အခန်း ၃၂၀
Vol. 32 Ch. 320
အခန်း (၃၂၀) - လုမိသားစု၏ ပရမ်းပတာဖြစ်မှုနှင့် ထောင်ဝူပေါ်လာခြင်း (၂)
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက မတ်တတ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်ကို တွေ့လိုက်ရသည်။
"လုမိသားစုဝင် ပြန်လည်ရောက်ရှိလာတာ ဝမ်းသာစရာကိစ္စပဲ...အထူးသဖြင့် မင်းက ရှုတောင်ဂိုဏ်းအတွက် ပျောက်ဆုံးနေတဲ့ ကောင်းကင်အာဏာတံဆိပ်ပြားကို ပြန်ယူလာပေးတာဆိုတော့ ပိုပြီးတော့တောင် ကြီးမားတဲ့ကုသိုလ်ပါပဲ...ဂိုဏ်းထဲ ပြန်ဝင်ဖို့ကိစ္စက ပိုပြီးတော့တောင် လွယ်ကူပါသေးတယ်..."
လုချန်ချိုက ထိုစကားကို ကြားသောအခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့်...စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက စကားတစ်ခွန်းနှစ်ခွန်းတည်းနဲ့ ကောင်းကင်အာဏာတံဆိပ်ပြားကို လုယူချင်နေတာလား..."
တိနွီဖုန့်က ဘေးမှနေ၍ ဝင်ရောက်ထောက်ခံလိုက်သည်။
"မင်းဆီကနေ အလကားယူမှာမှမဟုတ်တာ...မင်းကို ရှုတောင်ဂိုဏ်းထဲ ပြန်ဝင်ခွင့်ပေးမယ်လေ...တခြားသူတွေ ဝင်ချင်တိုင်း ဝင်လို့ရလွယ်တယ်လို့ မင်းထင်နေလား…”
“ဒီလိုလုပ်...မင်းကို ဆုကြေးအနေနဲ့ ဓားဒင်္ဂါး ငါးရာ ထပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ...မင်း ပြန်ရောက်လာပြီးရင် ငါ့ရဲ့ ငွေဓားတောင်ထွတ်ကို ဝင်လိုက်... ဝင်ဝင်ချင်းကို ဒုတိယဂိုဏ်းတူအစ်ကို ဖြစ်မှာဆိုတော့ မကောင်းဘူးလား..."
"..."
မူလက ဆူညံနေသော ကွင်းပြင်ကြီးမှာ တိနွီဖုန့်၏ စကားတစ်ခွန်းကြောင့် လုံးဝ တိတ်ဆိတ်သွားလေသည်။ လမ်းသွားလမ်းလာများပင်လျှင် သူမကို အလွန်အရှက်မရှိဟု ထင်မြင်သွားလောက်သည့် အခြေအနေပင်ဖြစ်သည်။
လုချန်ချိုက ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။
"ဟားဟား...မင်းတို့အားလုံးက ဝမ်ယွမ်ရဲ့ အပေါင်းအပါတွေပဲ...နာမည်လည်း မမှန်ကန်ဘူး...စကားလည်း မဖြောင့်မတ်ဘူး…”
“ငါက ရှုတောင်ဂိုဏ်းရဲ့ မျိုးရိုးစစ်မှန်သူ ဖြစ်နေတာကို မင်းတို့လို လူတွေရဲ့အောက်မှာ နေစရာလား..."
တိနွီဖုန့်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် မျက်ဆံများ ကျုံ့ဝင်သွားပြီး သူမ၏ တစ်ကိုယ်လုံးမှ အန္တရာယ်များသောအရှိန်အဝါများ ထွက်ပေါ်လာလေသည်။
"မင်း ဘာလို့ လာဆဲနေတာလဲ..."
လုချန်ချိုက အော်ဟစ်လိုက်သည်။
"လူအများရှေ့မှာ မင်းက လက်ပါချင်နေတာလား..."
တိနွီဖုန့်က ပါးစပ်မှပြောလိုက်ရင်း စင်မြင့်ပေါ်သို့ ပျံသန်းဆင်းသက်သွားလေသည်။
"ဒါ ငါနဲ့မင်းကြားက ပုဂ္ဂိုလ်ရေးရန်ငြိုးပဲ...ရှုတောင်ဂိုဏ်းနဲ့ မဆိုင်ဘူး..."
တိုက်ပွဲက ချက်ချင်း စတင်တော့မည့်အချိန်တွင် ဘေးမှနေ၍ ဟန့်တားသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ရပ်လိုက်စမ်း..."
လူရိပ်တစ်ခုက လုချန်ချို၏ နောက်ကျောသို့ ရုတ်တရက် ပျံသန်းဆင်းသက်လာသည်။ ထိုသူမှာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး အရပ်အမောင်း အလယ်အလတ်ရှိကာ အသက်လေးဆယ်ခန့် အရွယ်ရှိသည်။
သူ့မျက်ဆံနှစ်ဖက်လုံးမှာ အဖြူရောင်စစ်စစ် ဖြစ်နေပြီး အမည်းရောင် အနည်းငယ်မျှပင် မရှိသည်ကို တွေ့လိုက်ရသည်။
ရောက်လာသူမှာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းမှ လာရောက်လေ့လာသော အကြီးအကဲ ကျင့်ကြံသူပိုင်လင်ပင် ဖြစ်သည်။
ကျင့်ကြံသူပိုင်လင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ရှုတောင်ဂိုဏ်းက နာမည်ကြီးသမ္မာဂိုဏ်းဖြစ်ပြီး နှစ်ထောင်ပေါင်းများစွာ အစဉ်အဆက် ရှိလာခဲ့တာပဲ...အကယ်၍ အစဉ်အလာဆက်ခံဖို့ အငြင်းပွားမှုတွေ ရှိနေရင်တောင် လက်သီးတွေ ခြေထောက်တွေနဲ့ချည်း လုယူနေကြမယ်ဆိုရင် ဘယ်လိုလုပ် သင့်တော်ပါတော့မလဲ..."
တိနွီဖုန့်က သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
"ဒီနေရာက ရှုတောင်ဂိုဏ်းဆိုတာကို မင်းလည်းသိသားပဲ... ဘယ်အချိန်ကများ ခွေးဟောင်ဖို့ မင်းအလှည့် ရောက်သွားတာလဲ..."
ကျင့်ကြံသူပိုင်လင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမကို ဂရုမစိုက်တော့ဘဲ ခေါင်းမော့ကာ အရှင်ဝမ်ယွမ်ကို တိုက်ရိုက်ကြည့်လိုက်ပြီး လက်ယှက်လိုက်သည်။
"ဟမ့်..."
"အရှင်မြတ်...လုမိသားစုက မျိုးဆက်နှစ်ဆက်တိုင်တိုင် ရှုတောင်ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကြီးမားတဲ့ကုသိုလ်တွေ ရရှိခဲ့ပါတယ်...ဒီလို အဖြစ်အပျက်မျိုးကို ကျုပ်တို့ သမ္မာဂိုဏ်းသားတွေအားလုံး မသိတဲ့သူမရှိပါဘူး…”
“အကယ်၍ သူပြောတဲ့အတိုင်း သူသာ ရှုတောင်ဂိုဏ်းရဲ့ မျိုးရိုးစစ်မှန်သူ ဖြစ်နေမယ်ဆိုရင် ကျုပ်တို့ သမ္မာဂိုဏ်းသားတွေအနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မရပါဘူး..."
အရှင်ဝမ်ယွမ်၏ အကြည့်က ကျင့်ကြံသူပိုင်လင်နှင့် လုချန်ချိုတို့ အကြားတွင် တစ်ခဏမျှဝေ့ဝဲသွားပြီး တစ်စုံတစ်ခုကို ကြိုတင်သိမြင်သွားသကဲ့သို့ ပြုံးယောင်သန်းသွားလေသည်။
"ကျုပ်ရဲ့ ဂိုဏ်းချုပ်ရာထူးက အဲဒီတုန်းက ဆရာကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့တာပါ...ရှုတောင်ဂိုဏ်းရဲ့ မျိုးရိုးစစ်မှန်မှု ကိစ္စကတော့ သမ္မာဂိုဏ်းသားတွေ ဒုက္ခခံပြီးစိတ်ပူပေးနေစရာ မလိုပါဘူး…”
“ဒီလူက လုမိသားစုဝင် ဟုတ်မဟုတ်ဆိုတာကိုတော့ စုံစမ်းဖို့ လိုသေးတယ်...ဒါပေမဲ့ ကောင်းကင်အာဏာတံဆိပ်ပြားက ရှုတောင်ဂိုဏ်းဆီ ပြန်ရောက်လာပြီဆိုမှတော့ နောက်ထပ် ပျောက်ဆုံးသွားလို့ မဖြစ်တော့ဘူးလေ..."
လုချန်ချိုက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ပေါက်ကရတွေ...အဲဒီတုန်းက မင်း နတ်ဘုရားအပျက်အစီးနယ်မြေထဲမှာ ငါ့အဘိုးနဲ့ ဖခင်ကို သတ်ပစ်ခဲ့တာလေ...ပြီးတော့ ဂိုဏ်းကို ပြန်ရောက်လာတဲ့အခါ ငါ့အဘိုးက ဂိုဏ်းချုပ်ရာထူးကို မင်းဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းအမှားတွေ ဖြန့်ခဲ့တယ်…”
“ဒါပေမဲ့ မင်း ကောင်းကင်အာဏာတံဆိပ်ပြားကို လုံးဝ ထုတ်မပြနိုင်ခဲ့ဘူးလေ... ဘာလို့လဲဆိုတော့ ကောင်းကင်အာဏာတံဆိပ်ပြားက ဂိုဏ်းချုပ်ရာထူးနဲ့အတူ ငါ့အဖေဆီကို စောစောစီးစီးရောက်နေခဲ့ပြီလေ…”
“မကြေညာရသေးတာပဲ ရှိတာပါ...မင်း တောင်ပေါ်ပြန်ရောက်လာပြီးနောက်မှာလည်း ငါ့လုမိသားစု တစ်ခုလုံးကို လုပ်ကြံချင်နေသေးတယ်…”
“ဒါကြောင့် ငါ့အမေက ငါ့ကို ခေါ်ပြီး ရှုတောင်ဂိုဏ်းကနေ ထွက်ပြေးခဲ့ရတာပဲ... ငါ ဒီနှစ်တွေတစ်လျှောက်လုံး အချိန်တိုင်း မင်းကိုကလဲ့စားချေဖို့ ပြန်လာချင်နေခဲ့တာ... မင်းရဲ့ ဟန်ဆောင်ကောင်းတဲ့ မျက်နှာဖုံးကို ခွာပစ်ဖို့ပဲ...ဝမ်ယွမ်... ဒီနေ့တော့ မင်း ငါ့လုမိသားစုကို လုပ်ခဲ့သမျှ အားလုံးပြန်ဆပ်ရတော့မယ်..."
"ဝါး..."
ထိုစကားထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ကွင်းလုံးရှိ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
အလွန်ကောင်းမွန်သော ဖော်ထုတ်မှုကြီးပင်ဖြစ်သည်။
မူလက ဓားကျည်တောက်တောင်ထွတ်၏ သတင်းကို စောင့်ဆိုင်းနေရသည့် အချိန်အတွင်း ပျင်းရိနေမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုတော့ အဆင်ပြေသွားပြီဖြစ်သည်။
ယခုကဲ့သို့သော ကြားဖြတ်အစီအစဉ်မျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
အရှင်ဝမ်ယွမ် ရှုတောင်ဂိုဏ်းကို အုပ်ချုပ်ခဲ့သော ဤနှစ်တစ်ရာ့ငါးဆယ်ကျော် ကာလအတွင်း မည်သည့်အမည်းစက်မှ မရှိခဲ့ပေ။ သူ့ကို သူတော်စင်တစ်ဦးဟု မဆိုနိုင်သော်လည်း များစွာကွာခြားမှုမရှိပေ။ ယနေ့တွင် ထိုမျှကြီးမားသော လျှို့ဝှက်ချက်ကြီး ပေါက်ကြားလာမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
သူက ယုတ်မာသော နည်းလမ်းများကို အသုံးပြု၍ ရာထူးရယူခဲ့ခြင်းလား။
ကွင်းအတွင်းရှိ ရှုတောင်ဂိုဏ်းသားများ အပါအဝင် အားလုံးမှာ တစ်ခဏမျှ ယိမ်းယိုင်သွားခဲ့ကြသည်။ သူတို့သည် ထိုစဉ်က အဖြစ်အပျက်များကို နားမလည်ကြသော်လည်း ထိုလူ၏ လက်ထဲရှိ ကောင်းကင်အာဏာတံဆိပ်ပြားမှာ အတုလုပ်၍ မရနိုင်ပေ။
ယခုအချိန်တွင် လူတိုင်း၏ရင်ထဲ၌ သူပြောသည်များမှာ အမှန်ဖြစ်နိုင်ခြေ ရှိမရှိကို တိတ်တဆိတ် သံသယဝင်နေကြသည်။
တကယ်တော့ အားလုံးကလည်း ထိုကိစ္စကို ကောင်းစွာ သိရှိထားကြသည်။ ထိုကိစ္စမှာ အံ့ဩစရာကောင်းသော်လည်း အမှန်ဖြစ်နေလျှင်ပင် အလွန် နောက်ကျနေပြီဖြစ်သည်။
ယနေ့အချိန်အထိ ရှုတောင်ဂိုဏ်းတွင် အရှင်ဝမ်ယွမ်၏နေရာမှာ ထိုကဲ့သို့ အတိတ်ဆိုးများဖြင့် လှုပ်ခတ်နိုင်စွမ်းမရှိတော့ပေ။ သို့သော် လူအများစုမှာ ထိုကဲ့သို့သော ဇာတ်လမ်းများကို ကြည့်ရှုရသည်ကို နှစ်သက်ကြသည်။
အထူးသဖြင့် သူတော်စင်ပုံရိပ် ပျက်စီးသွားခြင်းမှာ အချိန်အတော်ကြာသည်အထိ လူအများပြောဆိုစရာ အကြောင်းအရာတစ်ခု ဖြစ်လာပေလိမ့်မည်။
လုချန်ချို၏အသံမှာ ပြတ်သားနေပြီး စိတ်လှုပ်ရှားစွာ ပြောဆိုလာသောအခါ သူ့မျက်နှာမှာ နီရဲလာလေသည်။
သူ့အနောက်ဘက်ရှိ ကျင့်ကြံသူပိုင်လင်မှာမူ မျက်နှာအမူအရာ ကင်းမဲ့နေသည်။ သူက ထိုစကားများကို ပိတ်ပင်မခံရစေရန်အတွက်သာ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ဖြစ်ပုံရသည်။
ပြောပြီးသွားပြီးနောက် မည်သို့သော အကျိုးဆက်များဖြစ်လာမည်ဆိုသည်မှာ သူ၏ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိတော့ပေ။
လုချန်ချို ယနေ့ ထွက်ပေါ်လာခြင်း၏နောက်ကွယ်တွင် ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းနှင့် ကြိုတင် ဆက်သွယ်ထားခြင်း မရှိဟုဆိုလျှင် မဖြစ်နိုင်ကြောင်း အမြင်ကျယ်သူတိုင်း သိမြင်နိုင်ကြသည်။
ကျင့်ကြံသူပိုင်လင်က ထိုနေရာတွင် သူ့ကို ပေါ်တင် ကျောထောက်နောက်ခံ ပေးနေခြင်းဖြစ်သည်။ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းအနေဖြင့် ပြည်တွင်းရေး ပဋိပက္ခများကိုအသုံးချကာ အခြားဂိုဏ်းများ၏အင်အားကို လျှော့ချခြင်းမှာ တစ်ကြိမ်နှစ်ကြိမ် မကတော့ပေ။
သို့သော် နားမလည်နိုင်သည်မှာ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ရန်မဖြစ်နိုင်ရာ လုချန်ချိုတွင် ရှုတောင်ဂိုဏ်းကို ဒုက္ခပေးနိုင်မည့် မည်သို့သောအစွမ်းအစများ ရှိနေသေးသနည်း။
အရှင်ဝမ်ယွမ်၏ မျက်နှာအမူအရာမှာ ရေကန်ဟောင်းတစ်ခုကဲ့သို့ တည်ငြိမ်နေပြီး လုံးဝသက်ရောက်မှုမရှိဘဲ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
"အကယ်၍ လုချန်းရဲ့ သားအရင်းသာ တကယ်ဖြစ်မယ်ဆိုရင် အဲဒီတုန်းက လုမိသားစု ပျောက်ဆုံးသွားချိန်မှာ မင်းက နို့စို့အရွယ်ပဲ ရှိသေးတာလေ...နောက်ပိုင်း ကိစ္စတွေကို တခြားလူတွေက မင်းကို ပြောပြထားတာ ဖြစ်ရမယ်…”
“အဲဒီထဲမှာ အမှားတွေ ပါနေတာမျိုးကိုတော့ ရှောင်လွှဲလို့ မရဘူး...အကယ်၍ မင်းက ဟန်ဆောင်ထားတာဆိုရင်တော့ ငါ့ရှုတောင်ဂိုဏ်းကို ဗြောင်းဆန်အောင် လုပ်တဲ့အတွက် သေဒဏ်ပေးရလိမ့်မယ်...အဲဒီတုန်းက ကိစ္စတွေကို အကြီးအကဲတွေအားလုံးကို ကျုပ် စောစောစီးစီးကတည်းက ရှင်းပြပြီးသားပါ…”
“အဲဒီအထဲမှာ သံသယဖြစ်စရာတွေ ရှိနေသေးတယ်ဆိုရင် သူတို့က ကျုပ်ကို ဂိုဏ်းချုပ်ရာထူး ဆက်ခံခွင့်ပြုပါ့မလား...လူတွေ...ဒီလူကို အရင်ဆုံး ဖမ်းထားလိုက်စမ်း...နောက်ပိုင်းကိစ္စတွေကို ပြီးမှဆက်ပြီး မေးမြန်းတာပေါ့..."
သူ၏ ထိုစကားများက တိုက်ခိုက်မှုများကို ကာကွယ်နိုင်သလို လူအများ၏ သံသယအချို့ကိုလည်း ပျောက်ကွယ်သွားစေသည်။
လုချန်ချိုက ကောင်းကင်အာဏာ တံဆိပ်ပြားကို ကိုင်ဆောင်ထားရုံဖြင့် သူပြောသမျှ အားလုံးအမှန်ဖြစ်သည်ဟု ယူဆ၍မရပေ။ အကယ်၍ ထိုစဉ်က အရှင်ဝမ်ယွမ်၏ ကိစ္စကို သေချာစွာ စုံစမ်းစစ်ဆေးခြင်း မပြုခဲ့ပါက ရှုတောင်ဂိုဏ်းမှ အကြီးအကဲများက သူ့ကို မည်သည့်အကြောင်းကြောင့် ရာထူးဆက်ခံခွင့် ပြုမည်နည်း။
လုချန်ချိုက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ကို အတင်းအကျပ် ပါးစပ်ပိတ်ခိုင်းချင်နေတာလား...အိပ်မက်မက်နေလိုက်..."
ထိုသို့ပြောပြီးနောက် သူက လက်ချောင်းများဖြင့် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ကောင်းကင်တက်လှမ်း ရင်ပြင်ပေါ်တွင် ရုတ်တရက် ကောင်းကင်သို့ ထိုးတက်သွားသော အလင်းတန်းမည်းတစ်ခု ပေါ်ထွက်လာလေသည်။
ရှူး...
ထိုအလင်းတန်းမည်းမှာ ကောင်းကင်ယံအထိ ရောက်ရှိသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ပွင့်ဟလာလေသည်။
တံခါးပေါက်ထဲမှ ဧရာမခေါင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ ကျားနှင့်လည်းတူ၊ ကျားသစ်နှင့်လည်းတူပြီး အစွယ်များမှာ ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းအရှိန်အဝါများက ၎င်းနှင့်အတူ စီးဆင်းလာပြီး ထိတ်လန့်ဖွယ်ကောင်းသော သွေးဆာနေသည့် သတ်ဖြတ်လိုစိတ်များ ပါဝင်နေလေသည်။
လူအများက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
"ထောင်ဝူ..."
၎င်းမှာ လွန်ခဲ့သောအချိန်အတန်ကြာက မကောင်းဆိုးဝါးတောင်တန်းအတွင်း၌ ပျောက်ဆုံးသွားခဲ့သော သားရဲကြီးပင်ဖြစ်သည်။ လုချန်ချိုက လက်တစ်ကမ်းရုံဖြင့် ထိုမျှကြီးမားလှသော သားရဲကြီးကို မည်သို့ခေါ်ယူနိုင်ခဲ့သနည်း။
သူသည် ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်တွင် အစီအရင်တစ်ခုကို စောစောစီးစီးကတည်းက တပ်ဆင်ထားခဲ့သည်မှာ သေချာပေသည်။
ထိုအချိန်တွင် ကောင်းကင်အာဏာတံဆိပ်ပြား၏ စွမ်းအားက ပေါ်လွင်လာသည်။ လုချန်ချိုက ထိုတံဆိပ်ပြားကို ထုတ်ပြခြင်းမှာ ရှုတောင်ဂိုဏ်းအတွင်းရှိ လူများကို ရင်ဆိုင်ရန်မဟုတ်ဘဲ ရှုတောင်ဂိုဏ်းအပြင်ဘက်ရှိ လူများကို ရင်ဆိုင်ရန်ပင် ဖြစ်သည်။
အကယ်၍ ကောင်းကင်အာဏာတံဆိပ်ပြားသာ မရှိခဲ့ပါက ထောင်ဝူ ဆင်းသက်လာချိန်တွင် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းမှ သမ္မာကျင့်ကြံသူအားလုံးက သားရဲကြီးကိုနှိမ်နင်းရန် ဝင်ရောက်စွက်ဖက်ကြမည်မှာ သေချာပေသည်။
သို့သော် ယခုအချိန်တွင် သူက ကောင်းကင်အာဏာတံဆိပ်ပြားကို ထုတ်ပြပြီးမှ စတင်တိုက်ခိုက်ခဲ့သဖြင့် ယခုတိုက်ပွဲမှာ ရှုတောင်ဂိုဏ်း၏ ဂိုဏ်းတွင်းတိုက်ပွဲ ဖြစ်သွားလေသည်။
ရှုတောင်ဂိုဏ်း၏ ဂိုဏ်းတွင်းပဋိပက္ခ ဖြစ်နေမှတော့ မည်သို့သော နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ အပြင်လူများ ဝင်ရောက်စွက်ဖက်ခွင့် မရှိတော့ပေ။
ချက်ချင်းဆိုသလိုပင် ပြင်ပဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် လန့်ဖြန့်သွားသော တောင်ပေါ်ငှက်အုပ်ကြီးကဲ့သို့ အသီးသီး ဆုတ်ခွာသွားကြလေသည်။
ရှုတောင်ဂိုဏ်းသားများကမူ အသီးသီး ဓားများကိုဆွဲထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
လောကတွင် အကြမ်းတမ်းဆုံး သားရဲကြီးဖြစ်နေလျှင်ရော ဘာဖြစ်သနည်း။
ယခုနေရာသည် ရှုတောင်ဂိုဏ်းဖြစ်ပြီး အစွမ်းထက်သူများ တိမ်တိုက်များကဲ့သို့ စုဝေးနေသော နေရာဖြစ်သည်။ တိနွီဖုန့်ပင်လျှင် သူမသဘောကျ ရက်စက်ခွင့်မရှိရာ မင်းလို ထောင်ဝူတစ်ကောင်ကများ ဘာလုပ်နိုင်မည်နည်း။
ထောင်ဝူ ဆင်းသက်လာမှုကြောင့် တစ်ခဏမျှ ပရမ်းပတာဖြစ်သွားချိန်တွင် ကွင်းပြင်အတွင်းမှ နောက်ထပ် အော်ဟစ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"ငရဲဘုံ ထာဝရတည်တံ့ပါစေ..."