အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း (၂၆၃) - နောက်ထပ် လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခု
ကျူးလင်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ထူထူ၏ ရွံရှာနေသော မျက်နှာအမူအရာကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
သူမ ထိုသို့ မေးလိုက်သောအခါ ထူထူသည် ၎င်း၏ အမွေးပွလက်ဖဝါးလေးများဖြင့် ရေဆိုးမြောင်းကို ညွှန်ပြကာ ထိတ်လန့်တကြား ပြောလိုက်သည်။
"သခင်မ... ဒါက ရေဆိုးမြောင်းကြီးလေ... အနံ့အသက်ကလည်း ဆိုးရွားပြီး အရမ်းညစ်ပတ်တာပဲ...”
“ဒါက လူသားတွေ သူတို့ရဲ့ စွန့်ပစ်ရေဆိုးတွေကို စွန့်ပစ်တဲ့ ဥမင်လိုဏ်ခေါင်းလေ... ဒီလိုနေရာမျိုးထဲကို သခင်မက ဘယ်လိုလုပ် ဝင်သွားနိုင်ရတာလဲ..."
ထူထူ၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ကျူးလင်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ခေတ္တမျှ တွေးတောကာ ပြောလိုက်သည်။
"ငါတို့ အရင်တုန်းက မိစ္ဆာဘုံနဲ့ သားရဲဘုံတွေကို ရောက်ခဲ့သေးတာပဲ... နင်က အဲဒီဘုံနှစ်ခုကိုတောင် သည်းခံနိုင်သေးတာပဲ... ဒီ အနံ့ဆိုးထွက်နေတဲ့ ရေဆိုးမြောင်းက နင့်အတွက် ဘာမှမဟုတ်ပါဘူးလို့ ငါထင်တယ်..."
မိစ္ဆာနတ်ဘုရားက သူတို့ကို ဖမ်းဆီးပြီး မိစ္ဆာဘုံနှင့် သားရဲဘုံများကို လှည့်လည်ကြည့်ရှုရန် ခေါ်ဆောင်သွားခဲ့သည့် ဆင်းရဲဒုက္ခရောက်ခဲ့ရသော အချိန်များကို တွေးမိလိုက်သောအခါ ထူထူသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြောလိုက်သည်။
"သခင်မ... အဲဒီငရဲကျနေသလို အချိန်တွေကို ကျွန်တော့်ကို ထပ်မပြောပါနဲ့တော့..."
ထူထူ၏စကားကို ကြားသောအခါ ကျူးလင်သည် ရယ်မောလိုက်လေသည်။ သူမသည် ယုန်လေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"မိစ္ဆာဘုံက မိစ္ဆာနတ်ဘုရားနန်းတော်နဲ့ သားရဲဘုံက နဂါးနန်းတော်တို့က တော်တော်လေး လှပပြီး အနံ့လည်း မဆိုးပါဘူးလို့ ငါထင်တယ်..."
ထူထူသည် ခေါင်းခါယမ်းလိုက်ပြီး သူမကို မယုံကြည်နိုင်သလို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"အဲဒီနန်းတော်နှစ်ခု လှတယ်လို့ သခင်မ တစ်ယောက်ပဲ ထင်မှာပါ..."
ကျူးလင်က နှစ်တစ်ထောင်သက်တမ်းရှိ မက်မွန်သီးတစ်ခိုင်ဖြင့် ယုန်လေးအား လာဘ်ထိုးလိုက်ပြီးနောက်တွင် ယုန်လေးသည် အလျှော့ပေးသွားတော့သည်။
ထူထူသည် ၎င်း၏ ညာဘက်လက်ဖဝါးကို မြှောက်လိုက်ပြီး ရေဆိုးမြောင်းအဆုံးကို ပိတ်ဆို့ထားသည့် သံပန်းတံခါးမှ မူလီများကို ၎င်း၏ လက်သည်းများဖြင့် ကလော်ထုတ်လိုက်လေသည်။
ချွင်… ချွင်… ချွင်…
မူလီများ အားလုံးကို ကလော်ထုတ်ပြီးသွားပြီးနောက် ကျူးလင်သည် သံပန်းတံခါးကို တိတ်ဆိတ်စွာ ဖယ်ရှားလိုက်ပြီး ရေဆိုးမြောင်းထဲသို့ ဝင်ရောက်သွားလေသည်။
မိမိ၏ သခင်မဖြစ်သူ ညစ်ပတ်ပြီး အနံ့အသက်ဆိုးရွားလှသော ရေဆိုးမြောင်းထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ထူထူက မေးလိုက်သည်။
"သခင်မ... ကျွန်တော် သခင်မရဲ့ ဝိညာဉ်နန်းတော်ထဲ ပြန်ဝင်သွားလို့ ရမလား..."
ထူထူ၏ အမေးကို ကြားသောအခါ ကျူးလင်သည် သက်ပြင်းချလိုက်ပြီး သဘောတူလိုက်သည်။
"အင်း..."
သူမ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ထူထူသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဝိညာဉ်နန်းတော်ထဲသို့ ဝင်ရောက်သွားလေသည်။
ထူထူသည် မြေပြင်ပေါ်သို့ ဆင်းသက်မိသည်နှင့် တစ်ပြိုင်နက် ရေချိုးရန်အတွက် နတ်ရေစင်ရေကန်ဆီသို့ အပြေးအလွှား သွားလေတော့သည်။
ထူထူသည် ၎င်း၏ အမွေးများကို အသည်းအသန် ဆေးကြောနေသည်ကို မြင်သောအခါ ကျူးလင်က ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး ရေဆိုးမြောင်းများကို တည်ငြိမ်စွာ ဆက်လက် စူးစမ်းရှာဖွေလိုက်သည်။
သူမသည် ရှေ့တွင် လမ်းခွဲတစ်ခုကို မတွေ့မီ မိနစ် ၁၀ ကျော်ခန့် လမ်းလျှောက်လာခဲ့သည်။ သူမသည် ရေဆိုးမြောင်း၏ ဖွဲ့စည်းပုံကို မသိသောကြောင့် သူမ၏ နတ်ဘုရားအာရုံများကို ဖြန့်ကျက်လိုက်လေသည်။
ရေဆိုးမြောင်းကို သူမ၏ နတ်ဘုရားအာရုံများဖြင့် စက္ကန့်အနည်းငယ်ခန့် စစ်ဆေးပြီးနောက်တွင် သူမသည် အလယ်မှ ဥမင်လိုဏ်ခေါင်းကို ရွေးချယ်လိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။
သူမ တည်ငြိမ်စွာ ရှေ့သို့ လျှောက်လှမ်းသွားစဉ် သူမ၏ ခြေဖနောင့်ကို ဖုံးလွှမ်းနေသော ရေဆိုးများသည် ဖြည်းညင်းစွာ ကျဆင်းသွားပြီး ဥမင်လိုဏ်ခေါင်းသည် ပိုမို သန့်ရှင်းလာလေသည်။
မကြာမီပင် ရှေ့တွင် နောက်ထပ် လမ်းခွဲတစ်ခုကို မြင်လိုက်ရသည်။ ဤတစ်ကြိမ်တွင် သူမသည် မရပ်တန့်တော့ဘဲ ညာဘက်ရှိ ဥမင်လိုဏ်ခေါင်းကို ရွေးချယ်လိုက်လေသည်။
မိနစ် ၃၀ ကြာပြီးနောက်တွင် ကျူးလင်သည် သန့်ရှင်းသော အဖြူရောင် ဥမင်လိုဏ်ခေါင်းတစ်ခုထဲသို့ ဝင်ရောက်လာခဲ့သည်။
ဥမင်လိုဏ်ခေါင်းအဆုံးရှိ လေးလံသော အဖြူရောင် သတ္တုတံခါးကြီးကို မြင်သောအခါ သူမသည် ခြေလှမ်းများကို ပိုမိုမြန်ဆန်လိုက်သည်။ မကြာမီတွင် သူမသည် လေးလံသော သတ္တုတံခါးကြီးရှေ့၌ မတ်တတ်ရပ်နေလေသည်။
သူမသည် သတ္တုတံခါးကြီးကို ခေတ္တမျှ စစ်ဆေးကြည့်လိုက်သော်လည်း ၎င်းကို ဖွင့်ရန် နည်းလမ်း ရှာမတွေ့ပေ။ ခေတ္တမျှ တွေးတောပြီးနောက် သူမ၏ နတ်ဘုရားအာရုံများကို အသုံးပြု၍ သတ္တုတံခါးကြီးနှင့် ၎င်းနောက်ကွယ်ရှိ နေရာလွတ်ကို စစ်ဆေးကြည့်လိုက်လေသည်။
၅ စက္ကန့် ကြာပြီးနောက်တွင် သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး တွေးလိုက်သည်။
'ဒီတံခါးကို ဖျက်ဆီးပစ်တာကလွဲပြီး ဖွင့်စရာ တခြားနည်းလမ်း မရှိဘူးပဲ... အတွင်းထဲက လူတွေ သတိမထားမိအောင် ရှောင်ရှားဖို့အတွက် ငါ အသံမထွက်အောင် လုပ်ရမယ်... အဲဒီတော့... ဝင်သွားဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်...'
ထိုအကြောင်းကို တွေးတောပြီးနောက် ကျူးလင်သည် ဦးစွာ မိမိကိုယ်ကိုယ် ကိုယ်ပျောက်မန္တန် ရွတ်ဆိုလိုက်ပြီးနောက် ရိုးရှင်းသော လက်အစီအရင်တစ်ခုကို ပြုလုပ်လိုက်သည်။
ထို့နောက် သူမသည် လေးလံသော သတ္တုတံခါးကြီးပေါ်သို့ သူမ၏ လက်ဝါးကို တင်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် သတ္တုတံခါးကြီး၏ မျက်နှာပြင်ပေါ်၌ အစီအရင်ငယ်တစ်ခု ပေါ်လာတော့သည်။
အစီအရင် လင်းလက်လာသည်ကို မြင်သောအခါ သူမသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး သူမ၏ ဝိညာဉ်နန်းတော်ထဲမှ ပင်းကျန့်ကို ထုတ်ယူလိုက်လေသည်။
ကျူးလင်သည် ဓားအိမ်ထဲမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လေးလံသော သတ္တုတံခါးကြီးကို အပိုင်းပိုင်းအစစဖြစ်သွားအောင် တည်ငြိမ်စွာ ခုတ်ပိုင်းလိုက်သည်။
အသံကာကွယ်ရေး အစီအရင်ကြောင့် သတ္တုတံခါးကြီး ပျက်စီးသွားချိန်တွင် အသံတစ်သံပင် မကြားရပေ။
ပင်းကျန့်ကို ဝိညာဉ်နန်းတော်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ကျူးလင်သည် မြေပြင်ပေါ်ရှိ သတ္တုအပိုင်းအစများကို နင်းကာ အဖြူရောင်စင်္ကြံလမ်းတစ်ခုထဲသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားလေသည်။
စင်္ကြံလမ်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စင်္ကြံလမ်းဝင်ပေါက်တစ်ဝိုက်တွင် တပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာ ၄ လုံးကို သတိပြုမိလိုက်သည်။
စောင့်ကြည့်ကင်မရာများမှ မလွတ်မြောက်နိုင်သော အလင်းဓာတ်စွမ်းအင်ရှင်များနှင့် မတူဘဲ ကျူးလင်၏ ကိုယ်ပျောက်မန္တန်သည် သူမကို ပါးလွှာသော မြူခိုးလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားကာ သူမ မရှိနေသကဲ့သို့ ဖြစ်စေပေသည်။
ကင်မရာအနည်းငယ်သည်သာမက နိဗ္ဗာန်အဆင့်ရှိ ကျင့်ကြံသူများပင်လျှင် သူမ ရှိနေခြင်းကို အာရုံမခံနိုင်ပေ။ သူမသည် စောင့်ကြည့်ကင်မရာများကို လျစ်လျူရှုလိုက်ပြီး အဖြူရောင်စင်္ကြံလမ်းတစ်လျှောက် အေးအေးဆေးဆေး လျှောက်လှမ်းသွားလေသည်။
သူမသည် အရာအားလုံးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုနေစဉ် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသဖြင့် အဖြူရောင် နံရံဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ မကြာမီတွင် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် လှည်းကြီးတစ်စီးကို တွန်းလာလေသည်။
သူတို့ နှစ်ဦး သူမအနီးမှ ဖြတ်လျှောက်သွားစဉ် လှည်းပေါ်မှ ထွက်ပေါ်လာသော အနံ့အသက်ဆိုးသည် ကျူးလင်၏ နှာခေါင်းကို ရိုက်ခတ်သွားသော်လည်း သူမ၏ တည်ငြိမ်သော မျက်နှာအမူအရာမှာမူ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
သူတို့နှစ်ဦး လမ်းထောင့်ချိုးတွင် ကွေ့ဝင်သွားပြီးနောက်တွင် သူမသည် စင်္ကြံလမ်းအဆုံးဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေသည်။ မိနစ်အနည်းငယ် အကြာတွင် သူမသည် စင်္ကြံလမ်းထဲမှ ထွက်လာခဲ့ပြီး လူစည်ကားသော နေရာကျယ်ကြီးတစ်ခုထဲသို့ ဝင်ရောက်လာခဲ့သည်။
လမ်းလျှောက်ကာ စကားပြောဆိုနေကြသည့် အလုပ်များနေသော လူများကို မြင်သောအခါ ကျူးလင်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး တွေးလိုက်သည်။
'စွန့်ပစ်ခံ ကစားကွင်းအောက်က လျှို့ဝှက်ဓာတ်ခွဲခန်းအပြင် ဒီပြည်နယ်မှာ နောက်ထပ် လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခု တကယ်ရှိနေတာပဲ... လျှို့ဝှက်ဓာတ်ခွဲခန်း တစ်ခု နှစ်ခုကို ဖျက်ဆီးရုံနဲ့ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုလုံးကို ဖျက်ဆီးဖို့ မလုံလောက်သေးဘူးထင်တယ်...'
ထိုအကြောင်းကို စိတ်ထဲ၌ တွေးတောကာ ကျူးလင်သည် စစ်ဝတ်စုံနှင့် အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံများ ဝတ်ဆင်ထားသော လူများကို ရှောင်ရှားလိုက်ပြီး ကျယ်ဝန်းသော နေရာအတွင်းသို့ လျှောက်လှမ်းသွားလေသည်။
သူမသည် ကျယ်ဝန်းသော နေရာ၏ အလယ်တွင် ရပ်လိုက်ပြီး သူမ၏ နတ်ဘုရားအာရုံများဖြင့် လျှို့ဝှက်ဓာတ်ခွဲခန်းကို စစ်ဆေးကြည့်လိုက်သည်။ ၂ မိနစ် ကြာပြီးနောက်တွင် ဤလျှို့ဝှက်ဓာတ်ခွဲခန်းကို ပုရွက်ဆိတ်အသိုက်တစ်ခုကဲ့သို့ တည်ဆောက်ထားကြောင်း သူမ တွေ့ရှိလိုက်သည်။
လျှို့ဝှက်ဓာတ်ခွဲခန်းအတွင်းရှိ ရှုပ်ထွေးသော ဖွဲ့စည်းပုံနှင့် အလွှာလိုက်ချထားသော လုံခြုံရေးများကို ကြည့်ကာ သူမသည် ခေတ္တမျှ တွေးတောလိုက်ပြီး သူမ၏ ဝိညာဉ်နန်းတော်ထဲမှ မှတ်တမ်းတင်ဓာတ်လုံးတစ်ခုကို ထုတ်ယူလိုက်လေသည်။