အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇) - အချိန်ဖြုန်းရန် ပျော်ရွှင်ဖွယ်ကောင်းသော နည်းလမ်း
ကျီယန်၏ စကားကို ကြားသောအခါ ကျန်းရိမုက ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျီ... ဒါပေမဲ့ ကျုပ် စားပြီးပါပြီ... ကျုပ်တို့တွေ ဗုံးပြင်ဆင်ပြီးပြီ ဆိုတဲ့အကြောင်းကို လူတိုင်းကို လာအသိပေးတာပါ... အစီအစဉ်ကို အချိန်မရွေး စတင်နိုင်ပါပြီ..."
ကျန်းရိမု၏ စကားကို ကြားပြီးနောက် ကျီယန်သည် လှည့်ကာ ထမင်းစားခန်းဆီသို့ အော်ပြောလိုက်လေ၏။
"လောင်ရှို့... ဗိုလ်ကြီးကျန်းက ဗုံးတွေ အဆင်သင့်ဖြစ်ပြီလို့ ပြောနေတယ်..."
ထမင်းစားပွဲ၌ ထိုင်နေသော ရှို့ဝူသည် ကျီယန်၏ စကားကို ကြားသောအခါ ကျူးလင်ကိုကြည့်ကာ ပြောလိုက်သည်။
"လင်အာ... မင်းဆီမှာ ဖီးနစ်သစ်ပင်ရဲ့ သစ်ကိုင်းတွေ အများကြီး ရှိတယ်ဆိုတာ ကိုယ် မှတ်မိတယ်... ကိုယ့်ကို နည်းနည်းလောက် ပေးနိုင်မလား..."
ကျူးလင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ အမည်းရောင် သစ်ကိုင်းတစ်ဆုပ် ထမင်းစားပွဲပေါ်သို့ ရောက်လာလေသည်။ ထို့နောက် ပါးစပ်ထဲမှ အစားအစာများကို မြိုချလိုက်ပြီးနောက် မေးလိုက်ပေသည်။
"ဖုတ်ကောင်တွေကို မြှူဆွယ်ဖို့ အကူအညီလိုလို့လား..."
ရှို့ဝူသည် ဖီးနစ်သစ်ကိုင်းများကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး ပြောလိုက်သည်။
"မင်းကို အန္တရာယ်ထဲ မရောက်စေချင်ဘူး... ကိုယ်တိုင်ပဲ လုပ်တာ ပိုကောင်းပါတယ်..."
သူ၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ရင်း ကျူးလင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်တော့၏။
"သခင်လေးလေ့ကို ကူညီခိုင်းရင်ရော ဘယ်လိုနေမလဲ..."
ရှို့ဝူ စကားတစ်ခွန်းမျှ မဆိုရသေးမီမှာပင် ကျီယန် ပြန်ရောက်လာပြီး ပြောလိုက်လေသည်။
"ဗိုလ်ကြီးကျန်းက တခြားလူတွေကို အသိပေးဖို့ လိုသေးတယ်ဆိုပြီး အရင်ထွက်သွားပြီ..."
ရှို့ဝူသည် ကျီယန်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"လေ့ဟောက်ကျန့်က ငါတို့ကို ကူညီဖို့ သဘောတူပါ့မလား..."
"သူက ဘာလို့ ငါတို့ကို မကူညီဘူးလို့ ထင်ရတာလဲ..."
ကျူးလင်သည် နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်ပေသည်။
ရှို့ဝူသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ပြောလိုက်တော့၏။
"သူက ဖုတ်ကောင်ဘုရင်လေ... ပြီးတော့ ငါတို့က ဒီနေရာက ဖုတ်ကောင်တွေ အကုန်လုံးကို သုတ်သင်ချင်နေတာ...”
“သူသာ ရူးမနေဘူးဆိုရင် ငါတို့ကို ကူညီဖို့ သဘောတူမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ ဖုတ်ကောင်တွေကို သတ်တာက သူ့ရဲ့ အင်အားကို ဖြတ်တောက်လိုက်တာနဲ့ အတူတူပဲလေ..."
ကျူးလင်သည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ရှင် ပြောတာ မှန်ပါတယ်... ဒါပေမဲ့ သခင်လေးလေ့က သူ့ကိုယ်သူ ဖုတ်ကောင်လို့ ဘယ်တော့မှ မတွေးထားဘူးလေ... ဒါကြောင့် သူက ငါတို့ကို ကူညီဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်..."
သူမ၏ စကားကို ကြားသောအခါ ရှို့ဝူသည် မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ ပြောလိုက်လေသည်။
"မင်းက သူ့ရဲ့ စရိုက်နဲ့ အတွေးတွေကို အရမ်းနားလည်နေသလိုပဲနော်..."
သူ၏ လေသံထဲမှ သဝန်တိုမှုများကို ခံစားမိသွားသဖြင့် ကျူးလင်သည် အသားတစ်ဖတ်ကို သူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်ပေသည်။
"အဲဒါက သူ ကိုယ်တိုင် ငါ့ကို ပြောပြခဲ့ဖူးလို့ပါ... သူ့အဘိုးကြောင့် သခင်လေးလေ့က လူတစ်ယောက်အဖြစ် အသက်ရှင်ခွင့် ဆုံးရှုံးခဲ့ရတာလေ...”
“ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ပြန်လည်အသက်ရှင်ချင်တဲ့ ဆန္ဒမရှိဘူးလို့ ဆိုလိုတာမှ မဟုတ်တာ..."
ဟင်းသီးဟင်းရွက်တစ်ဖတ်ကို ယူ၍ ရှို့ဝူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ကျူးလင်က ဆက်ပြောလိုက်သည်။
"ဒါ့အပြင် ငါတို့စခန်းက နတ်ဘုရားစွမ်းအင်ရဲ့ အကူအညီကြောင့် သူ့အသံလည်း ပြန်ကောင်းလာပြီလေ... ငါတို့က အကူအညီ တောင်းမယ်ဆိုရင် သူ ငြင်းမှာ မဟုတ်ဘူး..."
သူမ၏ စကားကို ကြားပြီးနောက် ရှို့ဝူသည် ခေတ္တမျှ စဉ်းစားလိုက်ကာ ပြောလိုက်တော့၏။
"ကောင်းပြီလေ... ဖုတ်ကောင်တွေကို မြှူဆွယ်ပေးဖို့ ဆန္ဒရှိမရှိ လေ့ဟောက်ကျန့်ကို နောက်မှ ငါ သွားမေးကြည့်လိုက်မယ်..."
သူက မိမိ၏ အကြံပြုချက်ကို သဘောတူကြောင်း မြင်သောအခါ ကျူးလင်သည် ခေါင်းညိတ်လိုက်ပြီး နံနက်စာကို ဆက်စားလိုက်လေသည်။ နံနက်စာ စားပြီးနောက် သူမသည် ကျန်းကျင့်နန်နှင့် ရှောက်ယွီဇီတို့ကို ကြည့်ကာ ပြောလိုက်သည်။
"နန်နန်... ယွီဇီ... မင်းတို့နှစ်ယောက် မင်းတို့ရဲ့ ညီလေး ညီမလေးတွေကို ကျင့်စဉ်နည်းလမ်းတွေ သင်ပေးလို့ ရမလား..."
မိမိ၏ သခင်က ကလေးများကို ကျင့်ကြံရန် သင်ကြားပေးခိုင်းသည်ကို ကြားသောအခါ ရှောက်ယွီဇီသည် မျက်မှောင်ကြုတ်သွားသော်လည်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်ပေသည်။
"ဟုတ်ကဲ့ပါ သခင်မ..."
ရှောက်ယွီဇီက ကျူးလင်ကို 'ဆရာ' အစား 'သခင်မ' ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ကျန်းကျင့်နန်က ဝင်ပြောလိုက်သည်။
"ယွီဇီ... မင်း သူ့ကို ဆရာလို့ ခေါ်သင့်တယ်လေ... ဘာလို့ ငါတို့ဆရာကို အမြဲတမ်း အခေါ်အဝေါ် မှားခေါ်နေရတာလဲ..."
ရှောက်ယွီဇီသည် မိမိ၏ အမြွှာညီအစ်ကိုကို ကြည့်ကာ သက်ပြင်းချလိုက်လေ၏။ ထို့နောက် သူ၏ နဖူးကို ကူရာကယ်ရာမဲ့စွာ ပွတ်သပ်လိုက်ပြီး ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။
"သခင်မ... သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ကောင်းလာအောင် လုပ်ပေးလို့ မရဘူးလား... ရွှမ်းရဲ့ ဒီပုံစံကို ဖြေရှင်းရတာ တကယ်ကို ပင်ပန်းလွန်းလို့ပါ... အရင်က အေးတိအေးစက်နိုင်တဲ့ ရွှမ်းရဲ့ ပုံစံကို ကျွန်တော် လွမ်းလာပြီ..."
သူ၏ ကူကယ်ရာမဲ့နေသော အမူအရာကို ကြည့်ရင်း ကျူးလင်သည် ပြုံးကာ ပြောလိုက်သည်။
"သူ လောကဘုံခြောက်ပါးကို ပြန်ရောက်သွားတဲ့အခါ အရာအားလုံးကို မှတ်မိသွားလိမ့်မယ်..."
သူမ၏ အဖြေကို ကြားပြီးနောက် ရှောက်ယွီဇီသည် ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။ ကလေးများ၏ အကူအညီဖြင့် ရှို့ဝူက စားပွဲကို ရှင်းလင်းပြီးနောက် မေးလိုက်လေသည်။
"လင်အာ... လေ့ဟောက်ကျန့်ဆီ သွားတဲ့အခါ ကိုယ်နဲ့အတူ လိုက်ခဲ့မလား..."
ကျူးလင်သည် ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် အရှေ့ဘက်ဇုန်သို့ အတူတကွ လျှောက်သွားကြလေ၏။
သူတို့ အရှေ့ဘက်ဇုန်၏ အဝင်ဝသို့ ရောက်ရှိလာသောအခါ အဆင့်မြင့်ဖုတ်ကောင်များသည် သူတို့ကို အဝေးမှနေ၍ မြင်တွေ့သွားကြပြီး လေ့ဟောက်ကျန့်အား သွားရောက် အသိပေးလိုက်ကြတော့သည်။
သူတို့နှစ်ဦး အရှေ့ဘက်ဇုန်ထဲသို့ ဝင်ရောက်လာချိန်တွင် ဖုတ်ကောင်များသည် သူတို့ကို နွေးထွေးစွာ နှုတ်ဆက်ကြလေသည်။
၎င်းတို့၏ မျက်နှာပေါ်ရှိ တောင့်တင်းနေသော အပြုံးများကို မြင်လိုက်ရသဖြင့် ရှို့ဝူသည် မိမိ၏ ချစ်သူအား တွေးတောဟန်ဖြင့် ကြည့်လိုက်ပေသည်။ မိနစ်နှစ်ဆယ်ကျော်ခန့် လမ်းလျှောက်ပြီးနောက် လေ့ဟောက်ကျန့်သည် သူ၏ အိမ်ငယ်လေးရှေ့၌ ၎င်းတို့ကို စောင့်ဆိုင်းနေနှင့်ပြီးဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ဇိမ်ခံစံအိမ်ကြီးများ ပြည့်နှက်နေသော အနောက်ဘက်ဇုန်နှင့် မတူဘဲ အရှေ့ဘက်ဇုန်တွင်မူ အသေးစားနှင့် အလတ်စား လူနေအိမ်များဖြင့် ပြည့်နှက်နေပေသည်။ ဖုတ်ကောင်များ ဝူလင်စခန်းသို့ ပိုမို ရောက်ရှိလာသည်နှင့်အမျှ ရှို့ဝူသည် ၎င်းတို့အတွက် အရှေ့ဘက်ဇုန်ကို လူနေထိုင်ရာ နေရာအဖြစ် ပေးအပ်ခဲ့လေ၏။
လေ့ဟောက်ကျန့်သည် ရှို့ဝူနှင့် ကျူးလင်တို့ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ကောလာဟလတွေက မှန်ကန်ပုံရတယ်..."
"ဘာကောလာဟလတွေလဲ..."
ကျူးလင်သည် စပ်စုချင်စိတ်ဖြင့် မေးလိုက်လေသည်။
လေ့ဟောက်ကျန့်သည် ရှို့ဝူအား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ ပြောလိုက်ပေသည်။
"ဒီရက်ပိုင်းအတွင်း စခန်းမှာ ပျံ့နှံ့နေတဲ့ ကောလာဟလအသစ်တွေကို မိန်းကလေးကျူးက မသိသေးဘူးလား...”
“မကြာခင်မှာ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ လူတော်တော်များများက ခန့်မှန်းနေကြတယ်... ဒီအချိန်ကြီး ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ဆီ ရောက်လာတာကို ကြည့်ရရင် တကယ်ကို ကြီးမားတဲ့ ကိစ္စတစ်ခု ရှိနေပြီးတော့ ကျွန်တော့်ရဲ့ အကူအညီ လိုအပ်နေပုံပဲ..."
သူ၏ စကားကို ကြားပြီးနောက် ရှို့ဝူသည် အနည်းငယ် ပြုံးလိုက်ကာ ပြောလိုက်သည်။
"သခင်လေးလေ့က သတင်း တကယ်မြန်တာပဲ..."
လေ့ဟောက်ကျန့်သည် ရယ်မောလိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်လေ၏။
"ကျွန်တော်က ဘာမှ လုပ်စရာမရှိတော့ ဇုန် ၅ က ဈေးတွေနဲ့ အရက်ဆိုင်တွေကို သွားပြီးတော့ လူတွေကို လေ့လာရတာ... ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ ကောလာဟလတွေကို နားထောင်ရတာ ကြိုက်တယ်... အဲဒါက တကယ်ကို အချိန်ဖြုန်းဖို့အတွက် ပျော်စရာကောင်းတဲ့ နည်းလမ်းတစ်ခုပဲ..."
ထိုသို့ပြောပြီးနောက် သူက ထပ်မံ၍ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး အထဲဝင်ပါဦး..."
လေ့ဟောက်ကျန့်သည် ဘေးသို့ ဖယ်ပေးလိုက်ပြီး ကျူးလင်နှင့် ရှို့ဝူတို့ကို သူ၏ အိမ်ငယ်လေးထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။
အိမ်တွင်းရှိ နွေးထွေးပြီး သက်တောင့်သက်သာရှိသော အလှဆင်မှုများကို ကြည့်ရင်း ရှို့ဝူက မှတ်ချက်ချလိုက်ပေသည်။
"လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ တကယ် အကဲဖြတ်လို့ မရဘူးပဲ..."
ရှို့ဝူ၏ စကားကို ကြားသောအခါ လေ့ဟောက်ကျန့်သည် ပြုံးရုံသာ ပြုံးလိုက်သည်။ သူသည် သူတို့ကို ထိုင်ရန် အမူအရာပြလိုက်ပြီး မေးလိုက်တော့၏။
"ကဲ... ဒီနေ့ ခင်ဗျားတို့ နှစ်ယောက်လုံး ဘာကိစ္စများရှိလို့ ဒီကို ရောက်လာကြတာလဲ..."