အခန်း ၂၃၆
Vol. 24 Ch. 236
အခန်း (၂၃၆) ရာထူးတိုးခြင်း
"လင်ကွေ့ရန် ကို ကွေ့ဖင် အဖြစ် ချက်ချင်း ရာထူးတိုးပေးလိုက်... ရီနင် ဆိုတဲ့ ဘွဲ့နာမည် ပေးလိုက်... ပြီးတော့ ကိုယ်ရံတော်လင် ရဲ့ အမေကိုလည်း ပထမအဆင့် သခင်မကြီး အဖြစ် ခန့်အပ်တဲ့ အမိန့်ကို ထုတ်ပြန်လိုက်... မြန်မြန်သွား"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ဒီအစေခံ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"
အရှင်မင်းကြီး၏ ဤအမိန့် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် အားလုံး ငြိမ်ကျသွားကြတော့သည်။
ပုံမှန်ဆိုလျှင် ရာထူး နှစ်ဆင့် တပြိုင်နက် တိုးပေးသည့် အမိန့်အပေါ် ကန့်ကွက်သံများ ဆက်တိုက် ထွက်ပေါ်လာပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်တော့ မည်သူကမျှ အတင့်ရဲပြီး ဝင်မပြောရဲကြချေ။
ကိုယ်ရံတော်လင် က သူ၏ အသက်ကို ပေးပြီး အရှင်မင်းကြီးကို ကယ်တင်ခဲ့သည် မဟုတ်လား။
အကယ်၍ သူသာ ရှေ့ထွက် မကာကွယ်ပေးခဲ့လျှင် ယခုအချိန်တွင် သွေးအိုင်ထဲ၌ လဲကျနေသူမှာ အရှင်မင်းကြီး ပင် ဖြစ်ပေလိမ့်မည်။
ယီဖေး နှင့် အဖွဲ့ ရောက်လာချိန်တွင် ဤမြင်ကွင်းကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။
ဤကဲ့သို့ အဆင့်ကျော်၍ ရာထူးတိုးပေးခြင်းမှာ နန်းတွင်း စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည်ဟု သူမ ယူဆမိ၏။
အရှင်မင်းကြီးကို သေချာ စဉ်းစားရန် ပြောဖို့ ပြင်လိုက်စဉ်မှာပင် ဘေးနားရှိ ရွမ်ကုန်းကုန်း က သူမကို ဆွဲထားလိုက်လေသည်။
သူမကို ခေါင်းယမ်းပြလိုက်ပြီး မျက်နှာအမူအရာက သတိထားရန် ပြောဆိုနေလေ၏။
ယီဖေး မှာလည်း ယခုအချိန်တွင် ဤစကားကို ပြောရန် မသင့်တော်ကြောင်း သိထားသဖြင့် ပါးစပ်ကို ပိတ်ထားလိုက်ရတော့သည်။
အချိန်မရွေး အသက်ထွက်သွားနိုင်သည့် လင်ရှင်းကျစ် နှင့် အသက်ရှူမဝအောင် ငိုကြွေးနေသည့် လင်ဝမ်ယိ တို့ကို ကြည့်နေမိသည်။
ကွေ့ရန် အဆင့်လေး တစ်ယောက်ကနေ ကွေ့ဖင် အဖြစ် ရုတ်တရက် ရောက်သွားခဲ့သည်။
ဒါ့အပြင် "ရီနင်" ဆိုတဲ့ ဘွဲ့နာမည်ကိုပါ ပေးသနားလိုက်သေးတယ်။
ဤသည်မှာ တာဝေ့ပြည် တစ်ခုလုံးတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ထူးခြားသည့် အဖြစ်အပျက်ပင်။
ဟယ့်နျန်ဇစ် မှာ စာလုံးနှစ်လုံးပါသော ဘွဲ့နာမည် ရရှိခဲ့သော်လည်း သူမက နျန်ဇစ် အဆင့်လေးသာ ရှိသေးသဖြင့် ကြီးမားသော ကိစ္စရပ်များ ဖန်တီးနိုင်စွမ်း မရှိချေ။
ထို့အပြင် 'ကျင်းရှို့' ဟူသော စာလုံးနှစ်လုံးနှင့် 'ရီနင်' ဟူသော စာလုံးနှစ်လုံးမှာလည်း ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှပေသည်။
တစ်ခုက အရှင်မင်းကြီး သတိရ၍ ပေးလိုက်ခြင်း ဖြစ်ပြီး... နောက်တစ်ခုကတော့ အရှင်မင်းကြီး ကိုယ်တိုင် နှုတ်ကနေ တရားဝင် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
လင်ဝမ်ယိ က တကယ့်ကို...
ကံကောင်းလွန်းလှပေသည်။
ရီနင်ကွေ့ဖင်... အပေါ်ယံ ကြည့်လျှင် ကွေ့ဖင် တစ်ယောက်သာ ဖြစ်သော်လည်း သေချာကြည့်မည်ဆိုလျှင် ယင်းဖေး နှင့် တန်းတူ ဖြစ်သွားနိုင်သည်။
ဒီလင်မိသားစု ကို တကယ် အထင်သေးလို့ မရတော့ဘူးပဲ။
လင်ကွေ့ဖေး ကို မနည်း ဖယ်ရှားနိုင်ခဲ့တာ... အခုတော့ ရီနင်ကွေ့ဖင် တစ်ယောက် ထပ်ပေါ်လာပြီး အသက်ကယ်ကျေးဇူးရှင် ကိုယ်ရံတော်လင် ပါ ရှိနေသေးတယ်။
ဒီမောင်နှမ နှစ်ယောက် နောင်တစ်ချိန်မှာ ဘယ်လောက်အထိ အထက်ကို တက်လှမ်းနိုင်မလဲ ဆိုတာ တွေးကြည့်စရာတောင် မလိုတော့ဘူး။
လင်ရှင်းကျစ် ကို ထမ်းစင်ဖြင့် သယ်သွားကြသည်။
လင်ဝမ်ယိ နှင့် အရှင်မင်းကြီး တို့လည်း အတူတကွ လိုက်ပါသွားကြလေ၏။
ယီဖေး ၏ ဘေးမှ ဖြတ်လျှောက်သွားချိန်တွင် သူမကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။
လူများ ထွက်သွားမှသာ ယီဖေး က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
"သူက အရှင်မင်းကြီး ရဲ့ မြို့တော်ကင်းစောင့်တပ် ကလေ... ချက်ချင်း သေသွားရင်တောင် သူ့ရဲ့ တာဝန်ပဲ... ဘာလို့ လင်ကွေ့ရန် က ဒီလောက် ဆုတွေ ရသွားရတာလဲ"
"မယ်မယ်... တခြားသူ ကြားသွားရင် မကောင်းပါဘူး... ကျွန်တော်မျိုးမတို့ ဘေးဘက်အခန်း ကို အမြန် ပြန်သွားတာ ပိုကောင်းမယ်... နောက်က ကိုယ်လုပ်တော်တွေ စောင့်နေသေးတယ် ဆိုတာ မမေ့ပါနဲ့"
ယီဖေး က သက်ပြင်းရှည်ကြီး ချလိုက်သည်။
ရွမ်မင် ပြောတာ မှန်တယ်။
သူမက ယခုအခါ အနောက်ဆောင် ကို အုပ်ချုပ်မှု ရန် တာဝန်ရထားသူ ဖြစ်ရာ ပြီးဆုံးသွားသည့် ကိစ္စတစ်ခုအတွက် ဤနေရာတွင် စိတ်အနှောင့်အယှက် ဖြစ်နေမည့်အစား အခြားကိုယ်လုပ်တော်များကို ထိန်းထားပေးသည်က ပိုကောင်းပေလိမ့်မည်။
အရေးကြီးချိန်တွင် သူမ၏ စွမ်းဆောင်ရည်ကို အရှင်မင်းကြီး မြင်တွေ့စေရန်လည်း ဖြစ်သည်။
ထို့ကြောင့် မကျေနပ်သော အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ဘေးဘက်အခန်း ဆီသို့ ပြန်သွားလေတော့သည်။
ကြမ်းပြင်ပေါ်တွင် သွေးကွက်ကြီး တစ်ကွက်နှင့် ကြောက်လန့်တုန်ရီနေသော နန်းတွင်းသူ နန်းတွင်းသား များကိုသာ ချန်ရစ်ခဲ့တော့၏။
ယင်းဖေး နှင့် အခြားသူများက ဘေးဘက်အခန်း ထဲတွင် စောင့်နေကြပြီး အားလုံးက ကြောက်ရွံ့နေကြသည်။
အရှင်မင်းကြီး မှာ ငယ်ရွယ်သေးသလို သူတို့တွေလည်း ငယ်ရွယ်သေးသည် မဟုတ်လား။
အကယ်၍ တကယ်သာ...
ဒါဆို သူတို့ရဲ့ ဘဝအစလေးမှာတင် တစ်သက်လုံး နလန်မထူနိုင်တော့အောင် ဖြစ်သွားမှာပေါ့။
ယင်းဖေး ၏ စိတ်ထဲတွင်လည်း ယခုအချိန်၌ ရှုပ်ထွေးနေလေသည်။
အရှင်မင်းကြီး အပေါ်တွင် သူမက အနည်းငယ်တော့ သံယောဇဉ် ရှိပါသည်။
ထို့ကြောင့် အစပိုင်းတွင် သူမက ပြေးလာရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူမက စိုးရိမ်မှုများလည်း ရှိနေခဲ့သည်။
စတုတ္ထမင်းသား မှာ အလွန် ငယ်ရွယ်သေးရာ... အကယ်၍ အရှင်မင်းကြီး သာ တကယ် တစ်ခုခု ဖြစ်သွားခဲ့လျှင်...
သူမက ယီဖေး နှင့် အသက်လုကာ တိုက်ခိုက်ရတော့မည် ဖြစ်ပြီး... မိမိကိုယ်ကို၊ သားတော်ကို၊ ထို့အပြင် မိသားစု တစ်ခုလုံး၏ အသက်နှင့် အနာဂတ်ကို ကာကွယ်ရမည် ဖြစ်သည်။
ထို့ကြောင့် သူမလည်း ကုလားထိုင်ပေါ်တွင် ငိုင်တွေစွာ ထိုင်နေပြီး နာကျင်စွာ မျက်ရည်ကျနေလေ၏။
အခန်းထဲရှိ လူအားလုံး ငိုကြွေးနေကြရာ ယီဖေး ဝင်လာပြီး မြင်လိုက်ချိန်တွင် စောစောက ဒေါသများ အားလုံးကို ဖောက်ခွဲလိုက်တော့သည်။
"ဘာတွေ ငိုနေကြတာလဲ... အရှင်မင်းကြီး ဘာမှမဖြစ်သေးဘူး... မင်းတို့တွေ ငိုနေတာနဲ့တင် အရှင်မင်းကြီး တစ်ခုခု ဖြစ်သွားတော့မယ်"
သူမ ဝင်လာသည်ကို မြင်သောအခါ ယင်းဖေး က အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။
ရှေ့သို့ အလျင်စလို တိုးသွားပြီး မျက်ရည်များဖြင့် မေးလိုက်လေ၏。
"မယ်မယ်... အရှင်မင်းကြီး ရဲ့ အခြေအနေ ဘယ်လိုရှိလဲ"
"ဟွန့်... အခုကျတော့မှ လာပြီး သဘောလာကောင်းပြနေတယ်"
သူမ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုများ ရှိနေပြီး ယီဖေး ၏ ဤစကားက ယင်းဖေး ကို အလွန် နေရခက်သွားစေသည်။
သို့သော် ယခုအချိန်တွင် သူမက လည်း အငြင်းပွားရန် စိတ်မဝင်စားတော့ဘဲ သတင်းကောင်း ကိုသာ ကြားရန် မျှော်လင့်နေမိ၏။
ယီဖေး အနေဖြင့် ယင်းဖေး ကို အထင်သေးခဲ့မိသည်ဟု ဆိုရပေမည်။
ယခင်က သတိမထားမိလောက်အောင် နေတတ်သူ တစ်ဦးက ကြောက်ရွံ့တတ်သည့် ပုံစံများကို ဖယ်ရှားလိုက်ပြီး မိမိနှင့် ထိပ်တိုက် ရင်ဆိုင်ရန် မကြောက်တော့ဘဲ စတုတ္ထမင်းသား နှင့် ဖေမိသားစု ကို ကာကွယ်ရန် ကြိုးစားနေလေပြီ။
ထိုအကြောင်းကို တွေးမိပြီး သူမက ယင်းဖေး အထိနာစေမည့် စကားကို ပြောလိုက်လေ၏။
"ယင်းဖေး စိတ်ချပါ... အရှင်မင်းကြီး ဘာမှမဖြစ်ပါဘူး... လင်ကွေ့ရန် ရဲ့ အစ်ကို ကိုယ်ရံတော်လင် က အသက်စွန့်ပြီး ကာကွယ်ပေးခဲ့လို့ပါ... ဒါကြောင့် အရှင်မင်းကြီး က အခုလေးတင် အမိန့်ချလိုက်တယ်... လင်ကွေ့ရန် ကို ကွေ့ဖင် အဖြစ် ရာထူးတိုးပေးလိုက်ပြီး... ရီနင် ဆိုတဲ့ ဘွဲ့နာမည် ပေးလိုက်တယ်... နောက်ဆိုရင် သူက ညီမလေး နဲ့ တန်းတူ ဖြစ်သွားပြီပေါ့"
ရေပြင်ထဲ ကျောက်ခဲ ပစ်ချလိုက်သလိုပင်။
ယီဖေး ၏ ဤစကားက အခန်းထဲရှိ လူအားလုံးကို မှင်တက်သွားစေခဲ့သည်။
ယင်းဖေး၏ မယုံကြည်နိုင်ဖြစ်နေသည့် ပုံစံက်ု မြင်သောအခါ သူမက ထပ်မံ ဖြည့်စွက် ပြောလိုက်ပြန်သည်။
"အော် မဟုတ်သေးဘူး... ဒီအသက်ကယ်ကျေးဇူးသာ သေသွားခဲ့ရင်... ရီနင်ကွေ့ဖင် က အရှင်မင်းကြီး ရဲ့ ရင်ထဲမှာ လုံးဝ ဖယ်ရှားလို့ မရတဲ့ နေရာတစ်ခုကို ရသွားမှာ သေချာတယ်... နောင်တစ်ချိန် ပိုပြီး အထက်ကို တက်လှမ်းနိုင်ဖို့လည်း ဖြစ်နိုင်သေးတယ်... အစ်မ ပြောတာ မှန်တယ်မလား"
ယင်းဖေး က လက်မခံချင်သော်လည်း ယီဖေး ပြောသည်မှာ အမှန်ပင် ဖြစ်သည်။
အသက်ကယ်ကျေးဇူး ရှိနေသရွေ့... လင်ဝမ်ယိ သာ အေးအေးဆေးဆေး နေထိုင်မည်ဆိုလျှင် နောင်တစ်ချိန် ဖေး အဆင့်အထိ ရောက်ရန် မျှော်လင့်နိုင်ပေသည်။
ထို့အပြင် သူမ၏ အလှအပနှင့် သားသမီး နှစ်ယောက် ရရှိထားသော ကံကောင်းမှုများကြောင့်...
ခဏချင်းအတွင်းမှာပင် ယင်းဖေး ၏ မျက်နှာထားမှာ တည်ကြည်လေးနက်ပြီး ရှုပ်ထွေးသွားတော့၏။
ရာထူးတိုးသည့် အမိန့်က ယင်းဖေး ကို စိုးရိမ်သွားစေသော်လည်း အံ့ဩဆုံးသူမှာ မင်ကွေ့ရန် ပင် ဖြစ်သည်။
နန်းတွင်းကို ဝင်လာသည်မှာ အချိန်သိပ်မကွာလှဘဲ ခုနကတင် လာမယ့်နှစ် ရွေးချယ်ပွဲ အကြောင်း ပြောနေကြသည် မဟုတ်လား။
ဒါပေမဲ့ အခုတော့ သူတို့နှစ်ယောက် ကြားမှာ ကွာဟချက်ကြီး တစ်ခု ရှိသွားပြီ ဖြစ်သည်။
သူမက ဟန်ဆောင် မျက်နှာသာပေးခံရတဲ့ ကွေ့ရန် တစ်ယောက်သာ ဖြစ်နေသေးချိန်မှာ လင်ဝမ်ယိ ကတော့ အနာဂတ် တောက်ပနေတဲ့ ရီနင်ကွေ့ဖင် ဖြစ်သွားပြီ။
သူမရဲ့ ကံက တကယ်ကို အရမ်း ကောင်းလွန်းနေတာပဲ။
နန်းတွင်း ဝင်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး။
အနိမ့်ဆုံး တာရင် အဆင့်ကနေ ကွေ့ဖင် အဆင့်အထိ တက်သွားပြီ။
ဒါ့အပြင် ဤ ကံကောင်းမှုက အရှင်မင်းကြီး ၏ အချစ်တော် ဖြစ်သည့်အတွက်လည်း မဟုတ်ပေ။
ကောင်းကင်က ကျလာတဲ့ ကံကောင်းမှုမျိုးက ဘာလို့ သူမ ခေါင်းပေါ်ကို ကျမလာရတာလဲ။
ဒီအတွက်ကြောင့် နားမလည်နိုင် ဖြစ်နေရုံသာမက မနာလိုဝန်တိုမှုတွေပါ အပြည့်ဖြစ်နေတော့၏။
သို့သော်လည်း ဤသို့ ဖြစ်နေသည်ကို ဘာလုပ်နိုင်မည်နည်း။
သက်ပြင်းချကာ ချန်းကွေ့ရန် ၏ ရှေ့သို့ သွားပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်လေသည်။
"ခုနကတင် စကားပြောနေကြတဲ့ ညီအစ်မတွေလေ... အခုတော့ အထက်စီးက မယ်မယ် ဖြစ်သွားပြီ... အစ်မတော်... ရီနင်ကွေ့ဖင် ရဲ့ ကံက အရမ်းကောင်းလွန်းနေတယ်နော်"
ချန်းကွေ့ရန် က သူမ၏ လက်ကို ကိုင်ကာ တိတ်ဆိတ်စွာ နှစ်သိမ့်ပေးနေလေသည်။
သူမ လည်း တစ်သက်နှင့်တစ်ကိုယ် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကြုံရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
တစ်ခဏတာ ဘာပြောရမှန်းပင် မသိတော့ချေ။
ကိုယ်လုပ်တော်များ အသီးသီး လူစုကွဲသွားကြပြီးနောက် လင်ရှင်းကျစ်တို့ဘက်တွင်မူ တာဝန်ကျနေသော သမားတော်များ အားလုံး ရောက်ရှိနေကြလေသည်။
လင်ရှင်းကျစ် ၏ ရင်ဘတ်ရှိ ဒဏ်ရာကို ကြည့်ကာ အားလုံးက ဘာလုပ်ရမှန်း မသိဖြစ်နေကြ၏။
တော်ဝင်သမားတော်သို့ က သေချာစွာ စစ်ဆေးပြီးနောက် ပြောလိုက်လေသည်။
"ကိုယ်ရံတော်လင် ရဲ့ ဓားဒဏ်ရာက အရမ်းကို အန္တရာယ်များတဲ့ နေရာမှာ ရှိနေတာပါ... ဒီအစေခံ လည်း သူ့ကို ကယ်တင်နိုင်ဖို့ အပြည့်အဝ ယုံကြည်ချက် မရှိပါဘူး"
ထိုစကားကို ကြားရသောအခါ လင်ဝမ်ယိ မှာ ပို၍ပင် ငိုကြွေးလာပြီး မေ့လဲလုမတတ် ဖြစ်သွားတော့သည်။
ရှအန်း နှင့် ချွမ်ချီ တို့သာ တွဲထားခြင်း မရှိလျှင် ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီ ဖြစ်ပေလိမ့်မည်။
သူမတို့၏ ပထမသခင်လေး ဤမျှ ပြင်းထန်သော ဒဏ်ရာရထားသည်ကို မြင်သောအခါ ရှအန်း လည်း တတ်နိုင်သမျှ ကူညီပေးချင်မိသည်။
သို့သော် သူမက အပေါ်ယံ ဒဏ်ရာ တတ်ကျွမ်းသူ ဖြစ်ရာ ဤအတွင်းဒဏ်ရာများ အတွက်တော့ နန်းတွင်းမှ သမားတော်များကို မမီနိုင်သည်မှာ အမှန်ပင်။
ထို့ကြောင့် လင်ဝမ်ယိ ၏ ဘေးတွင် ရပ်ကာ သူမကို နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့၏။