← Chapters

မီးကင်းခြေများ…

Vol. 94 Ch. 1283

မီးကင်းခြေများ…

Vol. 94 Ch. 1283

စစ်စိတ်ဝိညာဉ်လက်ဝါးသည် ကြီးမားလွန်း၏။ ၎င်းက မူလစွမ်းအင်များစွာကို စုပ်ယူ၍ ယင်းလက်ဝါးချက်အတွင်းရှိ စွမ်းအားသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် ကြောက်ရွှံ့မှုကြောင့် တုန်လှုပ်သွားစေနိုင်သည်။

လွန်ခဲ့သောသုံးရက်က စစ်စိတ်ဝိညာဉ်လက်ဝါးအပေါ် ဝမ်လင်းထိန်းချုပ်မှုက အကန့်အသတ်သို့ ရောက်နေခဲ့ပေပြီ။ ထို့ကြောင့် သူက ၎င်း၏မူလစွမ်းအင်စုပ်ယူနိုင်သည့် စွမ်းရည်ကို ဖြက်တောက်ပစ်လိုက်ရသည်။ သူ အဆင့်ရှစ်ဒေသထံ နီးကပ်လာနေစဉ် လမ်းတစ်လျှောက်ရှိ မြူများသည် ဘေးတစ်သို့ တွန်းထုတ်ခံရလေ၏။

သည်နေ့တွင် အဆင့်ရှစ်ဒေသမှာ သူ့အမြင်တွင် ပေါ်လာခဲ့ပေပြီ။

ရက်ပေါင်းနှစ်ဆယ်နီးပါး ဆက်တိုက် သွားလာခဲ့ရခြင်းက ဝမ်လင်းကို အတော်လေး ပင်ပန်းစေ၏။ သို့သော် သူ့မျက်လုံးတို့မှာ တောက်ပနေသည်။ သူက သွားလာနေလျက်ဖြင့်ပင် သူ့ခန္ဓာကိုယ် ပြန်ကောင်းမွန်ရာတွင် အထောက်အပံ့ပေးနိုင်ရန် ဆေးလုံးများကို ဆက်တိုက်ဝါးမြိုနေခဲ့ပေသည်။

အဆင့်ခုနစ်ဒေသနှင့်အဆင့်ရှစ်ဒေသတို့ကြားတွင် မည်သည့်အစီအရင်မှ မရှိပေ။ သို့သော် သိပ်သည်းသောမြူလွှာတစ်ခုတော့ ရှိသည်။ ဤမြူများက ထူထဲသိပ်သည်းလွန်း၊ ကျယ်ပြောလွန်းပြီး အဆင့်ရှစ်ဒေသကြီးတစ်ခုလုံးကို ဝန်းရံထားသည်။ ၎င်းမြူများအတွင်း၌ အဆင့်တစ်ဆယ်သားရဲများစွာ ရှိ၍ အတွင်းပိုင်းမှာဆိုလျှင် အဆင့်ဆယ့်နှစ်သားရဲများပင် ရှိကြသည်။ ဤနေရာတွင် သားရဲများမှာ သိသာစွာ များလွန်း၍ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၏ အလွန်အန္တရာယ်များသောနေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။

ဤနေရာကို ဗရမ်းဗတာသားရဲမြူနယ်မြေဟု ခေါ်၏။

နယ်မြေဟု ခေါ်ဆိုပုံကို ထောက်ရှုပါက ဤနေရာသည် မည်မျှကြီးမားလှကြောင်းကို သိနိုင်ပေမည်။ သာမာန်ကျင့်ကြံသူတစ်ယောက်ကသာ တစ်ကိုယ်တည်း ဝင်လာခဲ့ပါက သူတို့၏အရိုးပင် ကျန်ခဲ့လိမ့်မည် မဟုတ်ပေ။ စစ်မှန်သောမွန်းစတားအိုကြီးများသာ ဤနေရာသို့ ဝင်လာနိုင်၏။ သူတို့သည်ပင် သတိမပြတ်ထားရမည် ဖြစ်သည်။

သို့ရာတွင် နတ်ဘုရားကလန်က အမည်မသိနည်းလမ်းအချို့ကို အသုံးပြုထားခဲ့သည့်အတွက်ကြောင့် သည်နေရာအတွင်းဘက်မှသားရဲများသည် နယ်မြေထဲကနေ ထွက်လာခြင်း မရှိကြပေ။ သူတို့က ဤနေရာတွင်သာ မူလစွမ်းအင်များကို စုပ်ယူတတ်ကြ၏။ ကြည့်ရသည်မှာ ဤမြူများ၏အစွန်း၌ နယ်စပ်တစ်ခု ရှိနေသည့်အလား။

ဗရမ်းဗတာသားရဲမြူနယ်မြေထဲ ဝင်ရောက်ရန် လမ်းကြောင်းလေးခု ရှိသည်။ ထိုလမ်းကြောင်းလေးခုလုံးကသာ လုံခြုံမှု ရှိ၏။ အဆင့်ရှစ်ကလန်မှ တပည့်များသည် အဆင့်ရှစ်ဒေသကနေ ထွက်လာချင်လျှင် ဤလမ်းများကို အသုံးပြုကြပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသုံးမပြုပေ။

ပြောကြသည်ကတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာက နတ်ဘုရားကလန်သည် ဤလမ်းကြောင်းလေးခုကို ဖွင့်လှစ်ပေးခဲ့သည် ဟူ၏။ သူတို့က လမ်းကြောင်းလေးခုကနေ သားရဲများ တိုက်ခိုက်ခြင်း မခံရဘဲ လုံလုံခြုံခြုံ ဖြတ်သွားနိုင်ရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြသည်။

သို့ရာတွင် အဆင့်ရှစ်ဒေသမှ တပည့်များနှင့် လမ်းညွှန်ကျောက်စိမ်းပြား ရရှိသူများကလွဲ၍ မည်သူကမျှ ဤလမ်းကြောင်းများကို မသိကြချေ။ သူတို့က ဗရမ်းဗတာသားရဲမြူနယ်မြေထဲ ဝင်လာဖို့သာ ရှိတော့၏။ ထိုနည်းလမ်းဖြင့် သူတို့မသေခဲ့လျှင်တော့ အဆင့်ရှစ်ဒေသသို့ ရောက်နိုင်မည့် အခွင့်အရေးတစ်ခု ရှိပေမည်။

ဤအခိုက်အတန့်၌ သည်ဗရမ်းဗတာသားရဲမြူနယ်မြေ၏ တတိယမြောက်လမ်းကြောင်းကနေ ကျင့်ကြံသူလေးယောက် ပျံသန်းထွက်လာကြ၏။ ရှေ့ဆုံးမှသူသည် အဖြူအနက်တာအိုဝတ်စုံဖြင့် အဘိုးအိုပင်။ သူ့ဦးခေါင်းထက်၌လည်း ငွေရောင်ဆံပင်များ ရှိလေ၏။ သူက အိုမင်းနေသော်လည်း သူ့အကြည့်က လျှပ်စီးတန်းအလားပင်။ သူ့ရှေ့ရှိမြူများသည်ပင် သူ့အကြည့်အောက်၌ နောက်ဆုတ်ရသည်။

ထိုအဘိုးအိုထံမှ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်စွမ်းအားကို ပေးစွမ်းနေသည်။ သူ သွားနေလျက်ဖြင့်ပင် လောက၏ဥပဒေသက သူ့ထံ၌ စုဝေးလေ၏။

သူ့နောက်တွင် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ ရှိသည်။ သူတို့အားလုံးက လူငယ်များဖြစ်၍ နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိပေမည်။ အမျိုးသမီးဖြစ်သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ကြည်လင်ရှင်းသန့်မှုကို ဖုံးကွယ်မထားနိုင်ပေ။ သူမထံမှ စွဲဆောင်မှုအော်ရာတစ်ခု ပေးစွမ်းလျက်ရှိပြီး မျက်ဝန်းတစ်ချက်ပင့်ကြည့်ရုံဖြင့် သူမဘေးရှိ အမျိုးသားနှစ်ယောက်က သူမအပေါ် လိုချင်တပ်မက်စိတ် ဖြစ်ရလေ၏။

သူတို့ ပျံသန်းနေရင်း အမျိုးသမီးဖြစ်သူက စွဲညှို့နိုင်သောအသံဖြင့် ဖြည်းဖြည်းချင်း မေးလာသည်။ “ဆရာ…ကျွန်မတို့ကို ဘယ်နေရာ ခေါ်သွားမလို့လဲ…”

အဘိုးအိုက စကားမဆိုပေ။ သည်ဗရမ်းဗတာသားရဲမြူနယ်မြေ၏ အတွင်းဘက်ရောက်သည့်အထိ ဆက်လက်ပျံသန်းနေ၏။ ထို့နောက်မှာ သူက ရပ်တန့်လိုက်ပြီး သူ့နောက်ရှိ သုံးယောက်ကို ကြည့်လိုက်သည်။

“မင်းတို့ဟာ ထာဝရကလန်ရဲ့ ပင်မတပည့်တွေပဲ။ ဒါပေမဲ့ မင်းတို့ကျင့်ကြံမှုအဆင့်တိုးတက်အောင် ဆေးလုံးတွေအပေါ်မှာပဲ မှီခိုခဲ့ကြတယ်။ ဒါ့ကြောင့် မင်းတို့ဟာ ကောင်းကင်နဲ့မြေကြီးကို နက်နက်နဲနဲ နားမလည်ကြဘူး။ လောကရဲ့ ဥပဒေသကိုလည်း အများကြီး နားမလည်ကြဘူး။ ကောင်းကင်ဘုံကို နားလည်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ သေခြင်းရှင်ခြင်းအခြေအနေတွေကို ရင်ဆိုင်ရတာပဲ။ ဒီနေ့ ဆရာ မင်းတို့ကို ကြမ်းကြုတ်တဲ့သားရဲတွေ အများကြီးရှိတဲ့နေရာကို ခေါ်လာခဲ့တယ်။ ဒါ့ကြောင့် မင်းတို့သုံးယောက် ဖြည်းဖြည်းချင်း နားလည်မှုဉာဏ်အလင်းရအောင် လုပ်ကြပေတော့…”

အဘိုးအိုက ထိုသို့ ပြောလိုက်ပြီးနောက် သူ့လက်ကို ဝေ့ယမ်းသည်။ သူက ထိုသုံးယောက်ကို စကားပြောခွင့်ပင် ပေးမနေတော့ဘဲ မြူများကြားထဲသို့ ပစ်သွင်းလိုက်လေသည်။

အဘိုးအိုက အနည်းငယ် ငြိမ်သက်စွာ စဉ်းစား၏။ ထို့နောက် သူက ထိုင်ချကာ သူ့တပည့်သုံးယောက်ကို စောင့်ကြည့်ရန် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ အမှန်တကယ်သေရေးရှင်ရေး မကြုံသေးသ၍ သူသည် တပည့်သုံးယောက်ကို ကူညီပေးလိမ့်မည် မဟုတ်ပေ။

အဆင့်ခုနစ်ဒေသ၊ ဗရမ်းဗတာသားရဲမြူနယ်မြေအပြင်ဘက်တွင် စစ်စိတ်ဝိညာဉ်လက်ဝါးက ကြယ်များကြား တရကြမ်း ဖြတ်သန်းလာနေ၏။ ဝမ်လင်းက ဤလက်ဝါးချက်နောက်ကနေ လိုက်ပါလာသည်။ သူက သည်ဗရမ်းဗတာသားရဲမြူနယ်မြေအကြောင်းကို ဖန်လိုင်ကုန်းမြေပေါ်မှာကတည်းက သိရှိခဲ့ပြီး ကွေ့ပတ်သွားရမည့်လမ်းကြောင်းကိုလည်း သိထားခဲ့ပေသည်။ သို့ရာတွင် သူ သိခဲ့သည့်သတင်းအချက်အလက်က သေချာခြင်း မရှိပေ။ သူက တိကျသည့်ဦးတည်ချက်ကို မသိခဲ့ပါက ဤမြူများကြား၌ လမ်းပျောက်သွားပေလိမ့်မည်။

ပို၍အရေးကြီးသည်က သူက လှည့်ပတ်၍ သွားပါက သူ့အတွက် အချိန်နှစ်ဆ ပိုလိုအပ်သွားမည် ဖြစ်၏။ ထို့ကြောင့် သူက ထိုကဲ့သို့ လှည့်ပတ်မသွားရန်သာ ရွေးချယ်လိုက်တော့သည်။

သူက တန်းတန်းမတ်မတ်သွားရန်သာ ဆုံးဖြတ်လိုက်၍ အတင်းအကြပ် ချိုးဖျက်ပေမည်။ ထိုသို့ သွားရောက်ခြင်းက သူ့ကို အဆင့်ရှစ်ဒေသအတွင်း အချိန်တိုအတွင်း ရောက်ရှိစေနိုင်သည်။

သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် ဝမ်လင်းက အဆင့်ရှစ်ဒေသကို ဝန်းရံထားသည့် မြူနယ်မြေအနီးသို့ စစ်စိတ်ဝိညာဉ်လက်ဝါးနှင့် လမ်းကြောင်းရှင်းကာ တုံ့နှေးခြင်းမရှိ နီးကပ်လာတော့သည်။

သူက ဤဗရမ်းဗတာသားရဲမြူနယ်မြေအတွင်း တရကြမ်း မြန်ဆန်စွာ တိုးဝင်လာ၏။ စစ်စိတ်ဝိညာဉ်လက်ဝါးက သိပ်သည်းသောမြူများနှင့် နီးကပ်လာသည့်အခါ မြူများက နောက်သို့ အလျင်အမြန်ဆုတ်ကာ လက်ဝါးကို ဝင်ခွင့်ပြုရသည်။

သို့သော်လည်း ၎င်းမြူများက ထူးဆန်းလှ၏။ သည်မြူများက နောက်ဆုတ်သွားသော်လည်း ဝမ်လင်း ရှေ့ကတွေ့မြင်ခဲ့ရသလိုမျိုး လမ်းကြောင်းတစ်ခုကို မဖြစ်ပေါ်စေပေ။ မြူများက စစ်စိတ်ဝိညာဉ်လက်ဝါးကို ဝန်းရံကာ ဝါးမြိုပစ်နေသည်ဟုပင် ထင်မှတ်ရသည်။

စစ်စိတ်ဝိညာဉ်လက်ဝါးက သည်နယ်မြေကို ပို၍ ဗရမ်းဗတာ ဖြစ်သွားစေသည်။ လှိုင်းဂယက်များလည်း ထသွားသည့်အတွက် အတွင်းဘက်ရှိသားရဲများမှာ ဟိန်းသံပေးလာကြသည်။

ဝမ်လင်း၏အမူအရာက ပြောင်းလဲသွားတာ မရှိပေ။ သူ့အမြန်နှုန်းလည်း လျော့ကျသွားခြင်း မရှိဘဲ သူက လက်ဝါးရာနောက်ကနေ ကပ်လိုက်လာမြဲ ဖြစ်၏။ သူ့နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်ဧရိယာသို့ လွှမ်းခြုံဖြန့်ကျက်လိုက်၏။ သူက သည်မြူများအတွင်း၌ သားရဲများစွာ ရှိနေသည်ကို ထောက်လှမ်းမိသည်။

ဤအခိုက်အတန့်၌ နောက်ဆုတ်သွားသည့်မြူများထံမှ ဟိန်းသံတစ်ခု ပဲ့တင်ထပ်လာ၏။ ၎င်းဟိန်းသံမှာ ပေထောင်ချီရှည်လျားသော အနီရောင်ကင်းခြေများ ဖြစ်၏။၎င်းသားရဲမှာ အမွှေးအမျှင်များ ဖုံးအုပ်လျက် ရှိပြီး အလွန်တရာကြမ်းကြုတ်ဟန် ပေါက်သည်။ ၎င်းက မြူများကြားတွင် ပေါ်လာကာ ဝမ်လင်းထံ တိုးဝင်လာ၏။

ထိုကင်းခြေများက အတော်လေး ရုပ်စိုး၏။ ၎င်း၏မေးရိုး ဘေးနှစ်ဖက်တွင် ဧရာမကင်းခြေများလက်မကြီးနှစ်ခုက အေးစက်စက်တောက်ပမှုကို ပေးလို့နေသည်။ ၎င်း၏ခန္ဓာကိုယ်ကြီးက တရကြမ်း တိုးဝင်လာလေ၏။

ထိုကင်းခြေများ ပေါ်လာသည့်အခါ ဝမ်လင်းနတ်ဘုရားအာရုံအတွင်းရှိ ပတ်ဝန်းကျင်မှသားရဲများသည် ဟိန်းအော်နေခြင်းကို ရပ်တန့်၍ ပြန့်ကြဲသွားကြသည်။ ဤဧရိယာတွင် ၎င်းကင်းခြေများက ဘုရင် ဖြစ်ဟန်တူ၏။ ၎င်းထွက်ပေါ်လာမှုက အခြားသားရဲများကို နောက်ဆုတ်သွားစေသည်။

ဝမ်လင်း၏မျက်ဝန်းတို့က တည်ငြိမ်နေ၏။ သူ့ကျင့်ကြံမှုအဆင့်ကြောင့် သူက ထိုကင်းခြေများသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်နှင့် ညီမျှသော အဆင့်ဆယ့်တစ်သားရဲမှန်း ချက်ခြင်း သိလိုက်သည်။ ဝမ်လင်းက သည်အဆင့်သားရဲမှာ စစ်စိတ်ဝိညာဉ်လက်ဝါးကို လာတားဆီးဝံ့သည့်အတွက် အံ့အားသင့်မိသွား၏။

ချက်ခြင်းပင် အနီရောင်ကင်းခြေများက မြူများထဲကနေ ထိုးထွက်လာကာ ကျယ်လောင်စွာ ဟစ်အော်၏။ ထိုအသံက မြေကြီးထုကိုပါ အက်ကွဲသွားစေလောက်သည်။ ၎င်းအသံက မြူများကိုပါ အပြင်းအထန် တဝီဝီ လှည့်လည်သွားစေသည်။

အနှီကင်းခြေများက စစ်စိတ်ဝိညာဉ်လက်ဝါးကို မုန်းတီးစွာ စူးစိုက်ကြည့်နေ၏။ ၎င်းက အော်ဟစ်လိုက်ပြီး အနီရောင်အလင်းများစွာကို ထုတ်လွှတ်၏။ ထိုအလင်းတို့က ကြောက်မက်ဖွယ်မီးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းက မီးတောက်များဖုံးလျက်ဖြင့် ဝမ်လင်းထံ တိုးဝင်လာချေသည်။

ဝမ်လင်းကတော့ ၎င်းကို အာရုံစိုက်နေဖို့ အချိန်မရှိပေ။ စစ်စိတ်ဝိညာဉ်လက်ဝါးကလည်း ရှေ့ဆက်တိုးနေ၏။ သို့သော် ဤကင်းခြေများ နီးကပ်လာခိုက်၌ ၎င်းပတ်လည်ရှိမီးများသည် မီးမုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ မီးက စစ်စိတ်ဝိညာဉ်လက်ဝါး ရှေ့ဆက်တိုးခြင်းကို ဟန့်တားနိုင်ရန် အလို့ငှာ ဝန်းရံလာသည်။

သို့ရာတွင် မူလစွမ်းအင်မြောက်များစွာကို စုပ်ယူခဲ့ပြီးသော ဤလက်ဝါးတွင် အံ့မခန်းစွမ်းအား ပါဝင်နေပေ၏။ မီး နီးကပ်လာချိန်တွင် ၎င်းသည် ချက်ခြင်း နောက်ပြန်ကန်သွားရ၏။ စစ်စိတ်ဝိညာဉ်လက်ဝါး ဖြတ်ကျော်သွားချိန်၌ မီး၏အစိတ်အပိုင်းအတော်များများပါ ငြှိမ်းသေသွားရလေသည်။

ဝမ်လင်းက ထိုလက်ဝါးနောက်တွင် ရှိနေကာ သူသည် တည်တည်ငြိမ်ငြိမ်ပင် ရှေ့ဆက်သွားနေသည်။ သူက အလွန်မြန်ဆန်စွာ ရွှေ့လျားပြီး ကင်းခြေများကိုပါ ဖြတ်ကျော်လာသည်။ ထိုအရာများမှာ လျှပ်တပြတ်အတွင်း ဖြစ်ပွားခဲ့ခြင်းပင်။ ၎င်းက အံ့မခန်းမြန်လွန်းသည်။

သို့ရာတွင် ကင်းခြေများက လက်မလျော့ပေ။ ၎င်းက ဟိန်းသံပေး၍ ဝမ်လင်းနောက်သို့ လိုက်လာ၏။ ၎င်း၏ခန္ဓာကိုယ်မှာလည်း မီးတို့ဖြင့် ဝန်းရံလျက် ၎င်းသည် ဝမ်လင်းကို မုန်းတီးစွာ စူးစိုက်ကြည့်သည်။

ဤအခိုက်မှာပင် အကွာအဝေးတစ်ခုရှိ မြူများထံမှ ဟိန်းသံများ ထွက်ပေါ်လာပြန်၏။ အလားတူ ကင်းခြေများခြောက်ကောင် ထပ်မံ ထွက်ပေါ်လာပြီး သည်နေရာသို့ ဦးတည်လာကြသည်။

ပိုဝေးသောနေရာတွင်ပင် ခွန်အားပြည့်ဟိန်းသံတစ်ခု ပဲ့တင်ထပ်လေ၏။ ထိုဟိန်းသံထဲ၌ အဆင့်ဆယ့်နှစ်သားရဲတစ်ကောင်၏ ခွန်အားကို ဖော်ကျူးနေသည်။

ပေတစ်သောင်းလောက်ရှိသည့် အပြာရောင်ကင်းခြေများတစ်ကောင်က အံ့မခန်းအမြန်နှုန်းဖြင့် ဝမ်လင်းထံ ဦးတည်လာနေ၏။

ထိုအပြာရောင်ကင်းခြေများ ဟိန်းသံ ပေးလိုက်ချိန်၌ တတိယမြောက်လမ်းကြောင်းအတွင်းရှိ တာအိုဝတ်စုံနှင့်အဘိုးအိုက မျက်လုံးဖွင့်လာ၏။ သူက အကွာအဝေးတစ်ခုထံသို့ ကြည့်ကာ တုန်လှုပ်ဟန် ဖြစ်ပေါ်သည်။

“အဆင့်ဆယ့်နှစ်မီးကင်းခြေများ…။ ဒီသားရဲဟာ မြူတွေကြားမှာ နေထိုင်ပေမယ့်လည်း ထွက်ပေါ်လာခဲတယ်။ ဒီသားရဲ ဒီလောက်ဒေါသထွက်အောင် ဘယ်အရာကများ လုပ်လိုက်တာလဲဟ။ မကောင်းတော့ဘူး။ ငါ့တပည့်တွေက မြူအတွင်းမှာ ရှိနေကြတုန်းပဲ။ သူတို့သာ ဒီသားရဲနဲ့ တွေ့ကြုံရရင် သေရဖို့များသွားပြီ…”

ထိုအဘိုးအိုသည် ချက်ခြင်းပင် မြူများကြား တိုးဝင်လာတော့သည်။

ဝမ်လင်းက အဆင့်ဆယ့်နှစ်သားရဲ၏ ဟိန်းသံကို ကြားလိုက်ရသည့်နောက် သူက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူက သည်ကင်းခြေများတို့မှာ စစ်စိတ်ဝိညာဉ်လက်ဝါးကို အလွန်မုန်းတီးနေမှန်းကို ရိပ်မိပေ၏။ ထို့ကြောင့် ယင်းသားရဲတို့က သူ့ကိုပါ ဤလက်ဝါးနှင့်အတူ ဆွဲချလာခဲ့ခြင်းပင်။

“ငါ့နားရောက်လာခဲ့တဲ့သားရဲက ငါ့ကို အချိန်ဆွဲဖို့အတွက် သူ့အသက်ကိုတောင် ဂရုမစိုက်ခဲ့ဘူး။ ဒါ့အပြင် ငါ့ကို ကြန့်ကြာစေဖို့အတွက် အခြားသားရဲတွေလည်း ရောက်လာကြပြီ။ ဒါတွေအားလုံးဟာ အဆင့်ဆယ့်နှစ်သားရဲ ရောက်လာဖို့အတွက် အချိန်လုံလောက်အောင် လုပ်ပေးကြတာပဲ။ ဒီအချက်ဟာ စိတ်ဝင်စားစရာပဲ…”

ဝမ်လင်းမျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။

သူက သည်ကင်းခြေများများ နတ်ဘုရားကလန်ကို ဘာကြောင့်မုန်းသနည်းကို သူ ဂရုမစိုက်ပေ။ သို့သော် သူတို့က သူ့ကို ရန်လာစခဲ့ပါက သေဆုံးခြင်းသာ ရှိစေမည်။ ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်၏။ သူက သူ့နောက်ရှိ ကင်းခြေများတစ်ကောင်ကို သတ်ရတော့မည်ကို သိ၏။ သို့မဟုတ်က ၎င်းသာ ဆက်လက်ဟိန်းသံပေးနေပါက သူ့တည်နေရာကို သိကုန်ပေမည်။

ထိုဟိန်းသံက သူ့ကို အတော်လေးလည်း စိတ်ကသိကအောက် ဖြစ်စေလေ၏။

“မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်တော့နဲ့…” ဝမ်လင်းက ရုတ်တရက် လှည့်၍ သူ့ညာလက်ကို မြှောက်ကာ သူ့နောက်လိုက်လာသော ကင်းခြေများသားရဲထံ လက်ညွှန်သည်။

***

All Chapters