် တစ်နေ့တွင် မိမိ၏ပြိုင်ဘက်အနေဖြင့် ရှုတောင်ထိပ်သီးညီလာခံဗိုလ်လုပွဲ စင်မြင့်ထက်တွင် ရပ်တည်နိုင်လိမ့်မည် စိတ်ကူးပင်မယဉ်ဖူးခဲ့ပေ။
ထိုအချိန်က သူမသည် သူ့ကို ပါရမီအနည်းငယ်ရှိသည့် ဂိုဏ်းတူမောင်လေးတစ်ဦးအဖြစ်သာ သဘောထားခဲ့သော်လည်း သူ့တိုးတက်မှု အရှိန်အဟုန်မှာ သူမကို အကြိမ်ကြိမ် အံ့အားသင့်စေခဲ့ပေသည်။
"မင်းအတွက် ငါလည်း အရမ်းဝမ်းသာပါတယ်..."
သူမက အေးဆေးစွာ ပြန်လည်ဖြေကြားလိုက်၏။
"စီနီယာအစ်မသာ ဂိုဏ်းချုပ်ရဲ့ တပည့်ကြီး ဖြစ်လာခဲ့ရင်လည်း ကျွန်တော် ဝမ်းသာမိမှာပါ..."
ချူလျန်ကလည်း ပြန်လည်ပြောကြားလိုက်၏။
အောက်ခြေရှိပရိသတ်များမှာမူ စိတ်ထဲတွင် အနည်းငယ် ဇဝေဇဝါဖြစ်နေကြသည်။ အစောပိုင်းက ထိုနှစ်ဦး သိကျွမ်းကြကြောင်း မကြားဖူးခဲ့ပေ။ သို့သော် ယခုပုံစံအရဆိုလျှင် တော်တော်လေး ရင်းနှီးပုံရပြီး တစ်စုံတစ်ရာ ပတ်သက်မှုရှိနေပုံရသည်။
သူတို့၏ စကားပြောဆိုသံမှာလည်း အလွန်ပင် အေးချမ်းလွန်းလှ၏။
'အရင်က တော်တော်လေး ဝင့်ဝါနေကြတာ မဟုတ်ဘူးလား...'
စိန်ခေါ်မှုစင်မြင့်အလယ်ရှိ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲမှာ အမြန်ပင် လက်ဝှေ့ယမ်းပြကာ သူတို့၏ စကားပြောဆိုမှုကို ရပ်တန့်စေလိုက်၏။
ပုံမှန်အားဖြင့် ပြိုင်ပွဲမတိုင်မီ အပြန်အလှန်ကြုံးဝါးရမည့်အစား သူတို့နှစ်ဦးမှာမူ နေရာ၌ အေးဆေးစွာ စကားလက်ဆုံကျနေကြပေသည်။
'ခက်လိုက်တာ...မင်းတို့နှစ်ယောက်ကတော့ ဒီကို စကားလာပြောနေကြတယ်...'
သူက အမြန်ပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
"ရှုတောင်ထိပ်သီးညီလာခံ ဗိုလ်လုပွဲ...ငွေဓားတောင်ထွတ်မှ ချူလျန်နှင့် ပိလော့တောင်ထွတ်မှ ကျန်းယွဲ့ပိုင်..."
"စတင်စေ..."
ဘုန်း...
လေထုထဲရှိအရှိန်အဝါမှာ ထိုစကားတစ်ခွန်းကြောင့် တောက်လောင်သွားသကဲ့သို့ တခဏအတွင်း ပေါက်ကွဲထွက်သွားပြီး ကွင်းပြင်တစ်ခုလုံး ပူပြင်းလှုပ်ရှားလာ၏။
လူပင်လယ်ကြီးစုဝေးနေသဖြင့် ထွက်ပေါ်လာသည့် အသက်ရှူသံများပင် ပူပြင်းလှသော လေလှိုင်းများကဲ့သို့ ဖြစ်နေပေသည်။
"ကြည့်ရတာ နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေကြတဲ့ပုံပဲ...မင်းကော ဘယ်သူ့ကိုပိုပြီး မျှော်လင့်ထားလဲ..."
အဘိုးအိုဆွန်းက ပြုံးလျက် မေးလိုက်၏။
"ကျန်းယွဲ့ပိုင်က နာမည်ကြီးခဲ့တာ ကြာပြီဖြစ်သလို ပဉ္စမအဆင့် ကျင့်ကြံခြင်းကိုလည်း ရောက်နေပြီ...သူမရဲ့ လျှို့ဝှက်ချက်တွေကလည်း သိပ်ပြီး ထွက်မလာသေးဘူး…”
“ဒါပေမဲ့ ချူလျန်ရဲ့ ရွှေအမြုတေက ကျင့်ကြံခြင်းကွာဟချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ပုံရတယ်...သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း ရွှီဇီယန်ထက် သာလွန်တာမို့ ကျန်းယွဲ့ပိုင်အတွက်လည်း ရင်ဆိုင်ရခက်လိမ့်မယ်…”
“သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက အင်အားချင်း မျှတနေတာမို့ ဆုံးဖြတ်ရ တကယ်ခက်တယ်...တကယ်လို့ ရွေးချယ်ရမယ်ဆိုရင်တော့ ချူလျန် နိုင်လိမ့်မယ်လို့ ငါ ထင်တယ်..."
အဘိုးအိုဟွမ်က ခေတ္တမျှစဉ်းစားကာ ဖြေကြားလိုက်၏။
"အိုး...ဒီတစ်ခါတော့ ချူလျန်ဘက်ကနေ မျှော်လင့်နေပြီပေါ့..."
အဘိုးအိုဆွန်းက ရယ်မောလိုက်၏။
"အရင်က သူ့ကို အထင်မကြီးခဲ့တဲ့အကြိမ်တိုင်း ကျွန်တော်ရှုံးခဲ့တာပဲ...သူ့ဆီမှာ ထူးဆန်းတဲ့ အစွမ်းတစ်ခုခုရှိနေလို့ ဖြစ်နိုင်တယ်..."
အဘိုးအိုဟွမ်က စိတ်ပျက်လက်ပျက် ပြုံးလိုက်၏။
၎င်းကိုကြားသောအခါ အဘိုးအိုဆွန်းမှာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားသွား၏။
ပြီးခဲ့သည့်အကြိမ်က ချူလျန်ကို ထောက်ခံခဲ့သဖြင့် သူသည် ကောင်းကင်မဏ္ဍိုင်မျှော်စင်၏ မှော်ဝင်ပစ္စည်းဖြစ်သော အရာအားလုံးသိမြင်ခြင်းကို အသုံးပြုခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
"ချူလျန်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ဆိုရင် သူသာ အနီးကပ်တိုက်ခိုက်တဲ့နည်းလမ်းကို ဆက်သုံးမယ်ဆိုရင် ကျန်းယွဲ့ပိုင်လည်း ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်…”
“သူမ ဘယ်လို ရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ...ဘယ်လိုပဲနေနေ ဒါ တကယ့်ကို ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာမှာသေချာပါတယ်... ဟင်..."
အဘိုးအိုဟွမ်က ဆက်လက်ပြောကြားလိုက်၏။
ကွင်းပြင်ထက်တွင် တိုက်ပွဲ စတင်လေပြီ။
ချူလျန်သည် ဝူချန်ဓားကိုထုတ်ယူကာ စာလုံးအဆောင်ဆယ့်သုံးခုကို ဆက်တိုက် ရေးဆွဲလိုက်ရာ ရှုပ်ထွေးလှသော ကမ္ဘာဦးဓားချီများ ဝုန်းကနဲထွက်ပေါ်လာပြီး ရှေ့သို့ တိုးဝင်သွား၏။
"ဟား...စီနီယာအစ်မကျန်း...ကျွန်တော့်ရဲ့ စာလုံးအဆောင်ဓားသိုင်းကို ဘယ်လိုထင်လဲ..."
ကျန်းယွဲ့ပိုင်က ပြုံးလျက် လက်ကိုမြှောက်ကာ စာလုံးအဆောင်ဓားသိုင်းဖြင့်ပင် တုံ့ပြန်လိုက်ရာ ဆယ်ခုကျော်သော စာလုံးအဆောင်များ ကောင်းကင်ထက်သို့ ပျံသန်းသွား၏။
"မဆိုးပါဘူး..."
ဘုန်း...
ဓားကျင့်စဉ်နှစ်ခုမှာ ကောင်းကင်ထက်တွင် တိုက်မိသွားကြသည်။ ဓားချီနှစ်ခုမှာ ပေါက်ကွဲသွားပြီး ပြင်းထန်သောလေလှိုင်းများ ဝေးကွာလှသော နေရာအထိ ပျံ့လွင့်သွား၏။
ချူလျန်က လက်ညှိုးကို ကောင်းကင်သို့ထိုးပြကာ အော်ဟစ်လိုက်သည်။
"ဓားတစ်သောင်းကျင့်စဉ်..."
ရှုး... ရှုး... ရှုး...
ဝူချန်ဓားမှာ ကောင်းကင်ထက်တွင် ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ဝိုင်းရံတိုးဝင်သွား၏။
ကျန်းယွဲ့ပိုင်သည်လည်း လက်ကိုလှန်ကာ သူမ၏ဓားပျံကို ထုတ်ယူလိုက်ပြီး ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ပြန်လည်ခုခံလိုက်၏။
သူမ၏ ဓားအလင်းတန်းအရေအတွက်မှာ ချူလျန်ထက် အနည်းငယ် ပိုများသော်လည်း ချူလျန်၏ ဓားအလင်းတန်းများမှာ ပိုမိုလျင်မြန်ဖြတ်လတ်သဖြင့် အရေအတွက်နည်းပါးသည့် အားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်၏။
ဓားအလင်းတန်း အုပ်စုနှစ်ခုတိုက်မိသွားကြရာ တခဏအတွင်း အပြန်အလှန် ထိခတ်သံများစွာ ထွက်ပေါ်လာ၏။
ချွင်... ချွင်...ချွင်...ချွင်...
ဓားတစ်သောင်းကျင့်စဉ်၏ ပြင်းထန်သော တိုက်ပွဲအပြီးတွင် ဓားအလင်းတန်းများမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သော်လည်း ကျန်းယွဲ့ပိုင်ထံတွင် ဓားအလင်းတန်း အနည်းငယ် ကျန်ရှိနေသေးပြီး ချူလျန်ထံသို့ လျင်မြန်စွာပျံသန်းသွား၏။
ရှပ်...
ချူလျန်၏ ခန္ဓာကိုယ်မှာ လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားပြီး ပေတစ်ရာခန့်အကွာသို့ ရုတ်တရက်ရောက်ရှိသွားကာ ထိုဓားအလင်းတန်းများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။
"ဒါ ကျွန်တော့်ရဲ့ မြေချုံ့သိုင်းပါ..."
သူက ထပ်မံ၍ ပြောလိုက်၏။
ရှပ်...
ကျန်းယွဲ့ပိုင်က သာယာစွာပြုံးလိုက်ပြီး သူမ၏ကိုယ်ဟန်မှာလည်း ရုတ်တရက် လှုပ်ရှားသွားကာ ရှေ့သို့ ပေတစ်ရာကျော်ခန့် ချက်ချင်းပင် ရောက်ရှိသွား၏။
ချူလျန်၏ မြေချုံ့သိုင်းမှာ သူမထက် အကွာအဝေးအနည်းငယ် တိုသော်လည်း အကြိမ်ရေ ပိုမိုမြန်ဆန်လှသဖြင့် နောက်တစ်ကြိမ် ထပ်မံအသုံးပြုရုံဖြင့် ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်၏။
သို့သော် သူသည် ထပ်မံရှောင်တိမ်းခြင်းမပြုဘဲ ဓားကို ဆွဲထုတ်ကာ ကျန်းယွဲ့ပိုင်ထံသို့ တိုးဝင်သွား၏။ မထင်မှတ်ဘဲ ကျန်းယွဲ့ပိုင်က ချူလျန်ထံသို့ အရင်ဆုံး ချဉ်းကပ်ကာ အနီးကပ်တိုက်ခိုက်ရန် ကြိုးစားလာခြင်းဖြစ်သည်။
ထိုအရာမှာ ချူလျန်အပါအဝင် လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေပေသည်။
သို့သော် ယခင်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပရိသတ်များမှာ တိတ်ဆိတ်သွားကြပြီး မူလက ပူပြင်းလှုပ်ရှားနေသည့် လေထုမှာ ယခုအခါ အလွန်ပင် ငြိမ်သက်သွားခဲ့၏။
သူတို့နှစ်ဦး စတင်တိုက်ခိုက်ပုံမှာ ပြင်းထန်သော ဗိုလ်လုပွဲနှင့်မတူဘဲ နေ့စဉ် လေ့ကျင့်ခန်း ဆင်းနေသကဲ့သို့ဖြစ်နေပြီး ကကွက်တစ်ခုချင်းစီတွင် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးများ ပြည့်နှက်နေသကဲ့သို့ ခံစားရစေ၏။
လူတိုင်းက စောင့်ကြည့်နေကြသော်လည်း သူတို့နှစ်ဦး အခြားသူများနှင့် ယှဉ်ပြိုင်စဉ်က ထိုကဲ့သို့ မဟုတ်ခဲ့သည်မှာ သေချာသည်။
'ဒီနေရာတွင် မေတ္တာမျှနေကြသည်လော...'
---