← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း (၂၃၃) နန်းတော်သို့ ပြန်လည်ရောက်ရှိခြင်း

ပါကျောက်စားသောက်ဆိုင်သည် မြို့ထဲတွင် တည်ရှိပြီး နွေရာသီအပန်းဖြေနန်းတော်နှင့် မိုင်ပေါင်းများစွာ ကွာဝေးလေသည်။ သူ ဤမျှ ခရီးဝေး သွားလာခဲ့ရသော်လည်း ကြာရွက်ထုပ် ကြက်ကင်ကို မအေးသွားစေရန် ထိန်းသိမ်းနိုင်ခဲ့ခြင်းမှာ သူ၏ ကိုယ်ပေါ်တွင် ကပ်လျက် ဝှက်ထားကာ ခန္ဓာကိုယ်အပူငွေ့ဖြင့် တွဲယူဆောင်လာခဲ့ခြင်းဖြစ်မည်မှာ သေချာလှပေသည်။

ဤစေတနာက လင်ဝမ်ယိကို ပိုးသားထည်များ ရရှိသည်ထက်ပင် ပို၍ ဝမ်းသာစေခဲ့သည်။

"ပထမသခင်လေး က ပြောတယ်... ဒါက သခင်မလေး နှစ်တိုင်း မွေးနေ့မှာ စားလေ့ရှိတာဆိုတော့ ဒီနှစ်လည်း စားရမှာပေါ့တဲ့"

"အစ်ကိုက တကယ့်ကို ချစ်တာပဲ"

ပြောပြီးသည်နှင့် နောက်ထပ် တစ်ခုကို ယူကာ တစ်ကိုက်ချင်း ဝါးစားနေလေ၏။ မျက်ဝန်းထဲတွင်လည်း ကြည်နူးမှုများ အပြည့်ဖြစ်နေသည်။

အပြင်ဘက်တွင် လေနှင့်နှင်းများက တိုက်လိုက် ရပ်လိုက် ဖြစ်နေပြီး ပို၍ပင် အေးစက်လာလေသည်။

ဆယ့်နှစ်လပိုင်း နှစ်ဆယ့်သုံးရက်နေ့ နံနက်ခင်းတွင် နန်းတော်နှင့် ခြောက်လကြာ ကင်းကွာခဲ့သော လင်ဝမ်ယိသည် သားသမီး နှစ်ယောက်ကို ခေါ်ဆောင်ကာ အရှင်မင်းကြီး၏ မြင်းလှည်းတန်းကြီးနှင့်အတူ နန်းတော်သို့ ပြန်လည် ရောက်ရှိလာတော့သည်။

နံနက်ပိုင်းတွင် စတင် ထွက်ခွာလာခဲ့ရာ နေ့လယ်ပိုင်းတွင် မြင်းလှည်းတန်းကြီးက နန်းတော်တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အရှင်မင်းကြီး ပြန်လာမည်ကို သိနေသည့်အလား ဆောင်းရာသီတွင် ရခဲလှသော နေရောင်ခြည်ကလည်း ကောင်းကင်ယံတွင် တောက်ပစွာ ထွက်ပေါ်နေလေ၏။

ကိုယ်လုပ်တော်များ အားလုံးကလည်း စောင့်ဆိုင်းနေကြသည်မှာ ကြာပြီဖြစ်သည်။

လက်ခြေများ အနည်းငယ် အေးစက်နေသော်လည်း သူတို့၏ စိတ်ထဲတွင်တော့ အလွန်အမင်း တက်ကြွနေကြလေသည်။

ရှေ့ဆုံးတွင် ရပ်နေသူမှာ ယီဖေး ဖြစ်ပြီး သူမ၏ နောက်တွင် မကြာသေးမီကမှ ရာထူးတိုးထားသော ယင်းဖေး က လိုက်ပါလာသည်။ ထို့နောက်တွင် ချန်းကွေ့ရန်၊ မင်ကွေ့ရန်၊ ယီချန်ကျိုက်၊ မုချန်ကျိုက် နှင့် အခြားသော ကိုယ်လုပ်တော်များက အသီးသီး လိုက်ပါလာကြသည်။

အရှင်မင်းကြီး၏ မြင်းလှည်းက တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ အားလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားကြတော့၏။

နောက်တွင် လိုက်ပါလာသော လင်ဝမ်ယိ၊ ဒုတိယမင်းသား နှင့် ဒုတိယမင်းသမီးတို့ကို လုံးဝ ဂရုမစိုက်နိုင်တော့ချေ။

"ကျွန်တော်မျိုးမ အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"

"အင်း... ထကြတော့"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

ကိုယ်လုပ်တော်များ မတ်တပ်ရပ်လိုက်ချိန်တွင် အရှင်မင်းကြီးကို ကြည့်သည့် မျက်ဝန်းများထဲ၌ ပြင်းပြသော ဆန္ဒများ၊ လွမ်းဆွတ်မှုများနှင့်အတူ မျက်ရည်များပင် ဝဲလုမတတ် ဖြစ်နေကြသည်ကို တွေ့ရ၏။

အရှင်မင်းကြီးက ဘေးဘီကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယင်းဖေး ကို ကြည့်ကာ ပြောလိုက်လေသည်။

"စတုတ္ထမင်းသား ရော ဘယ်မှာလဲ"

"နှင်းကျပြီး လေတိုက်နေတော့... ကျွန်တော်မျိုးမ က စတုတ္ထမင်းသား ကို ခေါ်လာရင် အအေးမိသွားမှာ စိုးလို့... နို့ထိန်း ကို ယောင်ယွဲ့နန်းဆောင် မှာပဲ ထားခဲ့ဖို့ ပြောလိုက်ပါတယ်"

"အင်း... ခဏနေရင် ကိုယ်တော် သူ့ကို သွားကြည့်မယ်လေ"

"အရှင်မင်းကြီး ရဲ့ ဂရုစိုက်မှုအတွက် ကျွန်တော်မျိုးမ နဲ့ စတုတ္ထမင်းသား တို့ အတိုင်းမသိ ကျေးဇူးတင်ပါတယ်"

သားဖွားပြီးနောက် ရာထူးတိုးသွား၍ ဖြစ်မည်၊ ယခုအချိန်တွင် ယင်းဖေး မှာ ယခင်ကထက် အများကြီး ပို၍ လှပတောက်ပနေလေသည်။

ပုန်းကွယ်နေတတ်ပြီး သူမ၏ အလှအပနှင့် အမူအရာများကိုပင် ထိန်းချုပ်ထားတတ်သည့် ပုံစံမျိုး မရှိတော့ချေ။

သူမက အရှင်မင်းကြီးကို အချစ် မျက်ဝန်းများဖြင့် ကြည့်လိုက်ချိန်တွင် ယီဖေး ၏ မျက်ဝန်းထဲ၌ မကျေနပ်မှုများ ပြည့်နှက်သွားလေသည်။

ထို့ကြောင့် ချက်ချင်း ဝင်ပြောလိုက်လေ၏။

"အရှင်မင်းကြီး... အရှင်မင်းကြီး ကို ကြိုဆိုဖို့အတွက် ချန်အန်းနန်းဆောင် ရဲ့ ဘေးဘက်အခန်းမှာ ကျွန်တော်မျိုးမ က အရက်နဲ့ ဟင်းလျာတွေ အသင့်ပြင်ထားပါတယ်... တတိယမင်းသား လည်း ကျောင်းဆင်းပြီး အဲဒီမှာ စောင့်နေပါပြီ... နှင်းတွေကျနေတော့ နန်းတော်ထဲ အရင် ဝင်ကြတာပေါ့"

"အင်း... ယီဖေး ပင်ပန်းသွားပြီ... ဒီရက်ပိုင်း နန်းတော်ထဲက ကိစ္စတွေ အားလုံးကို မင်းပဲ ဦးစီးနေရတာဆိုတော့"

အရှင်မင်းကြီး၏ စကားက တည်ငြိမ်သော်လည်း ယီဖေး ၏ နားထဲတွင်တော့ အလွန် ကြည်နူးစရာ ကောင်းနေလေသည်။

လင်ကွေ့ဖေး က ထိုက်ဆန်းတောင် နွေရာသီအပန်းဖြေနန်းတော် တွင် ကျန်ရစ်ခဲ့မှန်း သူမ သိထားပြီး ဖြစ်ရာ အနောက်ဆောင် ၏ အုပ်ချုပ်မှု တာဝန်များက သူမ၏ လက်ထဲသို့ ကျရောက်လာနိုင်ခြေ အလွန်များပြားပေသည်။

ထိုသို့ဆိုလျှင် အကောင်းဆုံး ကြိုးစားပြရမည် မဟုတ်လား။

ထို့ကြောင့် သူမက ပြုံးပြလိုက်ပြီး ဖြေကြားလိုက်လေ၏။

"ဒါတွေက ကျွန်တော်မျိုးမ လုပ်သင့်လုပ်ထိုက်တာတွေပါ"

ထို့နောက်တွင် သူမ၏ အကြည့်များက လင်ဝမ်ယိ ဆီသို့ ရောက်ရှိသွားတော့သည်။

လေနှင့်နှင်းများကြားတွင် ဒုတိယမင်းသား နှင့် ဒုတိယမင်းသမီး တို့မှာ လုံလုံခြုံခြုံ ဝတ်ဆင်ထားသဖြင့် သူမ ဘာမှ သေချာ မမြင်ရချေ။

သို့သော် လင်ဝမ်ယိ မှာမူ လအနည်းငယ်ခန့် ရောဂါကုသအနားယူနေပြီးနောက် နန်းတွင်း စဝင်လာချိန်ကထက် ပို၍ပင် နူးညံ့လှပလာခဲ့သည်။

သူမ၏ မျက်ဝန်းထဲတွင် အဓိပ္ပာယ်ဖော်ရခက်သော အရိပ်အယောင်တစ်ခု ဝင်လာပြီးနောက် ချက်ချင်းပင် ပြောလိုက်လေ၏။

"လင်ကွေ့ရန် ရဲ့ ရောဂါက အတော်လေး သက်သာသွားပုံပဲ"

"မယ်မယ် ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်မျိုးမ အများကြီး သက်သာသွားပါပြီ"

လင်ဝမ်ယိ နွေရာသီအပန်းဖြေနန်းတော် တွင် ကျန်ရစ်ခဲ့စဉ်က လူအတော်များများက သူမကို သနားစရာကောင်းသည်ဟု ထင်မှတ်ခဲ့ကြသည်။

ယခု သူမက ပို၍ လှပလာသည်ကို မြင်သောအခါ အားလုံး၏ စိတ်ထဲတွင် မကျေနပ်မှုများ ဖြစ်ပေါ်လာကြတော့၏။

မုချန်ကျိုက် သည် ယခင်ကတည်းက လင်ဝမ်ယိ ၏ အလှမှာ တိုင်းပြည်တစ်ခုကို လှုပ်ခတ်နိုင်စွမ်း ရှိကြောင်း သိထားပြီး ဖြစ်သည်။ သို့သော် လအနည်းငယ် မတွေ့ရသည့်အချိန်အတွင်း ယခင်ကထက် ပို၍ လှပလာမည်ဟု လုံးဝ ထင်မထားခဲ့ချေ။

သူမ၏ စိတ်ထဲတွင် မနာလို မဖြစ်ဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

ထို့ကြောင့် သူမက အသံကို မြှင့်ကာ လူတိုင်း ကြားစေရန် တမင်သက်သက် ပြောလိုက်လေ၏။

"နွေရာသီအပန်းဖြေနန်းတော် က တကယ်ပဲ လူကို လှစေတာပဲ... ကြည့်ပါဦး... ကျွန်မတို့ အားလုံးက လင်အစ်မတော် ရဲ့ အလှအောက်မှာ မှေးမှိန်သွားပြီ"

ပြောပြီးသည်နှင့် သူမက ပြုံးရွှင်နေသည့် ပုံစံကိုပါ ဟန်ဆောင်ပြလိုက်သေးသည်။

လင်ဝမ်ယိ က တစ်ချက် ကြည့်လိုက်ပြီး အခြား ဘာမှ တုံ့ပြန်မှု မလုပ်ခဲ့ချေ။

အရှင်မင်းကြီး ကတော့ မုလန်ချွမ်း ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်လေ၏။

"သွားကြစို့"

"ဟုတ်ကဲ့ပါ"

ထို့နောက် အားလုံးက အရှင်မင်းကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝန်းရံကာ ချန်အန်းနန်းဆောင် သို့ အတူတကွ သွားကြလေသည်။

လင်ဝမ်ယိ က တမင်သက်သက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ နောက်ဆုံးမှ လိုက်ပါလာခဲ့သည်။

ဒုတိယမင်းသား က အရှေ့ရှိ လှပသော အမျိုးသမီးအုပ်စုကြီးကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေ၏။

ထို့နောက် အသံကို နှိမ့်ကာ လင်ဝမ်ယိ ၏ ဘေးတွင် တိုးတိုးလေး ပြောလိုက်သည်။

"နွေရာသီအပန်းဖြေနန်းတော် က ပိုအေးချမ်းတယ်"

လင်ဝမ်ယိ က သူ၏ အဓိပ္ပာယ်ကို နားလည်သဖြင့် သူ၏ နဖူးကို အသာအယာ တောက်ကာ ပြောလိုက်လေ၏။

"နန်းတော်ထဲမှာ လူများရင် စကားများတတ်တယ်... သတိထားဦးနော်... အပြစ်ပြောစရာ မဖြစ်စေနဲ့"

"သိပါပြီ... လင်မယ်မယ် စိတ်ချပါ"

မသိဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ်နိုင်သည့် ဤပညာရပ်ကိုတော့ သူ ကောင်းကောင်း တတ်ကျွမ်းထားပေသည်။

ထို့နောက် မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ရာ နွေရာသီအပန်းဖြေနန်းတော် တွင် အပြစ်ကင်းစင်ပြီး ပျော်ရွှင်စွာ ရယ်မောတတ်ခဲ့သော ဒုတိယမင်းသား မှာ ယခင်ကလို အနည်းငယ် မှုန်ကုပ်ကုပ် မျက်နှာထားမျိုးသို့ ပြန်လည် ရောက်ရှိသွားတော့၏။

'သူစိမ်းတွေ မကပ်နဲ့' ဆိုသည့် မျက်နှာထားမျိုး ဖြစ်နေသဖြင့် လင်ဝမ်ယိ ပင် မျက်ခုံးပင့်သွားရလေသည်။

စိတ်ထဲတွင်တော့ 'တကယ်ပဲ အရှင်မင်းကြီး ရဲ့ သားပါပဲလား... ဒီလို မျက်နှာပြောင်းတဲ့ အမြန်နှုန်းကတော့...' ဟု တွေးလိုက်မိသည်။

'လုံးဝ တစ်ပုံစံတည်းပဲ'

ဘေးဘက်အခန်းထဲတွင် ယီဖေး က အားလုံးကို အသင့်ပြင်ဆင်ထားပြီး ဖြစ်ရာ အားလုံး ထိုင်ပြီးသည်နှင့် ဟင်းလျာများက တစ်ခုပြီးတစ်ခု ရောက်လာတော့၏။

တတိယမင်းသား လည်း အခန်းထဲတွင် ရောက်နှင့်နေပြီး သူ၏ ဘေးတွင် မင်းသမီးမင်‌ရော့ လည်း ရပ်နေလေသည်။

"သားတော် ခမည်းတော် ကို ဂါရဝပြုပါတယ်... ခမည်းတော် ကျန်းမာပါစေ"

"သမီးတော် ခမည်းတော် ကို ဂါရဝပြုပါတယ်... ခမည်းတော် ကျန်းမာပါစေ"

အချိန်အတန်ကြာ မတွေ့ရပြီးနောက် တတိယမင်းသား မှာ ပို၍ပင် ယဉ်ကျေးသိမ်မွေ့လာခဲ့သည်။

မင်းသမီးမင်‌ရော့ ကတော့ ယခင်ကလို မာနကြီးသည့် ပုံစံမျိုး မရှိတော့ချေ။

မျက်နှာကလည်း သိပ်မကောင်းလှပေ။

အရှင်မင်းကြီး က ကလေးနှစ်ယောက်ကို မြင်သည်နှင့် တပြိုင်နက် သူတို့၏ မျက်နှာအမူအရာ အသီးသီးကို ချက်ချင်း သတိထားမိလိုက်သည်။

ယခင်က တစ်ဦးတည်းသော သမီးလေး ဖြစ်ခဲ့သူ ဤသို့ စိတ်ပျက်အားငယ်နေသည်ကို မြင်သောအခါ သူ၏ ရင်ထဲတွင်လည်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားရ၏။

ထို့ကြောင့် သူမ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"နောက်ထပ် တစ်လနေရင် မယ်တော်ကြီး က မြို့တော်ကို ပြန်ရောက်တော့မယ်... အဲဒီအချိန်ကျရင် စီနင်နန်းဆောင် ကို သွားပြီး မယ်တော်ကြီး ဘေးက မားမား တွေဆီမှာ စည်းကမ်းတွေကို သေချာ သင်ယူရမယ်နော်... နားလည်လား"

"ဟုတ်ကဲ့ပါ ခမည်းတော်"

ထို့နောက် တတိယမင်းသား ကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ချီးကျူးမှုများ ပြည့်နှက်နေလေ၏။

"ကိုယ်တော် လာတဲ့လမ်းမှာ မင်းရဲ့ စာသင်ကြားမှု အခြေအနေတွေကို ယီဖေး ပြောပြလို့ ကြားခဲ့ရတယ်... တော်တယ်"

"ခမည်းတော် ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါက သားတော် လုပ်သင့်လုပ်ထိုက်တာပါ"

"အင်း... နွေဦးရာသီ ရောက်ရင် မင်းရဲ့ ဒုတိယအစ်ကို လည်း ကျောင်းစတက်ရတော့မယ်... သူက မင်းထက် နောက်ကျမှ စာသင်ရတာဆိုတော့... အဲဒီအချိန်ကျရင် သူ့ကို အများကြီး ကူညီပေးလိုက်ဦးနော်... နားလည်လား"

"သားတော် နားလည်ပါတယ်... ခမည်းတော် စိတ်ချပါ"

အရှင်မင်းကြီး က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဒုတိယမင်းသား ကို သတိရသွားကာ ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားလေ၏။

နဂါးပလ္လင်ပေါ်တွင် ထိုင်လိုက်ပြီးနောက် ယခင်ကလို ဧကရာဇ် ၏ အရှိန်အဝါမျိုးသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

ဒုတိယမင်းသား ၏ နေရာက တတိယမင်းသား ၏ အရှေ့တွင် ရှိသည်။ ယခုအခါတွင် သူက "ဟန်မင်းသား" ဆိုသည့် အဆင့်အတန်း ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် အဆင့်အတန်းအရဖြစ်စေ၊ အမည်နာမအရဖြစ်စေ ဤသို့ နေရာချထားခြင်းမှာ သင့်တော်ပေသည်။

တတိယမင်းသား က သူ့ကို အကြိမ်ကြိမ် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေသော်လည်း ဒုတိယမင်းသား ၏ မျက်နှာပေါ်တွင်တော့ တုံ့ပြန်မှု သိပ်မရှိလှချေ။

ဒုတိယမင်းသား ၏ မှုန်ကုပ်ကုပ် မျက်နှာကို အသားကျနေပြီ ဖြစ်သော တတိယမင်းသား ကတော့ ဤအရာကို လုံးဝ ဂရုမစိုက်ပေ။

ရောဂါပျောက်သွားရင်ရော ဘာဖြစ်လဲ။ ကျောင်းတက်ရင်ရော ဘာဖြစ်လဲ။

ဒီနှစ်တွေအတွင်း သင်ခဲ့ရတာတွေကို ဒုတိယမင်းသား က ဘယ်လိုမှ လိုက်မီနိုင်မှာ မဟုတ်ဘူး။

ထိုအကြောင်းကို တွေးမိပြီး ကလေးလေး၏ မျက်နှာပေါ်တွင် လူကြီးများပင် ရှိရန် ခက်ခဲသော မိမိကိုယ်ကို ဂုဏ်ယူနေသည့် အမူအရာမျိုး ပေါ်လွင်နေလေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ယီဖေး လည်း ဂုဏ်ယူစွာဖြင့် ခေါင်းမော့ထားလိုက်တော့၏။

All Chapters