အခန်း ၂၃၉
Vol. 24 Ch. 239
အခန်း (၂၃၉) သတိပြန်လည် ရရှိလာခြင်း
အရှင်မင်းကြီးက သူမ၏ မျက်နှာ မကောင်းသေးသည်ကို မြင်သောအခါ နှစ်သိမ့်ပေးလိုက်လေ၏။
"ထပ်ပြီး အနားယူလိုက်ပါဦး... မင်းက မနေ့က ပင်ပန်းလွန်းပြီး သတိလစ်သွားတာပဲ"
"အစ်ကိုရော... အရှင်မင်းကြီး… အစ်ကို ဘယ်လိုနေသေးလဲ"
"ဘေးဘက်အခန်း ထဲမှာ ရှိနေတုန်းပဲလေ... မနေ့ညက သမားတော်သို့ လာလျှောက်တင်တာကတော့... အခြေအနေ တော်တော်လေး ကောင်းလာပြီတဲ့... ဒါပေမဲ့ သတိတော့ မရလာသေးဘူးလို့ ပြောတယ်"
ထိုစကားကို ကြားသောအခါ လင်ဝမ်ယိ ၏ ရင်ထဲတွင် အတော်လေး လေးလံသွားတော့၏။
ချက်ချင်းပင် စောင်ကို ဖယ်ကာ ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သော်လည်း ခြေထောက် မြေကြီးနှင့် ထိသည်နှင့် တစ်ပြိုင်နက် ခေါင်းမူးလာပြီး ကြမ်းပြင်ပေါ်သို့ပင် လဲကျလုမတတ် ဖြစ်သွားတော့သည်။
"ပေါက်ကရတွေ လုပ်မနေနဲ့... ကိုယ်တော် ပြောထားတယ် မဟုတ်လား... မင်း အစ်ကို ကို သေချာပေါက် ကယ်တင်ပေးမယ်လို့... ဒါပေမဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ဒီလိုပဲ ဆက်နေမယ် ဆိုရင်... ကိုယ်တော် သူ့ကို နန်းတော်ပြင် ပို့လိုက်မယ်... အဲဒီကျရင်တော့ မင်း နေ့တိုင်း စိုးရိမ်ပူပန်ပြီး နေရလိမ့်မယ်"
အရှင်မင်းကြီး ၏ စကားက သူမကို ကောင်းစေချင်သည့်အတွက် ပြောနေမှန်း သူမ နားလည်လေသည်။
သို့သော် ယခုအချိန်တွင် အစ်ကိုဖြစ်သူကို နန်းတော်ပြင်သို့ ဘယ်လိုလုပ်ပြီး နေခိုင်းနိုင်မည်နည်း။
အကယ်၍ လမ်းခရီးတွင် တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ပါက သူမ တစ်သက်လုံး နောင်တရနေရမည် မဟုတ်လား။
"ကျွန်တော်မျိုးမ နားလည်ပါပြီ... မလုပ်တော့ပါဘူး... ဒါပေမဲ့ အခု အစ်ကို့ကို သွားကြည့်ချင်လို့ ရနိုင်မလားဟင်"
သူမက သတိဖြင့် တိုးတိုးလေး မေးလိုက်ရာ အရှင်မင်းကြီး လည်း သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့၏။
"ကိုယ်တော်ပါ လိုက်ခဲ့မယ်"
"ဟုတ်ကဲ့"
အရှင်မင်းကြီး လည်း အိပ်ရေးဝအောင် မအိပ်ရသေးသဖြင့် မျက်လုံးအောက်ရှိ အညိုအမည်းများက လင်ဝမ်ယိ ထက် မလျော့လှချေ။
သို့သော် ယခု သူမ သွားသည့်အချိန်တွင် တစ်ခုခုကြောင့် စိုးရိမ်လွန်၍ သတိလစ်သွားမည်ကို ပို၍ ကြောက်ရလေသည်။
ထို့ကြောင့် လိုက်သွားသည်က ပိုကောင်းပေလိမ့်မည်။
သူတို့နှစ်ဦး အလျင်စလို မျက်နှာသစ်ပြီးနောက် မနက်စာပင် မစားဘဲ ဘေးဘက်အခန်း သို့ သွားကြလေသည်။
အထဲတွင်တော့ သမားတော်များက နေ့ရောညပါ အလှည့်ကျဖြင့် လင်ရှင်းကျစ် ကို ဆေးထည့်ပေးခြင်း၊ အခြေအနေ စောင့်ကြည့်ခြင်းများ ပြုလုပ်နေကြသည်။
နည်းနည်းလေးတောင် မပေါ့ဆရဲကြချေ။
အထူးသဖြင့် သမားတော်ဖန်း နှင့် သမားတော်သို့ တို့ ဖြစ်ကြပြီး သူတို့ နှစ်ဦးစလုံးမှာ ဘေးဘက်အခန်းရှိ ကွေ့ဖေးကုတင် ပေါ်တွင်သာ အနားယူခဲ့ကြရသည်။
လင်ဝမ်ယိ က သူတို့၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကို မြင်သောအခါ စိတ်ထဲတွင် အတော်လေး အားနာသွားမိ၏။
ထို့ကြောင့် သူတို့ကို လေးနက်စွာ ကျေးဇူးတင်စကား ပြောကြားလိုက်လေသည်။
"အစ်ကို့အတွက်နဲ့ သမားတော်ကြီး တွေ အများကြီး ပင်ပန်းသွားရပြီ"
"ကွေ့ဖင်မယ်မယ် ဘယ်လိုတွေ ပြောနေတာလဲ... သမားတော် တွေဆိုတာ မိဘတွေလို စိတ်ထားမျိုး ရှိကြတာပါ... ဒါ့အပြင် ကိုယ်ရံတော်လင် က အရှင်မင်းကြီး ကို ကယ်တင်ခဲ့လို့ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့တာဆိုတော့... ဒီအစေခံ တို့က ဘယ်လိုလုပ်ပြီး အစွမ်းကုန် မကြိုးစားဘဲ နေနိုင်မှာလဲ"
ထို့နောက် သူက ဆက်ပြောလိုက်လေသည်။
"ကိုယ်ရံတော်လင် ရဲ့ ဒဏ်ရာက မနေ့ကထက်စာရင် အများကြီး သက်သာလာပါပြီ... သတိမရလာသေးဘူး ဆိုပေမယ့်... ကိုယ်ပူလည်း သိပ်မတက်လာတော့ဘူး... ဒါက ကောင်းတဲ့ လက္ခဏာပါပဲ"
"အားလုံးက သမားတော်ကြီး တွေရဲ့ ဂရုတစိုက် ကုသပေးမှုကြောင့်ပါ... ကျွန်မ အတိုင်းမသိ ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး မယ်မယ်... ဒါတွေက ဒီအစေခံ ရဲ့ တာဝန်ပါပဲ"
သမားတော်သို့ က ဒုတိယမင်းသား နှင့် ဒုတိယမင်းသမီး တို့၏ ကိစ္စများကြောင့် လင်ဝမ်ယိ နှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။
သမားတော်ဖန်း ကလည်း ယခင်က လင်ဝမ်ယိ ၏ ခြေထောက်ဒဏ်ရာကို ကုသပေးခဲ့ဖူးသဖြင့် အတော်လေး ရင်းနှီးမှု ရှိပေသည်။
ထို့ကြောင့် စကားပြောဆိုရာတွင် အချေအတင် မရှိလှချေ။
လင်ဝမ်ယိ က သူတို့အပေါ် ဘယ်သောအခါမျှ အော်ငေါက်ပြောဆိုခြင်း မရှိခဲ့ဘဲ အများအားဖြင့် လင်ရှင်းကျစ် ကိုသာ တိတ်ဆိတ်စွာ ပြုစုပေးနေတတ်သည်။
သူမက ယခုအခါ ကွေ့ဖင် အဆင့်ရှိသူ ဖြစ်ရာ ကိုယ်ရံတော် တစ်ယောက်ကို ပြုစုပေးနေခြင်းမှာ နန်းတွင်း စည်းမျဉ်းများနှင့် များစွာ မကိုက်ညီလှချေ။
သို့သော် အရှင်မင်းကြီး ကိုယ်တိုင်က ခွင့်ပြုထားပြီးဖြစ်ရာ သူတို့လို လူများက ဘယ်လိုလုပ်ပြီး ဝင်ရောက် တားဆီးရဲမည်နည်း။
ထို့ကြောင့် ဘေးမှသာ ကူညီပေးနေကြလေ၏။
သုံးရက်တိတိ ထမင်းစား၊ မျက်နှာသစ်၊ ညအိပ်ချိန်များမှလွဲ၍ ကျန်အချိန်များတွင် လင်ဝမ်ယိ က လင်ရှင်းကျစ် ၏ ဘေးတွင်သာ စောင့်နေခဲ့သည်။
တစ်မှေးလေးတောင် မအိပ်ရဲခဲ့ချေ။
လင်ရှင်းကျစ် ဒဏ်ရာရပြီး လေးရက်မြောက်နေ့ ညပိုင်းတွင် သူ အနည်းငယ် မျက်လုံးပွင့်လာခဲ့လေပြီ။
မျက်ခွံများ လှုပ်ခတ်လာသည်ကို လင်ဝမ်ယိ က ပထမဆုံး သတိထားမိလိုက်သည်။
ထို့ကြောင့် ချက်ချင်း အံ့ဩတကြီး အော်ခေါ်လိုက်လေ၏。
"သမားတော်... သမားတော်... အမြန် လာကြည့်ကြပါဦး... အစ်ကို သတိရလာပြီလား မသိဘူး"
သမားတော်သို့ နှင့် သမားတော်ဖန်း တို့က ဆေးနည်းများကို လေ့လာနေရာမှ ချထားလိုက်ပြီး အမြန် လျှောက်လာကြသည်။
အမြန်ဆုံး စစ်ဆေးကြည့်ပြီးနောက်မှ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဤရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ပြုံးလိုက်နိုင်တော့၏။
"မယ်မယ် ကို လျှောက်တင်ပါတယ်... ကိုယ်ရံတော်လင် သတိရလာပါပြီ... ဒဏ်ရာနေရာကလည်း သေချာ ဂရုစိုက်ထားတော့… အန္တရာယ်ကင်းပြီလို့ ပြောလို့ရပါတယ်"
ထိုစကားကို ကြားရချိန်တွင် လင်ဝမ်ယိ မှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာတော့သည်။
နောက်ဆုံးတော့ အစ်ကိုဖြစ်သူကို ကယ်တင်နိုင်ခဲ့ပြီ။ မဟုတ်ပါက သူမ မိဘနှစ်ပါးကို ဘယ်လို မျက်နှာပြရမည်မှန်းပင် သိတော့မည် မဟုတ်ချေ။
သူမ၏ ခေါင်းထဲတွင် အမြဲတမ်း တွေးနေမိသည်မှာ အစ်ကိုဖြစ်သူက အရှင်မင်းကြီးကို အသက်စွန့်ပြီး ကာကွယ်ပေးခဲ့ခြင်းမှာ သူမ၏ စကားများကြောင့် ဖြစ်သည်ဟူ၍ပင်။
အကယ်၍ မိသားစုကို ကာကွယ်ရန် မဟုတ်ပါက သူလည်း ဤမျှလောက် ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့မည် မဟုတ်ချေ။
သူ သေတော့မည့် အချိန်တွင်ပင် သူ၏ ခေါင်းထဲတွင် တွေးပူနေခဲ့သည်မှာ မိမိ ညီမလေးအကြောင်းသာ ဖြစ်သည်။
ဤသို့ဖြင့် လင်ဝမ်ယိ က ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ၊ မခံစားရဘဲ နေနိုင်မည်နည်း။
ထို့ကြောင့် မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်ပြီး ပြောလိုက်လေ၏။
"အစ်ကို... နောက်ဆို ဒီလိုမျိုး အလန့်တကြား ဖြစ်အောင် မလုပ်နဲ့တော့နော်"
လင်ရှင်းကျစ် မှာ ယခုမှ သတိရလာခြင်း ဖြစ်သဖြင့် အလွန် အားနည်းနေသေးသည်။
လင်ဝမ်ယိ ၏ မျက်နှာမှာ ရုတ်တရက် ပိန်ကျသွားသည်ကို မြင်သောအခါ ဖြစ်ပျက်ခဲ့သမျှကို အနည်းအကျဉ်း နားလည်လိုက်သည်။
သို့သော် သူက စကားမပြောနိုင်သေးသဖြင့် ခေါင်းကိုသာ ညင်သာစွာ ညိတ်ပြလိုက်လေ၏။
ထို့နောက် အားမရှိတော့သဖြင့် မျက်လုံးများကို ပြန်မှိတ်သွားတော့သည်။
"ဘာဖြစ်သွားတာလဲ... သတိရလာပြီ မဟုတ်ဘူးလား"
လင်ဝမ်ယိ မှာ အလွန်အမင်း စိုးရိမ်သွားပြီး သူက မသေခင် နောက်ဆုံး အသိဝင်လာတာများလား ဟု တွေးပူသွားမိ၏။
သို့သော် သမားတော်သို့ က ချက်ချင်း ဝင်ရောက် နှစ်သိမ့်ပေးလိုက်လေသည်။
"ကိုယ်ရံတော်လင် က သွေးထွက်လွန်ထားတော့ ခွန်အားမရှိသေးတာပါ... ဒါကြောင့် အနားယူဖို့ လိုပါသေးတယ်... မယ်မယ် မစိုးရိမ်ပါနဲ့"
"တော်သေးတာပေါ့... တော်သေးတာပေါ့"
လင်ရှင်းကျစ် သတိရလာခြင်းက တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီး တစ်ခုပါပဲ။
အရှင်မင်းကြီး က ပင်မအခန်းထဲတွင် တိုင်းရေးပြည်ရာ ကိစ္စများကို ဖြေရှင်းနေစဉ် ဤသတင်းကို ကြားရသောအခါ အမြန် ရောက်လာခဲ့လေသည်။
သို့သော် သူရောက်လာချိန်တွင် လင်ရှင်းကျစ် မှာ ပြန်လည် အိပ်ပျော်သွားပြီ ဖြစ်သည်။
လင်ဝမ်ယိ က အချိန်ကို ကြည့်လိုက်ရာ နေ့လယ်စာ စားချိန်သို့ ရောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူမက ပြောလိုက်လေ၏။
"အရှင်မင်းကြီး... ကျွန်တော်မျိုးမ... အရှင်မင်းကြီး နဲ့အတူ နေ့လယ်စာ အတူ စားပါ့မယ်... ဒီရက်ပိုင်း အရှင်မင်းကြီး လည်း အများကြီး ပင်ပန်းနေပါပြီ"
ကုတင်ပေါ်တွင် အားနည်းစွာ အိပ်ပျော်နေသော လင်ရှင်းကျစ် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အရှင်မင်းကြီး က ခေါင်းညိတ်လိုက်သည်။
ထို့နောက် လင်ဝမ်ယိ နဲ့အတူ ဝမ်ကုအဆောင် သို့ သွားလေတော့၏။
သူတို့နှစ်ဦး က ပဝါ ယူကာ လက်သုတ်လိုက်ပြီးနောက် ပါးစပ်ကို ပလုတ်ကျင်းပြီးမှ စားသောက်ကြလေသည်။
ဤရက်ပိုင်းအတွင်း လင်ဝမ်ယိ မှာ ထမင်းစားချင်စိတ် မရှိသဖြင့် အရှင်မင်းကြီး လည်း ကောင်းကောင်း မစားနိုင်ခဲ့ချေ။
ယနေ့ လင်ရှင်းကျစ် သတိရလာပြီ ဖြစ်ရာ လင်ဝမ်ယိ လည်း အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
သုန်ယွီကျုံး ၏ လက်ထဲမှ တူကို ယူလိုက်ပြီး အရှင်မင်းကြီးကို ဟင်းခပ်ပေးလိုက်လေ၏။
အနည်းငယ် အားနည်းနေသော အသံဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး များများ စားပါ... ဒီရက်ပိုင်း အရှင်မင်းကြီး ကောင်းကောင်း မစားရ မအိပ်ရ ဖြစ်နေတာ... အကုန်လုံး ကျွန်တော်မျိုးမ ရဲ့ အပြစ်တွေပါ"
"ပြဿနာတွေ အကုန်လုံးကို ကိုယ့်ခေါင်းပေါ်ချည်းပဲ မတင်ပါနဲ့... မင်းကိုယ်မင်း အရင် ကြည့်ဦး... ဘယ်လောက်တောင် ပိန်နေပြီလဲ"
ပြောပြီးသည်နှင့် ဟင်းရည်တစ်ခွက် ခပ်ကာ လင်ဝမ်ယိ ၏ အရှေ့သို့ လှမ်းပေးလိုက်လေသည်။
သိုးသားဟင်းရည်က ဆောင်းတွင်းတွင် ခန္ဓာကိုယ်ကို နွေးထွေးစေရန် အကောင်းဆုံး အရာဖြစ်သော်လည်း လင်ဝမ်ယိ က အနံ့ရလိုက်သည်နှင့် အလွန်အမင်း ပျို့အန်ချင်သွားတော့၏။
မထိန်းနိုင်တော့ဘဲ ပျို့လာလေသည်။
ဤသည်က အရှင်မင်းကြီးကို လန့်ဖျပ်သွားစေခဲ့သည်။
အလျင်အမြန် မေးလိုက်၏။
"မင်း ဘာဖြစ်လို့လဲ... သမားတော် ကို သွားခေါ်ခိုင်းလိုက်ရမလား"
"ဘာမှမဖြစ်ပါဘူး... ကျွန်တော်မျိုးမ ဒီနှစ်ရက်လုံး ဘာမှ သေချာ မစားထားတော့... ဒီသိုးသားအနံ့ကို ရလိုက်တော့ နည်းနည်း နေလို့မကောင်း ဖြစ်သွားတာပါ"
အရှင်မင်းကြီး က ဘာမှ ထပ်မတွေးတော့ဘဲ လင်ဝမ်ယိ ကို တစ်ချက် ကြည့်လိုက်လေသည်။
စကားအချို့က နှုတ်ခမ်းဖျားသို့ ရောက်နေသော်လည်း ပြောမထွက်ချေ။
လင်ဝမ်ယိ က ရှအန်း ၏ လက်ထဲမှ ရေနွေးတစ်ခွက်ကို ယူကာ သောက်လိုက်ပြီးနောက်မှ အနည်းငယ် သက်သာသွားတော့၏။
ထို့နောက် တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။
"အရှင်မင်းကြီး... နေ့လယ်စာ စားပြီးတာနဲ့... ကျွန်တော်မျိုးမ နန်းဆောင်ကို အရင် ပြန်ပါတော့မယ်... ကျွန်တော်မျိုးမ က ချန်အန်းနန်းဆောင် မှာ နေခဲ့တာ လေးရက်တောင် ရှိနေပြီ... အရင်က မိဖုရားခေါင်ကြီးရွှီ တောင် ဒီလို အခွင့်အရေးမျိုး မရခဲ့ဖူးဘူးဆိုတော့... အပြင်မှာ ဘယ်လို ကောလာဟလတွေ ထွက်နေမလဲဆိုတာ မှန်းကြည့်လို့ ရပါတယ်... ကျွန်တော်မျိုးမ က အရှင်မင်းကြီး ရဲ့ ကျေးဇူးတော်ကို အမြဲ မမေ့ပါဘူး... ဒီရက်ပိုင်း အစ်ကို့ကို ကိုယ်တိုင် ပြုစုခွင့်ရပြီး သတိရလာတာကို မြင်ရတာကတင်... ကျွန်တော်မျိုးမ အတွက် အကြီးမားဆုံး နှစ်သိမ့်မှု ပါပဲ... အရှင်မင်းကြီး ကို ထပ်ပြီး အခက်မတွေ့စေချင်တော့ပါဘူး"
"အစ်ကို့ ကိစ္စနဲ့ ပတ်သက်လို့တော့... ခဏနေရင် ကျွန်တော်မျိုးမ သမားတော်တွေကို မေးကြည့်လိုက်ပါ့မယ်... အကယ်၍ ရွှေ့လို့ ရပြီဆိုရင်တော့... အစ်ကို့ကို နန်းတော်ပြင်က အိမ်ကိုပဲ ပြန်ပို့လိုက်တာ ပိုကောင်းပါမယ်... မဟုတ်ရင် ဘေးဘက်အခန်း ထဲမှာ အမြဲတမ်း နေနေရတာလည်း မကောင်းပါဘူး"