← Chapters

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း ၃၁၇

Vol. 32 Ch. 317

အခန်း (၃၁၇) - အနာဂတ်က မင်းတို့အတွက်ပါ

ချူလျန် မျက်လုံးပွင့်လာချိန်တွင် တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစားလိုက်ရ၏။

သူသည် စိန်ခေါ်စင်မြင့်အနီးရှိ မြေပြင်ပေါ်တွင်လဲကျနေပြီး ၎င်းအောက်တွင် စောင်တစ်ထည် ခင်းပေးထားကာ အဂ္ဂိရတ်ခန်းမဆောင်မှ တပည့်တစ်ဦးက ၎င်းအား ကုသပေးရန် ကျင့်စဉ်စွမ်းအား လည်ပတ်ပေးနေ၏။

စင်စစ်အားဖြင့် သူ့ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားခြင်း မရှိပေ။ ကျန်းယွဲ့ပိုင်၏ လက်ဝါးစောင်းရိုက်ချက်နှင့် နှိုင်းယှဉ်ပါက သွေးလောင်ကျွမ်းခြင်းကျင့်စဉ်ကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အားအင်ချိနဲ့မှုက ပို၍သိသာထင်ရှားနေသည်။

သို့သော် သူသည် လင်းအောက်ထက်စာလျှင် အခြေအနေ ပိုကောင်းသေးသည်။ သွေးလောင်ကျွမ်းခြင်းကျင့်စဉ်ကို အသုံးပြုပြီးနောက် နဂါးသွေးပုံဆောင်ခဲကို ချက်ချင်းအသုံးပြု၍ ပြန်လည်ဖြည့်တင်းခဲ့သဖြင့် စွမ်းအင်ကုန်ခမ်းမှုက သိပ်မပြင်းထန်လှပေ။

ထို့ပြင် အထူးကောင်းမွန်သော ရွှေအမြုတေနှစ်ခု၏ အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းနှင့် ပေါင်းစပ်လိုက်လျှင် ခဏအတွင်း အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပေသည်။

ထူးဆန်းသည်မှာ ဘေးပတ်ဝန်းကျင်ရှိ လူများက သူ့ကို ကြည့်နေကြသည့် အကြည့်များပင် ဖြစ်သည်။ ထိုအကြည့်များက ရှုပ်ထွေးကာ သိမ်မွေ့ပြီး အရသာမျိုးစုံ ရောပြွမ်းနေသည့်အပြင် အနည်းနှင့်အများဆိုသလို ရန်လိုမုန်းတီးမှုများလည်း ပါဝင်နေ၏။

သူသည် ကြီးလေးသောရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ထားသကဲ့သို့ပင် ဖြစ်နေသည်။

'နေပါဦး...'

ချူလျန်၏ ဦးနှောက်ထဲတွင် ရုတ်တရက် လျှပ်စီးတစ်ချက်လက်သွားကာ မေ့လဲမသွားမီက မှတ်ဉာဏ်များ ဝုန်းခနဲပြန်လည်ပွင့်ထွက်လာသည်။

ထိုအချိန်က စီနီယာအစ်မကျန်းသည် ငါးမိုးကြိုးကောင်းကင်နှလုံးသားကျင့်စဉ်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ထိုကျင့်စဉ်သည် ရှေးဟောင်းခေတ်ချီကျင့်ကြံသူများ မိစ္ဆာများကိုနှိမ်နင်းရာတွင် အသုံးပြုသည့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်ပြီး အထွတ်အထိပ်သို့ရောက်ရှိပါက ကောင်းကင်နှင့် မြေကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်သော မိုးကြိုးကျင့်စဉ်ဖြစ်သည်။

ခန္ဓာကိုယ်အားနည်းသော ကျင့်ကြံသူတစ်ဦးသည်ပင် ကိုယ်ခန္ဓာ သန်မာထွားကျိုင်းသည့် မိစ္ဆာများနှင့် တွေ့ဆုံရပါက ထိုကျင့်စဉ်ရှိလျှင် အနီးကပ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

၎င်းမှာ အနီးကပ်တိုက်ခိုက်မှုကို တားဆီးရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပေသည်။ ကျန်းယွဲ့ပိုင်သည် ထိုတန်ခိုးစွမ်းအားကို အသုံးပြု၍ သူ့ကို တိုက်ခိုက်ခြင်းက တမင်သက်သက်ကြိုတင်စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။

ငါးမိုးကြိုးကောင်းကင်နှလုံးသားကျင့်စဉ်၏ အာနိသင်သက်ရောက်ရာ နယ်ပယ်အတွင်း၌ မိစ္ဆာဆိုးများကို ဖိနှိပ်ချုပ်ချယ်နိုင်ရုံသာမက မှော်အတတ်များကိုလည်း အတိုင်းအတာတစ်ခုအထိ တားဆီးပိတ်ပင်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် မိုးကြိုးကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသည့်ထုံကျင်မှုသည် ခန္ဓာကိုယ်ကိုသာမက စစ်မှန်သောချီ လည်ပတ်မှုနှင့် ဝိညာဉ်အသိအမြင် ထုတ်လွှတ်မှုကိုပါ များစွာနှောင့်နှေးစေသောကြောင့်ဖြစ်၏။

ထို့ကြောင့်ပင် ထိုအချိန်၌ ချူလျန်သည် မြေချုံ့သိုင်းကိုအသုံးပြု၍ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။

အရှေ့သို့ ငုပ်လျှိုးတိုးဝင်လိုက်မှသာ ထိုတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည်။

'အင်း... ဒါပဲလေ...'

ထိုအရာအားလုံးသည် တိုက်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် သာမန်မတော်တဆမှုတစ်ခုမျှသာ ဖြစ်သည်။

'ဒါကို မင်းတို့က ငါ့ကို ဘာလို့ ဝိုင်းစိုက်ကြည့်နေကြတာလဲ...'

ချူလျန်သည် လောကကြီးတစ်ခုလုံးက သူ့အပေါ် မုန်းတီးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် အလွန်မခံမရပ်နိုင် ဖြစ်မိတော့၏။

သူသည် ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"ဟူး..."

ဦးဆောင်တပည့်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း သူ ရှုံးနိမ့်ခဲ့ရလေသည်။ သို့သော် ဤသို့ ရှုံးနိမ့်ခြင်းက မမျှတဟု မဆိုနိုင်ပေ။

ထိုကဲ့သို့သော စိန်ခေါ်ပွဲများတွင် အရေးကြီးဆုံးမှာ ဝှက်ဖဲများပင်ဖြစ်သည်။ စီနီယာအစ်မကျန်း၏ တန်ခိုးစွမ်းအားများနှင့် နည်းစနစ်များက များပြားလွန်းလှပြီး ယခင်တိုက်ပွဲများတွင်လည်း ထုတ်ဖော်ပြသခဲ့ခြင်းမရှိပေ။

သူသည် သူမ၌ မည်သို့သော နည်းလမ်းများ ရှိနေသည်ကို မသိရှိသဖြင့် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။

သူ့အစွမ်းများမှာမူ ရွှီဇီယန်နှင့် တိုက်ခိုက်စဉ်ကတည်းက အားလုံး ပေါ်တင်ဖြစ်သွားခဲ့ရာ ယခုကဲ့သို့သော ရလဒ် ထွက်ပေါ်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီးသား ဖြစ်သည်။

ထို့ထက်မက သူ့ကျင့်ကြံမှုအဆင့်ကလည်း ၎င်းတို့ထက် နိမ့်ကျနေသေးသည်။ စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးသည် ပဥ္စမအဆင့်ကျင့်ကြံသူနှင့် ထိုမျှအထိ တိုက်ခိုက်နိုင်ခဲ့ခြင်းမှာပင် လွယ်ကူလှသည်မဟုတ်ချေ။

ဦးဆောင်တပည့်နေရာကို မရရှိခဲ့သော်လည်း ရလဒ်က သူ့ကို ကျေနပ်အားရစေရန် လုံလောက်လှပေသည်။ ပြန်ရောက်လျှင် ကျင့်ကြံခြင်းကို ပိုမိုကြိုးစားရမည်။ ကျင့်ကြံခြင်းလမ်းခရီးက အလွန်ရှည်လျားလှပြီး သူသည် စတင်ခြေလှမ်းပြင်ရုံသာ ရှိသေးသည်။

ဓားလက်ဆင့်ကမ်းအကြီးအကဲသည် လျှောက်လာပြီး ချူလျန်၏ အတွေးများကို ဖြတ်တောက်လိုက်ကာ မေးမြန်းလိုက်သည်။

"နိုးလာပြီလား...ဘာမှမဖြစ်တော့ဘူးမလား..."

ချူလျန်သည် ချက်ချင်း ထရပ်လိုက်၏။

"ဘာမှမဖြစ်တော့ပါဘူး..."

ဓားလက်ဆင့်ကမ်းအကြီးအကဲက စိန်ခေါ်စင်မြင့်ထက်သို့ လှည့်ထွက်သွားရင်း ပြောလိုက်သည်။

"ဒါဆိုရင်လည်း ပြင်ဆင်ပြီးစင်ပေါ်တက်ခဲ့တော့...ခဏနေရင် ငါ မင်းတို့ကို ဓားကျည်တောက်တောင်ထွတ်ဆီ ခေါ်သွားမယ်..."

စိန်ခေါ်ပွဲ ပြီးဆုံးသွားသော်လည်း ပရိသတ်များမှာ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ ဓားလက်ခံရရှိမည့် ရလဒ်ကို ဆက်လက်စောင့်ဆိုင်းနေကြသည်။

ထိုအချက်မှာ ယခုအကြိမ် ရှုတောင်ထိပ်သီးညီလာခံပွဲ၏ ထူးခြားချက်တစ်ခုပင် ဖြစ်သည်။

ကျန်းယွဲ့ပိုင်၊ ချူလျန်၊ ရွှီဇီယန်နှင့် လင်းအောက်တို့ကဲ့သို့ အကောင်းဆုံးလေးဦးစာရင်းဝင် တပည့်များ စင်မြင့်ထက်သို့ အတူတကွ တက်ရောက်လာကြချိန်တွင် ဘေးပတ်ဝန်းကျင်မှ မိုးထိမတတ် ကျယ်လောင်လှသော လက်ခုပ်သံများနှင့် အားပေးသံများ ထွက်ပေါ်လာကာ ထိုထူးချွန်ထင်ရှားလှသော ရှုတောင်၏ ကြယ်ပွင့်သစ်များကို ဂုဏ်ပြုလိုက်ကြသည်။

ချူလျန်သည် ကျန်းယွဲ့ပိုင်၏ ဘေးတွင်ရပ်နေစဉ် လေညင်းက သူမ၏ ဆံနွယ်များကို တိုက်ခတ်သွားပြီး ရင်းနှီးနေသော ရနံ့သင်းသင်းလေးကို သယ်ဆောင်လာ၏။

သူက တိုးညင်းစွာ ခေါ်လိုက်သည်။

"စီနီယာအစ်မကျန်း...စောစောကကိစ္စအတွက် အားနာပါတယ်နော်..."

ကျန်းယွဲ့ပိုင်က သူ့ကို စောင်းငဲ့ကြည့်ကာ ပြောလိုက်၏။

"အရင်ဦးဆုံး အရေးကြီးတဲ့ကိစ္စကို အရင်လုပ်ပါဦး...ပြန်ရောက်မှ မင်းနဲ့ စာရင်းရှင်းမယ်..."

ချူလျန်သည် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး ဆက်လက်မတွေးတောတော့ပေ။

ထိုစဉ် ပွဲကြည့်စင်မြင့်ထက်မှ ရှုတောင်ဂိုဏ်းချုပ် ဝမ်ယွမ်ရှန်းရန်သည် သာယာညင်သာစွာ ပျံသန်းဆင်းသက်လာပြီး စိန်ခေါ်စင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။

ထူးချွန်ထက်မြက်သည့် တပည့်ငယ်လေးဦးသည် ချက်ချင်းပင် ရိုသေလေးစားစွာဖြင့် တည်ငြိမ်သွားကြသည်။

ဝမ်ယွမ်ရှန်းရန်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်မှစ၍ တသီးတခြား နေထိုင်ခဲ့သူ ဖြစ်သည်။ ယခုတပည့်မျိုးဆက်များထဲမှ တောင်ပေါ်သို့ စောစောရောက်ရှိခဲ့သူများသာ လွန်ခဲ့သော ဆယ်နှစ်က ကျင်းပခဲ့သည့် အစည်းအဝေးပွဲတွင် တစ်ခေါက်မျှ မြင်တွေ့ဖူးပေလိမ့်မည်။

တောင်ပေါ်သို့ နောက်ကျမှရောက်လာသူများမူ ဂိုဏ်းချုပ်ကို တစ်ခါမျှပင် မြင်ဖူးကြလိမ့်မည် မဟုတ်ချေ။

ယခုကဲ့သို့ အနီးကပ် မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ရခြင်းမှာမူ သူတို့အတွက် လုံးဝ မကြုံဖူးသည့် အခွင့်အရေးပင်။

ကောင်းကင်ကိုးဘုံ အင်မော်တယ်ဂိုဏ်းများ၏ ဂိုဏ်းချုပ် ဖြစ်ခြင်းကြောင့် အဆင့်အတန်းအနိမ့်ဆုံးဖြစ်သော ရှုတောင်ဂိုဏ်းမှ ဖြစ်လင့်ကစား လူ့လောကတွင် အရှိန်အဝါအကြီးမားဆုံးသော ပုဂ္ဂိုလ်ကြီးများထဲတွင် ပါဝင်နေပေသည်။

ထို့ပြင် ရာထူးအဆင့်အတန်းကို ဖယ်ထုတ်ထားလျှင်ပင် သူသည် အဋ္ဌမအဆင့် ကျင့်ကြံမှုရှိသည့် ကောင်းကင်မူလအဆင့် ပညာရှင်ကြီးတစ်ဦး ဖြစ်ပေသည်။

ကောင်းကင်မူလအဆင့်ကို အစိုးရသူဟူသော စကားလုံးကိုယ်တိုင်ကပင် ပြင်းထန်လှသော ဖိအားများကို ဆောင်ကြဉ်းပေးနေ၏။

သို့သော် သူတို့ရှေ့မှ ဝမ်ယွမ်ရှန်းရန်သည် မောက်မာသည့် အရှိန်အဝါမျိုး မရှိဘဲ နွေးထွေးသော အပြုံး၊ ကြည်လင်သော မျက်ဝန်းများဖြင့် နွေဦးလေပြေညင်းကဲ့သို့ လူကို လန်းဆန်းစေ၏။

သူသည် ရှေ့မှ လူငယ်မောင်မယ်များကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဒီလိုအချိန်မျိုးရောက်တိုင်း ငါ အမြဲတမ်းစိတ်လှုပ်ရှားမိတယ်...ရှုတောင်မှာ အမြဲတမ်း ပါရမီထူးခြားတဲ့ လူငယ်လေးတွေ ပေါ်ထွက်လာတာဟာ ဂိုဏ်းတစ်ခုလုံးရဲ့ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာပဲ...အနာဂတ်က မင်းတို့အတွက်ပါ..."

လေးဦးစလုံးက ဦးညွှတ်၍ ဂါရဝပြုလိုက်ကြသည်။

ဝမ်ယွမ်ရှန်းရန်သည် ပရိသတ်များဘက်သို့ ပြန်လှည့်ကာ ကြေညာလိုက်၏။

"ဒီနေ့ကစပြီး ကျန်းယွဲ့ပိုင်ဟာ ရှုတောင်ရဲ့ ဦးဆောင်တပည့် ဖြစ်လာပြီ... လောကအပြင်ဘက်ကို ထွက်ခွာလှည့်လည်တဲ့အခါ ရှုတောင်ဂိုဏ်းကိုယ်စား ဆောင်ရွက်ရလိမ့်မယ်…”

‘ကမ္ဘာမြေကိုးခုနဲ့ ပင်လယ်လေးစင်းမှာရှိတဲ့ ဂိုဏ်းအသီးသီးက မိတ်ဆွေများအားလုံး သက်သေအဖြစ် မှတ်တမ်းတင်ပေးကြပါ..."

သူ၏အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးကြီးများကို လှုပ်ခတ်စေခဲ့သည်။

ကွင်းပြင်တစ်ခုလုံးတွင် ရုတ်တရက်ပင် ဆူညံပြင်းထန်လှသော အားပေးသံများ ပြန်လည်ထွက်ပေါ်လာပြီး ကျန်းဟူသော စာလုံးပါရှိသည့် အလံကြီးများ ဝှေ့ယမ်းကာ လူတိုင်းက ထိုအခိုက်အတန့်ကို ဂုဏ်ပြုပေးကြသဖြင့် လူအများ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့ပေသည်။

လာမည့် ဆယ်နှစ်တာကာလအတွင်း ကျန်းယွဲ့ပိုင်သည် ရှုတောင်၏ ကိုယ်စားလှယ်အဖြစ် လောကအနှံ့ လှည့်လည်သွားလာရမည်ဖြစ်သည်။

ကျန်းယွဲ့ပိုင်သည် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူမနောက်တွင် ရှိနေသော ချူလျန်သည် နွေးထွေးစွာပြုံးလျက် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပေးနေသည်။

ရွှီဇီယန်၏ မျက်ဝန်းများကမူ တောက်ပနေပြီး မဆုတ်မနစ်သောဇွဲလုံ့လများ ရှိနေဆဲ ဖြစ်ကာ လင်းအောက်၏မျက်ဝန်းများကမူ လွန်စွာတက်ကြွပြီး မျှော်လင့်ချက်များ ပြည့်နှက်နေပုံရသည်။

ဝမ်ယွမ်ရှန်းရန်သည် လက်ကိုလှန်လိုက်ကာ ကျောက်စိမ်းဖြူတံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး ကျန်းယွဲ့ပိုင်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူက လေးနက်စွာ မှာကြားလိုက်၏။

"ဒီလူသားတံဆိပ်ပြားကို ကောင်းကောင်းသိမ်းထားပါ...ဒီတံဆိပ်ပြားကို မြင်တာဟာ ရှုတောင်ကို မြင်တာနဲ့ အတူတူပဲ...ဒီနေ့ကစပြီး ဦးဆောင်တပည့်တစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းမှာ ပိုပြီး ကြိုးစားရမယ်…”

“တရားသောအကျင့်ကို စောင့်ထိန်းပြီး ရှုတောင်ရဲ့ အလံတော်ကို သယ်ဆောင်သွားရမယ်..."

ကျန်းယွဲ့ပိုင်သည် လူသားတံဆိပ်ပြားကို လက်ခံရယူလိုက်ပြီး ခိုင်မာစွာ ပြန်လည်ဖြေကြားလိုက်သည်။

"ဒီတပည့် သွန်သင်ဆုံးမမှုကို ရိုသေစွာ လိုက်နာပါ့မယ်..."

ရှုတောင်ဂိုဏ်းတွင် ထိုကဲ့သို့သော တံဆိပ်ပြား သုံးခုရှိပေသည်။ ဂိုဏ်းချုပ်သည် ကောင်းကင်တံဆိပ်ပြားကို ကိုင်ဆောင်ထားပြီး တောင်ထွတ်အသီးသီးမှ ခေါင်းဆောင်များက မြေကမ္ဘာတံဆိပ်ပြားကို ကိုင်ဆောင်ကာ ဦးဆောင်တပည့်သည် လူသားတံဆိပ်ပြားကို ကိုင်ဆောင်ထားသည်။

၎င်းတို့သည် မိမိတို့မျိုးဆက်အတွင်း အာဏာအရှိဆုံးသူများကို ကိုယ်စားပြုပေသည်။

ဂိုဏ်းချုပ်သည် ပြောစရာမလိုအောင်ပင် အင်မော်တယ်ဂိုဏ်းတစ်ခုလုံး၏ ကိစ္စအရပ်ရပ်ကို အုပ်ချုပ်ရသူဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် ဂိုဏ်းချုပ်သည် ဂိုဏ်းအတွင်း အင်အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားရှင် ဖြစ်သောကြောင့် အပြင်သို့မကြာခဏ ထွက်ခွာသွားလာရန် မသင့်တော်ပေသည်။

ထို့ကြောင့် တောင်ထွတ်အသီးသီးမှ ခေါင်းဆောင်များသည် နေ့စဉ်ကိစ္စများကို ကိုယ်စား ဆောင်ရွက်ပေးကြရပြီး ဂိုဏ်းပြင်ပသို့ ထွက်ခွာလုပ်ဆောင်ရာတွင်လည်း ဂိုဏ်းချုပ်၏ တာဝန်များကို ယူဆောင်သွားရလေ့ရှိကာ အခြားသော အင်မော်တယ်ဂိုဏ်းများကလည်း ၎င်းတို့အား ဂိုဏ်းချုပ်အဆင့်အတန်းကဲ့သို့ ဧည့်ခံကြသည်။

အကယ်၍ တစ်နေ့တွင် ဂိုဏ်းချုပ် ကွယ်လွန်သွားပါက ထိုတောင်ထွတ်ခေါင်းဆောင်များမှာ ပထမဦးစားပေး ဆက်ခံခွင့်ရှိသူများ ဖြစ်ကြသည်။

ဦးဆောင်တပည့်မှာမူ အင်မော်တယ်ဂိုဏ်းတစ်ခု၏ ကိုယ်စားလှယ်အဖြစ် လောကအနှံ့ လှည့်လည်သွားလာရသူ ဖြစ်သည်။

ကျန်းယွဲ့ပိုင်သည် မည်သည့်အချက်မှကြည့်ကြည့် စံပြကိုယ်စားလှယ်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ထိုအရာသည် ကဏ္ဍစုံမှကြည့်လျှင်လည်း အမှန်ပင်ဖြစ်၏။

ဝမ်ယွမ်ရှန်းရန်သည် လှည့်ကြည့်ကာ ဆက်လက်ပြောကြားလိုက်သည်။

"လက်ရှိအချိန်ဟာ ပြဿနာပေါင်းစုံ ရှုပ်ထွေးနေတဲ့ ကာလတစ်ခုဖြစ်လို့ မင်းတို့ မျိုးဆက်သစ်တွေအတွက် အခွင့်အရေးရော စိန်ခေါ်မှုတွေပါ ရှိနေလိမ့်မယ်…”

“ခရမ်းစိမ်းဓားနှစ်စင်းဟာ ဒီအချိန်မှာ ပေါ်ထွက်လာတာဖြစ်ပြီး တစ်ယောက်ယောက်က ဒီဓားနှစ်စင်းရဲ့ ရွေးချယ်မှုကို ခံရမယ်ဆိုရင် ငါတို့ ရှုတောင်ရဲ့ ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်ရလိမ့်မယ်…”

“မင်းတို့ လေးယောက်က ဒီတစ်ကြိမ် ရှုတောင်ထိပ်သီးအစည်းအဝေးပွဲမှာ အထူးချွန်ဆုံးပြသနိုင်ခဲ့လို့ ခဏနေရင် ဓားလက်ဆင့်ကမ်းအကြီးအကဲနဲ့အတူ ဓားကျည်တောက်တောင်ထွတ်ကိုသွားပြီး ခရမ်းစိမ်းဓားနှစ်စင်းနဲ့ ကံဆုံမှု ရှိ၊ မရှိ စမ်းသပ်ကြည့်ကြပါ..."

လေးဦးလုံးက ညီညာစွာ ပြန်လည်ဖြေကြားလိုက်ကြသည်။

"ဟုတ်ကဲ့ပါ..."

ခရမ်းစိမ်းဓားနှစ်စင်းသည် ယခုအကြိမ် ရှုတောင်ထိပ်သီးအစည်းအဝေးပွဲတွင် ထူးချွန်သော တပည့်တစ်ဦးအား ဓားသခင်အဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း အစည်းအဝေးပွဲ မစတင်မီကတည်းက သတင်းများထွက်ပေါ်နေခဲ့သည်။

သို့သော် ထူးချွန်ထင်ရှားသည့် နယ်ပယ်ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

အကယ်၍ ဗိုလ်လုပွဲ တက်ရောက်လာသည့် နှစ်ဦးတည်းကိုသာ ရွေးချယ်မည်ဆိုပါကလည်း ရသော်လည်း ၎င်းမှာ ခရမ်းစိမ်းဓားနှစ်စင်း၏ ဓားသခင်ကို အတင်းအကျပ် သတ်မှတ်ပေးသကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ ခေါင်းမာလှသော ဓားဝိညာဉ်နှစ်ပါးက နှစ်သက်ချင်မှ နှစ်သက်ပေလိမ့်မည်။

သို့သော် ခရမ်းစိမ်းဓားနှစ်စင်းက အားနည်းလွန်းသောဓားသခင်ကို ရွေးချယ်မိပါက ရှုတောင်အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပေလိမည်။

အဘယ်ကြောင့်ဆိုသော် ပါရမီညံ့ဖျင်းသော တပည့်တစ်ဦးသည် ခရမ်းစိမ်းဓားနှစ်စင်းကိုရရှိခဲ့လျှင်ပင် ရှုတောင်ကို ကယ်တင်နိုင်မည်လောဟူသည်မှာ မသေချာသောကြောင့်ဖြစ်၏။

ထို့ကြောင့် အကောင်းဆုံးလေးဦးလုံး အတူတကွသွားရောက်၍ အဆင့်ဆင့်ရွေးချယ်မှုကို ခံယူရန်ဟူသည့် ဆုံးဖြတ်ချက်မှာ ရှုတောင်အဆင့်မြင့်အရာရှိများနှင့် ဓားဝိညာဉ်တို့ အပြန်အလှန် ဆွေးနွေးတိုင်ပင်ထားသည့် အချက်ပင်ဖြစ်သည်။

ဇာတ်လမ်းနောက်ခံ ဂျင်ဟူလောကတွင် ခရမ်းစိမ်းဓားနှစ်စင်း၏ ဓားဝိညာဉ်များမှာ ချစ်သူမောင်နှံနှစ်ဦးဖြစ်ကြသဖြင့် ၎င်းတို့သည် ချစ်သူချင်းဖြစ်ကြသူများကိုသာ ဓားသခင်အဖြစ် ရွေးချယ်လေ့ရှိပြီး စိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်မှသာ ပိုမိုကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်မည်ဆိုသော ကောလာဟလတစ်ခု ရှိနေသေးသည်။

ထိုကောလာဟလ၏ အမှန်အမှားကိုမူ မည်သူမျှ မသိရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ရှုတောင်ထိပ်သီးအစည်းအဝေးပွဲများစွာတွင် အစွမ်းထက်ဆုံး တပည့်များမှာ အမျိုးသားများသာ ဖြစ်ခဲ့ကြရာ ထိုကဲ့သို့သော နှစ်မျိုးနှင့် ကြုံတွေ့ရပါက ခရမ်းစိမ်းဓားနှစ်စင်းအတွက် တစ်စုံတစ်ခုကို အတင်းပြောင်းလဲရမည်လော။

ထိုသို့ဆိုလျှင် အလွန်ပင် လွဲချော်နေပေလိမ့်မည်။

ပို၍ ဖြစ်နိုင်ခြေရှိသောစကားမှာမူ ဓားသခင်နှစ်ဦးသည် အတူတကွ ကျင့်ကြံရင်း နေ့ညမပြတ် အတူတူရှိနေကာ တာဝန်များကိုလည်း အတူတကွ ထမ်းဆောင်ရသဖြင့် သင့်တော်သည့် အခြေအနေများအောက်တွင် ချစ်သူများအဖြစ်သို့ အလွယ်တကူ ကူးပြောင်းသွားကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ခရမ်းစိမ်းဓားနှစ်စင်းသည် ချစ်သူများကိုသာ ရွေးချယ်သည်ဆိုသော ကောလာဟလဖြစ်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးကြည့်ပါက ကျန်းယွဲ့ပိုင်သည် ဓားတစ်စင်းကို ရရှိရန် ရာခိုင်နှုန်း အလွန်များပြားနေပြီး အခြားတစ်စင်းကို ရရှိမည့်သူသည် ကျန်းနတ်သမီးနှင့်အတူ ဓားချင်းပေါင်းစပ် ကျင့်ကြံခွင့်ရရှိမည်ဖြစ်ရာ ထိုအခွင့်အရေးက လူအများကို မနာလိုစိတ်ဖြင့် ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။

ပရိသတ်များသည် စင်ပေါ်ရှိ လူငယ်သုံးဦးကို ကြည့်ကာ မည်သူက ထိုကံကောင်းသော လူယုတ်မာ ဖြစ်လာမည်နည်းဆိုသည်ကို စိတ်ဝင်တစား ခန့်မှန်းနေကြတော့သည်။

အခြေအနေအရ ကြည့်လျှင် ချူလျန်သည် အဝေးဆုံးအထိ ရောက်ရှိခဲ့သော်လည်း သူ့ကျင့်ကြံမှုမှာ အနည်းငယ်နိမ့်ကျနေသေးသည်။ ရွှီဇီယန်မှာမူ ရှုတောင်ကို ကယ်တင်နိုင်မည့် သူရဲကောင်းပုံစံမျိုးဖြစ်သဖြင့် သူ့လက်ထဲသို့ အပ်နှံလိုက်ပါက အားလုံး စိတ်အေးရဆုံး ဖြစ်ပေလိမည်။

လင်းအောက်မှာမူ...သူ့ကျင့်ကြံမှုမှာ ချူလျန်ထက်ပင် နိမ့်ကျနေပြီး အနည်းငယ် အဆင်မပြေဖြစ်နေသော်လည်း တစ်ဖက်တွင်လည်း လျှို့ဝှက်ဆန်းကြယ်သော မြင်းမည်းတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သို့သော် ခရမ်းစိမ်းဓားနှစ်စင်း၏ စိတ်ကြိုက်ရွေးချယ်မှုကိုမူ ခန့်မှန်းရ ခက်ခဲလှပေသည်။

လူအများစုသည် ထိုနေရာမှ ထွက်ခွာမသွားကြသေးဘဲ ဓားကျည်တောက်တောင်ထွတ်မှ ထွက်ပေါ်လာမည့် နောက်ဆုံးသတင်းကို စောင့်ဆိုင်းနေကြသည်။

လူအများ၏ စောင်းငဲ့ကြည့်ရှုမှုများအောက်တွင် ဓားလက်ဆင့်ကမ်းအကြီးအကဲသည် တိမ်ညွန့်များကို စီးနင်းကာ လူငယ်လေးဦးကို ခေါ်ဆောင်လျက် မျက်တောင်တစ်ခတ်အတွင်း ဓားကျည်တောက်တောင်ထွတ်သို့ ရောက်ရှိသွားလေတော့သည်။

All Chapters