← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း (၂၆၄) - မှတ်တမ်းတင်ဓာတ်လုံး

ကျူးလင်သည် မှတ်တမ်းတင်ဓာတ်လုံးကို ကိုင်ထားလိုက်ပြီး ၎င်းအား အသက်သွင်းရန် သူမ၏ နတ်ဘုရားစွမ်းအင် အနည်းငယ်ကို ထည့်သွင်းလိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် မှတ်တမ်းတင်ဓာတ်လုံးမှ ခပ်ဖျော့ဖျော့ လင်းလက်သွားကာ သူမ၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများနှင့် အသံများကို စတင် မှတ်တမ်းတင်လေတော့သည်။

ကျူးလင်သည် ဓာတ်လုံးကိုယူကာ လျှို့ဝှက်ဓာတ်ခွဲခန်းကို နေရာလပ်မကျန် လိုက်လံစူးစမ်းလိုက်၏။ ခြောက်နာရီကြာပြီးနောက်တွင် သူမသည် ရေဆိုးမြောင်း၏ အဆုံးမှ ထွက်လာခဲ့ပြီး ဓာတ်လုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။

မှောင်မိုက်နေသော ဆောင်းရာသီ ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီးနောက် သူမသည် လတစ်ထောင်ခြေလှမ်းကျင့်စဉ်နှင့် ကောင်းကင်မျက်လုံးကျင့်စဉ်တို့ကို အသက်သွင်းလိုက်ကာ ဝူလင်စခန်းဆီသို့ ပြေးသွားတော့သည်။

သူမ ဝူလင်စခန်းသို့ ရောက်ရှိချိန်တွင် ညဆယ်နာရီပင် ကျော်လွန်နေပြီဖြစ်၏။ သူမ၏ ဖီးနစ်ငှက်မွေးခြုံထည်ကို သိမ်းဆည်းလိုက်ချိန်မှာပင် ရှို့ဝူ လျှောက်လာသည်ကို မြင်လိုက်ရပေသည်။

သူမက သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ရှို့ဝူ... ကျွန်မ ပြန်ရောက်ပြီ..."

သူမ၏ အပြုံးကို ကြည့်ရင်း ရှို့ဝူက နူးညံ့စွာ ပြန်ပြုံးပြလိုက်ပြီး သူမကို ဖက်ထားချင်သော်လည်း သူမကိုယ်ပေါ်မှ အနံ့တစ်မျိုးကို ရလိုက်ချိန်တွင် ရပ်တန့်သွားတော့သည်။ သူက မျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်၏။

"လင်အာ... ဒီနေ့ ဘယ်ကိုသွားနေတာလဲ..."

ကျူးလင်သည် သူမကိုယ်သူမ သန့်စင်ခြင်းမန္တန်ကို ရွတ်ဆိုလိုက်ပြီးနောက် ပြောလိုက်သည်။

"ပြောရရင်တော့ ရှည်တယ်... အရင်ပြန်သွားကြရအောင်... အဲဒီကျရင် အကုန်ပြောပြမယ်..."

ရှို့ဝူက သူမကို စက္ကန့်အနည်းငယ်မျှ ကြည့်နေလိုက်ပြီးနောက် သူမ၏ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

"ထမင်းစားပြီးပြီလား..."

သူ၏ အမေးစကားကို ကြားသောအခါ ကျူးလင်က တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်၏။

"ရှို့ဝူ... ကျွန်မ ထမင်းစားဖို့ လုံးဝမလိုဘူးလေ... ရှင်ချက်တဲ့ ဟင်းတွေကို ကြိုက်လို့သာ ကျွန်မစားတာပါ..."

သူမ၏စကားကို ကြားပြီးနောက် ရှို့ဝူ၏ စိတ်အခြေအနေသည် ချက်ချင်း တက်ကြွသွားတော့သည်။ သူက ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဒါဆို အိမ်ရောက်ရင် မင်းအတွက် အရသာရှိတဲ့ ဟင်းလျာတွေ ပြင်ဆင်ပေးမယ်..."

ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် တောင်ထိပ်ပေါ်ရှိ စံအိမ်ဆီသို့ လမ်းလျှောက် ပြန်လာခဲ့ကြသည်။ အိမ်သို့ရောက်သောအခါ ရှို့ဝူက ကျူးလင်ကို ကြည့်ကာ ပြောလိုက်၏။

"လင်အာ... ကိုယ် ဟင်းချက်နေတုန်း မင်း အရင်နားနေလိုက်ဦး..."

သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီး ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကာ နားနေလိုက်စဉ် ရှို့ဝူမှာမူ မီးဖိုချောင်ဆီသို့ လျှောက်သွားလေသည်။ မကြာမီမှာပင် မီးဖိုချောင်ထဲမှ ဟင်းချက်နေသော အသံများကို သူမ ကြားလိုက်ရတော့၏။

မိနစ်သုံးဆယ်ကြာပြီးနောက် ထမင်းစားခန်းထဲမှ ရှို့ဝူ၏ အသံ ထွက်ပေါ်လာသည်။

"လင်အာ... ထမင်းစားလို့ရပြီ..."

ထမင်းစားခန်းဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် ကျူးလင်သည် ဆိုဖာပေါ်မှ ထရပ်လိုက်ကာ ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။ ထမင်းစားပွဲပေါ်ရှိ အရသာရှိသော ဟင်းလျာများကို မြင်သောအခါ သူမက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ပြောလိုက်၏။

"ဒီလောက် ဟင်းတွေအများကြီး ပြင်ဆင်စရာ မလိုပါဘူး... ရိုးရိုးရှင်းရှင်း ဟင်းတစ်ခွက်ဆိုလည်း ရပါတယ်..."

သူမ၏ ရှေ့တွင် ခေါက်ဆွဲတစ်ပန်းကန်ကို ချပေးလိုက်ရင်း ရှို့ဝူက သူမဘေးတွင် ထိုင်လိုက်ကာ ပြောလိုက်သည်။

"မင်းကို ဖြစ်သလိုတော့ မကျွေးနိုင်ပါဘူး... ဒီလောကမှာ အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ မင်းကို ပေးချင်တာ..."

အနည်းငယ် နီရဲလာသော သူမ၏ ပါးပြင်လေးများကို ကြည့်ရင်း ရှို့ဝူက လက်လှမ်းလိုက်ကာ သူမ၏ မျက်နှာကို နူးညံ့စွာ ပွတ်သပ်လိုက်ပြီး မေးလိုက်၏။

"ကဲ... ဒီနေ့ ဘာတွေလုပ်ခဲ့လဲဆိုတာ အခု ပြောပြလို့ရပြီလား..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အေးခဲနေသော ရေကန်အောက်ရှိ ရေနေမိစ္ဆာများကို တွေ့ရှိခဲ့ပုံနှင့် စစ်သုံးယာဉ်တန်းတစ်ခုနှင့် အဆင့်မြင့်ဖုတ်ကောင်များကို နောက်ယောင်ခံလိုက်ပြီးနောက် အက်စ်မြို့တော်အနီးရှိ ရွာတစ်ရွာတွင် အခြားလျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုကို ထပ်မံတွေ့ရှိခဲ့သည့် အကြောင်းများကို စတင်ပြောပြလေတော့သည်။

အကြောင်းစုံကို ပြန်လည်ပြောပြပြီးနောက် သူမက မှတ်တမ်းတင်ဓာတ်လုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြီး ပြောလိုက်သည်။

"လျှို့ဝှက်ဓာတ်ခွဲခန်းထဲမှာ ကျွန်မတွေ့ခဲ့သမျှ အရာအားလုံးကို ဒီဓာတ်လုံးထဲမှာ မှတ်တမ်းတင်ထားတယ်... ရှင် လိုသလို အသုံးချလို့ရတယ်..."

ရှို့ဝူက မှတ်တမ်းတင်ဓာတ်လုံးကို ကောက်ယူပြီး အသက်သွင်းလိုက်သည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်၏။

"လျှို့ဝှက်အဖွဲ့အစည်းက လူတွေကို နောက်ယောင်ခံလိုက်တုန်းက နံရံတစ်ခုဆီကနေ လျှို့ဝှက်တံခါးတစ်ခုကို ဖွင့်လိုက်တာ တွေ့ခဲ့ရတယ်...”

“ကျွန်မတွေ့ခဲ့တဲ့ ဝင်ပေါက်က ညစ်ပတ်ပြီး နံစော်နေပေမဲ့ ဒီလူတွေ မသိအောင် လျှို့ဝှက်ဓာတ်ခွဲခန်းထဲ ဝင်ချင်ရင်တော့ အဲဒါက ပိုကောင်းတဲ့ ရွေးချယ်မှုပါပဲ..."

သူမ၏ စကားများကို နားထောင်နေစဉ် ရှို့ဝူသည် ဓာတ်လုံးထဲမှ မှတ်တမ်းကို ကြည့်ရှုနေလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒီလျှို့ဝှက်ဓာတ်ခွဲခန်းရဲ့ တည်ဆောက်ပုံက စွန့်ပစ်ကစားကွင်းအောက်မှာ ကိုယ်တွေ့ခဲ့တဲ့တစ်ခုနဲ့ အတူတူပဲ... ဒီလျှို့ဝှက်ဓာတ်ခွဲခန်းတွေကို ပုံစံထုတ်တဲ့သူက လူတစ်ယောက်တည်း ဖြစ်ပုံရတယ်..."

ကျူးလင်က သူမ၏ နှုတ်ခမ်းကို တစ်ရှူးဖြင့် သုတ်လိုက်ပြီး ခေတ္တမျှ တွေးတောနေလိုက်ကာ ပြောလိုက်၏။

"ဒါဆို... ဒီလျှို့ဝှက်ဓာတ်ခွဲခန်းတွေရဲ့ လုံခြုံရေးကာကွယ်မှုက အတူတူပဲလို့ ရှင်ထင်လား..."

ရှို့ဝူက စက္ကန့်အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"ဖြစ်နိုင်တယ်... ဒါပေမဲ့ ကောက်ချက်မချခင် ရွာငယ်လေးမှာ မင်း အခုလေးတင် တွေ့ခဲ့တဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းကို ကိုယ် သွားကြည့်ဖို့လိုတယ်...”

“သူတို့မှာ လုံခြုံရေးစနစ် အတူတူပဲဆိုရင်တော့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေ အားလုံးကို တည်ဆောက်ပြီး ပုံစံထုတ်ခဲ့တာ တစ်ယောက်တည်းပဲပေါ့..."

ထိုသို့ပြောပြီးနောက် ရှို့ဝူသည် မှတ်တမ်းတင်ဓာတ်လုံးကို သိမ်းဆည်းလိုက်ပြီး သူမကို ကြည့်ကာ ပြောလိုက်၏။

"ကိုယ်တို့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီလူက လျှို့ဝှက်အဖွဲ့အစည်းရဲ့ လုံခြုံရေးစနစ်ကို တည်ဆောက်တဲ့သူ ဖြစ်ဖို့များတယ်...”

“အနာဂတ်မှာ ဒီလျှို့ဝှက်အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို ကိုယ်တို့ ရှာတွေ့ခဲ့ရင် ဒီလျှို့ဝှက်ဓာတ်ခွဲခန်းတွေရဲ့ လုံခြုံရေးစနစ်တွေကို လေ့လာထားပြီးတဲ့နောက် သူတို့ရဲ့ လုံခြုံရေးစနစ်ကို ဖြတ်ကျော်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်..."

ရှို့ဝူ ပြောသမျှ အများစုကို ကျူးလင် နားမလည်နိုင်သော်လည်း လျှို့ဝှက်ဓာတ်ခွဲခန်းများကို တည်ဆောက်ခဲ့သူမှာ လူတစ်ဦးတည်း ဟုတ်မဟုတ် အတည်ပြုရန်က အရေးအကြီးဆုံးဖြစ်ကြောင်း သူမ သိနေဆဲပင်ဖြစ်သည်။

သူ့အတွက် သူမ မည်သို့ အကူအညီပေးနိုင်မည်ကို စဉ်းစားနေစဉ်မှာပင် ရှို့ဝူက ထရပ်လိုက်ပြီး ပန်းကန်များကို စတင်သိမ်းဆည်းလေတော့သည်။

သူမ အတွေးထဲမှ နိုးထလာချိန်တွင် ရှို့ဝူမှာ ပန်းကန်များကို ဆေးကြောပြီးနေပြီ ဖြစ်သည်။ အချိန်လင့်နေပြီဖြစ်ကြောင်း မြင်သောအခါ ရှို့ဝူက ပြောလိုက်၏။

"မင်း စောစောအိပ်သင့်တယ်... မင်း တွေ့ခဲ့တဲ့အရာတွေကို တခြားသူတွေနဲ့ ကိုယ် ဆွေးနွေးရဦးမယ်... တော်တော်နောက်ကျမှ ပြန်ရောက်နိုင်တယ်ဆိုတော့ ကိုယ့်ကို စောင့်မနေနဲ့..."

ကျူးလင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အင်းပါ... အလုပ်တွေ အရမ်းနောက်ကျတဲ့အထိ မလုပ်နဲ့ဦး..."

ကျူးလင်ကို သူမ၏ အိပ်ခန်းဆီသို့ ပြန်ပို့ပြီးနောက် ရှို့ဝူသည် မှတ်တမ်းတင်ဓာတ်လုံးကို ယူဆောင်ကာ စံအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။ သူသည် အစည်းအဝေးခန်းမဆီသို့ လျှောက်သွားရင်း ဆက်သွယ်ရေးစက်ကို ထုတ်ယူကာ ဖွင့်လိုက်လေသည်။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် သူက ပြောလိုက်၏။

"လူတိုင်းကို စုဝေးလိုက်ပါ... နောက်ဆယ်မိနစ်နေရင် အရေးပေါ်အစည်းအဝေး တစ်ခုရှိတယ်..."

ဆက်သွယ်ရေးစက်ကို သိမ်းဆည်းလိုက်ရင်း ရှို့ဝူက တွေးလိုက်သည်။

'အခုအချိန်အထိ ငါတို့ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံကြည့်ရရင်တော့ ငါ့ရဲ့ အစီအစဉ်တွေကို အရှိန်မြှင့်ရမယ့်ပုံပဲ...'

All Chapters