အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း (၂၆၉) - သူက ဖုတ်ကောင်တစ်ကောင်ဖြစ်နေတယ်
တစ်ချိန်တည်းမှာပင် လေ့ဟောက်ကျန့်သည် ဖီးနစ်သစ်ပင်၏ သစ်ကိုင်းများကို အဆင့်မြင့်ဖုတ်ကောင်များအားလုံးထံ အညီအမျှ ခွဲဝေပေးပြီးနောက် အရှေ့ဘက်ဇုန်မှ ထွက်ခွာကာ ဇုန်၅ဘက်သို့ ဦးတည်သွားလေသည်။
လမ်းတစ်လျှောက်တွင် စခန်းအတွင်းရှိ လေထုမှာ ပုံမှန်နှင့်မတူဘဲ ကွဲပြားနေကြောင်း တွေ့လိုက်ရပြီး ယနေ့တွင် လူများ အလွန်စိုးရိမ်တကြီး ဖြစ်နေကြသည်ကိုပါ သူ သတိပြုမိလိုက်ပေသည်။
ဇုန်၅၏ ပင်မဝင်ပေါက်သို့ သူ လမ်းလျှောက်သွားသည်ကို အသိတစ်ယောက်က မြင်သောအခါ ထိုလူသည် လက်ကိုဝှေ့ယမ်းလျက် သူ့အနီးသို့ ကမန်းကတမ်း လျှောက်လာရင်း ပြောလိုက်သည်။
"အစ်ကိုကြီးဟောက်ကျန့်... ကျုပ်ကို ခဏလောက် စောင့်ပါဦး..."
တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသည်ကို ကြားသောအခါ လေ့ဟောက်ကျန့်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ခပ်သုတ်သုတ် ပြေးလာသည်ကို မြင်သောအခါ လေ့ဟောက်ကျန့်သည် ပြုံးလျက် ပြောလိုက်သည်။
"နံနက်ခင်းပါ ကျူးကျန့်... မင်းက မနက်စာစားဖို့ ဒီကို ရောက်နေတာလား..."
ဟွာကျူးကျန့်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဒီရက်ပိုင်းအတွင်း ထွက်ပေါ်နေတဲ့ ကောလာဟလတွေက အမှန်ပဲလားဆိုတာကို လာကြည့်တာပါ... အစ်ကိုကြီးဟောက်ကျန့်ကရော..."
လေ့ဟောက်ကျန့်က ပြုံးလျက် ပြောလိုက်သည်။
"ကျုပ်မှာ လုပ်စရာကိစ္စလေးတွေ ရှိနေလို့ ဒီနေ့ စခန်းကနေ ထွက်သွားဖို့ လိုအပ်လို့ပါ..."
ဇုန်၅၏ ဝင်ပေါက်တွင် တန်းစီနေသော လူတန်းရှည်ကြီးကို မြင်သောအခါ ဟွာကျူးကျန့်က ပြောလိုက်သည်။
"အိုး... ဒါဆိုရင်လည်း ခင်ဗျား အခု သွားသင့်ပြီနော်..."
လေ့ဟောက်ကျန့်သည် ရှည်လျားသော လူတန်းကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟွာကျူးကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို ကျုပ် သွားလိုက်ပါဦးမယ်... နောက်မှ တွေ့ကြတာပေါ့ ကျူးကျန့်..."
ဟွာကျူးကျန့်သည် လေ့ဟောက်ကျန့်ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အပြင်ထွက်တဲ့အခါ သတိထားပါဦး... နောက်မှတွေ့ကြတာပေါ့ အစ်ကိုကြီးဟောက်ကျန့်..."
ဟွာကျူးကျန့်ကို နှုတ်ဆက်ပြီးနောက် လေ့ဟောက်ကျန့်သည် ဇုန်၅၏ ဝင်ပေါက်ဆီသို့ လျှောက်သွားလေသည်။ လေ့ဟောက်ကျန့်၏ ကျောပြင်ကို ကြည့်ရင်း ဟွာကျူးကျန့်သည် ရှုပ်ထွေးသွားဟန်ဖြင့် ရေရွတ်လိုက်သည်။
"ငါ့ရဲ့ သတင်းအချက်အလက်တွေက မှားနေတာလား..."
ယခုအချိန်တွင် အဖြေတစ်ခု မရှာနိုင်သဖြင့် ဟွာကျူးကျန့်သည် ၎င်း၏ဗိုလ်ကြီးနှင့် ရဲဘော်ရဲဘက်များ၏ အခြေအနေကို ကြည့်ရှုရန် ဆေးရုံသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ ဆေးရုံသို့ ရောက်ပြီးနောက် သူသည် ဧည့်ကြိုကောင်တာသို့ သွားလိုက်သည်။
သူ လာနေသည်ကို မြင်သောအခါ ဧည့်ကြိုကောင်တာရှိ သူနာပြုများက သူ့ကို ပြုံးပြကြသည်။ သူတို့ထဲမှ တစ်ယောက်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ဆရာဝန်ဟွာ... ရှင်က နှုတ်ဆက်ဖို့ သူငယ်ချင်းတွေဆီ ထပ်လာတာလား..."
ဟွာကျူကျန့်က ခေါင်းညိတ်ပြလိုက်ပြီး လူနာကြည့်မှတ်တမ်းကို ဖြည့်စွက်ကာ ပြောလိုက်သည်။
"ဒီနေ့တော့ ကျုပ် နည်းနည်းပိုပြီး အချိန်ကြာကြာ နေဖြစ်မယ်..."
ထိုသို့ပြောပြီးနောက် သူသည် အရေးပေါ်လှေကားဆီသို့ လျှောက်သွားကာ တတိယထပ်သို့ တက်သွားလေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် လူနာခန်းတံခါးကို ဖွင့်ကာ ဝင်သွားလိုက်သည်။
သူ၏ဗိုလ်ကြီးမှလွဲ၍ အခြားသူအားလုံး နိုးနေပြီဖြစ်ကြောင်းကို မြင်သောအခါ ဟွာကျူးကျန့်သည် ကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
သူသည် ပိုင်ကျိယွီကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုပိုင်... ဒီနေ့ ခင်ဗျား ဘယ်လို ခံစားနေရလဲ..."
ပိုင်ကျိယွီက ပြုံးလျက် ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်... ကြွက်သားတွေ နည်းနည်း နာကျင်နေတာကလွဲရင်ပေါ့..."
သူ၏အဖြေကို ကြားပြီးနောက် ဟွာကျူးကျန့်က အခြားသူများကို ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားတို့အားလုံးကရော ဘယ်လိုနေလဲ..."
ခယ်ကျင်းရွှမ်းက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ကျုပ်တို့က အဆင်ပြေပါတယ်... ဒါပေမဲ့ ဗိုလ်ကြီးက..."
ဟွာကျူးကျန့်သည် သတိလစ်နေသော လေ့ချီချန်ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဗိုလ်ကြီးက အိပ်ပျော်နေတာ ၃ ရက်ရှိပြီဆိုတော့ နိုးလာသင့်ပြီလေ... ဒါက အရမ်း ထူးဆန်းတယ်... သူ့ခန္ဓာကိုယ်ကို ကျုပ် ထပ်ပြီး စစ်ဆေးကြည့်လိုက်ဦးမယ်..."
ထိုသို့ပြောပြီးနောက် သူသည် လေ့ချီချန်၏ ဝမ်းဗိုက်နှင့် ရင်ဘတ်ပေါ်သို့ သူ၏လက်ဖဝါးများကို ဖိချလိုက်ပြီးနောက် စွမ်းအင်များကို လှည့်ပတ်လိုက်သည်။
သူ၏ ကုသခြင်းစွမ်းရည်ဖြင့် လေ့ချီချန်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးလိုက်လေသည်။
လေ့ချီချန်၏ ခန္ဓာကိုယ်အတွင်းရှိ သေးငယ်သော အတွင်းဒဏ်ရာများကို ဟွာကျူးကျန့်က ရှာဖွေတွေ့ရှိသည့်အခါတိုင်း သူ၏ကုသခြင်းစွမ်းရည်ကို အသုံးပြု၍ ချက်ချင်း ကုသပေးလေသည်။
၁၀ မိနစ်ခန့် ကြာပြီးနောက် သူသည် လက်များကို ပြန်ရုပ်လိုက်ပြီး ပြောလိုက်သည်။
"ဗိုလ်ကြီးရဲ့ ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေအားလုံးကို ကျုပ် ကုသပေးပြီးပြီ... သူ မကြာခင် နိုးလာတော့မှာပါ..."
စကားဆုံးသည်နှင့် လေ့ချီချန်သည် တိုးညင်းစွာ ညည်းတွားလိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာသည်။ ကုတင်ဆီမှ လှုပ်ရှားသံကို ကြားသောအခါ ပိုင်ဇီယွီသည် ကုတင်ဆီသို့ အမြန် လျှောက်သွားလိုက်သည်။ သူသည် ကုတင်ဘေးတွင် ရပ်လိုက်ပြီး မေးလိုက်သည်။
"ဗိုလ်ကြီး... ကျုပ်ပြောတာ ကြားရလား..."
လေ့ချီချန်သည် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏တောင့်တင်းနေသော ခြေလက်များနှင့် ကြွက်သားများကို လှုပ်ရှားရန် ကြိုးစားလိုက်သည်။
သူ ပုံမှန် လှုပ်ရှားနိုင်သည်ကို မြင်သောအခါ အခြားသူများလည်း သက်ပြင်းချနိုင်သွားကြသည်။ ဟွာကျူးကျန့်က သူ့ကို ထူပေးပြီး ခေါင်းအုံးများကို မှီစေပြီးနောက် လေ့ချီချန်သည် သူတို့ကို ကြည့်ကာ မေးလိုက်သည်။
"ငါ သတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ..."
ဟွာကျူးကျန့်က ပြောလိုက်သည်။
"ဗိုလ်ကြီး... ဝူလင်စခန်းက လူတွေ ကျုပ်တို့ကို ကယ်တင်ခဲ့တာ ၃ ရက်ရှိသွားပြီ..."
သူ၏အဖြေကို ကြားပြီးနောက် လေ့ချီချန်သည် ခေတ္တမျှ တွေးတောလိုက်ပြီး သူ သတိမလစ်မီက အမျိုးသားတစ်ဦး သူ၏အနီးသို့ ချဉ်းကပ်လာသည်ကို မြင်ခဲ့ရကာ ထိုလူ့ထံမှ အကူအညီတောင်းခဲ့သည်ကို မှတ်မိသွားသည်။ သူသည် မျက်လွှာချလိုက်ပြီး တွေးလိုက်သည်။
'ဒါဆို အဲဒီနေ့က ငါ တကယ်ပဲ ထင်ယောင်ထင်မှား ဖြစ်မနေခဲ့ဘူးပေါ့... တစ်ယောက်ယောက်က ငါ့ကို လက်နက်နဲ့ ချိန်ရွယ်ထားခဲ့တာပဲ...'
သူ အတွေးလွန်နေသည်ကို မြင်သောအခါ ပိုင်ကျိယွီက ပြောလိုက်သည်။
"ဗိုလ်ကြီး... ခင်ဗျားကျေးဇူးကြောင့် ကျုပ်တို့တွေ အသက်ရှင်နိုင်ခဲ့တာပါ... ကျုပ်တို့က ခင်ဗျားကို အသက်သွေးကြွေးတင်သွားပြီ... ကျေးဇူးအများကြီးတင်ပါတယ်..."
သူ့ကို ဦးညွှတ်နေကြသော သူငယ်ချင်းများကို ကြည့်ရင်း လေ့ချီချန်သည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဒီလိုအခြေအနေမျိုးမှာ ခင်ဗျားတို့အားလုံး ကျုပ်အတွက် လုပ်ပေးမယ့်အရာကိုပဲ ကျုပ် လုပ်ခဲ့တာပါ..."
ထိုသို့ပြောပြီးနောက် သူသည် သေးငယ်ပြီး သန့်ရှင်းနေသော လူနာခန်းလေးကို ပတ်ဝန်းကျင်မှ ကြည့်လိုက်ပြီး မေးလိုက်သည်။
"ငါတို့တွေ ဝူလင်စခန်းမှာ ရောက်နေတာလား..."
ပိုင်ကျိယွီက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်..."
ခေတ္တမျှ တွေဝေသွားပြီးနောက် သူက ပြောလိုက်သည်။
"ဗိုလ်ကြီး... ကျုပ်တို့ ခင်ဗျားရဲ့ ဝမ်းကွဲအစ်ကိုကြီးကို တွေ့ခဲ့တယ်..."
စကားဆုံးသည်နှင့် လေ့ချီချန်သည် သူ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ငါ့အစ်ကိုကြီး အဆင်ပြေရဲ့လား..."
ပိုင်ကျိယွီနှင့် ဟွာကျူးကျန့်တို့သည် တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ပိုင်ကျိယွီက ပြောလိုက်သည်။
"သူက ဖုတ်ကောင်တစ်ကောင် ဖြစ်နေတယ်..."
ပိုင်ကျိယွီ၏ စကားကို ကြားသောအခါ လေ့ချီချန်သည် သူ၏လက်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
"မဖြစ်နိုင်တာ... ငါ့အစ်ကိုကြီး အသက်ရှင်နေသေးမှာပါ..."
သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ မမှန်တော့သည်ကို မြင်သောအခါ ဟွာကျူးကျန့်သည် သူ၏ကုသခြင်းစွမ်းရည်ကို အမြန်အသက်သွင်းလိုက်ပြီး လေ့ချီချန်၏ ကျောပြင်ကို ထိကိုင်လိုက်သည်။ ကုသခြင်းစွမ်းရည်၏ တည်ငြိမ်စေသော အာနိသင်ကြောင့် လေ့ချီချန်သည် ဖြည်းညင်းစွာ တည်ငြိမ်သွားလေသည်။
သူ လုံးဝ တည်ငြိမ်သွားပြီးနောက် ဟွာကျူးကျန့်သည် လက်ကို ပြန်ရုပ်လိုက်ပြီး ပြောလိုက်သည်။
"ဗိုလ်ကြီး... ခင်ဗျားရဲ့ ဝမ်းကွဲအစ်ကိုကြီးက... သူ အသက်ရှင်နေဆဲပါပဲ... ဒါပေမဲ့ သူက ဖုတ်ကောင်တစ်ကောင်လည်း ဖြစ်နေတယ်... ပိုတိတိကျကျ ပြောရရင် သူက ဖုတ်ကောင်ဘုရင် ဖြစ်နေတာပါ..."
ဟွာကျူးကျန့်၏ ရှုပ်ထွေးသော စကားများကို ကြားရသောအခါ လေ့ချီချန်သည် သူ့ကို ကြည့်ကာ မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ..."
ဟွာကျူးကျန့်သည် စက္ကန့်အနည်းငယ်ခန့် တွေးတောလိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျားရဲ့ ဝမ်းကွဲအစ်ကိုကြီးက ဝူလင်စခန်းမှာ နေထိုင်နေတဲ့ ဖုတ်ကောင်တွေထဲက တစ်ကောင်ပါ... ဒီဖုတ်ကောင်တွေက အဆင့်မြင့်ဖုတ်ကောင်တွေဖြစ်ပြီး သာမန် အဆင့်မြင့်ဖုတ်ကောင်တွေနဲ့ ကွာခြားတယ်..."
လေ့ချီချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့ကို သေချာ ရှင်းပြစမ်းပါ..."