အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈) - အချည်းနှီး အနိုင်ရလိုက်ခြင်းလား
"အရမ်းနှမြောဖို့ကောင်းတာပဲ...နည်းနည်းလေးပဲ လိုတော့တာကို..."
တိနွီဖုန့်က ခေါင်းကို တရစပ်ခါရမ်းလိုက်သည်။
"ဒီလိုဖြစ်လာမယ်ဆိုတာ ကျုပ်စောစောကတည်းက တွေးထားပြီးသားပါ..."
ဝမ်ရွှမ်လင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူသည် ကျန်းယွဲ့ပိုင် အနိုင်ရမည်ကို စောစောကတည်းက သေချာပေါက် သိထားသည့်ပုံပေါ်၏။
ဘေးနားရှိ စီကုန်းအဘိုးအိုက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ ပြုံးသာနေလိုက်သည်။
ဝမ်ရွှမ်လင်းသည် ခါးမတ်မတ်ထိုင်ကာ မျက်နှာသေထားသော်လည်း နှုတ်ခမ်းများက အနည်းငယ်တုန်ယင်နေပြီး လက်ချောင်းများက အင်္ကျီလက်စအောက်တွင် တင်းကျပ်စွာဆုပ်ကိုင်ထားသည်ကို ခုနက သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။
ထို့ပြင် သူနှုတ်ခမ်းများက ကျန်းယွဲ့ပိုင် မဖြစ်မနေအနိုင်ရရမည်ဟု တီးတိုးရေရွတ်နေပုံရ၏။
သူ့စိတ်လှုပ်ရှားမှုအဆင့်သည် တိနွီဖုန့်ထက် အဆပေါင်းများစွာ ပိုများနေမည်ဟု ခန့်မှန်းရပေသည်။
အကယ်၍ သူသာ တောင်ထွတ်သခင်နေရာကို တိနွီဖုန့်ထံ အမှန်တကယ် ရှုံးနိမ့်သွားပါက ၎င်းသည် ရှုတောင်ဘိုးဘေးများကို အရှက်ရစေမည့် ကိစ္စကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ကြားမကောင်းသည့် စကားတစ်ခွန်းပြောရလျှင် အကယ်၍ အရှင်ဝမ်ယွမ်သာ အမှန်တကယ် မထင်မှတ်ထားသော အန္တရာယ်တစ်ခုခုကြုံတွေ့သွားပါက တိနွီဖုန့်က ရုတ်တရက်ကြီး ရှုတောင်ဂိုဏ်းချုပ် ဖြစ်မသွားနိုင်ဘူးလား။
ထိုမြင်ကွင်းမျိုးကို မည်သူက တွေးရဲမည်နည်း..။
"ရှင်က ဘာကို စောစောကတည်းက တွေးထားတာလဲ…ကျွန်မတပည့်က ဘယ်လောက်ပဲ ညံ့ပါစေ ရှင့်တပည့်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားတာပဲ... ရှင်က ဘယ်လိုလုပ် အသံထွက်ရဲသေးတာလဲ..."
တိနွီဖုန့်က ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
"မင်း..."
ဝမ်ရွှမ်လင်းမှာ ခဏတာမျှ ဒေါသထွက်သွားလေသည်။
စင်မြင့်ထက်သို့တက်ကာ အဓိကတပည့်များကို လူ့အခွင့်အာဏာတံဆိပ်ပြားများ ပေးအပ်ပြီးနောက် အရှင်ဝမ်ယွမ်သည်လည်း ကြည့်ရှုစင်မြင့်ဆီသို့ ပျံသန်းပြန်လာကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဟိုဘက်ပရိသတ်အလယ်မှ လူတစ်ယောက် ရုတ်တရက် မတ်တပ်ရပ်လာပြီး စင်မြင့်အလယ်သို့ ပျံသန်းဆင်းသက်လာကာ လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
ထိုသူသည် ပညာတတ်တစ်ဦး၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကျယ်ဝန်းကာ မုတ်ဆိတ်မွေးမရှိဘဲ တည်ငြိမ်သောအသွင်အပြင်ရှိသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် အပြုံးတစ်ခုဖြင့် စင်မြင့်ပေါ်သို့ ဆင်းသက်လာကာ ကျယ်လောင်သောအသံဖြင့်ပြောလိုက်၏။
"အရှင်ဝမ်ယွမ် ကျေးဇူးပြုပြီး ခဏလောက်နေပါဦး...ကျုပ်မှာ မေးစရာကိစ္စတစ်ခု ရှိလို့ပါ..."
"ဟင်..."
ရှုတောင်ဂိုဏ်းသားများအားလုံး တပြိုင်နက် မတ်တပ်ရပ်လိုက်ကြပြီး ရုတ်တရက် ထွက်ပေါ်လာသော ထိုလူကို လှမ်းကြည့်လိုက်ကြသည်။
အရှင်ဝမ်ယွမ်က သူ့လက်ကို ညင်သာစွာမြှောက်ပြလိုက်ပြီး လူတိုင်းကို စိတ်အေးအေးထားရန် အချက်ပြလိုက်ကာ အဝေးမှနေ၍မေးလိုက်သည်။
"မိတ်ဆွေက ဘယ်သူလဲ...ဘာကိစ္စကို မေးချင်တာလဲ..."
"ကျုပ်က လုချန်ချိုပါ...ဘယ်သူမှမသိတဲ့ သာမန်လူတစ်ယောက်ပါ..."
ပညာတတ်အသွင်နှင့်လူက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"ကျုပ်မေးချင်တာက ရှုတောင်ရဲ့ အဓိကတပည့်တွေက လူ့အခွင့်အာဏာတံဆိပ်ပြားကို ကိုင်ဆောင်ထားကြပြီး တောင်ထွတ်သခင်တွေက မြေကမ္ဘာအခွင့်အာဏာတံဆိပ်ပြားကို ကိုင်ဆောင်ထားကြတယ်…”
“ဂိုဏ်းချုပ်က ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားကို ကိုင်ဆောင်ထားတယ်ဆိုတာ လူတိုင်းသိကြပါတယ်...အရှင်ဝမ်ယွမ်က ရှုတောင်ဂိုဏ်းကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တာဆိုတော့ အရှင့်လက်ထဲမှာ ကောင်းကင်အခွင့်အာဏာတံဆိပ်ပြား သေချာပေါက်ရှိမှာပေါ့နော်..."
ထိုစကားကိုကြားရသော လူတိုင်းမှာ နားမလည်နိုင်ဖြစ်သွားကြသည်။ ရှုတောင်ဂိုဏ်းချုပ်က ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားကို ကိုင်ဆောင်ထားခြင်းသည် ယုတ္တိရှိသောကိစ္စ မဟုတ်ဘူးလား။ ထိုအကြောင်းအရာက မေးစရာလိုသေးပါသလော။
သို့သော် အဂ္ဂိရတ်အကြီးအကဲ၊ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနှင့် စီကုန်းအဘိုးအိုတို့အပါအဝင် အသက်အကြီးဆုံးဖြစ်သော ရှုတောင်မျိုးဆက်ဟောင်းများ၏မျက်နှာများမှာမူ အနည်းငယ် ပြောင်းလဲသွားကြသည်။
အရှင်ဝမ်ယွမ်က တည်ငြိမ်စွာ ပြန်လည်မေးခွန်းထုတ်လိုက်၏။
"လူကြီးမင်းလုက ဘာလို့ ကျုပ်တို့ရှုတောင်ရဲ့ တံဆိပ်ပြားကို စိတ်ဝင်စားနေရတာလဲ..."
"ဟားဟား...ခင်ဗျားကလည်း သိရက်နဲ့ မသိချင်ယောင်ဆောင်နေဖို့ မလိုပါဘူး..."
လုချန်ချိုက အေးစက်စက် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး ခေါင်းကိုမော့လိုက်သည်။
"ဒီနေ့ ကျင့်ကြံခြင်းလောကက မိတ်ဆွေတွေအားလုံးရဲ့ ရှေ့မှောက်မှာ ကျုပ် ခင်ဗျားကို တစ်ခွန်းပဲမေးချင်တယ်…”
“ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားသာ မရှိဘူးဆိုရင် ခင်ဗျားက ဘာကိုအခြေခံပြီး ရှုတောင်ဂိုဏ်းချုပ် ဖြစ်လာရတာလဲ..."
"အိုး..."
တစ်ကွင်းလုံး ဆူညံသွားလေသည်။
အရှင်ဝမ်ယွမ်သည် ရှုတောင်ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီး သူ့ဂုဏ်သိက္ခာသည် လူတိုင်းကို လက်ခံယုံကြည်စေနိုင်သည်။ ကြီးကျယ်ခမ်းနားသော လောကကြီးတွင်ပင် သူသည် သူ့နေရာနှင့်သူ ရှိနေသူဖြစ်သည်။
ယနေ့တွင် မထင်မရှားသာမန်လူတစ်ယောက်က သူ့ကို ရဲတင်းစွာ မေးခွန်းထုတ်ဝံ့သည်ကို မြင်သောအခါ လူတိုင်းက ထိုလူကို အလွန်သတ္တိရှိသည်ဟု မလွှဲမသွေခံစားလိုက်ရသည်။
သူသည် အဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပေသည်။
မြင့်မြတ်သောသူများ ထွက်ပေါ်လာခြင်းမရှိသည့် ခေတ်ကာလတွင် အဋ္ဌမအဆင့်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် သူသည် ကြင်နာတတ်သည့်ပုံပေါ်နေသော်လည်း လက်တစ်ချက်လှန်လိုက်ရုံဖြင့် တောင်တန်းများနှင့် သမုဒ္ဒရာများကို ဖျက်ဆီးပစ်နိုင်ပေသည်။
မင်း ဘယ်လိုလုပ် ရဲတင်းနေရတာလဲ။
သို့သော် လုချန်ချို၏မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် အရှင်ဝမ်ယွမ်မှာ ဒေါသမထွက်ဘဲ ခဏမျှရပ်တန့်သွားကာ အသံထွက်လာခဲ့သည်။
"ကျုပ်တို့ ရှုတောင်ရဲ့ ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တကယ်ပဲ ပျောက်ဆုံးသွားခဲ့ပြီး အခုချိန်ထိ ပြန်မတွေ့သေးပါဘူး…”
“ဒါပေမယ့် ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားမရှိရင်တောင် ကျုပ်က ရှုတောင်ဂိုဏ်းချုပ်နေရာမှာ နှစ်ပေါင်းများစွာထိုင်လာခဲ့တာပါ…”
“ဒီကိစ္စမှာ မသင့်တော်တာတွေ ရှိနေရင်တောင် ရှုတောင်တပည့်တွေကပဲ ပြောသင့်တာပါ...လူကြီးမင်းဘက်က စိတ်ပူနေစရာ မလိုပါဘူး..."
လူတိုင်းက ထိုစကားကို ကြားသောအခါ ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ ထိုအကြောင်းအရာမှာ ရှုတောင်၏ဂိုဏ်းတွင်းကိစ္စသာဖြစ်သည်။ အရှင်ဝမ်ယွမ်က ယခုချိန်အထိ ရှင်းပြလိုခြင်းသည်ပင် သူ၏ စိတ်သဘောထားကောင်းမွန်မှုကို ပြသနေပြီဖြစ်သည်။
ထို့အပြင် သူသာ ရာထူးစတင်လက်ခံစဉ်ကဆိုလျှင် ထိုကိစ္စကို စိုးရိမ်မိကောင်း စိုးရိမ်မိမည်ဖြစ်သော်လည်း ယခုအခါတွင် သူသည် ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီးဖြစ်ရာ သူ့ကိုယ်ပိုင်အမှတ်အသားကို သက်သေပြရန်အတွက် တံဆိပ်ပြားတစ်ပြားကို မှီခိုနေရန်မလိုအပ်တော့ပေ...။
"ဟမ့်...ကျုပ်က ရှုတောင်ကလူ မဟုတ်လို့လား..."
လုချန်ချိုက ခေါင်းခါလိုက်သည်။
"ကျုပ်တို့ မိသားစုက ရှုတောင်မှာ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတာ နှစ်တစ်ထောင်ကျော်နေပြီ...မင်းတို့ ရှုတောင်ပေါ်မှာ ကျုပ်တို့လုမိသားစုက ရှုတောင်ကလူ မဟုတ်ဘူးလို့ ဘယ်သူပြောရဲသလဲ..."
"လုမိသားစု..."
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချင်းချင်း တီးတိုးမေးမြန်း စုံစမ်းလာကြသည်။
တိနွီဖုန့်ကလည်း စီကုန်းအဘိုးအိုကို သူမတံတောင်ဆစ်ဖြင့် တွတ်လိုက်သည်။
"ဒီလိုကိစ္စမျိုး ရှိခဲ့ဖူးလို့လား..."
"ဟူး..."
စီကုန်းအဘိုးအိုက သက်ပြင်းချကာ ပြောလိုက်၏။
"အစောပိုင်းနှစ်တွေတုန်းက လုမိသားစုက တကယ်ပဲ ရှုတောင်ရဲ့ နံပါတ်တစ် မိသားစုကြီး ဖြစ်ခဲ့တာပါ...သူတို့ဘိုးဘေးတွေထဲမှာ ဂိုဏ်းချုပ်နှစ်ဆက် ထွက်ပေါ်ခဲ့ဖူးပြီး တတိယမြောက်ဂိုဏ်းချုပ်တောင် ထွက်ပေါ်လာတော့မလို့ ဖြစ်ခဲ့သေးတယ်..."
"ဒါက လုမိသားစုရဲ့ သားမြေးဖြစ်နေတာကိုး...ဒါဆိုရင်လည်း မင်း ရှုတောင်မှာ ဆက်နေလို့ရပါတယ်...ဘာကိစ္စပဲရှိရှိ လာပြီး အသေးစိတ်ဆွေးနွေးလို့ရပါတယ်..."
အရှင်ဝမ်ယွမ်က နူးညံ့သောအသံဖြင့် ဆက်ပြောလိုက်သည်။
"ဒါဆို ကျုပ်ကို ရှုတောင်ကလူဆိုတာ ဝန်ခံတယ်ပေါ့လေ..."
လုချန်ချိုက ထပ်မံ၍ အေးစက်စက် ပြုံးလိုက်သည်။
"ဒါဆို ဒါက ဘာလဲဆိုတာ ကြည့်လိုက်စမ်း..."
ထိုသို့ပြောပြီးနောက် သူသည် ကျောက်စိမ်းဖြူတံဆိပ်ပြားတစ်ပြားကို မြင့်တက်စွာ မြှောက်ကိုင်လိုက်သည်။ သူ့၏ချီစွမ်းအင်များ လှုံ့ဆော်မှုကြောင့် ထိုတံဆိပ်ပြားသည် လေးနက်သည့် ရှေးဟောင်းအငွေ့အသက်များကို သယ်ဆောင်လာကာ တောက်ပနေလေသည်။
၎င်းအပေါ်တွင် 'ကောင်းကင်' ဟူသော စာလုံးတစ်လုံးကို ဝေဝါးဝါးမြင်တွေ့နိုင်ပြီး ၎င်း၏ပုံသဏ္ဍာန်သည် ခုနက ကျန်းယွဲ့ပိုင်အားပေးအပ်ခဲ့သော တံဆိပ်ပြားနှင့် အလွန်တူညီနေပေသည်။
"ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားလား..."
သူ၏ ခုနကစကားများနှင့် ဆက်စပ်ကြည့်ပြီးနောက် လူတိုင်းက ထိုအရာသည် မည်သည့်အရာဖြစ်ကြောင်းကို ချက်ချင်း သိရှိသွားကြသည်။
လုချန်ချိုက စကားလုံးတစ်လုံးချင်းစီကို ပီပီသသပြောလိုက်၏။
"ကျုပ်က ရှုတောင်ကလူပဲ...ကျုပ်က ရှုတောင်ပေါ်မှာရှိနေတယ်...ကျုပ်လက်ထဲမှာ ကောင်းကင်အခွင့်အာဏာတံဆိပ်ပြားကို ကိုင်ဆောင်ထားတယ်…”
“ဘယ်သူ ကျုပ်ကို အမိန့်ပေးနိုင်တဲ့ အရည်အချင်းရှိလဲ..."
...
"ဒီနေရာက ခရမ်းစိမ်းအမြွှာဓားတွေ ပုန်းအောင်းနေတဲ့နေရာပဲ...မင်းတို့တွေ ဒီဂူထဲကို အဆုံးထိ လျှောက်သွားလိုက်ရင် သူတို့ကိုမြင်ရလိမ့်မယ်..."
ဓားလက်ဆင့်ကမ်းအကြီးအကဲသည် ဓားကျည်တောက်တောင်ထွတ်ရှိ လိုဏ်ဂူတစ်ခုအပြင်ဘက်တွင် ရပ်နေကာ သူတို့ကိုလမ်းညွှန်ပြသလိုက်သည်။
"အဲဒီအချိန်ရောက်ရင် အမြွှာဓားတွေက သူတို့ဘာသာသူတို့ ရွေးချယ်မှု ပြုလုပ်လိမ့်မယ်...ရွေးချယ်ခံရတဲ့သူက ဓားသခင်ဖြစ်လာလိမ့်မယ်... ရွေးချယ်မခံရတဲ့သူတွေကလည်း ဝမ်းနည်းနေစရာမလိုပါဘူး…”
“ဒီကိစ္စက ဘာပဲဖြစ်ဖြစ် ကံတရားအပေါ်မှာပဲ မူတည်နေတာကိုး..."
"ဟုတ်ကဲ့ပါ..."
တပည့်လေးယောက်လုံးက တပြိုင်နက် ပြန်ဖြေလိုက်ကြသည်။
ရှေ့မှ ကျောက်ဂူသည် ကျယ်ဝန်းလှရာ သူတို့သည် အတူတကွ ဝင်ရောက်သွားကြသည်။ ဂူထဲတွင် အလွန်ပြင်းထန်သော ဓားစွမ်းအင်များ ကျန်ရစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။
၎င်းမှာ ခရမ်းစိမ်းအမြွှာဓားများသည် ဤနေရာတွင် အမြဲလိုလို သွားလာနေတတ်သောကြောင့် ဖြစ်နိုင်ပေသည်။
မျိုးဆက်ဟောင်းများ၏ ခွင့်ပြုချက်မရှိဘဲ သာမန်တပည့်များမှာ ယခုနေရာသို့ ဝင်ရောက်ရန် လုံးဝရဲမည်မဟုတ်ပေ။ သို့မဟုတ်ပါက ရုတ်တရက် ဖြတ်သန်းသွားသော ခရမ်းစိမ်းအမြွှာဓားများ၏ ခုတ်ဖြတ်ခြင်းကိုခံရကာ ခြေလက်များ ပြတ်တောက်သွားနိုင်သည်။
ဂူအတွင်းသို့ တောက်လျှောက်ဝင်ရောက်သွားပြီးနောက် ရုတ်တရက် နေရာကျယ်လာကာ ဂူအတွင်းရှိ မြင့်မားသောစင်မြင့်ပေါ်တွင် ကျောက်စိမ်းကုတင်နှစ်လုံး ချထားသည်ကို မြင်တွေ့လိုက်ရသည်။
ကုတင်တစ်လုံးစီတွင် ဓားစွမ်းအင်များကို ပြုစုပျိုးထောင်ပေးသည့် မန္တန်အစီအရင်များ ပါရှိနေပေသည်။ ၎င်းတို့သည် ရှုတောင်မှ အမြွှာဓားများအတွက် ပြင်ဆင်ထားသည့် ဓားကုတင်များဖြစ်ပုံရသည်။
သို့သော် ယခုအချိန်တွင်မူ ခရမ်းစိမ်းအမြွှာဓားများသည် အပေါ်တွင် ရှိမနေဘဲ လိုဏ်ဂူထဲတွင် လဟာပြင်ကြီးသာ ဖြစ်နေသည်။
"မရှိဘူးလား..."
လင်းအောက်က အသံထွက်လာသည်။
"အမြွှာဓားတွေက လွတ်လပ်မှုကိုနှစ်သက်ကြတယ်လေ...အပြင်ထွက်ဆော့နေတာ ဖြစ်နိုင်တယ်..."
ကျန်းယွဲ့ပိုင်က ပြောလိုက်၏။
ချူလျန်က မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းရင်းကို မသိသော်လည်း ကိစ္စများက ထိုမျှရိုးရှင်းမည်မဟုတ်ဟု ဝေဝါးဝါးခံစားနေရသည်။
ထိုအတွေး ဝင်လာပြီးသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းနောက်ဘက်မှ လေတိုက်သံကို ကြားလိုက်ရပြီး ခရမ်းရောင်လျှပ်စီးတန်းတစ်ခုက အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
၎င်း၏နောက်တွင် အစိမ်းရောင်နဂါးရှည်ကြီးတစ်ခုက ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဓားအလင်းတန်းနှစ်ခုစလုံးသည် ချူလျန်၏မျက်နှာဆီသို့ ပျံသန်းလာကြသည်။
ထိုပြင်းထန်လှသော ထက်မြက်သည့်ဓားစွမ်းအင်များကြောင့် ချူလျန်၏ ဦးရေပြားမှာ ထုံကျဉ်သွားကာ တစ်ကိုယ်လုံးချက်ချင်းပင် နောက်သို့ ပျံသန်းဆုတ်ခွာသွားလိုက်သည်။
သို့သော် ထိုဓားအလင်းတန်းများ၏ အရှိန်အဟုန်မှာ အလွန်မြန်ဆန်လွန်းလှရာ ချက်ချင်းပင် ချူလျန်ကို ကျော်လွန်သွားခဲ့သည်။
သူနောက်သို့ ဆုတ်လိုက်သောအခါတွင် အေးစက်စက် ဓားကိုယ်ထည်တစ်ခုနှင့် တိုက်မိသွားသည်။ ထို့နောက် သူ့ရှေ့ရှိ အစိမ်းရောင်ဓားတစ်လက်သည်လည်း နောက်မှလိုက်ပါလာပြီး ခရမ်းရောင်နှင့် အစိမ်းရောင် အလင်းတန်းနှစ်ခုသည် သူ့ကိုစတင်၍ လှည့်ပတ်လာကြသည်။
လိုဏ်ဂူထဲတွင် လွင့်မျောနေသောအသံများ ထွက်ပေါ်လာသည်။ သို့သော် ၎င်းတို့သည် ပါရှုလေသံများ ဖြစ်နေပေသည်။
"ငါ သူ့ကို ရွေးလိုက်ပြီဟေ့...နင် နောက်တစ်ယောက် ထပ်သွားရွေးလိုက်လေ..."
၎င်းမှာ အမျိုးသားတစ်ဦး၏ဩရှရှအသံ ဖြစ်သည်။
"ငါလည်း သူ့ကိုရွေးလိုက်ပြီလေ... နင်ကရော ဘာလို့ တခြားတစ်ယောက် သွားမရွေးရတာလဲ..."
၎င်းမှာ အမျိုးသမီးတစ်ဦး၏ ကြည်လင်သောအသံ ဖြစ်သည်။
ကောလာဟလများအရ ခရမ်းရောင်ဓားမှာ အထီးဓားဖြစ်ပြီး အစိမ်းရောင်ဓားမှာ အမဓားဖြစ်သည်ဟု ဆိုကြသည်။
ထိုအမျိုးသားအသံမှာ ခရမ်းရောင်ဓားဝိညာဉ်ဖြစ်ပြီး အမျိုးသမီးအသံမှာ အစိမ်းရောင်ဓားဝိညာဉ် ဖြစ်ရပေမည်...။
"ငါက ယောက်ျားလေးပဲ ရွေးရမှာပေါ့...နင့်အတွက် ရွေးစရာ မိန်းကလေး မရှိတာလည်း မဟုတ်ဘဲနဲ့..."
အထီးဓားက ထပ်ပြောလိုက်သည်။
"အမဓားက မိန်းကလေးပဲ ရွေးရမယ်လို့ဘယ်သူပြောလဲ...နင်က တခြားမိန်းမ သွားရှာလို့ရပြီး ငါကျ တခြားယောက်ျား သွားရှာလို့မရဘူးပေါ့လေ...ငါ အရင်က မရှာဖူးတာလည်း မဟုတ်ဘဲနဲ့..."
အမဓား၏အသံမှာ ဒေါသထွက်နေပုံရသည်။
"နင် ငါ့ကို ဒေါသမထွက်ပါနဲ့ဟာ...ဒါ အရေးကြီးတဲ့ ကိစ္စနော်..."
အထီးဓားက ထပ်ပြောလိုက်ပြန်သည်။
"ငါ ဂရုမစိုက်ဘူး...ငါ သူ့ကိုပဲ ရွေးမယ်..."
အမဓားက ဒေါသတကြီး ပြောလိုက်သည်။
ဓားအလင်းတန်းနှစ်ခုသည် ချူလျန်အား လှည့်ပတ်နေကြပြီး မည်သူကမျှ ထွက်မသွားချင်ကြဘဲ တစ်ယောက်တစ်ခွန်း ငြင်းခုံနေကြသည်။
၎င်းတို့၏ အပြုအမူများကြောင့် ချူလျန်လည်း တော်တော်လေး စိတ်ရှုပ်သွားရသည်။ ယခုလက်ရှိ အခြေအနေက ဘာဖြစ်နေတာလဲ။
ဒါ ရည်းစားနှစ်ယောက် ရန်ဖြစ်နေတာနဲ့ ကြုံနေရတာလား။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေက ရည်းစားမထားသင့်ဘူးလို့ ပြောကြတာပေါ့။ ဒါ အလုပ်ကို ဘယ်လောက်တောင် ထိခိုက်စေလိုက်သလဲ။
ကျန်နေသေးသည့် လူသုံးယောက်မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။ ခရမ်းစိမ်းအမြွှာဓားများက ချူလျန်အား သူတို့၏ ဓားသခင်ဖြစ်လာစေရန် လုနေကြတာလား။
သူတို့သုံးယောက်မှာမူ ဤနေရာတွင် မည်သူကမျှ စိတ်ဝင်စားခြင်းမခံရဘဲ တကယ်ကို အနေရခက်စရာကောင်းနေပေသည်။
ကျန်းယွဲ့ပိုင်မှာ ဘေးနားတွင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။ သူမသည် အဓိကတပည့်ဖြစ်သည့်အပြင် အမျိုးသမီးတစ်ဦးလည်း ဖြစ်သောကြောင့် ဓားတစ်လက် သေချာပေါက်ရရှိလိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုအခြေအနေကို ကြည့်ရသည်မှာ...။
'ငါက အနိုင်ရပြီး အထီးကျန်နေရတာလား...'
"ငါ နင့်ကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီလေ...ငါနဲ့ ပိုင်ဇယ်က တကယ် အလုပ်ကိစ္စဆွေးနွေးဖို့ သွားတာပါဆို...နောက်ပြီး သူမက မိန်းမတစ်ယောက် ဖြစ်နေရင်တောင် နတ်သားရဲပဲလေ…”
“ငါက ဓားတစ်လက်ပါဟ... ငါတို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
အထီးဓားက မတတ်နိုင်စွာဖြင့် ထပ်ပြောလိုက်သည်။
"ဘာအလုပ်ကိစ္စမို့လို့ ငါ့ကွယ်ရာမှာ သွားပြောနေရတာလဲ...နင် ပြောစမ်းပါဦး..."
အမဓားက လက်မလျှော့ဘဲ ပြောလိုက်သည်။
'ဒုက္ခပါပဲ...'
ချူလျန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ ရှုတောင်တစ်ခုလုံးက အမြွှာဓားနှစ်လက် ပေါင်းစပ်သွားရန် မျှော်လင့်နေကြသည်။ ထိုအရာကို ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပါက အမြွှာဓားနှစ်လက်ကွာရှင်းခြင်းက အရင်ရောက်လာနိုင်ပေသည်။
"ကောင်းပြီ...ကောင်းပြီ...နင့်ကို တကယ်မနိုင်တော့ပါဘူး...ငါ ရှင်းပြတာကို နားထောင်ပါ..."
အထီးဓားက သက်ပြင်းချကာ ပြောလိုက်၏။
"ငါ နားမထောင်ဘူး...ငါ နားမထောင်ဘူး...နင် တခြားမိန်းမတွေကို သွားရှင်းပြလိုက်..."
အမဓားက ပြောလိုက်သည်။
"..."
အထီးဓားမှာ ဆွံ့အသွားလေသည်။
"..."
ချူလျန်၊ ရွှီဇီယန်နှင့် လင်းအောက်တို့မှာလည်း ဆွံ့အသွားကြသည်။
"နင့်ရဲ့သဘောထားကို နင် သတိထားသင့်တယ်...ဒါ သူမက နင့်ကို အတင်းအကျပ် ရှင်းပြခိုင်းနေတာ မဟုတ်ဘူး...နင့်ရဲ့လုပ်ရပ်အတွက် နင်ကိုယ်တိုင်က ရှင်းပြချက်တစ်ခု ပေးသင့်တာ..."
ကျန်းယွဲ့ပိုင်က ဘေးနားမှနေ၍ မနေနိုင်တော့ဘဲ အသံထွက်လာခဲ့သည်။
"မှန်လိုက်တာ..."
အမဓားက ထောက်ခံလိုက်သည်။