အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) ဆိုင်ရှင်ရှန်း သက်သေပြနိုင်ပါတယ်
ဤအချိန်တွင် လူတစ်ဦးက ရှေ့သို့ထွက်ကာ မေးလိုက်သည်။ “ဒုတိယအရာရှိ ဝူ... မြို့သခင်ကော”
ရုတ်တရက် တစ်စုံတစ်ယောက်က ဤမေးခွန်းကို မေးလိုက်သဖြင့် လူတိုင်းက ဝူထုံကို သံသယစိတ်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်၊ ဤမျှလောက် ကြာမြင့်သည့်တိုင်အောင် ၎င်းတို့အနေဖြင့် လျိုထိုင်ကို မည်သည့်နေရာတွင်မှ မတွေ့ရှိခဲ့ကြပေ ။
၎င်းတို့အနေဖြင့် ရှင်းလင်းချက်တစ်ခုကို လိုအပ်နေသည်၊ ၎င်းတို့အားလုံးက ဤမြို့စောင့်တိုက်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခဲ့ကြသော်လည်း မြို့သခင်ဖြစ်သူ ကို မမြင်တွေ့ရခြင်းက စိတ်ဓာတ်ကို ကြီးမားစွာ ထိခိုက်စေနိုင်သည် မဟုတ်ပါလော၊ အချို့သောသူများ၏ စိတ်ထဲ၌မူ နောက်ဆုတ်လိုသော အကြံများပင် ဝင်ရောက်နေပြီ ဖြစ်သည်။
ဝူထုံက တစ်ချက်မျှ တွန့်ဆုတ်သွားမိသည်၊ ယခုအချိန်က ဖုံးကွယ်ထားရမည့် အချိန်မဟုတ်တော့ကြောင်း သူသိသည်၊ လူတိုင်းကို ရှင်းလင်းချက်တစ်ခု ပေးရမည် ဖြစ်သလို မြို့စောင့်စစ်သည်များကိုလည်း အဖြေတစ်ခု ပေးရမည် ဖြစ်သည်။
ဝူထုံက လူအုပ်ကြီးထဲတွင် ရှန်းဝမ်စန်း၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိသွားပြီးနောက် မြို့ရိုးပေါ်ရှိ လူအားလုံး ကြားနိုင်လောက်သည့် အသံကျယ်ကြီးဖြင့် စတင်ပြောလိုက်သည်။
“မြို့သခင်က ရွှေအူတိုင်အဆင့်ကို တက်လှမ်း ဖို့ တံခါးပိတ်ကျင့်ကြံနေတာပါ၊ ရက်အနည်းငယ်အတွင်းမှာ သေချာပေါက် ကျင့်ကြံခြင်းကနေ ထွက်လာပါလိမ့်မယ်၊ ဒီကိစ္စကို အနန္တ ကုန်စုံဆိုင်က ဆိုင်ရှင်ရှန်း သက်သေပြနိုင်ပါတယ်”
ဝူထုံ စကားပြောပြီးနောက် လူတိုင်းက တအံ့တဩ ဖြစ်သွား ကြပြီး မြို့သခင်အိမ်တော်မှ စစ်သည်များမှာမူ ပိုမို၍ ဝမ်းမြောက်ပျော်ရွှင်သွားကြကာ စိတ်ဓာတ်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် မြို့သခင်အိမ်တော်မှ မဟုတ်သော အခြားလူများမှာမူ ဝူထုံပြောသည်ကို ထိုမျှလောက် အလွယ်တကူ မယုံကြည်ကြပေ ။
မြို့သခင်က ဘာကြောင့် ရုတ်တရက်ကြီး ရွှေအူတိုင်အဆင့်ကို တက် တော့မှာလဲ၊ ၎င်းကလည်း ဤကဲ့သို့ အရေးကြီးသော အချိန် တွင်မှ ဖြစ်နေရသည်။
လူတိုင်းက ရှန်းဝမ်စန်းထံသို့ အကြည့်များ ရောက်ရှိသွားကြပြီး ရှန်းဝမ်စန်း ရှေ့သို့ထွက်၍ သက်သေပြပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ရှန်းဝမ်စန်း၏ နာမည်ဂုဏ်သတင်းက ဝမ်နန်မြို့တွင် မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို အနန္တ ကုန်စုံဆိုင်၏ ယုံကြည်စိတ်ချရမှုကလည်း လူတို့၏ လေးစားမှုကို ခံရသည်။
ယခုအချိန်တွင် ရှန်းဝမ်စန်းသာ ရှေ့သို့ထွက်၍ စကားတစ်ခွန်း ပြောလိုက်လျှင် လျိုထိုင်ကိုယ်တိုင် ကိုယ်ထင်ပြသည်ထက်ပင် ပိုမို အာနိသင်ရှိပေလိမ့်မည်၊ ဤနေရာသို့ ရောက်ရှိနေသူများထဲတွင် အနန္တ ကုန်စုံဆိုင်မှ ပစ္စည်းမဝယ်ဖူးသူ မည်သူရှိသနည်း။
ထို့ပြင် ရှန်းဝမ်စန်းက ဤနေရာရှိ လူများထဲတွင် ကျင့်ကြံခြင်း အဆင့်အတန်း အမြင့်မားဆုံး အဖွဲ့ထဲမှ ဖြစ်သဖြင့် သူ၏ စကားက အလွန်ပင် အလေးသာလှသည်။
ရှန်းဝမ်စန်းက ဝူထုံ၏ ဆိုလိုရင်းကို နားလည်သည်၊ ထို့ပြင် ဤကဲ့သို့သော အကျပ်အတည်းအချိန်တွင် သူလည်း ရှေ့သို့ထွက်ရန် အမှန်တကယ် လိုအပ်ပေသည်။ “အားလုံးပဲ... မြို့သခင်က တံခါးပိတ်ပြီး အဆင့်တက်လှမ်း နေတာ ဟုတ်မဟုတ်ဆိုတာကိုတော့ ကျွန်တော့် အနေနဲ့ အမှန်အတိုင်းပြောရရင် အသေအချာ မသိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့သခင်က ကျွန်တော် တို့ အနန္တ ကုန်စုံဆိုင်ဆီကနေ ရွှေအူတိုင်အဆင့် တက် ဆေးလုံး တစ်လုံးကို အမှန်တကယ် ဝယ်ယူသွားခဲ့ပါတယ်”
ရှန်းဝမ်စန်းက စကားကို အဖြတ်အတောက် လုပ်ပြီးမှ ပြောလိုက်သော်လည်း ကွင်းပြင်တစ်ခုလုံးမှာမူ ဆူညံပွက်လောရိုက်သွားခဲ့သည်။
ဝူထုံက ရှန်းဝမ်စန်းကို မျက်စောင်းနှစ်ချက် ဖြတ်ခနဲ ကြည့်လိုက်မိသည်၊ ဤကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် မင်းတို့ အနန္တ ကုန်စုံဆိုင်ရဲ့ ခွန်အား ကို ကြော်ငြာဖို့ မမေ့ဘူးပဲ၊ သို့သော် တစ်ဖက်လူ ပြောသည်ကလည်း အမှန်တရား ဖြစ်နေသည်။
မင်ရှင်းကျိုက်မှ ထိုအုတ်မြစ်ချခြင်း အဆင့် ကျင့်ကြံသူသည်လည်း ရှန်းဝမ်စန်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်၊ သူသည်လည်း ရှန်းဝမ်စန်းဟူသော ဤလူကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
လူအုပ်ကြီးထဲတွင်လည်း ဆွေးနွေးငြင်းခုံသံများ စတင် ထွက်ပေါ်လာခဲ့သည်။
“အနန္တ ကုန်စုံဆိုင်မှာ ရွှေအူတိုင်အဆင့် တက် ဆေးလုံးကိုတောင် ရောင်းတာလား”
“ဟားဟားဟား... အဘိုးကြီး ငါသာ ဒီတစ်ခေါက် မသေခဲ့ရင် ငါ့ရဲ့ အသက်အိုကြီးကို ရင်းပြီးတော့ ရွှေအူတိုင်အဆင့်ကို တက် ဖို့ ကြိုးစားကြည့်ရမယ်”
“ဟားဟားဟား... အဘိုးကြီး မင်းမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိလို့လား၊ မင်းက ဝယ်နိုင်ပါ့မလား ”
“လျူမျိုးရိုး... ပြဿနာမရှာနဲ့နော်၊ အဘိုးကြီး ငါက အိုးအိမ်ပစ္စည်းတွေ အကုန်ပေါင်နှံပြီး ဖြစ်ဖြစ် ဝယ်မှာကွ”
“ဟဲဟဲ... မင်း အသက်ရှင် ကျန်မှ ပြောပါ အဘိုးကြီးရဲ့၊ ဟားဟားဟား”
ဤသို့ အပြန်အလှန် စောင်းမြောင်းပြောဆိုနေကြသူ နှစ်ဦးမှာ မြို့ရိုးပေါ်သို့ အတူတကွ ရောက်လာကြသူများထဲတွင် အလွန်ရှားပါးလှသော အုတ်မြစ်ချခြင်း အဆင့်နှောင်းပိုင်း ကျင့်ကြံသူ နှစ်ဦး ဖြစ်ကြသည်၊ ၎င်းတို့မှာ နှောင်းပိုင်း အထွတ်အထိပ် အဆင့်သို့မူ မရောက်ရှိသေးပေ ။
ရှန်းဝမ်စန်း၏ အမြင်အရမူ ၎င်းတို့နှစ်ဦးမှာ အုတ်မြစ်ချခြင်း အဆင့် ၇ သို့မဟုတ် ၈ ဝန်းကျင်ခန့် ရှိကြပြီး အဆင့် ၉ သို့ ရောက်ရန်လည်း မဝေးတော့ပေ ။
ထို့ပြင် ဤနှစ်ဦးမှာ မိသားစု အင်အားစု နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြရာ ၎င်းတို့နှစ်ဦး အချင်းချင်း နောက်ပြောင်နေကြသည်ကို မည်သူမျှ ကြားဖြတ်ပြောရန် မဝံ့ရဲကြပေ ။
၎င်းတို့နှစ်ဦး အချင်းချင်း နောက်ပြောင်ပြီးနောက်တွင် အလိုအလျောက်ပင် ရှန်းဝမ်စန်းထံသို့ အကြည့်ချင်း ဆုံလိုက်ကြသည်။
ရှန်းဝမ်စန်းကလည်း ၎င်းတို့၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်သည်၊ ဤအကြည့်မှာ ရွှေအူတိုင်အဆင့် တကအ ဆေးလုံးက အလွန် ဈေးကြီးသလား၊ ၎င်းတို့ ဝယ်ယူနိုင်ပါ့မလားဟု မေးမြန်းနေခြင်း ဖြစ်သည်။
ရှန်းဝန်းစန်းက အတိအလင်း မပြောဘဲ ပြုံးလျက် ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်။
ဒီနေ့ မြို့ရိုးပေါ်သို့ အတူတကွ လျှောက်လှမ်း တက်ရောက်လာကြသူ အားလုံးကို သူ၏ ရင်ထဲ၌ မှတ်သားထားလိုက်ပြီ ဖြစ်သည်၊ အထူးသဖြင့် ထိုမိသားစုခေါင်းဆောင် နှစ်ဦးကို ဖြစ်သည်၊ နောင်တွင် ၎င်းတို့ အနန္တ ကုန်စုံဆိုင်သို့ ထပ်မံ လာရောက်ပါက ၎င်းတို့ကို သိုးမွှေးညှပ်ခံရမည့် သိုးအုပ်ကြီးကဲ့သို့ ပြင်းပြင်းထန်ထန် ဈေးတင် တော့မည် မဟုတ်ပေ။
ရှန်းဝမ်စန်း၏ အမူအရာကို မြင်တွေ့ရသောအခါ မိသားစုခေါင်းဆောင် နှစ်ဦးမှာ ချက်ချင်း သဘောပေါက်သွားကြပြီး နောက်ထပ် စကားမဆိုကြတော့သော်လည်း ၎င်းတို့၏ မျက်နှာပေါ်ရှိ ပြုံးရွှင်မှုများကိုမူ ဖုံးကွယ်ထား၍မရပေ ။
ဝူထုံက အသာအယာ ချောင်းဟန့်လိုက်ရာ ယခုအချိန်က စကားစမြည် ပြောဆိုနေရမည့် အချိန်မဟုတ်ဘဲ ပိုမို အရေးကြီးသော ကိစ္စများ ရှိနေကြောင်း လူတိုင်း သိရှိသွားကြသည်။
“အားလုံးပဲ... သံသယတွေ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ မိစ္ဆာသားရဲတွေ မြို့ကို တိုက်ခိုက်လာမယ့် ကိစ္စအတွက် ကာကွယ်ရေး ပြင်ဆင်မှုတွေကို အရင်ဆုံး လုပ်ကြရအောင်။ အခုအချိန်မှာ မြို့သခင်က ကိုယ်တိုင် ကိုယ်ကျ ထွက်ပြီး မညွှန်ကြားနိုင်သေးတဲ့အတွက် ကျွန်တော့်အနေနဲ့ အရာရာကို အစုံအလင် မတွေးနိုင်တာကို ကိုယ့်ကိုယ်ကိုယ် သိပါတယ်၊ ဒါကြောင့် ဒီနေရာကို ရောက်ရှိနေတဲ့ အုတ်မြစ်ချခြင်း အဆင့် ကျင့်ကြံသူ မိတ်ဆွေအားလုံးကို တိုက်ပွဲဝင်မယ့် အစီအစဉ် တွေကို အတူတကွ တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ မြို့သခင် တံခါးပိတ် ကျင့်ကြံခြင်းကနေ ထွက်လာပြီးတဲ့အခါကျမှ အရာအားလုံးကို မြို့သခင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လွှဲပြောင်းပေးအပ်ပါ့မယ်”
ထိုသို့ ပြုလုပ်ခြင်းက အမှန်တကယ်ပင် သင့်လျော်လှပေသည်။
ထို့နောက်တွင် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများ အားလုံးမှာ မြို့စောင့်စစ်သည်များနှင့် ပူးပေါင်းကာ မြို့ကို ကာကွယ်မည့် အမျိုးမျိုးသော ကိရိယာ တန်ဆာပလာများကို ပြင်ဆင်ရန် ထွက်ခွာသွားကြသည်။
ဝူထုံကမူ သုံးဆယ်ပင် မပြည့်သော အုတ်မြစ်ချခြင်း အဆင့် ကျင့်ကြံသူများကို ခေါ်ဆောင်ကာ မြို့ရိုးပေါ်ရှိ တိုက်ပွဲအစည်းအဝေးခန်းမထဲသို့ ဝင်ရောက်သွားခဲ့သည်။
အုတ်မြစ်ချခြင်း အဆင့် ကျင့်ကြံသူများ အားလုံး အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်ပြီးနောက် လေထုမှာ ချက်ချင်းပင် လေးလံ အုံ့မှိုင်းသွားခဲ့သည်။
လူတိုင်းက တစ်ဦးကိုတစ်ဦး စကားမဆိုဘဲ ကြည့်နေကြမိသည်၊ သားရဲဒီရေလှိုင်းကဲ့သို့သော တိုက်ပွဲကြီးနှင့် ရင်ဆိုင်ရပါက မည်သူ့တွင်မှ အတွေ့အကြုံ မရှိကြသဖြင့် မည်သို့ တုံ့ပြန်ရမည်ကို မသိရှိကြပေ ။
လူတိုင်း တိုင်ပင်ဆွေးနွေးခြင်း မစတင်ရသေးခင်မှာပင်၊ မြို့သခင်အိမ်တော် ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင် က ပြာပြာ သလဲလဲဖြင့် အခန်းထဲသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
“ဒုတိယအရာရှိ ဝူ...” ကင်းလှည့်ခေါင်းဆောင် က စကားစတင် ပြောရန် ပြင်လိုက်သော်လည်း အခန်းထဲတွင် လူများ အနည်းငယ် များပြားနေသည်ကို ရုတ်တရက် သတိပြုမိသွားသဖြင့်၊ သူ၏ စကားကို ဆက်ပြောသင့် မပြောသင့် ဝေခွဲမရ ဖြစ်သွားသည်။
ဝူထုံက သူ၏ ပုံစံကို မြင်တွေ့ရသောအခါ ရင်ထဲ၌ ထိတ်ခန့်သွားမိသည်၊ ဤလူက မြို့သခင်အိမ်တော်သို့ လာရောက် ကူညီကြသော ဤလူများကို အားနာ ထောက်ထားနေခြင်း ဖြစ်ကြောင်း အထင်အရှား မြင်တွေ့နေရသည်။
ယခုအချိန်က ထိုကဲ့သို့သော အရာများကို ထောက်ထား အားနာနေရမည့် အချိန်မဟုတ်ပေ ၊ အခြားလူများက သူတို့၏ အသက်ကိုပင် စွန့်လွှတ်ပြီး လာရောက်ကြပြီ ဖြစ်ရာ တစ်စုံတစ်ခုကို ထပ်မံ ဖုံးကွယ်ထားဦးမည်ဆိုလျှင် ၎င်းတို့၏ စိတ်ဓာတ်ကို နာကျင်စေသည် မဟုတ်ပါလော။
“ပြောစရာ ရှိတာကို ပြောစမ်း၊ အားလုံးက မိသားစုဝင်တွေချည်းပဲ”
ကင်းလှည့်ခေါင်းဆောင် က ဝူထုံကို တစ်ချက် ကြည့်လိုက်ပြီး ထို့နောက် ရှန်းဝမ်စန်းတို့ အပါအဝင် ထိုလူများကို တစ်ချက် လှမ်းကြည့်ကာ တစ်ချက်မျှ တွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။ “ဒုတိယအရာရှိ ဝူ... မြောက်ဘက် မြို့တံခါးဘက်မှာ မြို့ပြင်ကို ထွက်ခွာချင်တဲ့ လူတွေ အများကြီး စုပြုံနေကြပါတယ်၊ ကျွန်တော်တို့ ကင်းလှည့်တပ်ဖွဲ့လည်း မထိန်းချုပ်နိုင်တော့လောက်အောင် ဖြစ်နေပါပြီ၊ ဘယ်လို လုပ်ရမလဲ”
ကင်းလှည့်ခေါင်းဆောင် က စကားပြောပြီးနောက် ရှန်းဝမ်စန်းတို့ ရှိရာ ဘက်သို့ ထပ်မံ လှမ်းကြည့်လိုက်မိသည်၊ သူက ဤစကားကို လူအများကြီး ရှေ့တွင် မပြောသင့်ကြောင်း စစ်တပ်၏ စိတ်ဓာတ်ကို လှုပ်ခတ်သွားစေနိုင်ကြောင်း ထင်မြင်နေဆဲ ဖြစ်သည်။
ဝူထုံက ကြားသိရပြီးနောက် တစ်ခဏမျှ ဝေခွဲမရ ဖြစ်သွားသည်၊ မြို့သခင်အိမ်တော်၏ စစ်အင်အားက ဤမျှလောက်သာ ရှိရာ မြို့ကိုလည်း စောင့်ကြပ်ရမည် ဖြစ်သလို မြို့တွင်း တည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းရမည် ဖြစ်သဖြင့် အမှန်တကယ်ပင် အင်အား မလုံလောက် ဖြစ်နေရသည်။
ထို့ပြင် ယခုမှသာ စည်းလုံးညီညွတ်မှု အနည်းငယ် စုစည်းမိခါစ ရှိသေးသည်၊ ဤအချိန်တွင် တစ်စုံတစ်ခုသော ကမောက်ကမမှု ထပ်မံ ပေါ်ပေါက်လာပါက ယခုမှ စုစည်းမိထားသော လူအင်အားများမှာ ပြန်လည် ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး ထိုသို့ဆိုလျှင် ဝမ်နန်မြို့အတွက် လုံးဝ မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ ။
လျူ မိသားစုခေါင်းဆောင်က ရုတ်တရက် ဒေါသတကြီး ဆဲ လိုက်သည်။ “ဒီကောင်တွေကတော့ တကယ့်ကို အလုပ်မဖြစ်တဲ့အပြင် ဖျက်ဆီးဖို့ပဲ သိကြတယ်၊ ငါတို့က ရှေ့တန်းမှာ အသက်နဲ့လဲပြီး တိုက်ခိုက်နေရတာကို၊ သူတို့က နောက်တန်းကနေ မွှေနှောက်နေကြတယ်”
ချက်ချင်းပင် လူတိုင်း၏ မျက်နှာများမှာ ကြည့်ရ မကောင်းတော့ပေ ၊ ကင်းလှည့်ခေါင်းဆောင် ထင်မှတ်ထားသည့်အတိုင်း ဤကိစ္စကို ပြောပြလိုက်ခြင်းက စိတ်ဓာတ်ကို အမှန်တကယ်ပင် သက်ရောက်မှု ရှိသွားစေသည်။
ရှန်းဝမ်စန်းကမူ စကားစတင် ပြောလိုက်သည်။ “ဒုတိယအရာရှိ ဝူ... မြို့တံခါးကို ဖွင့်ပေးလိုက်ပြီးတော့ ထွက်သွားချင်တဲ့ လူတွေကို ထွက်သွားခွင့် ပြုလိုက်ပါ၊ ယခုအချိန်က ၎င်းတို့ကို လိုက် ထိန်းချုပ်နေရမည့် အချိန်မဟုတ်တော့ပါဘူး၊ ဒီအချိန်မှာ ဝမ်နန်မြို့အတွက် အရေးကြီးဆုံးက တည်ငြိမ်မှုပါပဲ။ တကယ်လို့ ငါတို့က ရှေ့တန်းမှာ တကယ် တိုက်ပွဲဖြစ်နေတဲ့ အချိန်ကျမှ ဒီလူတွေက နောက်ကနေ တစ်ခုခု ထပ်ပြီး ပြဿနာရှာလာမယ်ဆိုရင် အဲ့အချိန်ကျမှ တကယ့် အန္တရာယ်ဆိုးကြီး ဖြစ်လာပါလိမ့်မယ်”
ရှန်းဝမ်စန်း၏ ဤစကား ထွက်ပေါ်လာသောအခါ လူတိုင်းက သူ့ထံသို့ အကြည့်များ ရောက်ရှိသွားကြပြီး သူပြောသည့် စကားက အလွန်ပင် ကျိုးကြောင်းဆီလျော်လှကြောင်း ခံစားလိုက်ကြရသည်။
အကယ်၍ နောက်ဖေးမီးလောင်မည့် ကိစ္စကိုသာ စောင့်ဆိုင်းနေရမည်ဆိုလျှင် ထိုအချိန်ကျမှ ဒုက္ခရောက်မည့်သူများမှာ ၎င်းတို့သာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် ထွက်ပြေးလိုသော ထိုလူများကို မည်သို့မျှ တားဆီးထားနိုင်မည် မဟုတ်ပေ ။