← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း (၂၃၂) မွေးနေ့ မိသားစုစားပွဲ

သူမက ငါးလအရွယ်သာရှိ‌သေးတာ ဘယ်လိုလုပ်ပြီး သူတို့နဲ့ အတူတူ စားနိုင်မှာလဲ။

ထို့နောက် အခန်းပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရပြီး ထိုအသံက လင်ဝမ်ယိ အမြဲကြားနေကျ ခြေသံများနှင့် အနည်းငယ် ကွဲပြားနေလေသည်။

"အရှင်မင်းကြီး... သခင်မလေး... စတုတ္ထမင်းသား ရောက်လာပါပြီ"

လင်ဝမ်ယိ အံ့ဩသွားသော်လည်း အရှင်မင်းကြီးကတော့ ပြုံးရင်း ပြောလိုက်လေသည်။

"စတုတ္ထဦးရီးတော် ကို အထဲထဲ ဝင်ခိုင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ"

သုန်ယွီကျုံး က တံခါးဖွင့်ကာ စတုတ္ထမင်းသားကို အခန်းတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

ဤသည်မှာ လင်ဝမ်ယိ အနေဖြင့် စတုတ္ထမင်းသားကို ဒုတိယအကြိမ် တွေ့မြင်ရခြင်း ဖြစ်ပြီး ပထမအကြိမ် တွေ့ခဲ့ရသည်မှာ သွမ့်ဝူပွဲတော် ညစာစားပွဲတွင် ဖြစ်သည်။

သို့သော် ထိုအချိန်က သူမသည် တာရင် အဆင့်လေး တစ်ယောက်သာ ဖြစ်သည်။

အဝေးမှသာ ကြည့်ရှုခွင့် ရခဲ့သဖြင့် စတုတ္ထမင်းသား၏ ရုပ်သွင်ကို သေချာ မမြင်ခဲ့ရချေ။

သို့သော် သူ၏ စူးရှလှသော အသံကိုတော့ မှတ်မိနေဆဲပင်။

"ဒီအမတ် အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်... သခင်မလေးလင် ကို ဂါရဝပြုပါတယ်"

စတုတ္ထမင်းသားသည် လူကြီးသူမ တစ်ဦး ဖြစ်သလို တရားဝင် မင်းသားတစ်ပါးလည်း ဖြစ်ရာ လင်ဝမ်ယိ ကဲ့သို့သော ကွေ့ရန် အဆင့်လေး တစ်ယောက်မှာ သူနဲ့ ယှဉ်လျှင် ဘာမှ မဟုတ်ချေ။

ထိုကြောင့် ရိုးရိုးသေသေ တုံ့ပြန် ဂါရဝပြုရမည် ဖြစ်သည်။

ထို့ကြောင့် ခန္ဓာကိုယ်ကို တစ်ဝက်ခန့် ကိုင်းညွတ်ကာ ပြန်လည် နှုတ်ဆက်လိုက်လေ၏။

"စတုတ္ထမင်းသား ကို ဂါရဝပြုပါတယ်"

သူတို့နှစ်ဦးစလုံးမှာ အရှင်မင်းကြီး အရင်းနှီးဆုံးနှင့် အယုံကြည်ရဆုံး သူများ ဖြစ်ကြသဖြင့် ဤကဲ့သို့ အခွင့်အရေးမျိုး ဖန်တီးကာ သူတို့နှစ်ဦးကို တွေ့ဆုံခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

ဤနေရာကို မလာခင်ကတည်းက စတုတ္ထမင်းသားသည် လင်ဝမ်ယိ မှာ လင်ရှင်းကျစ်၏ ညီမအရင်း ဖြစ်ကြောင်း သိထားပြီး ဖြစ်သည်။

ထို့ကြောင့် ကြင်နာမှု အနည်းငယ် ပိုသွားခဲ့လေ၏။

လင်ဝမ်ယိကို ကြည့်သည့် မျက်ဝန်းများထဲတွင် မေတ္တာတရားများ ပါဝင်နေလေသည်။

ထို့နောက် ပိုးသေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူကာ လင်ဝမ်ယိကို ပေးလိုက်လေ၏။

"ဒီအမတ် က ဒီနေ့ ကွေ့ရန် ရဲ့ မွေးနေ့မှန်း မသိခဲ့လို့... တန်ဖိုးကြီး လက်ဆောင်တွေ မပြင်ဆင်နိုင်ခဲ့ပါဘူး... ပိုးသေတ္တာထဲမှာ ပါတာက မြေစူး ပါ... ဒီအမတ် က ဟယ့်စုန်း ပုလွေမှုတ်တာကို ကြားဖူးတယ်လေ... ကွေ့ရန် လည်း ဂီတပညာကို ကျွမ်းကျင်လိမ့်မယ်လို့ ထင်လို့ အထူးတလည် လာပို့ပေးတာပါ"

စတုတ္ထမင်းသားက တကယ့်ကို စေတနာနှင့် ပေးခြင်း ဖြစ်သည်။ သို့သော် တိုက်ဆိုင်စွာပင် သူပေးလာသော မြေစူးမှာ သူမအတွက် လုံးဝ အသုံးမဝင်ချေ။

အဘယ်ကြောင့်ဆိုသော် လင်ဝမ်ယိသည် တူရိယာများနှင့် ပတ်သက်၍ အခြေခံအားဖြင့် ဘာတစ်ခုမှ မသိရှိသောကြောင့်ပင်။

ခံစားနားဆင်တတ်သော်လည်း ကိုယ်တိုင် တီးခတ်မှုတော့ မလုပ်တတ်ချေ။

သူမက ပြုံးရင်း ပြောလိုက်လေသည်။

"စတုတ္ထမင်းသား ရဲ့ လက်ဆောင်ကို ကျွန်တော်မျိုးမ အရမ်း သဘောကျပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးမ က ဂီတပညာကို နားမလည်တော့... စတုတ္ထမင်းသား ရဲ့ စေတနာကို အလဟဿ ဖြစ်စေတော့မှာပဲ"

ဂီတပညာကို နားမလည်ဘူး ဟုတ်လား။

ဤစကားက စတုတ္ထမင်းသားကို အနည်းငယ် အံ့အားသင့်သွားစေသည်။

သူက အနောက်ဆောင်မှ အမျိုးသမီးတိုင်းသည် တီးမှုတ်ခြင်း၊ သီဆိုခြင်း၊ ကခုန်ခြင်း၊ စောင်းတီးခြင်း၊ စစ်တုရင် ကစားခြင်း၊ စာရေးခြင်းနှင့် ပန်းချီဆွဲခြင်း စသည်တို့ကို ကျွမ်းကျင်ကြသည်ဟု ထင်မှတ်ထားခဲ့သည်။

အထူးသဖြင့် လင်ဝမ်ယိမှာ အမတ်ချုပ်အိမ်တော်မှ လူ ဖြစ်ရာ ပို၍ပင် ထူးချွန်မည်ဟု ထင်ထားခဲ့သည်။

ဂီတကို နားမလည်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

ထို့ကြောင့် သူလည်း အနည်းငယ် နေရခက်သွားတော့၏။

သို့သော် အခြားသူများက နေရခက်လျှင် ရှက်ရွံ့စွာ ပြုံးတတ်ကြသော်လည်း စတုတ္ထမင်းသား ကတော့ ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်လေသည်။

သူ၏ ရယ်မောမှုက အားလုံးကိုပါ ရယ်မောသွားစေခဲ့သည်။

"ကြိုတင် စုံစမ်းမထားမိခဲ့တာ ဒီအမတ် ရဲ့ အမှားပါ... နောက်နေ့ကျရင် တန်ဖိုးကြီး လက်ဆောင်တွေ သေချာပေါက် ပို့ပေးပါ့မယ်... ကွေ့ရန် စိတ်မဆိုးဖို့ တောင်းဆိုပါတယ်"

"အိုး မဟုတ်တာပါ စတုတ္ထမင်းသား… ကျွန်တော်မျိုးမ က ဝမ်းသာလွန်းလို့ပါ"

နှစ်ဦးစလုံးမှာ ပွင့်လင်းပြီး အားနာတတ်သူများ မဟုတ်ကြသဖြင့် စကားပြော အဆင်ပြေချောမွေ့လေသည်။

ကျိမားမား၏ ရင်ခွင်ထဲရှိ ဒုတိယမင်းသမီး နှင့် ဒုတိယမင်းသား တို့လည်း လင်ဝမ်ယိ အနားသို့ တိုးလာပြီး သူမကို ပြောလိုက်လေ၏။

"လင်မယ်မယ် ရဲ့ မွေးနေ့ကို ဂုဏ်ပြုပါတယ်... သားတော်က လင်မယ်မယ် ကျန်းမာချမ်းသာပြီး ကံကောင်းခြင်းတွေ အပြည့်ရပါစေလို့ ဆုတောင်းပေးပြီး ကံကောင်းခြင်း စာလုံးတစ်ရာ ရေးထားတဲ့ စာအုပ်လေးကို လက်ဆောင်ပေးပါတယ်"

ပြောပြီးသည်နှင့် တုမားမား၏ လက်ထဲမှ သေချာစွာ ဘောင်ကွပ်ထားသော စာအုပ်ကို ယူလိုက်လေသည်။

စာလုံးများက သိပ်မလှသေးသလို လက်ရေးကလည်း တိကျမှုမရှိသေးချေ။

သို့သော် ဒုတိယမင်းသား၏ စေတနာနှင့် ကြိုးစားမှုကိုတော့ မြင်တွေ့နိုင်ပေသည်။

ဤသို့ ကိုယ်တိုင်လုပ်ထားသော လက်ဆောင် ပြင်ဆင်ပေးခြင်းက ကောင်းမွန်သော ကိစ္စဖြစ်သည်။

ထို့ကြောင့် လင်ဝမ်ယိက အလွန် သဘောကျသွားသည်။

လက်ထဲ ရောက်သည်နှင့် စာအုပ်လေးကို လှန်ကြည့်ကာ နှစ်သက်သဘောကျနေသဟန်ဖြင့် ပြောလိုက်လေ၏။

"ဒုတိယမင်းသား တကယ့်ကို စေတနာပါတာပဲ... လင်မယ်မယ် အရမ်း သဘောကျတယ်"

လင်ဝမ်ယိနှင့် ဒုတိယမင်းသားတို့၏ ဆက်ဆံရေးမှာ မသိသူဆိုလျှင် သားအမိအရင်းဟု ထင်မည် ဖြစ်သည်။

ထို့ကြောင့် စကားပြောဆိုရာတွင်လည်း သွယ်ဝိုက်ပြီး ပြောဆိုနေခြင်းများ သိပ်မရှိတော့ချေ။

ဒုတိယမင်းသားက လင်ဝမ်ယိ တကယ် သဘောကျမှန်း သိသလို လင်ဝမ်ယိကလည်း ဒုတိယမင်းသား တကယ် စေတနာပါမှန်း သိလေသည်။

သူတို့နှစ်ဦး အချင်းချင်း ပြုံးပြလိုက်ကြပြီး အရာအားလုံးကို စကားဖြင့် ဖော်ပြစရာ မလိုတော့ချေ။

ကျိမားမား၏ ရင်ခွင်ထဲရှိ ဒုတိယမင်းသမီးလေးမှာလည်း ယခုအချိန်တွင် သူမ၏ အစွမ်းအဆကို ပြသချင်နေသည့် ပုံပေါ်နေ၏။

ထို့ကြောင့် သူမဆီသို့ ခန္ဓာကိုယ် ကိုင်းလာလေသည်။

တိုက်ဆိုင်စွာပင် လင်ဝမ်ယိ၏ ပါးပြင်ကို 'ပြွတ်' ခနဲ နမ်းလိုက်မိပြီး သွားရည်များပါ တစ်ပါတည်း စီးကျလာလေ၏။

နူးညံ့အိစက်သော အထိအတွေ့လေးကြောင့် လင်ဝမ်ယိမှာ ပြုံးလိုက်မိသည်။

ဤသည်မှာ သူမ ရရှိဖူးသမျှ အထူးခြားဆုံး လက်ဆောင်ပင် ဖြစ်ပေလိမ့်မည်။

ကျိမားမား လက်ထဲမှ ဒုတိယမင်းသမီးကို ခေါ်ယူလိုက်ပြီး စနောက်ကာ ပြောလိုက်လေသည်။

"ဉာဏ်ကောင်းလေး"

ဒုတိယမင်းသမီးလေးက ဤစကားကို နားလည်ပုံရပြီး တခစ်ခစ် ရယ်မောနေ‌လေသည်။

သွားများ ထွက်မလာသေးသော်လည်း သွားရည်များကြောင့် ရင်ဘတ်ရှိ ပဝါလေးမှာတော့ အနည်းငယ် စိုစွတ်သွားလေပြီ။

စားပွဲကို ဝိုင်းထိုင်ကာ သူတို့ အားလုံး စတင် စားသောက်ကြလေသည်။

အစပိုင်းတွင် အရှင်မင်းကြီးက စတုတ္ထမင်းသား ရှိနေသဖြင့် လင်ဝမ်ယိ အနေဖြင့် အနည်းငယ် နေရခက်နေမည်လားဟု တွေးပူနေခဲ့သည်။

သို့သော် သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သူများလို အဆက်မပြတ် စကားပြောနေကြမည်မှန်း မည်သူက ထင်မည်နည်း။

သူက အလယ်တွင် ထိုင်နေရသဖြင့် အနည်းငယ် နှောင့်ယှက်နေသလိုပင် ဖြစ်နေတော့၏။ ထို့ကြောင့် ဟင်းလျာများကိုသာ မြိန်ရည်ရှက်ရည် စားသောက်လိုက်ရလေသည်။

သက်ရှည်ခေါက်ဆွဲကို စားပြီးသွားချိန်တွင် ဤမွေးနေ့ပွဲလေး ပြီးဆုံးသွားတော့သည်။

လူအများ ထွက်ခွာသွားကြပြီးနောက် ပင်မအခန်းထဲတွင် လင်ဝမ်ယိနှင့် အရှင်မင်းကြီးတို့သာ ကျန်ရစ်ခဲ့တော့သည်။

အရှင်မင်းကြီးက စတုတ္ထမင်းသား ပေးထားသော မြေစူးကို လက်ထဲတွင် ကိုင်ထားပြီး အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေ၏။

"ကိုယ်တော် က ငယ်ငယ်တုန်းက ဂီတပညာကို လေ့လာခဲ့ဖူးတယ်"

အော်...။

လင်ဝမ်ယိက အရှင်မင်းကြီး၏ မျက်ဝန်းထဲမှ ဂုဏ်ယူမှု အနည်းငယ်ကို မြင်လိုက်ရသည်။

ထို့ကြောင့် ချက်ချင်းပင် ပြောလိုက်လေ၏။

"အရှင်မင်းကြီး က ကျွန်တော်မျိုးမ ကို မွေးနေ့လက်ဆောင် ပေးမယ်လို့ ပြောထားတယ် မဟုတ်လား... ဒါဆိုရင် ကျွန်တော်မျိုးမ အတွက် သီချင်းတစ်ပုဒ်လောက် တီးမှုတ်ပြပါလား"

သူမ၏ ဤတောင်းဆိုမှုမှာ တကယ်ကို ရိုးရှင်းလှပေသည်။

သီချင်းတစ်ပုဒ်လောက် တီးမှုတ်ခြင်းကို အရှင်မင်းကြီးက သေချာပေါက် လုပ်နိုင်ပါသည်။

တာ့ဝေ့ပြည်၏ အမြင့်မြတ်ဆုံးသော သူက သူမ၏ မွေးနေ့အတွက် အထူးတလည် တီးမှုတ်ပြခြင်း ဖြစ်ရာ...

အလွန်အမင်း ဂုဏ်ယူစရာ ကောင်းသွားပြန်သည်။

အရှင်မင်းကြီးက မျက်ခုံးပင့်ကာ သူမကို ကြည့်ပြီး မေးလိုက်လေ၏။

"ဒီလောက် ရိုးရှင်းတာလား"

"အင်း... ဒီလောက် ရိုးရှင်းတာပါပဲ"

"ဒီလိုဆိုမှတော့... ကိုယ်တော် က မင်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

ပြောပြီးသည်နှင့် မြေစူးကို ယူကာ အနည်းငယ် ချိန်ညှိလိုက်ပြီးနောက် စတင် မှုတ်လေတော့သည်။

အရှင်မင်းကြီး၏ အသက်ရှူနှုန်းက ညီညာပြီး ရှည်လျားသဖြင့် မြေစူးမှ ထွက်လာသော အသံမှာလည်း ညီညီညာညဖြင့် နားဝင်ချိုလေသည်။

တူရိယာကို အများအားဖြင့် စစ်တပ်ထဲရှိ လူများက အိမ်လွမ်းစိတ်ကို ဖော်ပြရာတွင် အသုံးပြုလေ့ရှိသဖြင့် ဝမ်းနည်းဖွယ် အငွေ့အသက်များကတော့ သေချာပေါက် ပါဝင်နေလေသည်။

နန်းတော်ထဲတွင်တော့ ဇိမ်ကျကျ တေးသွားများသာ များပြားသဖြင့် ဤကဲ့သို့သော အသံမျိုး ရှားပါးလှသည်။

အသံက ရွေ့ယန်စံအိမ် တစ်ခုလုံးကို ဖြတ်သန်းသွားပြီး လင်ဝမ်ယိ သာမက ကိုယ်ရံတော်များနှင့် နန်းတွင်းသူ နန်းတွင်းသား အားလုံးလည်း နားထောင်ရင်း မျောပါသွားကြလေသည်။

တီးမှုတ်မှု ပြီးဆုံးသွားသည်အထိ အသံထဲ မျောဝင်နေဆဲပင်။

လင်ဝမ်ယိက အရှင်မင်းကြီးကို ကြည့်သည့် မျက်ဝန်းများထဲတွင် ရှားရှားပါးပါး လေးစားမှုများ အနည်းငယ် တိုးလာခဲ့သည်။

အရှင်မင်းကြီးတွင် ဤမျှလောက် အံ့ဩစရာကောင်းသော အရည်အချင်းများ ရှိနေမည်ဟု သူမ မသိခဲ့ချေ။ တကယ်ကို ထင်မှတ်မထားသော အရာပင် ဖြစ်သည်။

သူမ၏ အတွေးများကို အရှင်မင်းကြီးက ရိပ်မိသွားပုံရသည်။

အရှင်မင်းကြီးက ချက်ချင်းပင် ရှင်းပြလိုက်လေ၏။

"ခမည်းတော် က ဂီတပညာကို ကျွမ်းကျင်တော့ ကိုယ်တော့်ကို အများကြီး သင်ပေးခဲ့တယ်... ဒါပေမဲ့... နောက်ပိုင်းကျတော့ ထပ်မလေ့ကျင့်ဖြစ်တော့ဘူးလေ... အဲဒါကြောင့် နည်းနည်းတော့ စိမ်းနေတာပေါ့"

ဤကဲ့သို့ ကျွမ်းကျင်မှုကို စိမ်းနေသည်ဟု ခေါ်သေးသည်တဲ့လား။

လင်ဝမ်ယိက အရှင်မင်းကြီးမှာ အလွန်အမင်း နှိမ့်ချလွန်းနေသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူ၏ မျက်ဝန်းထဲမှ လွမ်းဆွတ်မှု အနည်းငယ်ကို မြင်သောအခါ ဘာမှ ထပ်မပြောတော့ချေ။

ရှေ့သို့ တစ်လှမ်းတိုးကာ အရှင်မင်းကြီး၏ ရင်ခွင်ထဲသို့ မှီခိုလိုက်လေသည်။

ထို့နောက် တိုးတိုးလေး ပြောလိုက်လေ၏။

"အရှင်မင်းကြီး ရဲ့ မွေးနေ့လက်ဆောင် အတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ အရမ်း သဘောကျပါတယ်"

အရှင်မင်းကြီးက ရင်ခွင်ထဲရှိ သူမကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ဤခဏတာ နွေးထွေးမှုကို တိတ်တဆိတ် ခံစားနေလိုက်လေ၏။

အရှင်မင်းကြီး နေ့လယ်အိပ်စက်နေချိန်ကို အခွင့်ကောင်းယူကာ လင်ဝမ်ယိက ထပြီး ဘေးဘက်အခန်းသို့ ထွက်သွားလေသည်။

ရှအန်း က လက်ထဲရှိ ဆီစိမ်စက္ကူအိတ်ကို လင်ဝမ်ယိထံ ကမ်းပေးလိုက်ပြီးနောက် ပြုံးရင်း ပြောလိုက်လေ၏။

"ဒါက ခုနက ပထမသခင်လေး လာပို့သွားတာပါ... ပေါင်လင်းဆိုင် ကနေ အထူးတလည် သွားဝယ်လာတာတဲ့... သခင်မလေး အကြိုက်ဆုံး ကြာရွက်ထုပ် ကြက်ကင် လေ... မြန်မြန် မြည်းကြည့်ပါဦး"

ဗိုက်ပြည့်နေပြီ ဖြစ်သော်လည်း လင်ဝမ်ယိမှာ မနေနိုင်ဘဲ တစ်ခု ယူလိုက်မိသည်။

ပါးစပ်ထဲ ရောက်သွားချိန်တွင် ပူပူနွေးနွေးလေး ဖြစ်နေသေး၏။

မီးဖိုထဲကနေ အခုမှ ထွက်လာတာနဲ့ သိပ်မကွာခြားလှချေ။

"အစ်ကို ကတော့ တကယ်ပါပဲ... အဝေးကြီး သွားပြီး ဘာလို့ သွားဝယ်ရတာလဲ”

All Chapters