အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း (၃၁၆) - လူလိမ်ခွေးမသား (၂)
ထိုအရာသည်ကား မြေချုံ့သိုင်းဖြစ်၏။
ချူလျန်သည် သွေးလောင်ကျွမ်းခြင်း နတ်ဘုရားစွမ်းအားကို ချက်ချင်း ရပ်တန့်လိုက်သည်။
ယခုအခါ ကျန်းယွဲ့ပိုင်၏ ရေဆန်ပြန်စီးကျင့်စဉ် အကွာအဝေးအတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားစွမ်းအားကို ဆက်လက်အသုံးပြုနေပါက သေတွင်းထဲသို့ ကိုယ့်ဘာသာ ခုန်ဆင်းသကဲ့သို့ ဖြစ်ပေလိမ့်မည်။
စောစောက သူသည် ကောင်းကင်ထောက်တိုင်ဓားချက်ကို ခုခံရန်အတွက်သာ မလွှဲမရှောင်သာ သွေးလောင်ကျွမ်းခြင်းကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
နတ်ဘုရားစွမ်းအားသည် အခြားသူများကို တိုက်ခိုက်ရာ၌ အလွန်အသုံးဝင်သော်လည်း ကျန်းယွဲ့ပိုင်၏ရှေ့မှောက်တွင်မူ အချုပ်အနှောင် ခံလိုက်ရသကဲ့သို့ ဖြစ်သွားပေသည်။
သွေးလောင်ကျွမ်းခြင်းကို ရပ်တန့်လိုက်သည်နှင့် ပြင်းထန်သော အားအင်ချည့်နဲ့မှုကြီးသည် ချက်ချင်းပင် ဝင်ရောက်လာတော့သည်။
ချူလျန်သည် စိတ်ထဲမှရေရွတ်လိုက်ပြီး နဂါးသွေးပုံဆောင်ခဲ အနည်းငယ်ကို ခန္ဓာကိုယ်ထဲသို့ ချက်ချင်းစုပ်ယူလိုက်ရာ အနည်းငယ်မျှ သက်သာသွားပြီးမှသာ ဆက်လက်၍ တောင့်ခံထားနိုင်တော့သည်။
ကံကောင်းသည်မှာ ကျန်းယွဲ့ပိုင်သည် သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို လျှော့ချလိုက်ပြီဖြစ်ရာ သူသည်လည်းတွေဝေမနေဘဲ ရှေ့သို့တိုးဝင်ကာ သူမအား ရင်ဆိုင်လိုက်တော့သည်။
သူတို့နှစ်ဦးသည် အနီးကပ် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုအဖြစ်သို့ ထပ်မံရောက်ရှိသွားပြန်သည်။
"ကျန်းကျန်းကတော့ စဉ်းစားဉာဏ်နည်းသွားပြီပဲ...သူမခန္ဓာကိုယ်ကြံ့ခိုင်မှုက ချူလျန်ထက် အားနည်းတာ သိသာနေတာကို ဘာလို့အကွာအဝေးကို တိုးဝင်သွားရတာလဲ..."
အဘိုးအိုဟွမ်က အော်ဟစ်လိုက်သည်။
သူ့စကား မဆုံးသေးမီမှာပင် စင်မြင့်ထက်ရှိ ကျန်းယွဲ့ပိုင်၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရ၏။
ရွှေစွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ ဖွဲ့စည်းထားသော ဓာတ်ကြီးငါးပါးနယ်ပယ်၏ ရွှေကိုယ်ထည်သိုင်းကို ရွှီဇီယန် တတ်မြောက်ထားသကဲ့သို့ ကျန်းယွဲ့ပိုင်လည်း မတတ်မြောက်စရာ အကြောင်းမရှိပေ။
ယခင်က အသုံးမပြုခဲ့ခြင်းမှာ သူမ မတတ်မြောက်ထားခြင်းကြောင့်မဟုတ်ချေ။
သို့သော် ချူလျန်သည် ထိုအရာကို လုံးဝ မကြောက်ရွံ့ပေ။ သူသည် ယခင်က ရွှီဇီယန်၏ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရွှေကိုယ်ထည်သိုင်းကိုပင် တိုက်ခိုက်ခဲ့ဖူးရာ စီနီယာအစ်မကျန်း၏ရွှေကိုယ်ထည်မှာ မည်မျှပင် သန်မာစေကာမူ ရွှီဇီယန်ထက် ပိုမိုပြင်းထန်လိမ့်မည်မဟုတ်ပေ။
သူ့အတွေးများ မပျောက်ကွယ်သေးမီမှာပင် ကျန်းယွဲ့ပိုင်၏ဓားပျံသည် အလွန်မြန်ဆန်သောနှုန်းဖြင့် ပြေးဝင်လာတော့သည်။
ချူလျန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်သောကိုယ်ဖော့သိုင်းကို အသုံးပြုကာ ကျန်းယွဲ့ပိုင်၏နောက်ကျောဘက်သို့ ရှောင်ကွင်းသွားပြီး တစ်ချိန်တည်းမှာပင် ဓားဖြင့် ထိုးနှက်လိုက်သည်။
သို့သော် ကျန်းယွဲ့ပိုင်သည် နောက်ကျောတွင် မျက်လုံးပါနေသည့်အလား လုံးဝလှည့်မကြည့်ဘဲ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ဓားချက်ကို ကာကွယ်လိုက်ပြီး ပြန်လည်တိုက်ခိုက်လိုက်သည်။
ချူလျန်က ထပ်မံရှောင်တိမ်းသော်လည်း သူ့တိုက်ခိုက်မှုတိုင်းသည် တားဆီးခြင်းခံလိုက်ရဆဲဖြစ်၏။
သူ့တိုက်ခိုက်မှုတိုင်းကို ကြိုတင်သိရှိနေသကဲ့သို့ ခံစားချက်ကြောင့် တာအိုပညာရှင်ယန့်၏ လျှို့ဝှက်သိုင်းတစ်ခုကို သူ ချက်ချင်း သတိရသွားသည်။
အာကာသသိမြင်မှု ဓားနယ်ပယ်။
ပြီးခဲ့သည့်အကြိမ်က ကျန်းယွဲ့ပိုင်သည် လင်းအောက်နှင့် ရင်ဆိုင်ရာ၌ ထိုအာကာသသိမြင်မှု ဓားနယ်ပယ်ကို အသုံးပြုခဲ့သည်။ သို့သော် ချူလျန်သည် သိုင်းကွက်အကြောင်းကို ကြားဖူးရုံမျှသာရှိပြီး သေချာနားမလည်သဖြင့် သတိမပြုမိခဲ့ခြင်း ဖြစ်၏။
ယခုအခါ သူကိုယ်တိုင် ရင်ဆိုင်လိုက်ရမှသာ ထိုနတ်ဘုရားစွမ်းအားကို သတိရသွားတော့သည်။
လှုပ်ရှားမှုတိုင်းကို ကြိုတင်သိရှိနေသဖြင့် အနီးကပ်တိုက်ခိုက်မှုတွင် ထိုသိုင်းသည် အနိုင်မရနိုင်သော သိုင်းဖြစ်ပေသည်။ ကံကောင်းသည်မှာ ကျန်းယွဲ့ပိုင်၏တိုက်ခိုက်မှုနှုန်းသည် အလွန်မမြန်ဆန်လှသဖြင့်သာဖြစ်သည်။ သို့မဟုတ်ပါက သူသည် စောစောစီးစီးပင် ရှုံးနိမ့်သွားလောက်ပြီဖြစ်၏။
သို့သော် ယခုအခြေအနေတွင် ချူလျန်သည် နောက်ဆုတ်သွား၍မရတော့ပေ။
ပြင်းထန်သော တိုက်ခိုက်မှုများနှင့် သွေးလောင်ကျွမ်းခြင်းကျင့်စဉ်ကြောင့် သူ၏စစ်မှန်သောချီစွမ်းအင်များ အလွန်အမင်းကုန်ခမ်းနေပြီး ပြန်လည်ထူထောင်ရန် အချိန်အနည်းငယ် လိုအပ်ပေသည်။
အကယ်၍ အကွာအဝေးကို ထပ်မံတိုးမြှင့်လိုက်ပါက စီနီယာအစ်မကျန်းသည် မည်သည့်အစွမ်းထက် နတ်ဘုရားစွမ်းအားကို ထုတ်သုံးဦးမည်ကို မသိနိုင်သဖြင့် သူ့အတွက် အလွန်ဆိုးရွားသွားပေလိမ့်မည်။
သူသည် စိတ်ကူးကိုပြောင်းလဲလိုက်ပြီး ဖြန့်ကြဲထားသော ပဲစေ့စစ်တပ်ရုပ်သေးရုပ်များကို ချက်ချင်းပင်ခေါ်ယူလိုက်ကာ ကျန်းယွဲ့ပိုင်အား ဝိုင်းရံတိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
'မင်း ကြိုတင်သိနိုင်ရင်တောင် ငါ့ရဲ့အမြန်နှုန်းနဲ့ စွမ်းအားက အလုံအလောက် ပြင်းထန်နေရင် မင်း တားဆီးနိုင်မှာ မဟုတ်ဘူး...'
ချူလျန်သည် ယခုအခါ ထိုသို့သော နောက်ဆုံးရုန်းကန်မှုအတွေးကို ကိုင်စွဲထားပြီး အခွင့်အရေးတစ်ခုရရှိရန် မျှော်လင့်နေမိသည်။
သို့သော် ရုပ်သေးရုပ်များအားလုံး သူမအား ဝိုင်းရံလိုက်သည့် ထိုအခိုက်အတန့်တွင် ကျန်းယွဲ့ပိုင်သည် ရုတ်တရက် မျက်ဝန်းများတောက်ပသွားကာ ဘယ်ဘက်လက်ဖြင့် မန္တန်ဖွဲ့ပြီး ညာဘက်လက်ရှိ ဓားရှည်ကို ကောင်းကင်ထက်သို့ ညွှန်ပြလိုက်တော့သည်။
ဂျိန်း...
လျှပ်စီးကြောင်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် တောက်ပလှသော ခရမ်းရောင် မိုးကြိုးများသည် ကျန်းယွဲ့ပိုင်ကိုဗဟိုပြု၍ ပတ်ပတ်လည် ပေငါးဆယ်အတွင်းသို့ ပြင်းထန်စွာ ပျံ့နှံ့သွားတော့သည်။
ကြီးမားလှသော မိုးကြိုးကန်ကြီးတစ်ခု ပွင့်လာသည့်အလား ဖြစ်၏။
ချူလျန်နှင့် သူ့ရုပ်သေးရုပ်များအားလုံးသည် ထိုမိုးကြိုးများထဲတွင် နစ်မြုပ်သွားကြတော့သည်။
"ကျန်းကျန်း...တကယ်ကို ကောင်းကောင်း တိုက်လိုက်တာပဲ...ငါထင်တဲ့အတိုင်း သူမက စိတ်မလောဘဲ စီစဉ်ထားတာပဲ...ချူလျန်ကို အနီးကပ် ဆွဲဆောင်လိုက်တာက မိုးကြိုးငါးသွယ် ကောင်းကင်ဘုံနှလုံးသားကျင့်စဉ်ကို အသုံးပြုဖို့ကိုး..."
အဘိုးအိုဟွမ်က လက်ခုပ်တီးလျက် ပြောလိုက်၏။
နတ်ဘုရားကျင့်စဉ်... မိုးကြိုးငါးသွယ် ကောင်းကင်ဘုံနှလုံးသား။
ထိုကျင့်စဥ်မှာ စွမ်းအားအဆင့်အတန်းအားဖြင့် ရတနာမီးတောက်နှင့် ယှဉ်နိုင်သော နတ်ဘုရားကျင့်စဉ်တစ်ခုဖြစ်ရာ ကျန်းယွဲ့ပိုင်သည် ထိုအရာကိုပင် တတ်မြောက်ထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
သူမ၏မိုးကြိုးစွမ်းအားမှာ အလွန်မပြင်းထန်သေးသော်လည်း ချူလျန်အား ရင်ဆိုင်ရန်အတွက်မူ လုံလောက်လှပေသည်။
ဥပမာအားဖြင့် သူမသည် ချူလျန်အား အနီးကပ်တိုက်ခိုက်ရန် ဆွဲဆောင်ခဲ့ခြင်းမှာ ထိုသိုင်းကွက်ကို အသုံးပြုရန်အတွက် သေချာပေါက် ဖြစ်ပေလိမ့်မည်။
တစ်ခဏချင်းမှာပင် ချူလျန်သည် တစ်ကိုယ်လုံး ထုံကျင်သွားပြီး သူ၏စိတ်ဝိညာဉ်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်သာ အလွန်မသန်မာပါက ထိုအခိုက်အတန့်တွင် သူသည် သတိမေ့မြောသွားလောက်ပြီဖြစ်၏။
လျှပ်တပြက်အတွင်း သူ၏ဦးနှောက်သည် မြန်ဆန်စွာ ဆုံးဖြတ်ချက်ချလိုက်၏။ နောက်သို့ ဆုတ်ခွာပါက ရှောင်တိမ်းနိုင်ရန် အခွင့်အရေးမရှိပေ။ အနီးဆုံး ရှောင်တိမ်းနိုင်မည့် လမ်းကြောင်းမှာ ရှေ့သို့သာဖြစ်သည်။
ဤမိုးကြိုးကန်သည် ကျန်းယွဲ့ပိုင်ကို ဗဟိုပြု၍ ပျံ့နှံ့နေခြင်းဖြစ်ရာ သူမကိုယ်တိုင်လည်း ထိုမိုးကြိုးများ၏ တိုက်ခိုက်မှုကို ခံရမည်မဟုတ်ပေ။
ထို့ကြောင့် ချူလျန်သည် သူနောက်ဆုံးကျန်ရှိသော အားအင်များကို စုစည်းကာ နောက်မဆုတ်ဘဲ ရှေ့သို့ အတင်းတိုးကာ ခုန်ဝင်လိုက်တော့သည်။
ဝူး...
ခရမ်းရောင် မိုးကြိုးအလင်းတန်းများကြားတွင် လူရိပ်နှစ်ခုသည် ရုတ်တရက် ထပ်တူကျသွားတော့သည်။
ရှူး...
ကောင်းကင်အနှံ့ မိုးကြိုးများကြားတွင် တစ်ကိုယ်လုံး ထုံကျင်နေသော ချူလျန်သည် မည်သည့်တိုက်ခိုက်မှုကိုမျှ မပြုလုပ်နိုင်တော့ဘဲ ကျန်းယွဲ့ပိုင်အား အတင်းအကျပ် ဖက်ထားလိုက်ပြီး ထိုမိုးကြိုးဘေးမှ ရှောင်ကွင်းလိုက်တော့သည်။
သူသည် အရှိန်အဟုန်ဖြင့် တိုးဝင်သွားကာ ကျန်းယွဲ့ပိုင်၏ကိုယ်ပေါ်သို့ လဲကျသွားပြီး မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးလုံး၏ မျက်ဝန်းထဲ၌ ပျာယာခတ်မှုများ ယှက်သန်းသွားကြသည်။
လူပေါင်းများစွာ၏ရှေ့မှောက်တွင် တစ်ကွင်းလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ချူလျန်၏ခန္ဓာကိုယ် ထုံကျင်မှုများ သက်သာသွားပြီး လှုပ်ရှားရန်ပြင်လိုက်ချိန်တွင် အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်သည်။
ကျန်းယွဲ့ပိုင်သည် မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များဖြင့် လက်ဝါးစောင်းဖြင့် အရှိန်ပြင်းစွာရိုက်ချလိုက်သည်ကို တွေ့လိုက်ရ၏။
ဘုန်း...
ထိုမျှ နီးကပ်လှသောအကွာအဝေးမှ လက်ဝါးစောင်းချက်ကြောင့် ချူလျန်၏မျက်စိရှေ့တွင် မှောင်မိုက်သွားတော့သည်။
သို့သော် သူသည် သတိလစ်သွားစဉ်မှာပင် ကျန်းယွဲ့ပိုင်၏ခါးကို တင်းကျပ်စွာ ဖက်ထားဆဲဖြစ်သဖြင့် သူတို့နှစ်ဦးလုံး မြေပြင်ပေါ်သို့ အတူတူ လဲကျသွားကြတော့သည်။
ထိုအခါမှသာ ပွဲကြည့်စင်ပေါ်ရှိ လူအားလုံး ဆူညံအော်ဟစ်လိုက်ကြသည်။
'ဒီကောင်က စီနီယာအစ်မကျန်းကို တကယ်ပဲ ဖက်လိုက်တာလား...'
"လူလိမ်ခွေးမသား..."
ပွဲကြည့်စင်တစ်ခုလုံးရှိ လူအများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
မြေပြင်ပေါ်သို့ လဲကျသွားပြီးမှသာ ကျန်းယွဲ့ပိုင်သည် ချူလျန်၏လက်များကို ရုန်းကန်ဖယ်ရှားကာ မတ်တတ်ရပ်လိုက်နိုင်သည်။ သူမ အနိုင်ရရှိခဲ့သော်လည်း သူမမျက်နှာတွင် တည်ငြိမ်မှုမရှိဘဲ ရှက်သွေးဖြန်းကာ နီမြန်းနေတော့သည်။
ပွဲကြည့်စင်တစ်ခုလုံးရှိ လူအများမှာ ဒေါသတကြီးဖြင့် သူတို့၏အင်္ကျီလက်စများကို ပင့်တင်ကာ စင်မြင့်ထက်သို့ ချက်ချင်းပြေးတက်ရန် ပြင်နေကြသဖြင့် အခြေအနေမှာ အလွန်ဆူညံပရမ်းပတာ ဖြစ်လုနီးပါးဖြစ်သွားတော့သည်။
အခမ်းအနားမှူး အကြီးအကဲသည် ထိုအခြေအနေကို မြင်သောအခါ စင်မြင့်ထက်သို့ အလျင်အမြန် ပျံသန်းတက်လာပြီး လူထု၏စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းရန် လက်ကို မြှောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ကျန်းယွဲ့ပိုင် အနိုင်ရရှိတယ်..."
"ကျန်းယွဲ့ပိုင်ဟာ ဒီမျိုးဆက်ရဲ့ ရှုတောင်ဂိုဏ်း ဦးဆောင်တပည့်ကြီး ဖြစ်လာပြီ...အဂ္ဂိရတ်က တပည့်တွေ စင်ပေါ်တက်ပြီး ချူလျန်ကို နှိုးလိုက်ကြ... ပြီးတော့ စတုတ္ထအဆင့်အတွင်း ဝင်ရောက်ခဲ့တဲ့ ရွှီဇီယန်နဲ့ လင်းအောက်တို့လည်း စင်ပေါ်တက်ခဲ့ကြ...မကြာခင်မှာ အစွမ်းထက်ဆုံး တပည့်လေးယောက်လုံး ဓားကျည်တောက်တောင်ထွတ်ကို အတူတူ သွားရောက်ပြီး ခရမ်းစိမ်းဓားမြွှာရဲ့ ရွေးချယ်မှုကို ခံယူရမယ်..."
"ဘယ်သူမှစိတ်မလောကြနဲ့...ဘယ်သူမှ စိတ်မလှုပ်ရှားကြနဲ့...ငြိမ်ငြိမ်နေကြ... ဘယ်သူ စင်ပေါ်တက်ဝံ့လဲ...အကုန်လုံး နောက်ဆုတ်ကြ..."
"ဆုတ်ကြ... ဆုတ်ကြ... ဆုတ်ကြ..."