အခန်း ၂၄၀
Vol. 24 Ch. 240
အခန်း (၂၄၀) နန်းတော်ပြင်သို့ ပြောင်းရွှေ့ပေးပို့ခြင်း
လင်ဝမ်ယိ က အ သူမဟုတ်ပေ။ ဤရက်ပိုင်းအတွင်း ကောလာဟလများ သူမ၏ နားထဲသို့ မရောက်လာသော်လည်း စဉ်းစားကြည့်ရုံနှင့်ပင် ကောင်းသောသတင်းများ မဟုတ်နိုင်ကြောင်း သိသာလှပေသည်။
ချန်အန်းနန်းဆောင် ထဲရှိ ကိစ္စရပ်များကို သုန်ယွီကျုံး က အသေအချာ ဖုံးကွယ်ထားခဲ့သည်။
သို့သော် တစ်ရက်နှစ်ရက်လောက်ဆိုလျှင် အကြောင်းပြချက် ပေး၍ ရနိုင်သော်လည်း လေးရက်တိတိ ကြာမြင့်နေပြီး နှစ်သစ်ကူး အကြိုညလည်း နီးကပ်နေပြီ ဖြစ်ရာ သတင်းများ အနည်းငယ်မျှ မပေါက်ကြားဘဲ နေမည်လား။
ထို့ကြောင့် ဆက်နေမည် ဆိုပါက...
နှစ်သစ်ကူးပြီးနောက် အရှင်မင်းကြီး ပထမဆုံး ညီလာခံ ကျင်းပချိန်တွင် သူတို့မောင်နှမ နှစ်ဦးအား 'အလိုလိုက်ခံရပြီး ဘဝင်မြင့်နေသည်'၊ 'စည်းကမ်းမသိ' ဟု စွပ်စွဲသည့် စာလွှာများစွာကို လက်ခံရရှိပေလိမ့်မည်။
လင်ဝမ်ယိ က အရှင်မင်းကြီးကို အခက်မတွေ့စေချင်သလို အစ်ကိုဖြစ်သူ၏ နာမည်ဂုဏ်သတင်းကိုလည်း မထိခိုက်စေချင်ပေ။
ထို့ကြောင့် သူတို့မောင်နှမ နှစ်ဦး ချန်အန်းနန်းဆောင် မှ ထွက်ခွာသွားရန်ကသာ လက်ရှိ လုပ်သင့်လုပ်ထိုက်သော ကိစ္စဖြစ်သည်။
လင်ဝမ်ယိ ပြောသည့် စကားက အရှင်မင်းကြီး တွေးနေသည်နှင့် ထပ်တူကျနေလေသည်။
သူက လင်ဝမ်ယိ နန်းတော်သို့ ပြန်ရောက်ရောက်ချင်း 'အလိုလိုက်ခံရပြီး ဘဝင်မြင့်နေသူ'၊ 'စည်းကမ်းမသိသူ' ဟူသော နာမည်ဆိုးများ ရရှိသွားမည်ကို မလိုလားပေ။ ဤအရာက သူမ၏ အနာဂတ်အတွက် ကောင်းသော ကိစ္စ မဟုတ်ချေ။
ထို့ကြောင့် မူလက သူကိုယ်တိုင် စပြောရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် စောစောက သူမ နေမကောင်းဖြစ်ကာ အန်ချင်နေသည့် ပုံစံကို မြင်လိုက်ရသဖြင့် မပြောဘဲ မျိုသိပ်ထားလိုက်ခြင်း ဖြစ်သည်။
သူမက ကိုယ်တိုင် စပြောဆိုလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထို့ကြောင့် သူက ရှင်းပြလိုက်လေ၏။
"အကယ်၍ နွေရာသီအပန်းဖြေနန်းတော် မှာဆိုရင်တော့... ကိုယ်တော် က သေချာ စီစဉ်ပေးလို့ ရပါတယ်... ဒါပေမဲ့ နန်းတော်ထဲမှာတော့ မင်းကို သိသိသာသာ အကာအကွယ်ပေးနေရင်... တခြားသူတွေ မင်းကို အငြိုးအတေး ရှိသွားလိမ့်မယ်... ဒါကြောင့် မင်း တောင်းဆိုတာက ကိုယ်တော် စဉ်းစားထားတာနဲ့ အတူတူပါပဲ"
ထို့နောက် လင်ဝမ်ယိ ၏ လက်ကို ကိုင်ကာ နှစ်သိမ့်ပေးလိုက်လေ၏။
"စိတ်ချပါ... မင်းရဲ့ အစ်ကို ကို ကိုယ်တော် သေချာပေါက် နန်းတော်ပြင်ကို ပို့ပေးပါ့မယ်... မင်း အဘိုးအိမ် က သမားတော် တွေ များတယ်ဆိုတော့... သူ့ကို ပိုပြီး သေချာ ဂရုစိုက်ပေးနိုင်မှာပါ... သူ ဒဏ်ရာပျောက်ပြီး ပြန်လာရင်... ကိုယ်တော် ကတိပေးတယ်... သေချာပေါက် အနာဂတ် ဖြောင့်ဖြူးစေရမယ်"
လင်ဝမ်ယိ က ဖွဖွလေး ပြုံးလိုက်လေသည်။
ထိုအပြုံးထဲတွင် စိတ်မကောင်းဖြစ်မှုများနှင့် သက်သာရာရမှုများ ရောယှက်နေလေ၏။
အစ်ကိုဖြစ်သူ၏ အနာဂတ်ကို ဤကဲ့သို့ အသက်နှင့် လဲပြီး ရယူရလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးသောကြောင့်ပင်။
သို့သော် သက်သာရာရသည်မှာ ဤကိစ္စအပြီးတွင် အစ်ကိုဖြစ်သူ အနေဖြင့် ညီလာခံတွင်ဖြစ်စေ၊ အရှင်မင်းကြီး ရှေ့တွင်ဖြစ်စေ နေရာတစ်ခု ရရှိသွားမည် ဖြစ်သောကြောင့်ပင်။
နေ့လယ်စာ စားပြီးနောက် လင်ဝမ်ယိ က ဘေးဘက်အခန်း သို့ နောက်တစ်ခေါက် လာခဲ့သည်။
တိုက်ဆိုင်စွာပင် သမားတော်သို့ က လင်ရှင်းကျစ် ကို ရေတိုက်နေလေ၏။
သူမ ရောက်လာသည်ကို မြင်သောအခါ ရေပန်းကန်ကို ကမ်းပေးလိုက်သည်။
ဤအလုပ်များကို ဤရက်ပိုင်းအတွင်း လင်ဝမ်ယိ ကသာ သေချာ ဂရုတစိုက် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
လင်ရှင်းကျစ် က ညီမဖြစ်သူ ရောက်လာသည်ကို မြင်သောအခါ အားယူပြီး တစ်ခုခု ပြောရန် ကြိုးစားလေ၏။
မောင်နှမ နှစ်ယောက် နှစ်ပေါင်းများစွာ အတူ နေလာခဲ့သဖြင့် လင်ရှင်းကျစ် ၏ အတွေးများကို လင်ဝမ်ယိ က ရှင်းလင်းစွာ သိရှိနေပေသည်။
ထို့ကြောင့် အလျင်အမြန် နှစ်သိမ့်ပေးလိုက်လေ၏。
"အစ်ကို စိတ်ချပါ... ညီမလေး အရှင်မင်းကြီး ကို ပြောပြီးသွားပါပြီ... ဒီနေ့ပဲ အစ်ကို့ကို နန်းတော်ပြင် ပို့ပေးလိမ့်မယ်... ညီမလေး လည်း ရီဟွားနန်းဆောင် ကို ပြန်ရတော့မယ်လေ"
လင်ရှင်းကျစ် မှာ ညီမဖြစ်သူ ဤသို့ ပြောလိုက်မှသာ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။
ထိုအချိန်က သူ သေတော့မည်ဟု ထင်မှတ်ခဲ့သဖြင့် မိမိအသက်ကို ပေးပြီး ညီမဖြစ်သူအတွက် နန်းတော်ထဲတွင် တောက်ပသော အနာဂတ်တစ်ခု ရစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယမမင်း က သူ့ကို မသိမ်းသွားခဲ့ချေ။
ယခုတော့ သူတို့ မောင်နှမ နှစ်ဦး နန်းတော်ထဲတွင် အရမ်း ထင်ပေါ်လွန်းနေလေပြီ။
သူ တစ်ရက် ပိုနေလေလေ၊ လင်ဝမ်ယိ အတွက် ကောလာဟလတွေက တစ်ရက် ပိုများလေလေ ဖြစ်နေလိမ့်မည်။
အနိုင်နိုင် ကြိုးစားရယူထားရသည့် အခြေအနေကောင်းကြီးကို သူ ဤသို့ အလွယ်တကူ မဖျက်ဆီးပစ်ချင်ချေ။
ထို့ကြောင့် သူ နန်းတော်ပြင် ထွက်ရန် ကိစ္စမှာ အရေးကြီးလေသည်။
သူ ယခု မလှုပ်ရှားနိုင်၍သာ ဖြစ်သည်။ မဟုတ်ပါက ချက်ချင်း ထကာ ထွက်သွားလောက်ပြီ ဖြစ်သည်။
ချန်အန်းနန်းဆောင် ၏ ဘေးဘက်အခန်း ဆိုသည်မှာ သူ့ကဲ့သို့ ကိုယ်ရံတော် အဆင့်ဖြင့် နေထိုင်ခွင့် ရှိသည့် နေရာ မဟုတ်ချေ။
ရက်အနည်းငယ် မပြောနှင့်၊ နာရီအနည်းငယ်ပင် မရနိုင်ပေ။
"အစ်ကို နန်းတော်ပြင် ရောက်သွားရင် ဒဏ်ရာကို သေချာ ကုသပါ... ညီမလေး အတွက် စိတ်မပူပါနဲ့"
လင်ရှင်းကျစ် က ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူက စိတ်ပူချင်ရင်တောင် ခွန်အားမရှိတော့ချေ။
ထို့ကြောင့် ခန္ဓာကိုယ်ကို သေချာ ပြန်လည် ကျန်းမာအောင် လုပ်ပြီးမှသာ အခြားကိစ္စများကို ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။
ထိုနေ့ နေ့လယ်ပိုင်းတွင်ပင် လင်ရှင်းကျစ် ကို နန်းတော်ပြင်သို့ ပို့ဆောင်ပေးလိုက်လေသည်။
ဆုလာဘ်များစွာ ပေးသနားလိုက်သည်သာမက စတုတ္ထမင်းသား ကိုယ်တိုင် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
လင်မိသားစု အရှေ့ဆောင် က နှစ်သစ်ကူးပြီးမှ အိမ်ပြောင်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အငယ်ဆုံးသား၏ ဒဏ်ရာက ပျောက်ကင်းသွားချိန်တွင် အကြီးဆုံးသားက ထပ်မံ လဲကျလာပြန်သည်။
တော်သေးသည်က သူ့ကို ပြန်ပို့လာချိန်တွင် သတိရနေပြီ ဖြစ်ခြင်းပင်။
မဟုတ်လျှင် သုန်မိသားစု တစ်ခုလုံး ထပ်မံ စိုးရိမ်ရပေလိမ့်မည်။
"အမတ်လင် စိတ်ချပါ... ဟယ့်စုန်း ရဲ့ အနာဂတ်ကို အရှင်မင်းကြီး နဲ့ ကိုယ်တော် က သေချာ တာဝန်ယူပေးမှာပါ... ဒီရက်ပိုင်း သူ့ကို သေချာ အနားယူခိုင်းလိုက်ပါ"
လင်ပထမသခင်ကြီး မှာ ယခုမှသာ ဇနီးဖြစ်သူ ပထမအဆင့် သခင်မကြီး အဖြစ် ရာထူးတိုးခံရခြင်း၏ အကြောင်းရင်းကို သိရှိသွားတော့၏။
အံ့ဩသွားရုံသာမက အလွန်အမင်းလည်း ရင်နာသွားရသည်။
သို့သော် လင်ရှင်းကျစ် က ဤလမ်းကို ရွေးချယ်ခဲ့ပြီ ဖြစ်ရာ သူ မတားဆီးနိုင်ခဲ့သလို တားဆီးမည်လည်း မဟုတ်ချေ။
ချက်ချင်းပင် လက်အုပ်ချီကာ ရိုရိုသေသေ ပြန်လည် ပြောလိုက်လေ၏။
"အရှင်မင်းကြီး နဲ့ စတုတ္ထမင်းသား ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒီအမတ် ဟယ့်စုန်း ကို သေချာ စောင့်ရှောက်ပေးပါ့မယ်"
"အင်း... ဒါဆို ကောင်းတာပေါ့"
သုန်မိသားစု တစ်ခုလုံးအကြောင်း စတုတ္ထမင်းသား အများကြီး မသိရှိချေ။
သို့သော် အရှင်မင်းကြီး ၏ ဘေးရှိ သုန်ယွီကျုံး ပြောပြ၍ ဒုတိယသခင်မသုန် မှာ ဒုတိယမင်းသမီး ကို ဆေးကုသပေးခဲ့သော အရပ်ဘက်မှ နာမည်ကြီး သမားတော် တစ်ဦးဖြစ်ကြောင်း သူ သိထားသည်။
ထို့ကြောင့် ပြုံးရင်း ပြောလိုက်လေ၏။
"သုန်မိသားစု တစ်ခုလုံးက ကံကောင်းတဲ့သူတွေချည်းပါပဲ... နောင်တစ်ချိန် အခက်အခဲ တစ်ခုခု ကြုံလာရင်... ကိုယ်တော့် အိမ်တော်ကို လူလွှတ်ပြီး လာရှာလိုက်ပါ"
ထို့နောက် ခန္ဓာကိုယ်ပေါ်မှ ကျောက်စိမ်းပြား တစ်ခုကို ဖြုတ်ကာ သုန်သခင်ကြီး ထံသို့ ကမ်းပေးလိုက်လေသည်။
သုန်မိသားစု တစ်ခုလုံးမှာ အလွန်အမင်း အံ့ဩသွားကြတော့၏။
ဤသည်မှာ အလွန် မြင့်မြတ်သော အရာ တစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက အရေးစိုက်ကြလေသည်။
"စတုတ္ထမင်းသား ရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်"
ထို့နောက် စတုတ္ထမင်းသားက ထွက်ခွာသွားပြီးနောက်မှ သူတို့အချင်းချင်း တစ်ချက် ကြည့်လိုက်ကြလေသည်။
ဒီနှစ်သစ်ကူး ကာလလေးက တကယ့်ကို စိုးရိမ်ပူပန်မှုတွေရော အံ့ဩဝမ်းသာစရာတွေပါ ပြည့်နှက်နေတော့တာပဲ။
လင်ရှင်းကျစ် မှာ သတိရလာပြီ ဖြစ်ပြီး သမားတော်သို့ ကိုယ်တိုင် ဒုတိယသခင်ကြီးသုန် နှင့် လာရောက် တိုင်ပင်ဆွေးနွေးခဲ့သဖြင့် သူ၏ ဒဏ်ရာမှာ အသက်အန္တရာယ် မရှိတော့ဘဲ သေချာစွာ အနားယူရန်သာ လိုအပ်ကြောင်း သိလိုက်ရသည်။
ထို့အပြင် နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ပြန်လည် ကျန်းမာလာအောင် လုပ်ဆောင်ရမည် ဖြစ်သည်။
နှလုံးသွေးကြောများကို မထိခိုက်ခဲ့သဖြင့် နောင်တစ်ချိန်တွင် ဘာဒဏ်ရာမှ ကျန်ရစ်ခဲ့မည် မဟုတ်ချေ။
မိသားစုဝင်များ၏ ဂရုတစိုက် ပြုစုမှုကြောင့် လင်ရှင်းကျစ် အနေဖြင့် သုန်မိသားစု အိမ်တော် တွင် အနားယူရသည်မှာ နန်းတော်ထဲထက် အများကြီး ပို၍ စိတ်အေးချမ်းရလေသည်။
အခြားတစ်ဖက်တွင်တော့ ရီဟွားနန်းဆောင် သို့ ရောက်ရှိလာသော လင်ဝမ်ယိ မှာ ပင်မအခန်းထဲရှိ အရာအားလုံးကို ကြည့်ရင်း အတော်လေး စိုးရိမ်နေမိ၏။
ယခင်က နွေရာသီအပန်းဖြေနန်းတော် တွင် ပုန်းအောင်းကာ ပြဿနာများကို ရှောင်လွှဲမည်ဟု တွေးထားခဲ့သည်။
သို့သော် ဤ ရီဟွားနန်းဆောင် ထဲသို့ ဝင်ရောက်လာရမည်မှန်း လုံးဝ မထင်ထားခဲ့ချေ။
ယခုအခါ သူမသည် ကွေ့ဖင် အဆင့်ရှိသူ ဖြစ်ရာ ပင်မအခန်းတွင် နေထိုင်ခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပေသည်။
သို့သော် ဤသို့ ရာထူးတိုးမှုက အခြားသူများကို မဆိုထားနှင့် သူမကိုယ်တိုင်ပင် အလွန်အမင်း မြန်ဆန်လွန်းနေသည်ဟု ခံစားရလေသည်။
သူမက သက်ပြင်းချလိုက်လေ၏။
ဘေးနားရှိ ရှအန်း က မေးလိုက်သည်။
"မယ်မယ် ဘာဖြစ်လို့လဲ... ရင်ဘတ်က အောင့်နေတုန်းပဲလား... ဒီအစေခံမ ကြည့်ပေးရမလား"
ပြောပြီးသည်နှင့် ရှေ့သို့ တိုးကာ လင်ဝမ်ယိ ကို နှလုံးခုန်နှုန်း စမ်းပေးရန် ပြင်လိုက်သော်လည်း သူမက တားလိုက်လေ၏။
"ဘာမှမဖြစ်ပါဘူး... အရာအားလုံးက အရမ်း မြန်ဆန်လွန်းပြီး အိပ်မက်တစ်ခုလို ဖြစ်နေလို့... စိတ်ထဲမှာ တစ်ခုခု လိုအပ်နေသလို ခံစားရလို့ပါ"
ရှအန်း လည်း ဤစကားကို ကြားသောအခါ ထိုနည်းတူ ခံစားလိုက်ရသည်။
လေးလပိုင်းက နန်းတွင်း မဝင်ခင် အမတ်ချုပ်အိမ်တော် တွင် ရှိနေစဉ်က အနောက်ဆောင် နှင့် မင်းသမီးရုံခန့် တို့၏ နှိပ်စက်မှု အမျိုးမျိုးကို ခံခဲ့ရသည် မဟုတ်လား။
ယခုတော့ သူတို့ အလွန် အားကျခဲ့ရသော ဤနေရာလေးတွင် ဝင်ရောက် နေထိုင်နေရပြီ ဖြစ်သည်။
တကယ့်ကို ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေပါပဲ။
"မယ်မယ် စိတ်အေးအေးထားပါ... ဒါတွေ အားလုံးက မယ်မယ် အပေါ် အရှင်မင်းကြီး ထားရှိတဲ့ မေတ္တာတွေပါ... အရှင်မင်းကြီး ရဲ့ အကာအကွယ် ရှိနေရင်... မယ်မယ် လည်း အနောက်ဆောင် မှာ အေးအေးချမ်းချမ်း နေနိုင်မှာပါ"
လင်ဝမ်ယိ က ပြုံးလိုက်သည်။ ဒါက သေချာပေါက် မဖြစ်နိုင်ပေ။
လင်ကွေ့ဖေး ကို ဖယ်လိုက်လျှင် ယခု နန်းတော်ထဲတွင် သူမထက် ရာထူးမြင့်သူဆို၍ ယီဖေး နှင့် ယင်းဖေး နှစ်ယောက်သာ ရှိတော့သည်။
သူမ ယခု အားကိုးစရာဆို၍ ဘယ်သူမှ မရှိချေ။
ထို့ကြောင့် ပိုပြီး သတိထား နေထိုင်သင့်ပေသည်။
တွေးနေစဉ်မှာပင် အပြင်ဘက်မှ ချိုးမင် ၏ အသံ ထွက်ပေါ်လာလေ၏။
"မယ်မယ်... ဒုတိယမင်းသား နဲ့ တုမားမား ရောက်နေပါတယ်"
"အင်း... သူတို့ကို ဝင်လာခိုင်းလိုက်ပါ"
"ဟုတ်ကဲ့”