← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃) လျိုထိုင် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာခြင်း

​ဝူထုံက ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ရှန်းဝမ်စန်း ပြောသည်မှာ မှန်ကန်ကြောင်း လက်ခံလိုက်သည်၊ ထို့ပြင် အခြားလူများကလည်း ကန့်ကွက်မည့်ပုံမပေါ်သည်ကို သူ မြင်တွေ့နေရသည်။

​သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ “မင်း အခုချက်ချင်း မြောက်ဘက်တံခါးကို သွားဖွင့်လိုက်၊ မင်းကိုယ်တိုင် အဲ့ဒီမှာ စောင့်ကြပ်ပြီး ဝမ်နန်မြို့ကနေ ထွက်သွားချင်တဲ့သူ အားလုံးကို အခုချက်ချင်း ထွက်သွားခွင့်ပြုလိုက်။ နှစ်နာရီကြာပြီးတဲ့နောက် ဝမ်နန်မြို့တစ်ခုလုံးကို အပြီးအပိုင် ပိတ်လိုက်မယ်၊ အဝင်အထွက် လုံးဝ ခွင့်မပြုတော့ဘူး၊ သူတို့ကို အချိန်မီ အမြန်လုပ်ဖို့ ပြောလိုက်”

​ဤနေရာတွင် ရပ်နေကြသော မိသားစု အင်အားစုများမှ လူများထဲတွင် မည်သူတစ်ဦးမျှ ထွက်၍ ကန့်ကွက်ခြင်း မရှိကြပေ ။

​ဝမ်နန်မြို့မှ ထွက်ပြေးတိမ်းရှောင်လိုသူများမှာမူ ဗေဒါပင်များကဲ့သို့ မြို့ကို စွန့်ခွာသွားနိုင်ကြသည်။

​သို့သော် ၎င်းတို့ မိသားစုကြီးများမှာမူ ထိုသို့ လုပ်၍မရသလို လုပ်ရန်လည်း အလိုမရှိကြပေ။

​အခြားမိသားစုများက မည်သို့ ရွေးချယ်မည်ကို ၎င်းတို့ မသိသော်လည်း ၎င်းတို့ကိုယ်တိုင် ဤနေရာတွင် ရပ်တည်ရန် ရွေးချယ်ခဲ့ကြပြီးဖြစ်ရာ ၎င်းတို့အတွက် နောက်ဆုတ်လမ်း မရှိတော့ပေ ။

​သို့သော်လည်း လူအနည်းငယ်၏ မျက်နှာပေါ်တွင်မူ အတန်ငယ် ပြောင်းလဲမှုများ ဖြစ်ပေါ်သွားခဲ့သည်။

​ရှန်းဝမ်စန်းက အတွင်းစိတ်ရိပ်မိသူ ဖြစ်သဖြင့် ထိုမိသားစုခေါင်းဆောင်များ၏ စိတ်ကူးကို ရိပ်မိလိုက်သည်။ “ဒုတိယအရာရှိ ဝူ... ကျွန်တော့် မှာ ပြောစရာလေး တစ်ခုရှိပါသေးတယ်”

​ဝူထုံက ရှန်းဝမ်စန်းကို ဇဝေဇဝါဖြင့် ကြည့်ကာ “ဆိုင်ရှင်ရှန်း... ပြောပါဦး”

​“ဒုတိယအရာရှိ ဝူ... ကျွန်တော် ပြောမယ့်စကားက အနည်းငယ် ဘောင်ကျော်သွားနိုင်လို့ အပြစ်မယူပါနဲ့ ”

​ဝူထုံက ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သော်လည်း ဖိတ်ခေါ်သည့် လက်ဟန်ပြလိုက်သည်။

​“မိသားစုခေါင်းဆောင်တို့... ခင်ဗျားတို့လည်း ခင်ဗျားတို့ရဲ့ မျိုးနွယ်စုဝင်တွေကို မြို့ပြင်ကို အရင် ပို့ထားလိုက်ကြပါလား။ သားရဲဒီရေလှိုင်း ကျရောက်လာရင် ကျွန်တော် တို့ အမှန်တကယ်ပဲ မြို့ကို ခုခံကာကွယ်နိုင်ပါ့မလားဆိုတာ မသေချာဘူးလေ”

​ရှန်းဝမ်စန်း စကားပြောပြီးနောက် ဝူထုံက သူ့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်၊ ရှန်းဝမ်စန်း မည်သို့ တွေးနေသည်ကို သူ အမှန်တကယ် နားမလည်နိုင် ဖြစ်ရသည်၊ ဤသို့ ပြုလုပ်ခြင်းက ဤမိသားစုများကို မြို့ကနေ ထွက်ခွာသွားဖို့ အကြောင်းပြချက် ပေးလိုက်တာ မဟုတ်ပါလော။

​ဒီမိသားစုတွေက သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို မြို့ပြင် ပို့လိုက်ပြီဆိုရင် သူတို့ကိုယ်တိုင် ဤနေရာမှာ ကျန်ခဲ့ဖို့ မလိုတော့ဘဲ ထွက်သွားကြမှာပေါ့။

​ဝူထုံက ဤမိသားစုများ တိုက်ပွဲဝင်ရန် ရောက်ရှိလာခြင်းမှာ သူက အစတည်းက မြို့တံခါးများကို ပိတ်ထားခဲ့၍ ထိုမိသားစုများက မတတ်သာဘဲ ရောက်လာကြခြင်းဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

​ထိုမိသားစုခေါင်းဆောင်များမှာ ဝူထုံ မည်သို့ တွေးနေသည်ကို မသိကြသော်လည်း ၎င်းတို့အားလုံးက ရှန်းဝမ်စန်းကို ကျေးဇူးတင်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။

​၎င်းတို့က အစတည်းက မြို့ကို စွန့်ခွာရန် မတွေးတောခဲ့ကြပေ၊ ဝမ်နန်မြို့နှင့်အတူ အသက်သေခံမည်ဟု ၎င်းတို့ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

​သို့သော် ယခုအခါ ၎င်းတို့၏ မျိုးနွယ်စုဝင်များကို မြို့ပြင်သို့ အရင် ပို့ဆောင်နိုင်မည့် အခွင့်အရေး ရရှိသွားပြီ ဖြစ်ရာ မိသားစုအတွက် သွေးမျိုးဆက် အနည်းငယ် ချန်ထားနိုင်ရန် ၎င်းတို့ သေချာပေါက် အလိုရှိကြသည်။

​“ဆိုင်ရှင်ရှန်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒုတိယအရာရှိ ဝူ... စိတ်ချပါ၊ ကျွန်တော်တို့ လူတွေကတော့ မြို့ရိုးပေါ်ကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လူတစ်ယောက်ကို အိမ်ပြန်လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်ရုံပါပဲ”

​ဝူထုံက ဤသို့ကြားမှ ရှန်းဝမ်စန်း၏ ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်၊ သူက တစ်ချက်မျှ ရှက်ရွံ့သွားမိကာ သူ၏ အတွေးအခေါ် အမြင်ကျဉ်းမြောင်းမှုကို သတိပြုမိလိုက်သည်။

​ရှန်းဝမ်စန်း ဤသို့ ပြုလုပ်ခြင်းက ထိုမိသားစုခေါင်းဆောင်များကို နောက်ဆံ အေးအေးဖြင့် တိုက်ပွဲဝင်နိုင်စေရန် ဖြစ်ကြောင်း သူ ယခုမှ နားလည်သွားခဲ့သည်။

​“သူက အစတည်းက ရိပ်မိနေခဲ့တာပဲ၊ တကယ်လို့ မြို့သခင်သာ ဒီမှာ ရှိနေရင်လည်း မြို့သခင်က ဒီအတိုင်းပဲ လုပ်မှာ သေချာတယ်။ မြို့သခင် ရေ... သခင် အမြန်ဆုံး တံခါးပိတ် ကျင့်ကြံခြင်းကနေ ထွက်လာပါတော့၊ ကျွန်တော် တကယ်ကို မတောင့်ခံနိုင်တော့ဘူး၊ အခု ကံကောင်းလို့ ဆိုင်ရှင်ရှန်း ရှိနေလို့သာပဲ”

​ဝူထုံက ရှန်းဝမ်စန်းကို လက်သီးဆုပ် ၍ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။

​ရှန်းဝမ်စန်းက အသာအယာ ပြုံးလိုက်ရင်း “ဒုတိယအရာရှိ ဝူ... ကျွန်တော်တို့ သားရဲဒီရေလှိုင်းကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီး တိုင်ပင်ကြရအောင်”

​ဝူထုံက ထိုအခါမှ သတိပြန်ဝင်လာပြီး လူတိုင်းက သူ့ကို စောင့်ကြည့်နေကြသည်ကို မြင်သောအခါ အားနာစွာ ပြုံးလိုက်သည်။

​“အားလုံးပဲ အားနာပါတယ်၊ စောစောက ကျွန်တော့်ရဲ့ စဉ်းစားမှု အားနည်းသွားပါတယ်၊ ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့”

​ဝူထုံက အရင်ဆုံး စကားစတင် ပြောလိုက်သည်၊ မည်သို့ပင်ဆိုစေ သူက လျိုထိုင်၏ ဒုတိယအရာရှိ ဖြစ်သဖြင့် ပုံမှန်အချိန်များတွင် လျိုထိုင်၏ အနောက်တွင် လိုက်ပါရင်း မြင်ဖူးကြားဖူးသည်များ ရှိနေခဲ့သည်။

​တိုက်ပွဲဝင် အစည်းအဝေးခန်းမထဲတွင် ဆွေးနွေးမှုများ စတင်ခဲ့ကြသော်လည်း သားရဲဒီရေလှိုင်းကို မည်သို့ ခုခံရမည်ဟူသော နည်းလမ်းများနှင့် ပတ်သက်၍ ရလဒ်ထွက်အောင် ဆွေးနွေးသော်လည်း မည်သည့်နည်းလမ်းမျှ အလုပ်မဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။

​သားရဲဒီရေလှိုင်း၏ ပုံစံကို မည်သူမျှ မမြင်ဖူးကြသော်လည်း လက်ရှိ ဝမ်နန်မြို့၏ စစ်အင်အားနှင့် ယှဉ်လျှင် မည်သည့် မျှော်လင့်ချက်မျှ မရှိနိုင်ကြောင်းကို စိတ်ကူးကြည့်ရုံနှင့် သိနိုင်ကြသည်။

​အစီအစဉ်များစွာကို ပယ်ဖျက်ပြီးနောက် အစည်းအဝေးခန်းမထဲတွင် လေထုက တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

​ထိုအချိန်တွင် အသံတစ်သံက အစည်းအဝေးခန်းမ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

​ရှန်းဝမ်စန်းက ရုတ်တရက် မေးမြန်းလိုက်သည်။ “ဒုတိယအရာရှိ ဝူ... သားရဲဒီရေလှိုင်းက ဝမ်နန်မြို့ဘက်ကို တန်းတန်းမတ်မတ် လာနေတယ်ဆိုတာ အတည်ပြုလို့ ရပြီလား”

​“ဒါကတော့ လောလောဆယ် အပြည့်အဝ အတည်မပြုနိုင်သေးပါဘူး၊ ဒါပေမဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားက ဟဲကွမ်းတောင်တန်းထဲကနေ ဆက်တိုက် ထွက်ပြေးလာကြတာ။ သူတို့ ပြောပုံအရဆိုရင် ဟဲကွမ်းတောင်တန်းထဲမှာ သားရဲဒီရေလှိုင်း ဖြစ်ပွားနေတာကတော့ လုံးဝ မမှားနိုင်ပါဘူး။ ဝမ်နန်မြို့က ဟဲကွမ်းတောင်တန်းနဲ့ အနီးဆုံး ကျင့်ကြံခြင်း မြို့ ဖြစ်တဲ့အတွက် တကယ်လို့ မိစ္ဆာသားရဲတွေက ကျင့်ကြံခြင်း မြို့ကို တိုက်ခိုက်မယ်ဆိုရင် ဝမ်နန်မြို့က ပထမဆုံး ရိုက်ခတ်မှုကို ခံရမှာပါ”

​ဝူထုံ စကားပြောပြီးနောက် လူတိုင်းက သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို မှန်ကန်ကြောင်း လက်ခံကြသည်၊ ဝမ်နန်မြို့က အမှန်တကယ်ပင် အန္တရာယ်အရှိဆုံး နေရာ ဖြစ်နေသည်။

​“ဟဲကွမ်းတောင်တန်းကနေ ပြန်လာတဲ့လူတွေက အခု ဘယ်မှာလဲ”

​“မြို့ထဲမှာ ထိတ်လန့်တုန်လှုပ်မှုတွေ မဖြစ်အောင်လို့ လူအချို့ကိုတော့ မြို့သခင်အိမ်တော်ထဲမှာ ထိန်းသိမ်းထားပါတယ်၊ အချို့လူတွေကတော့ ဘယ်ရောက်ကုန်လဲ မသိဘူး၊ ဒီအချိန်မှာ မြို့ပြင်ကို ထွက်ပြေးလွတ်မြောက်သွားကြပြီ ထင်တယ်”

​“ဒုတိယအရာရှိ ဝူ... ဟဲကွမ်းတောင်တန်းကနေ ပြန်လာတဲ့လူတွေကို ဒီနေရာကို ခေါ်လာပေးလို့ ရမလား၊ ကျွန်တော် သူတို့ကို အခြေအနေ အသေးစိတ် ထပ်ပြီး မေးမြန်းချင်လို့ပါ။ ပြီးတော့ ဒီလူတွေက အပြစ်လုပ်ထားတာလည်း မဟုတ်ဘဲ၊ ဒီအတိုင်း ဆက်ပြီး ပိတ်လှောင်ထားတာက သိပ်ပြီး မသင့်တော်လှဘူး ထင်တယ်”

​ဝူထုံကလည်း ထိုသို့ ပြုလုပ်ထားခြင်းက မသင့်လျော်ကြောင်း ချက်ချင်း ခံစားလိုက်ရသည်၊ မြို့တံခါးကိုပင် ဖွင့်ပေးပြီး ထွက်ခွာချင်သူများကို ခွင့်ပြုပေးခဲ့ပြီ ဖြစ်ရာ ထိုလူများကို ပိတ်လှောင်ထားရန် အကြောင်းပြချက် မရှိတော့ပေ ။

​“ဆိုင်ရှင်ရှန်း ပြောတာ မှန်ပါတယ်၊ သူတို့ကို ပိတ်လှောင်ထားဖို့ ဘာအကြောင်းမှ မရှိတော့ဘူး၊ ကျွန်တော် အခုပဲ လူလွှတ်ပြီး သူတို့ကို ဖိတ်ခေါ်ခိုင်းလိုက်ပါ့မယ်”

​ရှန်းဝမ်စန်းက ခဏမျှ ထပ်မံ တွေးပြီးနောက် ပြောလိုက်သည်။ “လောလောဆယ် ကျွန်တော်တို့ အနေနဲ့ သားရဲဒီရေလှိုင်းက ဝမ်နန်မြို့ဘက်ကို တကယ် ဦးတည်လာနေတာ ဟုတ်မဟုတ် အရင်ဆုံး အတည်ပြုဖို့ လိုအပ်ပါတယ်၊ ကျွန်တော့်အမြင်အရတော့ အခြေအနေကို သွား စုံစမ်းဖို့ လူတစ်စု အရင် စေလွှတ်သင့်တယ်လို့ ထင်ပါတယ်”

​လူတိုင်းက ရှန်းဝမ်စန်း ပြောသည်မှာ ကျိုးကြောင်းဆီလျော်ကြောင်း လက်ခံကြသည်၊ အခြေအနေကို အရင်ဆုံး စုံစမ်းထောက်လှမ်းရမည် ဖြစ်ပြီး သို့မှသာ အပြောင်းအလဲများကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။

​သို့သော် ဤစုံစမ်းထောက်လှမ်းမည့် အဖွဲ့အတွက် လူရွေးချယ်ရန်မှာမူ တစ်ခဏအတွင်း ဆုံးဖြတ်ရခက်ခဲသွားသည်။

​စုံစမ်းထောက်လှမ်းမည့် အဖွဲ့က အန္တရာယ် အရှိဆုံး ဖြစ်ပြီး လမ်းခရီးတွင် သားရဲဒီရေလှိုင်းနှင့် တိုးမိပါက ပထမဆုံး သေဆုံးမည့်သူများမှာ ၎င်းတို့ ဖြစ်ပေလိမ့်မည်။

​တစ်ခဏအတွင်း အစည်းအဝေးခန်းမထဲတွင် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

​ဝူထုံက ဤကိစ္စကို မလုပ်ချင်၍ မဟုတ်ပေ၊ သို့သော် ယခုအခါ သူက မြို့သခင်အိမ်တော်၏ အမြင့်ဆုံး စစ်သေနာပတိ ဖြစ်နေသဖြင့် မြို့ရိုးပေါ်မှ ထွက်ခွာသွား၍ မရပေ။

​တကယ်လို့ လျိုထိုင်သာ ဤနေရာတွင် ရှိနေပါက သူက ပထမဆုံးအကြိမ် တာဝန်ယူရန် အဆိုပြုခဲ့မည် သေချာသည်။

​အချိန်အတော်ကြာသည့်တိုင်အောင် မည်သူမျှ ကိုယ်တိုင် ကိုယ်ကျ ရှေ့သို့ထွက်ရန် အဆိုမပြုကြပေ ။

​ထိုအချိန်တွင် ရှန်းဝမ်စန်းက မတ်တတ်ရပ်လိုက်သည်၊ ဤကိစ္စကို သူကိုယ်တိုင် အဆိုပြုခဲ့ခြင်း ဖြစ်ရာ သူ၏ အနောက်သို့ ဆုတ်နေရန် အကြောင်းပြချက် မရှိပေ။

​သူ၏ ရင်ထဲ၌ တွေးနေမိသည်မှာ၊ ချန်ကျီသာ ဤနေရာတွင် ရှိနေလျှင်ပင် ချန်ကျီကလည်း သူ ဤသို့ ပြုလုပ်ခြင်းကို သဘောတူလိမ့်မည် ဖြစ်သည်။

​သို့သော် ယခုအချိန်က ချန်ကျီ ပြောထားသော အရေးအကြီးဆုံး အကျပ်အတည်း အချိန်သို့ မရောက်သေးသလို ချန်ကျီထံ သတင်းပို့ရမည့် အဆင့်သို့လည်း မရောက်သေးသဖြင့် သူကိုယ်တိုင် အခြေအနေကို သွား ကြည့်ရန် သင့်တော်လှပေသည်။

​“ဒီကိစ္စကို ကျွန်တော် အဆိုပြုခဲ့တာဆိုတော့ ကျွန်တော်ပဲ သွားပါ့မယ်”

​“ဆိုင်ရှင်ရှန်း... မဖြစ်ပါဘူး”

​ရှန်းဝမ်စန်း စကားပြောပြီးပြီးချင်းမှာပင် လူအချို့က ချက်ချင်း ရှေ့သို့ထွက်၍ ကန့်ကွက်ကြသည်။

​၎င်းတို့ စိုးရိမ်သည်မှာ ရှန်းဝမ်စန်းဟူသော ဤလူကိုလား သို့မဟုတ် အနန္တ ကုန်စုံဆိုင်ကိုလား မသိရပေ။

​ရှန်းဝမ်စန်းက ထိုအရာများကို ဂရုမစိုက်ပေ ၊ ဤနေရာတွင် သူနှင့် ပိုမို သင့်တော်သောသူ မရှိတော့ပေ ၊ မည်သို့ပင်ဆိုစေ သူ၏ ရင်ထဲ၌ ရွှေအူတိုင်အဆင့် ကျင့်ကြံခြင်းကို ဖုံးကွယ်ထားဆဲ ဖြစ်သည် မဟုတ်ပါလော။

​“ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ရအောင်၊ ကျွန်တော် တစ်ယောက်တည်း သွားမယ်...”

​ရှန်းဝမ်စန်း၏ စကား မဆုံးသေးခင်မှာပင် သူက ရုတ်တရက် အစည်းအဝေးခန်းမ၏ အပြင်ဘက်သို့ မော့ကြည့်လိုက်မိသည်။

​အခြားလူများလည်း တစ်စုံတစ်ခုကို အာရုံခံမိကြသည့်အလား အစည်းအဝေးခန်းမ အပြင်ဘက်သို့ ဆက်တိုက် လှမ်းကြည့်လိုက်ကြသည်။

​ထိုအချိန်၌ပင် ရွှေအူတိုင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အော်ရာတစ်ခုက မြို့ရိုးရှိရာ ဘက်သို့ ဝုန်းဒိုင်းကြဲလျက် လွှမ်းမိုး ကျရောက်လာခဲ့သည်။

​“အားလုံးပဲ... ငါ နောက်ကျသွားပါတယ်”

​“မြို့သခင်” ဝူထုံက ဝမ်းသာအားရ အော်လိုက်သည်။

​“မြို့သခင်လျို အောင်အောင် မြင်မြင် အဆင့် တက် နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”

All Chapters