← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း (၂၃၈) စိုးရိမ်လွန်၍ မူးလဲသွားခြင်း

ထိုနေရာတွင် ရှိနေသူများ အားလုံး အသက်ရှူဖို့ပင် မေ့သွားကြသည်။

ခွေမိသားစု နှင့် ကျန်းမိသားစု ကဲ့သို့သော သူများမှာ ရှီးပေမြို့စားမင်း နှင့် ယှဉ်၍ မရနိုင်ပေ။

သူတို့ အနေဖြင့် ဤမိသားစု နှစ်ခုကို အလွယ်တကူ ဖမ်းဆီးနိုင်သော်လည်း ရှီးပေမြို့စားမင်း တို့ကိုမူ ကိုင်တွယ်ရ အလွန် ခက်ခဲပေလိမ့်မည်။

"ကိုယ်တော် ကိုယ်တိုင် စာတစ်စောင် ရေးပြီး... အနောက်မြောက်စစ်တပ် ဆီကို လျှို့ဝှက် အမြန် ပို့ခိုင်းလိုက်မယ်... ရှီးပေမြို့စားမင်း ဆီကို တိုက်ရိုက် ပေးလိုက်ပါ"

"ဟုတ်ကဲ့"

တုန်းကျိုး မှ ရွှီမိသားစု ၏ ကိစ္စများပင် မပြီးပြတ်သေးခင် ယခု နောက်ထပ် ပြဿနာများစွာ ထပ်မံ ဖြစ်ပေါ်လာပြန်ပြီ။

စတုတ္ထမင်းသား ပင်လျှင် ဤ တာ့ဝေ့ပြည် ၏ အခြေအနေမှာ ပြောင်းလဲတော့မည်ဟု ခံစားနေရလေသည်။

ဘေးဘက်အခန်း ထဲတွင် လူတိုင်းက လင်ရှင်းကျစ် ၏ အခြေအနေကို စောင့်ဆိုင်းနေကြဆဲပင်။

ဒဏ်ရာကို ချုပ်ပြီးသွားပြီ ဖြစ်သလို သွေးလည်း တိတ်သွားပြီ ဖြစ်သည်။ သို့သော် ပြဿနာ အားလုံး ကင်းသွားသည်မဟုတ်ပေ။ အဲဒါကတော့ သူ သတိမရလာသေးခြင်းပင် ဖြစ်သည်။

ဤဒဏ်ရာက ပြင်းထန်သော်လည်း သမားတော်ကြီးများ အနေဖြင့် အချိန်မီ ကုသပေးနိုင်ခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် တစ်ချက်ကလေးတော့ သတိရလာသင့်သည် မဟုတ်လား။

သို့သော် ယခုအခါတွင်မူ သူက နက်ရှိုင်းသော အိပ်မက်ထဲသို့ ကျရောက်သွားသည့်အလား။ အခြားသူများ မည်မျှပင် နှိုးစေကာမူ လုံးဝ သတိမရလာသေးချေ။

ဤအခြေအနေတွင် သမားတော်ဖန်း နှင့် သမားတော်သို့ တို့လည်း ဘာလုပ်ရမည်မှန်း မသိဖြစ်သွားကြတော့သည်။

"တခြားအခြေအနေသာဆို ဖြေရှင်းလို့ ရပါသေးတယ်... ကိုယ်ရံတော်လင် သာ သတိရလာမယ်ဆိုရင်... ဒီအစေခံ တို့လည်း သူ့အသက်ကို ကယ်ဖို့ နည်းလမ်းတွေ ရှိသေးတယ်... ဒါပေမဲ့ ဒီလိုမျိုး ပြန်နိုးမလာသေးဘူး ဆိုရင်တော့... ခုနစ်ရက် မတိုင်ခင် လူက သေချာပေါက် အသက်ရှိမှာ မဟုတ်ဘူး"

သူတို့၏ စကားများက သေမင်း၏ အမိန့်စာလိုပင် ဖြစ်နေပြီး လင်ဝမ်ယိ ကို နောက်ထပ် သတင်းဆိုး တစ်ခု ထပ်တိုးပေးလိုက်သလို ဖြစ်သွားတော့၏။

ထို့ကြောင့် သူမလည်း မခံနိုင်တော့ဘဲ မူးလဲသွားတော့သည်။

မူလက အရှင်မင်းကြီးကို မှီထားခဲ့ခြင်း ဖြစ်ရာ မျက်လုံးမှိတ်သွားပြီး နောက်သို့ ယိမ်းကျသွားချိန်တွင် ခေါင်းကိုပင် ကြမ်းပြင်ဖြင့် ဆောင့်မိလုမတတ် ဖြစ်သွားခဲ့သည်။

တော်သေးသည်က အရှင်မင်းကြီး က လျင်မြန်စွာ လှမ်းဖမ်းလိုက်နိုင်ခြင်းပင်။

ယခုအချိန်တွင် သူ၏ ရင်ထဲ၌ တကယ်ကို ထိတ်လန့်သွားရလေသည်။

သမားတော်သို့ ကို စိုးရိမ်တကြီးဖြင့် အော်မေးလိုက်လေ၏။

"ကွေ့ဖင် ဘာဖြစ်သွားတာလဲ"

သမားတော်သို့ မှာ နှလုံးခုန်နှုန်း စမ်းကြည့်ရန်ပင် မလိုဘဲ လင်ဝမ်ယိ မူးလဲသွားရခြင်းမှာ စိုးရိမ်မှု လွန်ကဲပြီး သွေးပေါင်ကျသွားခြင်းကြောင့် ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် အရှင်မင်းကြီး ကို ဤသို့ ပြန်လည် လျှောက်တင်လိုက်လေ၏။

"အရှင်မင်းကြီး ကို လျှောက်တင်ပါတယ်... ဖြစ်နိုင်ရင် မယ်မယ် ကို နန်းဆောင်ဆီ အရင် ပြန်ပို့လိုက်တာ ပိုကောင်းပါမယ်... ဒီလို ဆက်ပြီး တောင့်ခံထားမယ်ဆိုရင်… စစ်သူကြီးလို လူမျိုးရဲ့ ခန္ဓာကိုယ်တောင် ခံနိုင်မှာ မဟုတ်ပါဘူး "

သမားတော်သို့ ၏ စကားကို ကြားပြီးနောက် အရှင်မင်းကြီး က လင်ဝမ်ယိ ကို ပွေ့ချီလိုက်လေသည်။

ထို့နောက် အပြင်ဘက်သို့ အလျင်စလို ထွက်သွားတော့၏။

လူတိုင်းက သူသည် လင်ဝမ်ယိ ကို ရီဟွားနန်းဆောင် သို့ ပြန်ပို့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူက ဝမ်ကုအဆောင် သို့ ခေါ်ဆောင်သွားမည်မှန်း မည်သူကမျှ မသိခဲ့ကြပေ။

ဤနေရာမှာ အရှင်မင်းကြီး ၏ သီးသန့် နေရာလေး ဖြစ်သည်။

လင်ဝမ်ယိ က နှစ်ကြိမ် ရောက်ဖူးသော်လည်း ရှအန်း နှင့် ချွမ်ချီ တို့အတွက်တော့ ပထမဆုံးအကြိမ် ဖြစ်လေသည်။

သုန်ယွီကျုံး က အရှင်မင်းကြီး ၏ ဤလုပ်ရပ်ကို ကြည့်ရင်း မျက်နှာလေးနက်သွားပြီး စိတ်ထဲတွင်လည်း အကြမ်းဖျင်း သဘောပေါက်သွားလေသည်။

ထို့ကြောင့် လှည့်ကာ အပြင်ဘက်ကို အမိန့်ပေးလိုက်လေ၏။

"သတင်းတွေ အပြင်ဘက် မပေါက်ကြားစေနဲ့... ဒီရက်ပိုင်း အခြေအနေကို အရင် စောင့်ကြည့်ရမယ်"

"ဟုတ်ကဲ့ပါ... သုန်ကုန်းကုန်း"

အရှင်မင်းကြီး ၏ ရှေ့တော်မှောက်တွင် ခစားနေသူများ အားလုံးက သူ သေချာ ရွေးချယ်ထားသူများသာ ဖြစ်သည်။

ထို့ကြောင့် ဘာပြဿနာမှ မရှိနိုင်ဟု သူ ထင်မှတ်ထားခဲ့သည်။

သို့သော် ခွေရှီရှို့ ၏ ကိစ္စ ဖြစ်ပွားပြီးနောက်တွင်မူ သူကိုယ်တိုင်လည်း ရာနှုန်းပြည့် ယုံကြည်ချက် မရှိတော့ချေ။

ထို့ကြောင့် အလုပ်များစွာကို အခြားသူများကို မခိုင်းတော့ဘဲ ကိုယ်တိုင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူက ချိုးမင် ကို အလျင်အမြန် ခေါ်ယူလိုက်သည်။

အရှင်မင်းကြီးကို အတူတကွ ပြုစုရန် ဖြစ်ပြီး လင်ဝမ်ယိ ၏ ဘေးတွင်တော့ ချွမ်ချီ နှင့် ရှအန်း တို့က စောင့်ရှောက်ပေးနေကြသည်။

ဒုတိယမင်းသား နှင့် ဒုတိယမင်းသမီး တို့ကိုတော့ အစကတည်းက ပြင်ဆင်ထားပြီး ဖြစ်သော ရီဟွားနန်းဆောင် သို့ ပို့ဆောင်လိုက်လေသည်။

ယခုအခါ တုမားမား က ရီဟွားနန်းဆောင် တစ်ခုလုံး၏ အုပ်ချုပ်မှု တာဝန်ကို ယူလိုက်လေပြီ။

လုပ်ဆောင်မှုများက အတည်အကျ ဖြစ်သွားပြီး အလွန် တင်းကျပ်လေသည်။

ထို့အပြင် အထဲတွင် ခစားနေသူများကလည်း ယခင်က ရွေ့ယန်စံအိမ် တွင် အတူတကွ နေခဲ့ဖူးသူများ ဖြစ်ကြသည်။

ထို့ကြောင့် ကြီးကြီးမားမား အမှားအယွင်းများ မဖြစ်ပေါ်ခဲ့ချေ။

ကုတင်ပေါ်တွင် သတိလစ်နေသော လင်ဝမ်ယိ ၏ မျက်နှာနှင့် နီရဲနေသော မျက်လုံးများကို ကြည့်ရင်း အရှင်မင်းကြီး ၏ ရင်ထဲတွင်လည်း အလွန် စိတ်မကောင်း ဖြစ်နေရသည်။

သို့သော် ဧကရာဇ် တစ်ပါး အနေဖြင့် သူ ဖြေရှင်းရမည့် ကိစ္စများ ရှိနေသေးရာ ယခုအချိန်တွင် အချိန်ဆွဲနေ၍ မရနိုင်ချေ။

ထို့ကြောင့် ချိုးမင် ကို ခေါ်လိုက်လေသည်။

"ဒီနေရာကို သေချာ စောင့်ကြပ်ထား... ကွေ့ဖင် တစ်ခုခု ဖြစ်သွားရင် မင်းကို အပြစ်ပေးမယ်"

"ဟုတ်ကဲ့ပါ... အမိန့်တော်အတိုင်းပါ"

ထို့နောက်မှ ခြေလှမ်းကျဲကြီးများဖြင့် ပင်မအခန်းဆီသို့ ထွက်သွားတော့သည်။

ထိုနေရာတွင် စတုတ္ထမင်းသား စောင့်နေသေးသည်။

အရှင်မင်းကြီး ထွက်သွားပြီးနောက်မှ ရှအန်း နှင့် ချွမ်ချီ တို့လည်း ရှေ့သို့ တိုးလာကြသည်။

ချွမ်ချီ မှာ ငိုလွန်း၍ နှာခေါင်းများပင် နီရဲနေပြီး ထိုလုပ်ကြံသူကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်စိတ်များပင် ဖြစ်ပေါ်နေတော့၏။

"ရှအန်း... နင် ပြောကြည့်ပါဦး... ပထမသခင်လေး တစ်ခုခု ဖြစ်..."

ချွမ်ချီ မှာ အခန်းထဲမှ သယ်လာသော သွေးစွန်းနေသည့် ပဝါများကို ကြည့်ရုံဖြင့်ပင် နာကျင်မှုကို ခံစားနေရသည်။ ဒဏ်ရာရသူ လင်ရှင်းကျစ် ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။

"မဖြစ်နိုင်ပါဘူး... မဖြစ်နိုင်ပါဘူး... သမားတော် တွေက အတော်လေးကို ကျွမ်းကျင်ပါတယ်... ပထမသခင်လေး တစ်ခုခု ဖြစ်သွားအောင် လုံးဝ အဖြစ်ခံမှာ မဟုတ်ပါဘူး"

ယခုအချိန်တွင် ရှအန်း ပြောဆိုနေသော စကားများမှာလည်း သူမ၏ ရင်ထဲတွင် ပူပန်မှုများကိုလည်း ပြသနေလေသည်။

သူမက ချွမ်ချီ ကို နှစ်သိမ့်ပေးခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည် နှစ်သိမ့်နေခြင်းသာ ဖြစ်သည်။

ဝမ်ကုအဆောင် ထဲတွင် လူတိုင်းက စိုးရိမ်ပူပန်နေကြသည်။

ပင်မအခန်း၏ စာကြည့်ခန်းထဲတွင်လည်း အရှင်မင်းကြီး နှင့် စတုတ္ထမင်းသား တို့၏ မျက်နှာထားများက တစ်ယောက်ထက် တစ်ယောက် ပို၍ လေးနက်နေကြလေ၏။

စတုတ္ထမင်းသား က အဖြစ်အပျက် အားလုံးနှင့် သူ၏ စီစဉ်ထားမှုများကို အရှင်မင်းကြီး အား ပြောပြလိုက်သည်။

အရှင်မင်းကြီး မှာ ကြားလေလေ ဒေါသထွက်လေလေပင် ဖြစ်တော့၏။

ခွေမိသားစု... ယခင်က သူကိုယ်တိုင် ချီးမြှောက်ခဲ့ဖူးသော သစ္စာရှိသည့် မိသားစုတစ်ခု ဖြစ်သည်။ ဘယ်လိုဖြစ်ပြီး ဒီလို မျိုးဆက်မျိုး ထွက်လာရတာလဲ။

သူ့ကို လုပ်ကြံတာ... ခွေမိသားစု ရဲ့ ယခင်က ရရှိခဲ့ဖူးတဲ့ ဂုဏ်ကျက်သရေတွေ အားလုံး ရေစုန်မျောသွားမယ် ဆိုတာကို သူမတွေးမိဘူးလား။

အရှင်မင်းကြီး အနေဖြင့် မိမိက မည်သို့သော ခွင့်လွှတ်၍မရသည့် အမှားမျိုး လုပ်ခဲ့မိသဖြင့် ဤမျှလောက်အထိ အငြိုးထားခံနေရသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။

"ဦးရီးတော်... ကိုယ်ရံတော်လင် ရဲ့ အခြေအနေက သိပ်မကောင်းဘူး... နန်းတွင်းထဲက မြို့တော်ကင်းစောင့်တပ် ထဲမှာလည်း သူ့ရဲ့ အပေါင်းအပါတွေ ရှိနေဦးမလား မသိဘူး... ကိုယ်တော် ထင်တာကတော့ တော်ဝင်ချပ်ဝတ်စစ်တပ် ငါးသောင်းလောက်ကို ရှန်းကျင်းမြို့တော် ထဲကို အရင် ခေါ်ထားတာ ပိုကောင်းမယ် ထင်တယ်"

"ဟုတ်ကဲ့... အရာအားလုံး အရှင်မင်းကြီး ရဲ့ အစီအစဉ်အတိုင်းပါပဲ"

မြို့တော်ကင်းစောင့်တပ် တွင် ပြဿနာ ရှိနေပြီ ဖြစ်ရာ မြို့တော်စောင့်တပ် တွင်လည်း ပြဿနာ ရှိမရှိ မသေချာတော့ပေ။

ထို့ကြောင့် အယုံကြည်ရဆုံး ဖြစ်သော တော်ဝင်ချပ်ဝတ်စစ်တပ် ကို မြို့တော်သို့ ပြန်ခေါ်ထားပြီးမှ အခြားကိစ္စများကို ဆက်လက် လုပ်‌ဆောင်ရမည် ဖြစ်သည်။

အရှင်မင်းကြီး ၏ စိတ်ထဲတွင် ဤအဖြစ်အပျက်၏ နောက်ကွယ်၌ ရှီးပေမြို့စားမင်း ပါဝင်ပတ်သက်နေသည်ဟု အမြဲတမ်း ခံစားနေရသည်။

ကျန်းမင်းသား ကိစ္စပြီးတာနဲ့ ရှီးပေမြို့စားမင်း က ထပ်ဖြစ်လာပြန်ပြီလား။

ထိုအကြောင်းကို တွေးမိသည်နှင့် တစ်ပြိုင်နက် သူ၏ မျက်မှောင်များမှာ ပို၍ပင် ကြုတ်သွားတော့၏။

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် ဆယ့်နှစ်လပိုင်း နှစ်ဆယ့်လေးရက်နေ့သို့ ရောက်ရှိလာခဲ့လေပြီ။

လင်ရှင်းကျစ် မှာ သတိမရလာသေးချေ။ သို့သော် နန်းတွင်းရှိ အရာအားလုံးက သတိလစ်နေသည့် ကိုယ်ရံတော် တစ်ယောက်ကြောင့်နှင့် ရပ်တန့်နေမည် မဟုတ်ပေ။

နှစ်သစ်ကူး အကြိုညစာစားပွဲ ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည်။

နန်းတွင်းထဲတွင်လည်း ပျော်ရွှင်စရာ အငွေ့အသက်များက တစ်နေ့တခြား ပို၍ သိသာလာလေ၏။

အပြင်ဘက်တွင် မီးပုံးများ ချိတ်ဆွဲကာ အလှဆင်ထားကြသော်လည်း ရီဟွားနန်းဆောင် တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဒုတိယမင်းသား က စောစောနိုးလာပြီး ချန်အန်းနန်းဆောင် ရှိ လင်ဝမ်ယိ ကို သွားကြည့်ရန် ရည်ရွယ်ထားခဲ့သည်။

သူမက တစ်ညလုံး ပြန်မလာခဲ့ရာ ယခု အခြေအနေ မည်သို့ ရှိနေမည်နည်းကို သူမသိရချေ။

သူမက မိမိကို ပြုစုပျိုးထောင်ပေးရန် တာဝန်ယူထားသလို မိမိကလည်း သူမကို မိခင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ရာ ဤ လင်ရှင်းကျစ် မှာလည်း သူ၏ ဦးလေးတော်စပ်သည် မဟုတ်လား။

သူတို့နှစ်ဦး အကြား သိသိသာသာ ရင်းနှီးမှု မရှိခဲ့သော်လည်း ဤဦးလေးသည်လည်း လူကောင်းတစ်ယောက် ဖြစ်မည်ဟု သူ ယုံကြည်ထားလေသည်။

ထို့ကြောင့်လည်း ခမည်းတော်ကို ကယ်တင်ရန် ဤသို့ အသက်စွန့်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ဝမ်းနည်းစရာမှာ သူ့ကို တုမားမား က တားဆီးထားခဲ့ခြင်းပင်။

"အခုအချိန်မှာ သတင်းမကြားရတာက ကောင်းတဲ့ လက္ခဏာ မဟုတ်နိုင်ဘူး... ဒုတိယမင်းသား အနေနဲ့ ချန်အန်းနန်းဆောင် ကို ခဏခဏ သွားနေမယ်ဆိုရင်... အပြင်လူတွေက ကွေ့ဖင်မယ်မယ် ကို ပိုပြီး မျက်မုန်းကျိုးလာလိမ့်မယ်"

လင်ဝမ်ယိ အဆင့်ကျော်၍ ရာထူးတိုးခြင်းမှာ အကြောင်းပြချက် ခိုင်လုံသော်လည်း လူအများအပြားကိုတော့ မကျေမနပ် ဖြစ်စေခဲ့သည်။

အကယ်၍ ဒုတိယမင်းသား ကပါ အရှင်မင်းကြီး၏ ရှေ့တော်သို့ ခဏခဏ သွားရောက်နေမည် ဆိုလျှင် အပြင်လူများ အနေဖြင့် ပို၍ပင် သံသယ ဝင်လာကြပေလိမ့်မည်။

ဒုတိယမင်းသား က ဤစကားကို ကြားသောအခါ ဘာမှ ထပ်မပြောတော့ချေ။

တုမားမား ကိုသာ ချန်အန်းနန်းဆောင် ဘက်မှ သတင်းများကို သေချာ စောင့်ကြည့်နေရန် မှာကြားလိုက်လေသည်။

ချန်အန်းနန်းဆောင်၊ ဝမ်ကုအဆောင် တွင်...

လင်ဝမ်ယိ သည် အိပ်မက်ဆိုးတစ်ခုမက်ကာ လန့်နိုးလာသဖြင့် ဘေးနားရှိ အရှင်မင်းကြီး ကိုပါ နှိုးလိုက်သလို ဖြစ်သွားခဲ့သည်။

သူမက မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးကျွမ်းဝင်မှု မရှိသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသဖြင့် ခေါင်းကိုက်လာသလို ခံစားလိုက်ရတော့၏။

All Chapters