အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅) - လူလိမ်ခွေးမသား (၁)
'စီနီယာအစ်မကျန်းက နတ်ဘုရားကျင့်စဉ် ဘယ်လောက်များများ တတ်မြောက်ထားတာလဲ...'
ချူလျန်၏စိတ်ထဲတွင် ထိုသို့သော သံသယများ မသိမသာ ပေါ်ပေါက်လာ၏။ သူတို့နှစ်ဦး ဂူအတွင်း ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ်က ကျန်းယွဲ့ပိုင်သည် ဓာတ်ကြီးငါးပါးနယ်ပယ် မိစ္ဆာတစ်ကောင်ကိုရင်ဆိုင်ရာ၌ အတော်လေးပင် ရုန်းကန်ခဲ့ရသည်။
ထိုစဉ်က သူမ၌ ယခုကဲ့သို့ အစွမ်းထက်သော နတ်ဘုရားကျင့်စဉ်များ မရှိခဲ့သည်မှာ အသေအချာပင်။ သို့မဟုတ်ပါက အသက်ဘေးနှင့် ရင်ဆိုင်နေရချိန်တွင် သူမစွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။
သို့သော် အနည်းငယ်မျှတွေးတောလိုက်ရုံဖြင့် အဖြေကို သူ နားလည်သွားသည်။ ကျန်းယွဲ့ပိုင်၌ နတ်ဘုရားခန္ဓာကိုယ် ရှိနေသဖြင့် သူမသည် ဝိညာဉ်စွမ်းအင်များနှင့်လည်းကောင်း၊ တာအိုတရားနှင့်လည်းကောင်း အလွန်ပင် နီးစပ်ပေသည်။
ထို့ကြောင့် မည်သည့်နတ်ဘုရားစွမ်းအားနှင့် မန္တန်မဆို သူမအတွက် ကြီးမားသောခက်ခဲမှု မရှိနိုင်ပေ။
ယခင်က အသုံးမပြုနိုင်ခဲ့ခြင်းမှာ သူမ၏ကျင့်ကြံခြင်းအဆင့်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
သူမသည် ဓာတ်ကြီးငါးပါးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီးနောက် စစ်မှန်သောချီစွမ်းအင်များ ပိုမိုပြင်းထန်လာရာ ယခင်ကအသုံးမပြုနိုင်ခဲ့သော နတ်ဘုရားကျင့်စဉ်အချို့ကို လျင်မြန်စွာပင် တတ်မြောက်သွားခြင်းဖြစ်နိုင်သည်။
သူမ ကျင့်ကြံခြင်းအဆင့်တက်ပြီး တံခါးပိတ်ကျင့်ကြံနေသည့် ကာလအတွင်း သူကဲ့သို့ပင် နတ်ဘုရားစွမ်းအားစုဆောင်းမှုကို တိုးမြှင့်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူမသည် တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။
နတ်ဘုရားကျင့်စဉ်များအောက်တွင် အစွမ်းအထက်ဆုံးအဖြစ် သတ်မှတ်ထားသော ကောင်းကင်ဓားသိုင်းသည် ကောင်းကင်ထောက်တိုင်ဓားချက်၏ အခြေခံအကျဆုံး ပုံစံမျှသာ ဖြစ်၏။
ကျန်းယွဲ့ပိုင် အသုံးပြုသော ကောင်းကင်ဓားသိုင်းသည်ပင် ချူလျန်နှင့် အစွမ်းချင်း တူညီနေဆဲဖြစ်ရာ သူမကောင်းကင်ထောက်တိုင်ဓားချက်မှာမူ အဆတစ်ရာမက ပိုမိုပြင်းထန်လှပေသည်။
ရေတံခွန်ကြီးတစ်ခုကဲ့သို့ ဟုန်းဟုန်းမြည်ဟည်းနေသော ဓားဝိညာဉ်များနှင့်အတူ ကြီးမားလှသော ဓားအလင်းတန်းကြီးသည် ချူလျန် ရှေ့သို့တွန်းထုတ်လိုက်သော ကောင်းကင်ကွန်ရက် ဓာတ်ကြီးငါးပါးအစီအရင်နှင့် ထိပ်တိုက် တိုးတိုက်မိတော့သည်။
တောင်စောင့်နတ်ပူဇော်ပွဲမှ ရရှိခဲ့သော ဆုလာဘ်ကြောင့်သာ တော်တော့သည်။ သို့မဟုတ်ပါက ချူလျန်၏ ယခုကျင့်ကြံခြင်းအဆင့်နှင့် ဓာတ်ကြီးငါးပါးနယ်ပယ်၏ ပြင်းအားကို ရင်ဆိုင်နိုင်မည့် နတ်ဘုရားစွမ်းအားမျိုး လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။
ထိုသို့သာဆိုလျှင် ယနေ့အထိပင်စောင့်ရန်မလိုဘဲ ရွှီဇီယန်က အင်အားအသာစီးဖြင့် သူ့အား လွယ်ကူစွာပင် အနိုင်ယူသွားနိုင်ပေလိမ့်မည်။
သို့သော် ချူလျန်၏ ယခုအစွမ်းထက်ဆုံး တိုက်ခိုက်မှုသည်ပင် ကျန်းယွဲ့ပိုင်၏ ကောင်းကင်ထောက်တိုင်ဓားချက်နှင့် ယှဉ်လျှင် အနည်းငယ်အားနည်းနေဆဲပင် ဖြစ်၏။
ထိုအရာသည်ကား နတ်ဘုရားကျင့်စဉ်များထဲတွင် သတ်ဖြတ်ခြင်း၌ ထိပ်ဆုံးဖြစ်ပေသည်။
တာအိုပညာရှင်ယန့်သည် ထိုဓားချက်တစ်ချက်တည်းဖြင့် မိုင်ပေါင်းထောင်ချီဝေးသော နေရာမှရန်သူကို သတ်ဖြတ်နိုင်ခဲ့ပြီး တစ်လောကလုံး၌ ကျော်ကြားခဲ့ခြင်းမှာ အလကားသက်သက်မဟုတ်ပေ။
ပရမ်းပတာဝဲကတော့ကြီးသည် ကောင်းကင်ထောက်တိုင်ဓားချက်၏ တဖြည်းဖြည်း ထိုးဖောက်မှုကို ခံလိုက်ရပြီး ဓားချက်သည် သူ့ထံသို့ မရောက်ရှိသေးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါ ဖိအားများကြောင့် ချူလျန်တစ်ယောက် အသက်ရှူပင်ကျပ်လာတော့သည်။
'ဒီဓားချက်ကို ငါ ဘယ်လိုခုခံရမလဲ...'
"ကောင်းကင်ထောက်တိုင်ဓားချက်ပဲ...ကျန်းယွဲ့ပိုင်က ဒါကိုတောင် တတ်မြောက်ထားတာလား...ဒီမျိုးဆက်ရဲ့ ရှုတောင်ဂိုဏ်း အစွမ်းထက်ဆုံးတပည့်ကတော့ သူမဖြစ်မှာ သေချာသလောက်ပဲ..."
အဘိုးအိုဆွန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဒီဓားချက်ကို တတ်မြောက်တဲ့အချိန်က သူမရဲ့ဆရာထက်တောင် ပိုစောဦးမယ် ထင်တယ်..."
အဘိုးအိုဟွမ်ကလည်း ထပ်လောင်းပြောကြားလိုက်၏။
၎င်းနောက် သူက ပြုံးလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ဆက်ပြောသည်။
"အခုတော့ ငါ အေးအေးဆေးဆေးပဲ ပြောနိုင်ပြီ...ကျန်းကျန်း သေချာပေါက်နိုင်မှာပဲ..."
သူ့စကားမဆုံးသေးမီမှာပင် စင်မြင့်ထက်၌ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့သည်။
စိတ်ပျက်အားလျော့ဖွယ်ကောင်းသော စွမ်းအားကြီးမားမှုနှင့် ရင်ဆိုင်နေရချိန်တွင် ချူလျန်၏ ပုံရိပ်သည် အလွန်ပင် သေးငယ်လှသော်လည်း သူသည် လက်လျှော့အရှုံးပေးခြင်း မရှိခဲ့ပေ။
ယင်းအစား သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရုတ်တရက် အားပြင်းသော စွမ်းအင်တောက်လောင်မှုတစ်ရပ် ပေါ်ထွက်လာသည်။
ဘုန်း...
တောက်ပသော ရွှေနီရောင်စွမ်းအင်များက သူ့အား ဖုံးလွှမ်းသွားပြီး မျက်လုံးများမှာလည်း ရွှေရောင်နဂါးမျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"နဂါးနတ်ဘုရား သွေးလောင်ကျွမ်းခြင်း လျှို့ဝှက်ကျင့်စဉ်..."
ပွဲကြည့်စင်၏ ထောင့်တစ်နေရာ၌ ဝတ်ရုံနက်ဝတ်ဆင်ကာ ထိုင်နေသော လင်းအောက်သည် ရုတ်တရက် မျက်ဝန်းများကျဉ်းမြောင်းသွား၏။
သူ အသုံးပြုခဲ့သော နတ်ဘုရားစွမ်းအားကို ချူလျန် အသုံးပြုနေပြီး ၎င်း၏ စွမ်းအားမှာ ယခင်က သူ ထုတ်လွှတ်ခဲ့သည်ထက် များစွာသာလွန်နေသည်ကို ကြည့်ကာ သူ၏မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးမှုများ ယှက်သန်းသွားသည်။
ကောင်းကင်သို့ ပျံတက်သွားမည့်အလား ပြင်းထန်လှသော နဂါးထွက်သက်အရှိန်အဝါကြောင့် သူသည် အံကို တင်းတင်းကြိတ်လိုက်မိတော့သည်။
သူ့သွေးကြောများထဲမှ တုနှိုင်းမရသော အားအင်များ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ချူလျန်၏ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ တုန်ရီလာ၏။
သူ့သိုင်းကွက်သည် လင်းအောက်ထံမှ ခိုးယူထားခြင်း အမှန်ပင် ဖြစ်ပေသည်။
ပြီးခဲ့သည့်အကြိမ်က လင်းအောက်သည် သွေးလောင်ကျွမ်းခြင်းအားဖြင့် ထိုမျှ အစွမ်းထက်သော ပေါက်ကွဲအားကို ရရှိခဲ့သည်ကို တွေ့လိုက်ရသဖြင့် ချူလျန်သည်လည်း စိတ်ကူးရကာ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆောင်သို့ သွားရောက်ပြီး ထိုနတ်ဘုရားစွမ်းအားကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သို့သော် အချိန်အကန့်အသတ်ရှိပြီး ထိုနည်းလမ်းကို အသုံးပြုပြီးတိုင်း ခန္ဓာကိုယ်အလွန် အားနည်းသွားတတ်သဖြင့် သူသည် တစ်ခါမျှစမ်းသပ်မကြည့်ခဲ့ဘဲ အရန်နည်းလမ်းတစ်ခုအဖြစ်သာ သိမ်းဆည်းထားခဲ့သည်။
ယခုမှာ သူပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်၏။
'တကယ်ကို အစွမ်းထက်တာပဲ...'
သူသည် နဂါးသွေးလျှို့ဝှက်ပညာရပ်နှင့် ဝိညာဉ်အလင်းသွေးသန့်စင်ခြင်းသိုင်းကို အချိန်အတော်ကြာအောင် ကျင့်ကြံခဲ့သဖြင့် သူ့သွေးထဲရှိ ဝိညာဉ်စွမ်းအင် အရည်အသွေးနှင့် ပြင်းအားမှာ လင်းအောက်ထက် သာလွန်ပေသည်။ ထို့ကြောင့် ထွက်ပေါ်လာသော စွမ်းအားမှာလည်း လင်းအောက်ထက် များစွာ ပိုမိုပြင်းထန်လှပေသည်။
တစ်ကိုယ်လုံးရှိ စွမ်းအင်များ တောက်လောင်နေစဉ် သူသည် ကောင်းကင်ကွန်ရက် ဓာတ်ကြီးငါးပါးအစီအရင်ကို ချက်ချင်းပင်လှည့်ပတ်လိုက်၏။
အစီအရင်ကျောက်ပြားငါးခုသည် သူ့ရှေ့တွင် ဒိုင်းကာတစ်ခုအဖြစ် ကျုံ့ဝင်သွားပြီး ကောင်းကင်ထောက်တိုင်ဓားချက်ကို အသည်းအသန် ခုခံကာကွယ်လိုက်တော့သည်။
ဂျိန်း... ဂျိန်း...
လေထုထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲသံများ ထွက်ပေါ်လာပြီး အစွမ်းထက်သောသတ်ဖြတ်ခြင်း နတ်ဘုရားကျင့်စဉ်ကို သူ တကယ်ပင် တားဆီးနိုင်ခဲ့သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ...ရှုတောင်ဂိုဏ်းကလူတွေက သွေးလောင်ကျွမ်းခြင်းကို အကုန်တတ်ကြတာလား..."
အဘိုးအိုဟွမ်က အနည်းငယ် အံ့အားသင့်လျက် မေးလိုက်သည်။
"ပြီးတော့ သူ့ရဲ့ သွေးလောင်ကျွမ်းခြင်းစွမ်းအားက ရှေ့က လင်းအောက်ထက်တောင် ပိုပြီးပြင်းထန်သေးတယ်...ဗိုလ်လုပွဲအထိ တက်လှမ်းလာနိုင်တဲ့ နှစ်ယောက်ကတော့ တကယ်ပဲ အစွမ်းထက်ဆုံးနှစ်ယောက်ပဲ..."
အဘိုးအိုဆွန်းကလည်း ထပ်လောင်းပြောကြားလိုက်၏။
ဘုန်း... ဘုန်း... ဘုန်း...
ထိပ်တိုက်ပြင်းထန်စွာ တိုက်ခိုက်မိပြီးနောက် ကောင်းကင်ထောက်တိုင်ဓားချက်နှင့် ကောင်းကင်ကွန်ရက် ဓာတ်ကြီးငါးပါးအစီအရင် နှစ်ခုလုံးသည် တပြိုင်နက်တည်း ပေါက်ကွဲပျက်စီးသွားပြီး တောက်ပသောလေလှိုင်းများ စင်မြင့်ထက်၌ ဖုံးလွှမ်းသွားသည်။
ချူလျန်သည် နတ်ဘုရားစွမ်းအားများ ပျက်စီးမသွားမီလေးတွင် ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွား၏။
ကျန်းယွဲ့ပိုင်၏ ရေဆန်ပြန်စီးကျင့်စဉ်ကြောင့် လင်းအောက် တစ်ခါတည်း လဲကျသွားခဲ့သည်ကို သူ မှတ်မိနေဆဲဖြစ်ရာ ကျန်းယွဲ့ပိုင်အနီးသို့ လုံးဝ မချဉ်းကပ်ဝံ့ဘဲ အဝေးမှသာ နတ်ဘုရားစွမ်းအားများကို ဆက်လက်အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဝူချန်ဓားသည် ကောင်းကင်သို့ ပျံတက်သွားပြီး ဓားအလင်းတန်း ရာဂဏန်းအဖြစ် ပြောင်းလဲသွားကာ တစ်ချိန်တည်းမှာပင် ဓားအလင်းတံဆိပ်များကို ရေးဆွဲကာ ရှေ့သို့ အတူတကွ ပျံသန်းသွားတော့သည်။
ဓားအလင်းရာကျော်သိုင်းနှင့် အဆောင်ဓားသိုင်း ပေါင်းစပ်မှုပင်ဖြစ်၏။
ရာကျော်အဆောင်ဓားသိုင်း။
သွေးလောင်ကျွမ်းခြင်းကျင့်စဉ်၏ အားဖြည့်မှုအောက်တွင် သူသည် နတ်ဘုရားစွမ်းအားနှစ်ခု ပေါင်းစပ်မှုကို စမ်းသပ်အသုံးပြုနိုင်ခဲ့သည်။
အကြောင်းမူကား အဆောင်ဓားသိုင်းတွင် ဓားချက်တစ်ချက်ချင်းစီ၌ ရေးဆွဲထားသော အဆောင်တံဆိပ် အရေအတွက် ဆယ်ခုကျော်လွန်သွားပါက မြန်နှုန်းမှာ နှေးကွေးသွားတတ်ကြောင်း ရှေးလူကြီးများက သုတေသနပြုခဲ့ကြဖူးသည်။
အဘယ်ကြောင့်ဆိုသော် မိမိ၏စစ်မှန်သောချီက အဆောင်ဆယ်ခုကျော်ကို ထောက်ပံ့ပေးနိုင်စေကာမူ လေထဲတွင် အဆောင်ရေးဆွဲသည့်အချိန်က ကြာမြင့်လှသဖြင့် ပြိုင်ဘက်အားတုံ့ပြန်ရန် အချိန်အလုံအလောက် ပေးလိုက်သကဲ့သို့ ဖြစ်စေပြီး ဓားသိုင်း၏အစွမ်းကို လျော့ကျစေသောကြောင့် ဖြစ်၏။
ထို့ကြောင့် အဆောင်ဆယ်ခုကျော်အောက်၌ အစွမ်းကို ထပ်မံတိုးမြှင့်လိုပါက ဓားအလင်းရာကျော်သိုင်းနှင့် ပေါင်းစပ်အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။
ထိုအချိန်အတောအတွင်း၌ ဓားအလင်းတန်းရာဂဏန်းသည် အဆောင်တံဆိပ်များ၏ အစွမ်းကို အဆတစ်ရာမက သယ်ဆောင်သွားနိုင်ပေသည်။
ဓားမိုးများသည် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ဓားမိုးများသည် ကျန်းယွဲ့ပိုင်၏ကိုယ်ပေါ်သို့ ကျရောက်တော့မည့်ဆဲဆဲတွင် သူမသည် ပေါ့ပါးစွာပင် ကိုယ်ကို လှည့်ပတ်လိုက်၏။
ရှပ်... ရှပ်... မြည်သံနှင့်အတူ သူမ၏ခန္ဓာကိုယ်သည် နှစ်ကြိမ်တိုင်တိုင် လျှပ်တပြက် လှုပ်ရှားသွားပြီး ပေနှစ်ရာကျော်မျှ ရှေ့သို့ ရောက်ရှိသွားကာ ဓားမိုးများကို ရှောင်တိမ်းရင်း ချူလျန်ထံသို့ ချဉ်းကပ်လာတော့သည်။