အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း (၃၁၉) - လုမိသားစု၏ ပရမ်းပတာဖြစ်မှုနှင့် ထောင်ဝူပေါ်လာခြင်း (၁)
မိစ္ဆာနှိမ်စေတီ ပျောက်ဆုံးသွားခဲ့သော ထိုခေတ်အခါက ရှုတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အမည်မှာ လုယွီဖြစ်သည်။
ထိုစဉ်က တောင်စောင့်မှော်ဝင်ကိရိယာကြီး ရုတ်တရက် ပျောက်ဆုံးသွားခဲ့သဖြင့် ရှုတောင်ဂိုဏ်းတစ်ခွင်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြကာ ဂိုဏ်းအတွင်းအပြင် အကျပ်အတည်းများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။
ယင်းသည် မိစ္ဆာနတ်ဘုရားခေတ်နောက်ပိုင်း ရှုတောင်ဂိုဏ်း ရင်ဆိုင်ခဲ့ရသော အကြီးမားဆုံး အကျပ်အတည်းဟုပင် ဆိုနိုင်သည်။
အရှင်လုယွီက ရှုတောင်ဂိုဏ်းသားများကို ဦးဆောင်ကာ အခက်အခဲများကို တစ်ခုပြီးတစ်ခုကျော်ဖြတ်နိုင်ခဲ့ပြီး အင်အားအကောင်းဆုံး အသက်ရှင်ကျန်ရစ်သူများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
တောင်ထိပ်မှနေ၍ ချောက်ကမ်းပါးအောက်ခြေသို့ ပြုတ်ကျသွားသည့် အမှောင်မိုက်ဆုံး အချိန်ကာလတွင် သူသာအံကြိတ်၍ မတောင့်ခံထားခဲ့ပါက ရှုတောင်ဂိုဏ်းသည် ဘေးဒုက္ခကြုံတွေ့ခဲ့ရသော အခြားဂိုဏ်းများနည်းတူ နာလန်မထူနိုင်တော့ဘဲ သမိုင်းစင်မြင့်ထက်မှ ပျောက်ကွယ်သွားမည်မှာ သေချာပေသည်။
ရှုတောင်ဂိုဏ်းအတွက် စိတ်ရောကိုယ်ပါ အလွန်အမင်းပေးဆပ်ခဲ့ရသောကြောင့် အရှင်လုယွီသည် ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန်အချိန်မရှိတော့ဘဲ သူ့သက်တမ်းမှာ စောစီးစွာ ကုန်ဆုံးသွားခဲ့ရသည်။ သူသည် ရှုတောင်ဂိုဏ်း သမိုင်းတစ်လျှောက်တွင် သက်တမ်းအယိုယွင်းဆုံး ဂိုဏ်းချုပ်တစ်ဦးဖြစ်လာခဲ့သည်။
သူသက်တမ်းကုန်ဆုံးလုနီးချိန်တွင် ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ရှုတောင်ဂိုဏ်း၏ အခြေအနေမှာ ကောင်းမွန်ခြင်းမရှိသေးဘဲ အခက်အခဲများကို ကျော်ဖြတ်ရန် အစွမ်းထက်သော ခေါင်းဆောင်တစ်ဦး လိုအပ်နေဆဲဖြစ်သည်။
သို့သော် ထိုစဉ်က အကောင်းဆုံးသော ဂိုဏ်းချုပ်လောင်းမှာ အရှင်လုယွီ၏ သားအရင်းဖြစ်ပြီး နောင်တွင် ဂိုဏ်းချုပ်လေးလုဟု လူသိများလာမည့် အရှင်ဝူချီ (သို့မဟုတ်) လုဝူချီ ဖြစ်နေခဲ့သည်။
လုဝူချီသည် ငယ်စဉ်ကတည်းက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်ပြီး ဖခင်ထက်ပင် သာလွန်သူဟု ဆိုနိုင်သည်။ သူသည် ရှုတောင်ဂိုဏ်းတွင် ဩဇာတိက္ကမ ကြီးမားသူဖြစ်ရာ မူလကတည်းက ဂိုဏ်းချုပ်ရာထူးအတွက် အသင့်တော်ဆုံး သူပင်ဖြစ်သည်။
သို့သော် ရှုတောင်ဂိုဏ်းတွင် ဖခင်သေဆုံးပြီးနောက် သားက ဂိုဏ်းချုပ်ရာထူးကို ဆက်ခံသည့် အစဉ်အလာ တစ်ခါမျှမရှိခဲ့ဖူးပေ။ ဂိုဏ်းသည် မိသားစုတစ်စုတည်းပိုင် ဂိုဏ်းမဟုတ်ရာ မည်သို့ မျိုးရိုးစဉ်ဆက် ဆက်ခံသည့်အစဉ်အလာ ရှိနိုင်မည်နည်း။
အကယ်၍ ဂိုဏ်းချုပ်ရာထူးကို သားအရင်းထံ လွှဲပြောင်းပေးလိုက်ပါက အရှင်လုယွီအနေဖြင့် ကဲ့ရဲ့ရှုတ်ချမှုများစွာကိုခံရနိုင်ပြီး မကောင်းသော အစဉ်အလာတစ်ခုကိုလည်း စတင်လိုက်သလိုဖြစ်သွားပေမည်။
အကယ်၍ အေးချမ်းသော ခေတ်ကာလသာဖြစ်ခဲ့လျှင် သူ၏သား မည်မျှပင် တော်နေပါစေ အခြားသူတစ်ဦးကိုသာ ရွေးချယ်မည်မှာသေချာသည်။ သို့သော် ထိုစဉ်က မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနေရာတွင် ရှုတောင်ဂိုဏ်း၏ အဆင့်အတန်းမှာ လှုပ်ခတ်နေဆဲဖြစ်ပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို တပ်မက်နေသူများလည်း ရှိနေသည်။
ထို့ကြောင့် ပြိုလဲလုနီးပါးဖြစ်နေသော အခြေအနေကို ကယ်တင်နိုင်ရန်အတွက် အစွမ်းအထက်ဆုံးနှင့် ဉာဏ်ပညာရော၊ ရဲစွမ်းသတ္တိပါ ပြည့်စုံသော ခေါင်းဆောင်တစ်ဦး မဖြစ်မနေ လိုအပ်နေပေသည်။
နောက်ဆုံးတွင် အရှင်လုယွီက ရွေးချယ်ခွင့်ကို တောင်စောင့်အကြီးအကဲလေးဦးထံ လွှဲပြောင်းပေးခဲ့ပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ချသွားခဲ့လေသည်။
သူသည် သားအရင်းထံသို့ ကောင်းကင်အာဏာ တံဆိပ်ပြားကို ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးအပ်သွားခြင်းမရှိခဲ့ပေ။ သူ ကျဆုံးသွားပြီးနောက် တောင်စောင့်အကြီးအကဲ လေးဦးက အရှင်ဝူချီကို ရှုတောင်ဂိုဏ်း၏ အရှင်သခင်သစ်အဖြစ် တုံ့ဆိုင်းမှုမရှိဘဲ တင်မြှောက်ခဲ့ကြသည်။
အရှင်ဝူချီ ရာထူးဆက်ခံပြီးနောက် ရှုတောင်ဂိုဏ်းသည် ယခင်က ကျဆင်းနေသော အခြေအနေများကို အကုန်အစင်ဖယ်ရှားပစ်နိုင်ခဲ့ပြီး အဝေးရှိဂိုဏ်းများနှင့် မဟာမိတ်ဖွဲ့ကာ အနီးရှိဂိုဏ်းများကိုတိုက်ခိုက်ရင်း ဩဇာအာဏာ ပြန်လည်ကြီးမားလာခဲ့သည်။
သူ စတင်တာဝန်ယူချိန်တွင် ချမှတ်ခဲ့သောမူဝါဒမှာ မှော်ဝင်ကိရိယာမရှိသည့် အခြေအနေတွင် ရှုတောင်ဂိုဏ်းအနေဖြင့် အခြားသော မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန်မလိုဟူ၍ ဖြစ်သည်။
မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း အားလုံးကို ဖိနှိပ်ထားနိုင်သရွေ့ ယခုနေရာကို ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းတွင် နောက်ဆုံးအဆင့် ဖြစ်နေလျှင်ပင် မြေကမ္ဘာဂိုဏ်းများထက် များစွာသာလွန်နေဆဲဖြစ်သည်။
ထိုဗျူဟာမြောက်မူဝါဒကို ရှုတောင်ဂိုဏ်းက ယနေ့တိုင် အသုံးပြုနေဆဲဖြစ်သည်။
သူ အုပ်ချုပ်စဉ်ကာလအတွင်းမှာပင် ရှုတောင်ဂိုဏ်းသည် လက်ရှိဂိုဏ်းတွင်း လေ့ကျင့်ပျိုးထောင်မှု စနစ်ကို အပြည့်အဝအတည်ပြုနိုင်ခဲ့ပြီး တပည့်များကို ကြီးမားသော လွတ်လပ်ခွင့်များ ပေးအပ်ခဲ့သည်။
ရှုတောင်ဂိုဏ်း၏ လက်ရှိ ပညာရေးမူဝါဒမှာ တပည့်များ၏ လေ့ကျင့်ပျိုးထောင်မှုကို အလေးထားသော ရှေးဟောင်းဂိုဏ်းများကြားတွင် အလွန်ရှားပါးလှသည်။ ယင်းအစား မိစ္ဆာဂိုဏ်းများ၏ အဆိပ်ကောင်မွေးမြူသည့် စနစ်နှင့်ပင် ခပ်ဆင်ဆင်တူနေသော်လည်း ကြီးမားသော ကွာခြားချက်များတော့ ရှိနေပေသည်။
ထျန်းကန်ဂိုဏ်းနှင့် မြူခိုးဖုံး အင်မော်တယ်တောင်တန်း ကဲ့သို့သော ရှေးဟောင်းဂိုဏ်းများမှာ ရှေးယခင်ကတည်းကပင် ဆရာတစ်ဦးက တပည့် အနည်းငယ်ကိုသာ ခေါ်ယူပြီး ပါရမီအထူးချွန်ဆုံး သူများကိုသာ ဂိုဏ်းသို့ ဝင်ခွင့်ပြုလေ့ရှိသည်။
တပည့်များ ကြီးထွားလာချိန်တွင် လိုအပ်သောအရင်းအမြစ်များ၊ အတွေ့အကြုံများနှင့် တာဝန်များကို ဆရာဖြစ်သူကသာစီစဉ်ပေးပြီး ပါရမီရှင် အနည်းငယ်ကို ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ပေးရုံသာဖြစ်သည်။
သို့သော် ရှုတောင်ဂိုဏ်းသည် အရှင်ဝူချီ၏ ပြုပြင်ပြောင်းလဲမှုအောက်တွင် အရင်းအမြစ်များနှင့် တာဝန်များ လွတ်လပ်စွာ စီးဆင်းနိုင်သော စနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
မှော်ဝင်ပစ္စည်းများ၊ ဆေးလုံးများ၊ မှော်သိုင်းများ စသည်တို့ကို လွတ်လပ်စွာ ရယူနိုင်သော်လည်း မိမိ၏ စွမ်းရည်ဖြင့်သာ လဲလှယ်ရယူရမည်ဖြစ်သည်။
ထိုစနစ်အောက်တွင် မည်သည့်တပည့်ကို ပျိုးထောင်ရမည်ဆိုသည်ကို ဆရာဖြစ်သူက ဆုံးဖြတ်ခွင့် မရှိတော့ပေ။ ၎င်းသည် တပည့်များကို လွှတ်ထားသလိုဖြစ်နေပြီး မည်သူမျှ အထူးဂရုစိုက်ခံရခြင်း မရှိသော်လည်း ပါရမီနှင့် စွမ်းဆောင်ရည်ရှိသူတိုင်း ထင်ပေါ်လာနိုင်သည်။
အရင်းအမြစ်များကို ဂိုဏ်းလူကြီးများက ခွဲဝေပေးခြင်းမဟုတ်ဘဲ စွမ်းဆောင်ရည်ရှိသော တပည့်များထံသို့သာ လွတ်လပ်စွာ စုစည်းသွားခြင်းဖြစ်သည်။
ထိုစနစ်အောက်တွင်သာ မဟုတ်ပါက ချူလျန်အနေဖြင့်လည်း ယခုကဲ့သို့ ရေနှင့်ငါးလို အဆင်ပြေနေမည် မဟုတ်ပေ။
အရှင်ဝူချီ၏ ဘဝနောက်ဆုံးကာလတွင် ရှုတောင်ဂိုဏ်း၌ အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထိုစဉ်က ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်နေသူနှစ်ဦးရှိပြီး တစ်ဦးမှာ အရှင်ဝမ်ယွမ်ဖြစ်ကာ ကျန်တစ်ဦးမှာ အရှင်ဝူချီ၏သားအရင်း လုချန်းဖြစ်သည်။
ထိုအချိန်တွင် ရှုတောင်ဂိုဏ်းသည် အရှင်ဝူချီ၏အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်မှု ပြန်လည်ရရှိနေပြီဖြစ်ပြီး ယခင်ကဲ့သို့ ပဋိပက္ခများစွာနှင့် ရင်ဆိုင်ရခြင်း မရှိတော့ပေ။
လုချန်းသည် အရှင်ဝမ်ယွမ်နှင့် နှိုင်းယှဉ်ပါက ထင်ပေါ်ကျော်ကြားမှု မရှိသော်လည်း ထိုနှစ်ဦးမှာ အင်အားချင်း မျှတသည်ဟု ဆိုနိုင်သည်။
အရှင်ဝူချီ၏ စွမ်းဆောင်ရည်များကြောင့် သူသာ ဂိုဏ်းချုပ်ရာထူးကို သားဖြစ်သူထံ လွှဲပြောင်းပေးလိုပါက မည်သူမျှ အပြစ်တင်မည်မဟုတ်ပေ။ စိတ်ထဲတွင် မသင့်တော်ဟု တိတ်တဆိတ် ထင်မြင်နေလျှင်တောင် မျက်နှာပြောင်တိုက်၍ ဆန့်ကျင်မည့်သူ ရှိမည်မဟုတ်ပေ။
သို့သော် ထိုသို့လုပ်လိုက်ပါက ရှုတောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးမှာ အမှန်တကယ်ပင် မျိုးရိုးစဉ်ဆက် ဆက်ခံသည့်စနစ်ဖြစ်သွားပေမည်။ ထို့ကြောင့် အကြီးအကဲအတော်များများက အရှင်ဝမ်ယွမ်ကိုထောက်ခံခဲ့ကြသည်။
သို့သော် လုချန်းမှာလည်း ရည်မှန်းချက်ကြီးမားသူဖြစ်ပြီး ဖခင်၏အရှိန်အဝါကို အသုံးပြုကာ သူ့ကို ထောက်ခံသူများကို အကြီးအကျယ်စည်းရုံးနေခဲ့ရာ အရှင်ဝူချီ၏ မျက်နှာကို ထောက်ထား၍ သူ့ကို ထောက်ခံသူအချို့လည်း ရှိနေခဲ့သည်။
အရှင်ဝမ်ယွမ်နှင့် လုချန်းတို့၏ လျှို့ဝှက်တိုက်ပွဲမှာ ထိုစဉ်က ဆယ်နှစ်ကျော်ကြာ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုကာလအတွင်း အရှင်ဝူချီက တိတ်ဆိတ်စွာနေခဲ့ပြီး သူ့စိတ်ကူးကို မည်သူမျှ ခန့်မှန်း၍မရခဲ့ပေ။
နောက်ပိုင်းတွင် အရှင်ဝူချီ၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့သည်။
ဒဏ္ဍာရီများအရ နဝမအဆင့် သိုင်းပညာရှင်တိုင်းသည် သက်တမ်းကုန်ဆုံးလုနီးချိန်တွင် နတ်ဘုရားအပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်လေ့ရှိကြသည်ဟု ဆိုသည်။
မည်သို့သော ကံကြမ္မာ၏ ခေါ်ဆောင်မှုကြောင့် ဖြစ်စေ၊ ကံတရားကို ပြောင်းလဲနိုင်သည့် အခွင့်အရေး တစ်ခုခုပုန်းကွယ်နေ၍ဖြစ်စေ အချို့သော အဋ္ဌမအဆင့် သိုင်းပညာရှင်များပင် မသေဆုံးမီကံစမ်းရန် ဝင်ရောက်လေ့ရှိကြသည်။
အရှင်ဝူချီကလည်း ထိုသို့ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး သူတစ်ဦးတည်း ဝင်ရောက်ရုံသာမက အရှင်ဝမ်ယွမ်နှင့် လုချန်းတို့ကိုပါ ခေါ်ဆောင်သွားခဲ့သည်။
ထိုစဉ်က ရှုတောင်ဂိုဏ်းသားအားလုံးက ၎င်းသည် ယှဉ်ပြိုင်သူ နှစ်ဦးအတွက် စမ်းသပ်မှုတစ်ခုဖြစ်နိုင်ပြီး အနိုင်ရရှိသူက ဂိုဏ်းချုပ်ရာထူးကို ရရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် နောက်ဆုံးရလဒ်မှာ အရှင်ဝမ်ယွမ် တစ်ဦးတည်း ပြန်လည်ရောက်ရှိလာခြင်းပင် ဖြစ်သည်။
သူက အရှင်ဝူချီသည် သူ့နှင့် လုချန်းကို အမှန်တကယ် စမ်းသပ်ခဲ့ကြောင်းနှင့် နောက်ဆုံးတွင် လုချန်းသည် နတ်ဘုရားအပျက်အစီးနယ်မြေထဲတွင် ပျောက်ဆုံးသွားပြီး သူတစ်ဦးတည်းသာ ထွက်လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုကိစ္စ၏ နောက်ကွယ်တွင် မည်မျှလောက်သော လျှို့ဝှက်ချက်များ ရှိနေသည်ကို မည်သူမျှ မသိရှိရဘဲ နောက်ဆုံးတွင် အရှင်ဝမ်ယွမ်က ဂိုဏ်းချုပ်ရာထူးကို ချောမွေ့စွာ ဆက်ခံနိုင်ခဲ့သည်။
မကြာမီတွင် လုမိသားစုဝင်များသည် ရှုတောင်ဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြောင်း လူတိုင်းသိရှိလိုက်ရပြီး သူတို့ မည်သည့်နေရာသို့ ရောက်ရှိသွားသည်နှင့် သေသည်ရှင်သည်ကို မည်သူမျှ မသိရှိကြတော့ပေ။
အရှင်ဝမ်ယွမ် ရာထူးတက်လာသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း တစ်ရာ့ငါးဆယ် ရှိနေပြီဖြစ်သည်။ သူ အုပ်ချုပ်သည့် ကာလအတွင်း အရှင်ဝူချီ ချန်ထားခဲ့သမျှကို ကောင်းစွာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ရှုတောင်ဂိုဏ်း၏ တိုးတက်မှုမှာလည်း အတော်အသင့် ဖြည်းညင်းလှရာ သူသည် အလွန်တာဝန်ကျေသော ဂိုဏ်းချုပ်တစ်ဦးဟု ဆိုနိုင်သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် သူရာထူးဆက်ခံစဉ်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုများကို မည်သူမျှ ထပ်မံထုတ်ဖော်ပြောဆိုခြင်း မရှိတော့ပေ။
...
ထို့ကြောင့် လုချန်ချို ရုတ်တရက် ပေါ်ထွက်လာချိန်တွင် ပတ်ဝန်းကျင်ရှိ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူအများစုမှာ ထိုအကြောင်းကိုမသိရှိကြဘဲ ထိုလူမှာ အကြောင်းရင်းမရှိဘဲ ပေါ်လာသည်ဟုသာ ထင်မြင်ခဲ့ကြသည်။
သို့သော် သူ့လက်ထဲတွင် ရှုတောင်ဂိုဏ်းချုပ်သာ ပိုင်ဆိုင်သော ကောင်းကင်အာဏာ တံဆိပ်ပြားကို ထုတ်ပြလိုက်သောအခါ အားလုံးမှာ အံ့အားသင့်သွားခဲ့ကြသည်။
တစ်ခဏချင်းမှာပင် တစ်ကွင်းလုံး ဆူညံသွားလေသည်။
လုချန်ချို၏ ပြင်းထန်သော အပြုအမူကို ရင်ဆိုင်ရချိန်တွင် အရှင်ဝမ်ယွမ်က ယာယီတိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
ထို့နောက် လူနှစ်ဦး မတ်တတ်ရပ်လာကြသည်။
ဝတ်ရုံနီဝတ်ဆင်ထားသော တိနွီဖုန့်က ရုတ်တရက် မတ်တတ်ရပ်လာပြီး စကားပြောရန် ပြင်လိုက်စဉ် ဝတ်ရုံနက်ဝတ်ဆင်ထားသော အေးစက်စက် အဘွားအိုတစ်ဦးလည်း မတ်တတ်ရပ်လာသည်ကို တွေ့လိုက်ရသဖြင့် သူမက အသံမထွက်တော့ပေ။