အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) သားရဲဒီရေလှိုင်း ပြီးဆုံးခြင်း၊ လက်ဝါးကြီးအုပ် စီးပွားရေး
လျိုထိုင်၏ သုံးသပ်ချက်ကို ကြားပြီးနောက် လူသုံးဦးလုံး တိတ်ဆိတ်သွားကြတော့သည်။
ရှန်းဝမ်စန်းမှာမူ ယခုအခါ သူ၏ ရင်ထဲ၌ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို ပိုမို ရှင်းလင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်ကာ သူတို့ ဤလမ်းတစ်လျှောက်လုံး လျှောက်လှမ်းလာခဲ့စဉ် တွေ့ရှိခဲ့ရသော သဲလွန်စအမြောက်အမြားက သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။
အကြီးအကဲ လျူနှင့် အကြီးအကဲ ကျန်းတို့လည်း သဲလွန်စများစွာကို ဆွေးနွေးငြင်းခုံ တွက်ချက်ကြည့်ပြီးနောက် ရရှိလာသော ရလဒ်မှာ လျိုထိုင်၏ တွက်ချက်မှုနှင့် ထပ်တူပင် ဖြစ်နေသည်။
လျိုထိုင်က “ဒီနေရာမှာ သားရဲဒီရေလှိုင်း အမှန်တကယ် ဖြစ်ပွားခဲ့တာပဲ၊ ဦးတည်ချက်ကလည်း ဝမ်နန်မြို့ ရှိရာဘက်ကိုပဲ၊ ဒါပေမဲ့ မိစ္ဆာသားရဲတွေ ဒီနေရာကို ရောက်တဲ့အခါမှာတော့ တားဆီးခြင်း ခံလိုက်ရပြီး နောက်ဆုံးမှာတော့ သားရဲဒီရေလှိုင်းက လူစုကွဲ ပျက်ပြယ်သွားခဲ့ပုံရတယ်”
“မြို့သခင်လျို... ဒါဆို ငါတို့ ဆက်ပြီး ဘာလုပ်ကြမလဲ။ ပြန်ကြမလား၊ ဒါမှမဟုတ် တောင်ထဲကို ဆက်သွားကြမလား”
“ဟုတ်ပ... မြို့သခင်လျို၊ သားရဲဒီရေလှိုင်းက တားဆီးခြင်း ခံလိုက်ရပြီဆိုမှတော့ ငါတို့ ဆက်ပြီး စူးစမ်းနေရင်လည်း ကြီးကြီးမားမား အဓိပ္ပာယ်မရှိတော့ဘူး”
လျိုထိုင်က ခဏမျှ တွေးပြီးနောက် ရှန်းဝမ်စန်းကို လှမ်းကြည့်ကာ “ဆိုင်ရှင်ရှန်း... မင်း ရော ဘယ်လို ထင်လဲ”
“ကျွန်တော်ကတော့ အကြီးအကဲ နှစ်ယောက် ပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ပါတယ်၊ အခြေအနေအရဆိုရင် သားရဲဒီရေလှိုင်း ပျက်ပြယ်သွားတာ အတန်ငယ် ကြာမြင့်နေပြီ ဖြစ်လို့ အခုအချိန်မှာ ကျွန်တော်တို့ ဆက်ပြီး စူးစမ်းရှာဖွေနေဖို့ မလိုအပ်တော့ပါဘူး”
လျိုထိုင်က ခဏမျှ စဉ်းစားပြီးနောက် “ကောင်းပြီ... ဒါဆိုရင်တော့ ငါတို့ အရင်ဆုံး ဆုတ်ခွာကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် သားရဲဒီရေလှိုင်းက ဆုတ်ခွာသွားပြီပဲဥစ္စာ၊ ဘယ်သူက သားရဲဒီရေလှိုင်းကို တားဆီးခဲ့လဲဆိုတာက ငါတို့နဲ့ ကြီးကြီးမားမား ပတ်သက်မှု မရှိပါဘူး၊ ငါတို့ ဆက်ပြီး စူးစမ်းနေဖို့လည်း တကယ်ကို မလိုပါဘူး”
“မှန်တယ်၊ မှန်တယ်... မြို့သခင်လျို၊ သွားစို့... ငါတို့ မြန်မြန် ပြန်ကြရအောင်၊ ပြီးရင် မင်း ရွှေအူတိုင်အဆင့်ကို တက် ခဲ့တဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ငါတို့ကို ကောင်းကောင်းလေး ပြောပြဦး”
“မင်း ကတော့ကွာ အဘိုးကြီး ရေ... ဒီလောက်တောင် တိုက်ရိုက်ကြီး ပြောရလား၊ မြို့သခင်လျိုက မင်းကို ဘာလို့ အတွေ့အကြုံတွေ ပြောပြရမှာလဲ၊ အဲ့ဒါတွေက သူများရဲ့ ကျင့်ကြံခြင်း လျှို့ဝှက်ချက်တွေပဲဥစ္စာ၊ ဒီအတိုင်း အလကား ဘယ်လိုလုပ် ပြောပြမလဲ။ မြို့သခင်လျို... ဝမ်နန်မြို့ကို ပြန်ရောက်ရင် ကျွန်တော် စားပွဲအနည်းငယ် ပြင်ဆင်ပြီး ခင်ဗျားအတွက် ကောင်းကောင်းလေး ဂုဏ်ပြုပေးပါ့မယ်”
“ဒါက...” လျိုထိုင်ကဲ့သို့သော အတွေ့အကြုံ ရင့်ကျက်သူကြီးပင်လျှင် ၎င်းတို့နှစ်ဦး၏ အလှည့်အပြောင်းကို အတန်ငယ် အကြပ်ရိုက်သွားရရှာသည်။
စောစောတင်ပဲ ရင်တထိတ်ထိတ် ဖြစ်နေကြတဲ့ ပုံစံကနေ ဘယ်လိုဖြစ်ပြီး ဗြုန်းစားကြီး ဒီလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားကြတာလဲ။
လျိုထိုင်က မတတ်သာဘဲ ရှန်းဝမ်စန်းကိုပါ ကြားထဲ ဆွဲသွင်းလိုက်ရတော့သည်။ “ကောင်းပါပြီ၊ သေချာပေါက် စားပွဲအချို့ ပြင်ဆင်ပြီး ဂုဏ်ပြုရမှာပေါ့၊ ပြီးတော့ ဆိုင်ရှင်ရှန်းကိုလည်း သေချာပေါက် ဖိတ်ရမယ်။ ငါ အခုလို ရွှေအူတိုင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တာက ဆိုင်ရှင်ရှန်းကို တကယ်ပဲ အထူးကျေးဇူးတင်ရမှာ၊ တကယ်လို့ ဆိုင်ရှင်ရှန်းရဲ့ အဆင့် တက် ဆေးလုံး သာ မရှိရင် ငါ အခုလို ချောချောမွေ့မွေ့ အဆင့်တက် နိုင်မှာ မဟုတ်ဘူး”
“မှန်တယ်... ဆိုင်ရှင်ရှန်းကတော့ သေချာပေါက် သွားရမယ်”
ရှန်းဝမ်စန်းက စိတ်မသက်မသာ ဖြစ်စွာ ပြုံးလိုက်မိပြီး ရင်ထဲ၌ မတတ်သာခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤလူများမှာ သားရဲဒီရေလှိုင်းအပေါ် စိုးရိမ်ပူပန်မှုများထဲမှ ဤမျှ မြန်မြန်ဆန်ဆန် မည်သို့ ရုန်းထွက်နိုင်ကြသနည်း၊ ပြောင်းလဲမှုက မြန်ဆန်လွန်းလှသည်၊ သူတို့မှာ ကပ်ဘေးကြီးတစ်ခုနှင့် သီသီလေး လွဲချော်ခဲ့ရသည်ကို လုံးဝ မေ့လျော့နေကြသည့်အလား ရှိနေတော့သည်။
ချန်ကျီ၏ အိမ်တော်တွင်
ချန်ကျီက ကျောက်လင်းအာကို အသက်ဝင်လှုပ်ရှားစွာဖြင့် ပုံပြင်ပြောပြပြီးနောက် ကျောက်လင်းအာထံမှ လက်ခုပ်ဩဘာသံများကို ရရှိခဲ့သည်။
ချန်ကျီ၏ ဂုဏ်ယူလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ “ကြည့်ရတာ ကောင်းမှုတစ်ခုခု လုပ်ပြီးရင် သေချာပေါက် လိုက်ကြေညာရမယ်၊ မဟုတ်ရင် ငါ လုပ်ခဲ့မှန်း သူများတွေ ဘယ်လိုသိမှာလဲ။ မဖြစ်ဘူး... နောက်ကျရင် ကိုယ်ပွားတွေကို လွှတ်ပြီး ငါ ဒီနေ့ ငွေရောင်လေးကို ဉာဏ်ဆင် အနိုင်ယူခဲ့တဲ့ ပြောင်မြောက်တဲ့ ဇာတ်ကြောင်းကို လိုက် ကြေညာခိုင်းရမယ်”
ချန်ကျီက ထမင်းစားသောက်ပြီးနောက် လှဲလျောင်း အနားယူနေသည့် အချိန်တွင် သူ၏ အသိစိတ်ကို အနန္တနေရာလွတ်ထဲသို့ ဝင်စေ လိုက်သည်။
ရှောင်ဖျင်က သူ့ထံသို့ စိစစ်ပြီး ကြောင်း အသံ လှမ်းပို့ထားခဲ့သည်မှာ ကြာပြီ ဖြစ်ကာ ပစ္စည်းများ အားလုံးကို စာရင်းလုပ် ထားပြီးသား ဖြစ်သဖြင့် သူ ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က ချန်ကျီက အလုပ်ရှုပ်နေသဖြင့် ရှောင်ဖျင်ကို ပြန် ဖြေရန် အချိန်မရှိခဲ့ပေ ။
ယခုအချိန်ကျမှသာ သူက အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်ရန် အချိန်ရရှိခဲ့တော့သည်။
ချန်ကျီ ရောက်ရှိလာသည်နှင့် ရှောင်ဖျင်နှင့် ရှောင်အန်းတို့က အပြေးအလွှား ရောက်ရှိလာကြသည်။
“သခင်”
“အင်း... ပစ္စည်းတွေ အားလုံး စာရင်းလုပ်ပြီးပြီလား”
“ဟုတ်ကဲ့ပါ သခင်၊ အဖိုးတန်ပြီး ရှားပါးတဲ့ ပစ္စည်းတွေကိုတော့ သီးသန့် ခွဲထုတ်ထားပါတယ် ။ ဒါပေမဲ့ ရှန်းဝမ်စန်းက ဒီနေ့ စာရင်းလာမရှင်းသေးလို့ သူ သွင်းထားတဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော်တို့ စာရင်းအကုန် တွက်ချက်ထားပြီးပါပြီ။ ဒါက စာရင်းစာအုပ်ပါ၊ သခင် တစ်ချက်လောက် ကြည့်လိုက်ပါဦး”
ချန်ကျီက စာရင်းစာအုပ်ကို လှမ်းယူလိုက်ကာ “ကိစ္စမရှိပါဘူး၊ ပစ္စည်းတွေ စာရင်း ရှင်းလင်းနေရင် ရပါပြီ၊ သူလည်း ကိစ္စတစ်ခုခုကြောင့် အချိန်ကြန့်ကြာနေတာ ဖြစ်လိမ့်မယ်”
ချန်ကျီက စာရင်းစာအုပ်ကို အကြမ်းဖျင်း လှန်လှောကြည့်လိုက်ရာ စာရင်းစာအုပ်ပေါ်တွင် ဤသုံးရက်တာအတွင်း ရရှိခဲ့သော ဝင်ငွေများ အားလုံးကို မှတ်တမ်းတင်ထားသည်။
ထို ဝတ်စုံစိမ်း အမျိုးသမီးထံသို့ ပြန်လည် ရောင်းချနိုင်သော ပစ္စည်းများ၏ ခန့်မှန်းခြေ တန်ဖိုးမှာ အမှတ် ၁၀၀၀၀ ခန့် ရှိသည်။
အနန္တ ကုန်စုံဆိုင် ၏ ဝိညာဉ်ကျောက်တုံး ဝင်ငွေမှာမူ အလွန် လျော့နည်းသွားခဲ့ပြီး သုံးရက်ပေါင်းမှ ဝိညာဉ်ကျောက်တုံး တစ်သောင်းပင် မပြည့်ပေ ။
“အမှတ် တွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ။ ဝိညာဉ်ကျောက်တုံးတွေကကျတော့ နည်းနည်း နည်းလွန်းနေသလိုပဲ”
“သခင်... အမှတ် တွေ များနေတာက သခင် ဒီကာလအတွင်းမှာ သယ်လာတဲ့ ပစ္စည်းတွေ များပြားတာရယ်၊ ပြီးတော့ ကိုယ်ပွားတွေနဲ့ သခင် ကိုယ်တိုင် အမဲလိုက်ခဲ့တဲ့ မိစ္ဆာသားရဲတွေ များပြားပြီး ယင်းတို့ဆီက ရတဲ့ ပစ္စည်းတွေလည်း များပြားလို့ပါ ။ ဒါ့အပြင် အနန္တ ကုန်စုံဆိုင်ဘက်ကနေလည်း မိစ္ဆာသားရဲ ပစ္စည်းတွေနဲ့ ဝိညာဉ်ဆေးပင် အမြောက်အမြားကို ပြန်လည် ဝယ်ယူခဲ့တာမို့ ဝင်ငွေ အများစုကို အမှတ် တွေအဖြစ် ပြောင်းလဲလိုက်လို့ ဖြစ်ပါတယ် ။ ဝိညာဉ်ကျောက်တုံး နည်းရတဲ့ အကြောင်းရင်းကတော့ ရှန်းဝမ်စန်းက မနေ့ကတည်းက ရှင်းပြခဲ့ပါတယ်၊ အခု အနန္တ ကုန်စုံဆိုင်ကို ပစ္စည်းလာဝယ်ကြတဲ့ ကျင့်ကြံသူအများစုက ရောက်လာတာနဲ့ သူတို့မှာ ရှိသမျှ ပစ္စည်းတွေကို အရင်ဆုံး အနန္တ ကုန်စုံဆိုင်ကို လာရောင်းကြပြီးမှ ရလာတဲ့ ငွေနဲ့ ဆေးလုံး စတာတွေကို ဝယ်ယူသွားကြတာပါ။ အချို့ ကျင့်ကြံသူတွေက ဆိုင်ကို လာရောင်းတဲ့ ပစ္စည်းက များပြီး ပြန်ဝယ်တဲ့ ပစ္စည်းက နည်းနေတာမို့ တစ်ခါတလေကျရင် သူတို့ကို ဝိညာဉ်ကျောက်တုံးတွေတောင် ပြန်အမ်းပေးလိုက်ရပါသေးတယ်”
ရှောင်ဖျင်က ဤမျှအထိ အကြမ်းဖျင်း ရှင်းပြလိုက်ရာ ချန်ကျီ၏ ရင်ထဲ၌ ချက်ချင်း သဘောပေါက်သွားခဲ့သည်၊ သူက ယခင်ကတည်းက ဤကဲ့သို့သော ခန့်မှန်းချက်မျိုး ရှိခဲ့ဖူးသည်။
အနာဂတ် တွင် အနန္တ ကုန်စုံဆိုင်သို့ လာရောက် ပစ္စည်းဝယ်ယူကြမည့် ကျင့်ကြံသူများက အစပိုင်းကဲ့သို့ ဝိညာဉ်ကျောက်တုံးများကို အကုန်အစင် တစ်ခါတည်း သုံးဖြုန်းကြတော့မည် မဟုတ်ပေ ။
သူတို့က အနန္တ ကုန်စုံဆိုင်ကြီးက ဤနေရာတွင် အမြဲတမ်း ဖွင့်လှစ်ထားကြောင်း သိရှိသွားကြပြီ ဖြစ်သဖြင့် အချိန်မရွေး လာရောက်ပါက သက်သာသော ကျင့်ကြံခြင်း အရင်းအမြစ် များကို ဝယ်ယူနိုင်မည် ဖြစ်ရာ ဆေးလုံးများကို ပုံအောပြီး ဝယ်ယူထားရန် မလိုအပ်တော့ပေ ။
သူတို့ ဤသို့ ပြုလုပ်ခြင်းကိုလည်း ချန်ကျီက နားလည်ပေးနိုင်ပါသည်။
“ကြည့်ရတာ အနာဂတ်မှာ ဝိညာဉ်ကျောက်တုံးတွေကို ချွေတာပြီး သုံးရတော့မယ်၊ အနန္တ ကုန်စုံဆိုင်တွေက နောင်ဆို ပိုပြီး တိုးချဲ့ ဖွင့်လှစ်ရဦးမှာဆိုတော့ လည်ပတ် ငွေအဖြစ် ဝိညာဉ်ကျောက်တုံးအချို့ ချန်ထားရမယ်။ ပြီးတော့ အစီအရင်တွေ ခင်းကျင်းတဲ့ အခါတိုင်းမှာလည်း ဝိညာဉ်ကျောက်တုံး အတော်များများ ကုန်ဆုံးနေတာ၊ ငါ့မှာ အခု ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော် ရှိနေတာတောင် ဘာလို့ အမြဲတမ်း မလောက်မငှ ဖြစ်နေသလို ခံစားရတာပါလိမ့်”
ချန်ကျီက စာရင်းစာအုပ်ကို ပိတ်ကာ ရှောင်ဖျင်ထံသို့ ပြန်ပေးလိုက်ရင်း “ဆိုင်ဖွင့်ဖို့ သွားကြတဲ့ အဖွဲ့ ၂၀ က အခု ဘယ်လို အခြေအနေ ရှိနေပြီလဲ”
“သခင်... အခု အဖွဲ့ ၅ ဖွဲ့က ဆိုင်ခန်းတွေ ဝယ်ယူပြီးလို့ ပြင်ဆင်မွမ်းမံနေကြပါပြီ၊ နောက် နှစ်ရက် သုံးရက်အတွင်းမှာ ဆိုင် စတင် ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ် ။ နောက်ထပ် ၁၂ ဖွဲ့ကတော့ မြို့တွေကို အတည်ပြုပြီးလို့ ဆိုင်ခန်း ဝယ်ယူဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ၃ ဖွဲ့ သွားရောက် စူးစမ်းခဲ့တဲ့ မြို့တွေမှာတော့ ပြဿနာ အနည်းငယ် ရှိနေလို့၊ သူတို့က နောက်ထပ် မြို့တစ်မြို့ဆီကို သွားတဲ့ လမ်းမှာ ရောက်နေကြပါပြီ ”
“ဒီ ၃ ဖွဲ့က ဘယ်လို ပြဿနာမျိုးနဲ့ ကြုံတွေ့ခဲ့ရလို့လဲ” ချန်ကျီ၏ တောင်းဆိုချက်က အတော်လေး နိမ့်ပါးလှသည် ဖြစ်ရာ သူ၏ တောင်းဆိုချက်နှင့် မကိုက်ညီသော မြို့များ ရှိနေသေးသည်ကို သူ အမှန်တကယ်ပဲ စိတ်ဝင်စားသွားမိသည်။
“သခင်... အဖွဲ့တစ်ဖွဲ့က ကြုံတွေ့ခဲ့ရတာက အတော်လေး ဆင်းရဲတဲ့ ကျင့်ကြံခြင်း မြို့တစ်မြို့ ဖြစ်ပြီး အဲ့ဒီနေရာက အမြင့်ဆုံး ကျင့်ကြံခြင်း အဆင့်က ချီသန့်စင်ခြင်း အဆင့် ၆ ပဲ ရှိပါတယ် ”
“အင်း... အဲ့ဒါက မြို့လို့ တောင် ခေါ်လို့မရဘူး၊ သာမန် ဈေးလေး တစ်ခုသာ ဖြစ်လို့ အဲ့ဒီနေရာမှာ ဝိညာဉ်ကျောက်တုံး ရှာဖို့က တကယ် မလွယ်ကူလှဘူး၊ ပြောင်းလိုက်တာ မှန်ပါတယ်။ ကျန်တဲ့ ၂ ဖွဲ့ကော... သူတို့လည်း အဲ့ဒီလို အခြေအနေမျိုးပဲလား”
“မဟုတ်ပါဘူး သခင်၊ ကျန်တဲ့ မြို့ ၂ မြို့ကတော့ အခြေအနေတွေ အကုန် ကိုက်ညီပါတယ်၊ ဒါပေမဲ့ သူတို့က အဲ့ဒီနေရာမှာ ဆိုင်ခန်း ဝယ်လို့မရသလို ငှားလို့လည်း မရခဲ့ပါဘူး ။ အဲ့ဒီ မြို့နှစ်မြို့ရဲ့ အရာရာတိုင်းကို အင်အားစုတစ်ခုကနေ ထိန်းချုပ်ထားပြီး အခု အဲ့ဒီ မြို့နှစ်မြို့က စီးပွားရေး အားလုံးကို လုံးဝ လက်ဝါးကြီးအုပ်ထားတဲ့ အခြေအနေ ဖြစ်နေလို့ပါ ။ သူတို့လည်း အချိန်အများကြီး ပေးပြီး အနုစိတ် မစုံစမ်းတော့ဘဲ တိုက်ရိုက် မြို့ပြောင်းသွားကြတာပါ”
ချန်ကျီက ရေရွတ်လိုက်သည်။ “ဟမ်... ဒီမြို့နှစ်မြို့ကတော့ စိတ်ဝင်စားစရာ ကောင်းသားပဲ၊ မြို့တစ်မြို့လုံးရဲ့ စီးပွားရေး အားလုံးကို လက်ဝါးကြီးအုပ်နိုင်တဲ့သူ ရှိနေတယ်ပေါ့။ မင်း အဲ့ဒီ အဖွဲ့နှစ်ဖွဲ့ကို အဲ့ဒီ မြို့နှစ်မြို့ရဲ့ တည်နေရာကို သေချာ မှတ်သားထားခိုင်းလိုက်၊ နောင်ကျရင် ငါ ကိုယ်တိုင် သွားကြည့်ရမယ်။ ဝိညာဉ်ကျောက်တုံးဆိုတာ အားလုံး ပိုင်ဆိုင်တာပဲဥစ္စာ၊ သူတို့က ဘာလို့ ဒီလောက် ရှက်စရာကောင်းတဲ့ ကိစ္စမျိုးကို လုပ်ရတာလဲ၊ ဘာလို့ ဝိညာဉ်ကျောက်တုံးတွေကို သူတို့ချည်းပဲ အကုန် ရှာသွားရမှာလဲ”
“ဟုတ်ကဲ့ပါ သခင်”
ချန်ကျီက သူ့ အိတ်ကပ်ထဲရှိ ဝိညာဉ်ကျောက်တုံးများကို တစ်စုံတစ်ဦးက အတင်း နှိုက်ယူသွားသည့်အလား ခံစားရသဖြင့် တကယ်ကို စိတ်မသက်မသာ ဖြစ်သွားရသည်။
“နောက်ထပ် ဘာ သတင်းတွေ ရှိသေးလဲ”
“မရှိတော့ပါဘူး သခင်”
“ဒါနဲ့... မင်းတို့ကို လေ့လာခိုင်းထားတဲ့ လက်မှု ပညာကော ဘယ်လို အခြေအနေ ရှိပြီလဲ”