← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း (၂၆၅) - အရေးပေါ်အစည်းအဝေး

မိနစ်ဆယ်ခန့် ကြာပြီးနောက်တွင် ရှို့ဝူသည် ဘဲဥပုံ မှန်စားပွဲဝိုင်းဘေးရှိ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ပြီး တက်ရောက်လာသူအားလုံးကို ကြည့်လိုက်သည်။

သူ၏ဘယ်ဘက်တွင် ထိုင်နေသော ထန်ဝေ့က သူ့ကိုကြည့်ကာ မေးလိုက်သည်။

"လောင်ရှို့... မင်းက ဘာလို့ ငါတို့အားလုံးကို ဒီကို ရုတ်တရက် ခေါ်လိုက်ရတာလဲ..."

သူ၏အမေးစကားကို ကြားသောအခါ ရှို့ဝူသည် သူ၏ သိုလှောင်အိတ်ထဲမှ မှတ်တမ်းတင်ဓာတ်လုံးကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်ကာ ပြောလိုက်သည်။

"ဒါက လင်အာ ကျုပ်ကို ပေးထားတဲ့ မှတ်တမ်းတင်ဓာတ်လုံးပဲ... ဒီနေ့ အပူချိန်မြင့်တက်လာပြီးနောက်ပိုင်း အခြေအနေကို စစ်ဆေးဖို့ သူမက ရေခဲပြင်ရေကန်ဆီ သွားခဲ့တယ်...”

“စွန့်ပစ်ထားတဲ့ ကစားကွင်းတစ်ခုဆီကို သွားတဲ့လမ်းမှာ စစ်ကားတန်းတစ်ခု ချဉ်းကပ်လာတာကို တွေ့လိုက်ရပြီး အဲဒီနောက်မှာ အဆင့်မြင့်ဖုတ်ကောင်တစ်အုပ် ပါလာတာကို သူမ မြင်တွေ့ခဲ့ရတယ်..."

ထိုသို့ပြောပြီးနောက် သူသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီး မှတ်တမ်းတင်ဓာတ်လုံးကို အသက်သွင်းလိုက်သည်။

မှတ်တမ်းတင်ဓာတ်လုံးမှ အလင်းရောင်ခပ်ဖျော့ဖျော့ ထွက်ပေါ်လာချိန်တွင် အသက်ဝင်နေသော ရုပ်ပုံများနှင့် အသံများသည် မှတ်တမ်းတင်ဓာတ်လုံးအထက် လေထဲတွင် ထွက်ပေါ်လာလေသည်။

အခြားသူများ၏ အံ့ဩနေသော မျက်နှာအမူအရာများကို မြင်သောအခါ ရှို့ဝူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"သူမက အဲဒီလူတွေနောက်ကို လိုက်သွားခဲ့ပြီး အက်စ်မြို့တော်နားက ရွာငယ်လေးတစ်ရွာမှာ နောက်ထပ်လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုကို ထပ်တွေ့ခဲ့တယ်... ဒါက သူမ လျှို့ဝှက်ဓာတ်ခွဲခန်းထဲ ခိုးဝင်သွားတုန်းက ရိုက်ကူးထားတဲ့ မှတ်တမ်းပဲ..."

စကားပြောပြီးနောက် သူသည် မှတ်တမ်းတင်ဓာတ်လုံးကို မပိတ်မီ မှတ်တမ်းတင်ထားမှု ပြီးဆုံးမည့်အချိန်အထိ စောင့်ဆိုင်းနေလိုက်သည်။ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ကျီယန်က စကားစလိုက်သည်။

"လျှို့ဝှက်ဓာတ်ခွဲခန်းက တစ်ခုတည်းရှိတာ မဟုတ်ဘူးလို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး..."

ရှို့ဝူသည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်... ဒါကြောင့်ပဲ ငါတို့ရဲ့ အစီအစဉ်ကို မြန်မြန်အကောင်အထည်ဖော်ဖို့ ကျုပ် စီစဉ်ထားတာပဲ..."

ထိုသို့ပြောပြီးနောက် သူသည် ကုန်းရီရွှမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုရီရွှမ်... အသစ်ဒီဇိုင်းဆွဲထားတဲ့ ဗုံးရဲ့ တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ..."

ကုန်းရီရွှမ်သည် သတ္တုသေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ ဂရုတစိုက် ချလိုက်သည်။ သော့ခလောက်ပေါ်တွင် စကားဝှက်ကို ရိုက်ထည့်နေစဉ် သူက အိပ်ချင်မူးတူးဖြင့် ပြောလိုက်သည်။

"ပုံစံကြမ်းကိုတော့ ကျုပ် အပြီးသတ်ထားပြီ... ဒါပေမဲ့ အချိန်ကန့်သတ်ချက်တွေကြောင့် ဒီဗုံးအသစ်ရဲ့ လုံခြုံရေးအစီအမံတွေက သိပ်မကောင်းသေးဘူး..."

သူ၏စကားကို ကြားပြီးနောက် တက်ရောက်လာသူအားလုံးသည် ရှို့ဝူမှလွဲ၍ အနည်းငယ် စိုးရိမ်ပူပန်သွားကြသည်။

ကလစ်…

ထိုအသံထွက်ပေါ်လာပြီးနောက် ကုန်းရီရွှမ်သည် သေတ္တာငယ်၏အဖုံးကို ဂရုတစိုက် ဖွင့်လိုက်ပြီး သေတ္တာငယ်အတွင်းရှိ လုံခြုံရေးအကွက်ထဲမှ ပစ္စည်းများကို အခြားသူများအား ပြသလိုက်သည်။

ထန်ဝေ့သည် ငုံးဥအရွယ်အစားခန့်ရှိသော ဘောလုံးငယ်ကို ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုရီရွှမ်... ဒါက ခင်ဗျားလုပ်ထားတဲ့ ဗုံးအသစ်လား..."

ကုန်းရီရွှမ်သည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"သူ့ရဲ့ အရွယ်အစားသေးငယ်တာကို ကြည့်ပြီး အထင်မသေးနဲ့... ဒီဗုံးငယ်လေးက စီဖိုးဗုံးထက် ဆယ်ဆလောက် ပိုပြီး ဖျက်ဆီးနိုင်စွမ်းရှိတယ်...”

“အခုလောလောဆယ် တစ်ခုတည်းသော အားနည်းချက်ကတော့ ထိခိုက်ဒဏ်ကို ခံနိုင်ရည်မရှိတာပဲ... ဒါကြောင့် ဒီအထူးဒီဇိုင်းထုတ်ထားတဲ့ သေတ္တာထဲမှာပဲ ထည့်ထားလို့ရတယ်...”

“ဒါပေမဲ့ ဟင်းလင်းပြင်စွမ်းအင်ရှိတဲ့ စွမ်းအင်ရှင်တွေအတွက်တော့ ဒီလိုဗုံးမျိုးတွေကို ပို့ဆောင်ဖို့က ပြဿနာမဟုတ်ပါဘူး..."

သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှို့ဝူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"နှစ်ရက်အတွင်း ဗုံးဘယ်နှစ်လုံးလောက် ခင်ဗျား လုပ်နိုင်မလဲ..."

ကုန်းရီရွှမ်သည် ခေတ္တမျှ တွက်ချက်လိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။

"ကျုပ်တစ်ယောက်တည်း လုပ်မယ်ဆိုရင် နှစ်ဆယ့်သုံးနာရီအတွင်း ဗုံးအလုံးငါးဆယ်လောက် လုပ်နိုင်တယ်..."

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် သူ၏မျက်လုံးအောက်ရှိ ညိုမည်းနေသော အကွင်းများကို ကြည့်လိုက်ကြပြီး တွေးလိုက်မိကြသည်။

'ဒီအလုပ်ရူးကြီး ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် သေတော့မှာပဲ...'

သူ၏ မောပန်းနွမ်းနယ်နေပြီး အိပ်ချင်မူးတူးဖြစ်နေသော မျက်နှာကို ကြည့်ကာ ရှို့ဝူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။

"အစ်ကိုရီရွှမ်... တခြားသူတွေကို ဗုံးလုပ်နည်း သင်ပေးလို့ရမလား... အရာရာတိုင်းကို ကိုယ်တိုင်လုပ်တာက ထိရောက်မှုမရှိတဲ့အပြင် ခင်ဗျားရဲ့ ကျန်းမာရေးအတွက်လည်း အရမ်းကို ထိခိုက်နိုင်တယ်..."

ကုန်းရီရွှမ်က ခေါင်းညိတ်လိုက်ပြီးနောက် သမ်းဝေလိုက်ကာ ပြောလိုက်သည်။

"ဒီအချက်အလက်တွေကို မျှဝေပေးဖို့ ကျုပ်မှာ ပြဿနာမရှိပါဘူး... ဒါပေမဲ့ ဗုံးရဲ့ဖော်မြူလာကို တခြားသူတွေကို တကယ်သိစေချင်တာလား...”

“ပြီးတော့ ဒီလောက် အန္တရာယ်များတဲ့ အလုပ်မျိုးကို ဘယ်သူမှ လုပ်ရဲမယ်မထင်ဘူး... သတိမထားမိရင် လက်နက်ဓာတ်ခွဲခန်းနဲ့ ဒီစခန်းတစ်ခုလုံးကိုတောင် ဖောက်ခွဲပစ်မိသွားနိုင်တယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျီယန်က ပြောလိုက်သည်။

"အစ်ကိုကြီးပြောတာ မှန်တယ်... ဒီဗုံးကို အမြောက်အမြား ထုတ်လုပ်ချင်တယ်ဆိုရင် ကျုပ်တို့ ယုံကြည်စိတ်ချရပြီး ဒီအလုပ်ကို လက်ခံဖို့ ရဲစွမ်းသတ္တိရှိတဲ့ လူတွေ လိုအပ်တယ်..."

ဤသည်ကို ကြားသောအခါ ရန်ယွမ်က လက်ကိုမြှောက်လိုက်ပြီး ပြောလိုက်သည်။

"မင်ဝေ့ကြေးစားအဖွဲ့ရဲ့ အဖွဲ့ဝင်တွေနဲ့ ကျုပ်က ဒီအလုပ်ကို လက်ခံဖို့ ဆန္ဒရှိပါတယ်..."

သူ ထိုသို့ပြောပြီးနောက် ထန်ပိုင်ကလည်း လက်မြှောက်လိုက်ပြီး ပြောလိုက်သည်။

"ကျုပ်လူတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်ဖို့ လေ့ကျင့်ထားပြီးသားပဲ... သူတို့လည်း ဒီအလုပ်ကို လက်ခံနိုင်တယ်..."

ရန်ယွမ်နှင့် ထန်ပိုင်တို့က ထိုအလုပ်ကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် အခြားသော ဗိုလ်ကြီးများကလည်း ဗုံးသစ်များပြုလုပ်ရာတွင် ကူညီရန် အဖွဲ့ဝင်အချို့ကို စေလွှတ်ပေးရန် သဘောတူခဲ့ကြသည်။

သူတို့သည် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်တွင် နှစ်ရက်အတွင်း ဗုံးသစ်အလုံး ငါးရာခန့် ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။

ဗုံးသစ်ကိစ္စ ပြေလည်သွားသည်ကို မြင်သောအခါ ရှို့ဝူသည် တက်ရောက်လာသူ အားလုံးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကဲ... အားလုံးနဲ့ ဆွေးနွေးချင်တဲ့ နောက်တစ်ချက်ကတော့ လျှို့ဝှက်အဖွဲ့အစည်းအကြောင်းပဲ..."

သူသည် စားပွဲပေါ်ရှိ မြေပုံကို ယူကာ ဖြန့်ချလိုက်သည်။ ထို့နောက် အက်စ်မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသများ၏ မြေပုံပေါ်ရှိ အနီရောင်အမှတ်အသားများစွာကို လက်ညှိုးထိုးပြကာ ရှို့ဝူက ပြောလိုက်သည်။

"ဒီနေရာငါးခုက လောလောဆယ် ကျုပ်တို့သိထားတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေ တည်ရှိတဲ့နေရာတွေပဲ..."

ထို့နောက် သူသည် မြေပုံပေါ်ရှိ အနီရောင်ကြက်ခြေခတ် အမှတ်အသားသုံးခုကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

"ဒီနေရာသုံးခုကတော့ လေ့ဟောက်ကျန့်နဲ့ တခြားအဆင့်မြင့် ဖုတ်ကောင်တွေ ထွက်ပြေးလာတုန်းက ဖျက်ဆီးခံလိုက်ရတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေရှိတဲ့ နေရာတွေပဲ..."

စကားပြောပြီးနောက် သူသည် မြေပုံပေါ်ရှိ အနီရောင်စက်ဝိုင်းနှစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဒီနေရာနှစ်ခုကတော့ ရေခဲပြင်ရေကန်ဘေးက စွန့်ပစ်ထားတဲ့ ကစားကွင်းအောက်မှာ ကျုပ်တို့တွေ့ခဲ့တဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းနဲ့ ဒီနေ့ လင်အာ ရှာတွေ့ခဲ့တဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတို့ တည်ရှိတဲ့ နေရာတွေပဲ..."

သူသည် မြေပုံပေါ်မှ အကြည့်ကိုလွှဲကာ အခြားသူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျုပ်က ဒီလျှို့ဝှက်ဓာတ်ခွဲခန်းနှစ်ခုကို အမြန်ဆုံး ဖျက်ဆီးပစ်ချင်တယ်... သူတို့ရဲ့ လက်ရှိလှုပ်ရှားမှုတွေကို ကြည့်ရသလောက် ဒီလျှို့ဝှက်အဖွဲ့အစည်းက အကြံအစည်ကြီးတစ်ခုကို ကြံစည်နေပုံရတယ်..."

သူပြောသည်ကို ကြားပြီးနောက် ကျီယန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"လောင်ရှို့... အခု ဖုတ်ကောင်တွေက အေးခဲနေပြီး ကျုပ်တို့ကို မတိုက်ခိုက်နိုင်တော့လို့ ခင်ဗျားက သူတို့ကို တိုက်ခိုက်ချင်တာလား..."

ရှို့ဝူသည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"မှန်တယ်... ဒါပေမဲ့ အဲဒီမတိုင်ခင် ကျုပ်တို့က ဖုတ်ကောင်တွေကို ရှင်းလင်းရမယ်...”

“လင်အာက စစ်ကားတန်းနောက်ကို လိုက်သွားတုန်းက လမ်းပေါ်မှာ အေးခဲနေတဲ့ အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့် ဖုတ်ကောင်များစွာကို တွေ့ခဲ့ရတယ်လို့ ကျုပ်ကို ပြောတယ်...”

“ဒီဖုတ်ကောင်တွေက အေးခဲနေတာ သုံးလကျော်နေပြီ... သူတို့လှုပ်ရှားနိုင်တဲ့အချိန်ရောက်ရင် အစာရှာဖို့ အမဲလိုက်ကြလိမ့်မယ်..."

All Chapters