← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀) တိုက်ဆိုင်မှု၊ လေလံပွဲ

​သားရဲဒီရေလှိုင်း ကိစ္စက ကြီးမားလိုလျှင် ကြီးမားနိုင်ပြီး သေးငယ်လိုလျှင် သေးငယ်နိုင်သဖြင့် ချင်းစုန့်ယွမ်က အတိုဆုံး အချိန်အတွင်းမှာပင် သားရဲဒီရေလှိုင်း၏ အခြေအနေကို အတည်ပြုရမည် ဖြစ်သည်။

​ဟဲကွမ်းတောင်တန်းအတွင်းရှိ အခြေအနေကိုမူ ချင်းစုန့်ယွမ်က အတော်လေး နားလည်သဘောပေါက်ထားဆဲ ဖြစ်ကာ ဤနေရာက သူတို့ ချင်းယွမ်ဂိုဏ်း၏ စီရင်ပိုင်ခွင့် နယ်မြေအတွင်းရှိ နေရာတစ်ခုလည်း ဖြစ်သည်။

​အကယ်၍ သားရဲဒီရေလှိုင်း အမှန်တကယ် ရှိနေစေကာမူ သူတစ်ဦးတည်း ဖြေရှင်းလျှင်ပင် သားရဲဒီရေလှိုင်းကို နှိမ်နင်းရန် ကြီးမားသော ပြဿနာ မရှိလှပေ။

​ဘာပဲဖြစ်ဖြစ် ဟဲကွမ်းတောင်တန်းအတွင်းရှိ အမြင့်ဆုံး အဆင့် သားရဲတိရစ္ဆာန်မှာ အဆင့် ၃ မျှသာ ဖြစ်သဖြင့် သူ့အတွက်မူ ကလေးများကို ရင်ဆိုင်ရသကဲ့သို့ပင် ဖြစ်သည်။

​သို့သော် သူက သားရဲဒီရေလှိုင်းက အပြစ်မဲ့သော လူသားများနှင့် ကျင့်ကြံသူများကို ထိခိုက်စေမည်ကို စိုးရိမ်မိခြင်း ဖြစ်သည်။

​ဤကဲ့သို့သော သားရဲဒီရေလှိုင်း ဖြစ်ပွားသည့် အခါတွင် ချင်းယွမ်ဂိုဏ်းက အနီးဆုံးတွင် ရှိနေသဖြင့် ချင်းယွမ်ဂိုဏ်းတွင် မတ်မတ်ရပ်ပြီး တာဝန်ယူရမည့် ဝတ္တရား ရှိသောကြောင့် သူက ဟဲကွမ်းတောင်တန်းဆီသို့ အမြန်ဆုံး ရောက်ရှိရမည် ဖြစ်သည်။

​ချင်းစုန့်ယွမ်က တစ်လမ်းလုံး လာခဲ့ရာတွင် ကံကောင်းစွာဖြင့် သူ စိတ်ကူးယဉ်ထားသည့် သားရဲဒီရေလှိုင်း ဖြတ်သန်း မွှေနှောက်သွားသော မြင်ကွင်းမျိုးကို မတွေ့ရှိခဲ့ရပေ။

​တဖြည်းဖြည်းနှင့် ဟဲကွမ်းတောင်တန်းနှင့် ပိုမို နီးကပ်လာလေလေ သူက သားရဲဒီရေလှိုင်း၏ သတင်းအပေါ် ပိုမို သံသယ ဖြစ်လာလေလေ ဖြစ်သည်။

​သို့သော် သူက မယုံကြည်ခြင်းထက် ယုံကြည်ခြင်းက ပို၍ ကောင်းသည်ဟူသော သဘောထားဖြင့် ဟဲကွမ်းတောင်တန်းသို့ ရောက်ရှိလာခဲ့သည်။

​ဟဲကွမ်းတောင်တန်းသို့ ရောက်ရှိပြီးနောက် သူသည်လည်း လျိုထိုင်တို့ ကဲ့သို့ပင် သားရဲဒီရေလှိုင်းနှင့် မဆုံတွေ့ခဲ့ရသော်လည်း သားရဲဒီရေလှိုင်း ဖြစ်ပွားခဲ့ဖူးသော အမှတ်အသား အကြွင်းအကျန်များကိုမူ ရှာဖွေတွေ့ရှိခဲ့သည်။

​သို့သော် သူက လျိုထိုင်တို့ထက် ပိုမို နက်နက်ရှိုင်းရှိုင်း မြင်နိုင်စွမ်း ရှိသည်၊ ဘာပဲဖြစ်ဖြစ် သူက အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် ဂိုဏ်းတစ်ခု၏ အရှင်သခင်လည်း ဖြစ်သဖြင့် ဗဟုသုတ အမြင်ကျယ်လှကာ ထို အစီအရင်များ ချထားခဲ့သော အမှတ်အသား အကြွင်းအကျန်များကိုလည်း သူက အကုန် မြင်တွေ့သွားခဲ့သည်။

​“အဆင့် ၄ အစီအရင်လား”

​“ကြည့်ရတာ လမ်းကြုံ ဖြတ်သန်းသွားတဲ့ မိတ်ဆွေတစ်ယောက်ယောက်က သားရဲဒီရေလှိုင်းကို ဖြေရှင်းသွားခဲ့ပုံပဲ”

​ချင်းစုန့်ယွမ်က အခြားသော ရှာဖွေတွေ့ရှိမှုများ ရှိနေသေးသလား ကြည့်ရန် သူ၏ ဝိညာဉ်အာရုံ ကို ထုတ်လွှတ်လိုက်သည်။

​ဝိညာဉ်အာရုံ လွှမ်းခြုံနိုင်သော ဧရိယာက ပိုမို ဝေးကွာသွားပြီးနောက် ခဏမျှ အကြာတွင် ချင်းစုန့်ယွမ်က ဝိညာဉ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်တော့သည်။

​“ကြည့်ရတာ အဲဒီမိတ်ဆွေက စောစောကတည်းက အဝေးကို ထွက်ခွာသွားပြီ ထင်တယ်”

​ချင်းစုန့်ယွမ်က ဟဲကွမ်းတောင်တန်း၏ ​အလယ် နယ်မြေ ဘက်သို့ တစ်ပတ် ထပ်မံ လှည့်ပတ် ကြည့်ခဲ့သော်လည်း ထူးခြားသော ပုံမှန်မဟုတ်မှု တစ်စုံတစ်ရာကိုမျှ မတွေ့ရှိခဲ့ရပေ။

​သားရဲဒီရေလှိုင်း၏ အန္တရာယ်က ကင်းစင်သွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ချင်းစုန့်ယွမ်လည်း ဆက် နေခြင်း မပြုတော့ပေ။

​သူက တည်နေရာ ရွှေ့ပြောင်းခြင်းကို ဆက်တိုက် အသုံးပြုခဲ့၍ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် နေရာတစ်ခု ရှာဖွေပြီးနောက် အချိန်အကြာကြီး မဆိုင်းမတွဘဲ ချင်းယွမ်ဂိုဏ်းဆီသို့ တိုက်ရိုက် ပြန်လာခဲ့တော့သည်။

​သို့သော်လည်း သူ၏ စိတ်ထဲတွင် သံသယများ ရှိနေဆဲ ဖြစ်သည်၊ အဘယ်ကြောင့် သားရဲဒီရေလှိုင်းက ဗြုန်းစားကြီး ဖြစ်ပွားခဲ့ရသနည်း၊ ထို့ပြင် လမ်းကြုံ ဖြတ်သန်းသွားသော မိတ်ဆွေကလည်း အဘယ်ကြောင့် ဤမျှ တိုက်တိုက်ဆိုင်ဆိုင် သားရဲဒီရေလှိုင်းကို ဖြေရှင်းသွားနိုင်ခဲ့ရသနည်း။

​ချန်ကျီ၏ အိမ်တော်အတွင်း၌

​သူက ယနေ့အတွက် ကျင့်ကြံခြင်း ကို ပြီးမြောက်ခါစ ရှိသေးစဉ် နံပါတ် ၆၆ ကိုယ်ပွား ထံမှ သတင်းရောက်ရှိလာပြီး စစ်ဟိုင်ကုန်သွယ်ရေးအသင်း ရဲ့ လေလံပွဲက စတင်တော့မည် ဖြစ်ကြောင်း သတိပေးလာခဲ့သည်။

​နောက်ထပ် အခိုက်အတန့်တွင် ချန်ကျီ၏ အသိစိတ်က နံပါတ် ၆၆ ကိုယ်ပွား ပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

​ထို တည်းခိုခန်း ၏ အခန်းထဲတွင်ပင် ရှိနေဆဲ ဖြစ်သည်။

​ချန်ကျီ ရောက်ရှိလာပြီးနောက် ဝေခွဲမရ ဖြစ်မနေတော့ဘဲ တည်းခိုခန်းမှ တိုက်ရိုက် ထွက်ခွာကာ စစ်ဟိုင်ကုန်သွယ်ရေးအသင်း ရှိရာဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

​ချန်ကျီ တည်းခိုခန်းမှ ထွက်လာပြီးနောက် သူတို့နှင့် လမ်းကြောင်းတူ တစ်ပြိုင်နက်တည်း သွားနေကြသော ကျင့်ကြံသူ အရေအတွက်က တကယ့်ကို မနည်းလှကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

​ချန်ကျီ၏ အကြည့်များက ဤလူများအပေါ်သို့ ဖြတ်သန်းကြည့်ရှုသွားသည်၊ သူက အခြားသူများ၏ ကျင့်ကြံခြင်း အဆင့်ကို စိတ်အလိုရှိတိုင်း စမ်းသပ်စစ်ဆေးခြင်း မပြုခဲ့သော်လည်း ထိုလူများ၏ အော်ရာ များထဲမှပင် လူများစွာ၏ ကျင့်ကြံခြင်း အဆင့်က သူ့ထက် မြင့်မားနေကြောင်း ခံစားမိနေသည်။

​ချန်ကျီက မသိစိတ်အလျောက် ထပ်မံ၍ သက်ပြင်းချမိပြန်သည်၊ ကြီးမားသော ကျင့်ကြံခြင်း မြို့ကြီးများ၏ ဝိညာဉ်ကျောက်တုံးများက ပိုပြီး ရှာရလွယ်ကူပုံ ရသည်။

​သို့သော် သူက သက်ပြင်းချရုံမျှသာ ဖြစ်ပြီး ယခုအချိန်က အချိန်မကျသေးသလို ခွန်အားကလည်း မလုံလောက်သေးသဖြင့် ငြိမ်ငြိမ်လေးသာ ကုပ်နေခြင်းက အကောင်းဆုံး ဖြစ်သည်။

​ထို့နောက် သူသည်လည်း လူအုပ်ကြီးနောက်သို့ လိုက်ပါလျက် စစ်ဟိုင်ကုန်သွယ်ရေးအသင်း ရှိရာဘက်သို့ လျှောက်လှမ်းသွားခဲ့တော့သည်။

​“ဒီနှစ်ရက်အတွင်းမှာ အဲဒီ ဝိညာဉ်အာရုံရဲ့ စမ်းသပ်စစ်ဆေးမှုကို ထပ်ပြီး ခံစားမိသေးလား” ချန်ကျီက စိတ်ထဲမှနေ၍ နံပါတ် ၆၆ ကို လှမ်းမေးလိုက်သည်။

​“မရှိပါဘူး သခင်၊ အဲဒီ ဝိညာဉ်အာရုံက ပျောက်ကွယ်သွားသလိုမျိုး နောက်ထပ် ဘယ်တော့မှ ထပ်မပေါ်လာတော့ပါဘူး”

​“ဒါက နည်းနည်း ထူးဆန်းနေတာပဲ” ချန်ကျီက ဗြုန်းစားကြီး စစ်ဆေးခဲ့သော ထို ဝိညာဉ်အာရုံအပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

​မကြာမီအချိန်အတွင်းမှာပင် ချန်ကျီက စစ်ဟိုင်ကုန်သွယ်ရေးအသင်း၏ အဆောက်အအုံ ရှေ့သို့ လျှောက်လှမ်း ရောက်ရှိလာခဲ့သည်။

​ချန်ကျီ မြင်တွေ့ရသည်မှာ စစ်ဟိုင်ကုန်သွယ်ရေးအသင်းအတွင်းသို့ ဝင်ရောက်မည့်သူများ အားလုံးက လေလံပွဲ ဝင်ခွင့်တိုကင် ကို စစ်ဆေးရန် တန်းစီ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

​တိုကင် စစ်ဆေးပြီးသူများက တစ်ယောက်ပြီးတစ်ယောက် စစ်ဟိုင်ကုန်သွယ်ရေးအသင်းအတွင်းသို့ လှမ်းဝင်သွားကြသည်။

​ ဖြစ်စဉ်တစ်ခုလုံးက အလွန် လျင်မြန်လှပြီး မည်သည့် မပျော်ရွှင်ဖွယ် ကိစ္စမျှ ဖြစ်ပွားခြင်း မရှိဘဲ သူသည်လည်း စစ်ဟိုင်ကုန်သွယ်ရေးအသင်းအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ခဲ့သည်။

​ဝင်လာပြီးနောက် လွန်ခဲ့သောရက်က ချန်ကျီကို ဧည့်ခံခဲ့ဖူးသော ဆိုင်ဝန်ထမ်းကိုလည်း ချန်ကျီက စောစောက မြင်တွေ့ခဲ့ရသည်။

​သို့သော် ယနေ့တွင် တစ်ဖက်လူက အလွန် အလုပ်များနေသဖြင့် သူ့ကို အနည်းငယ် နှုတ်ဆက်စကား အနည်းငယ် ပြောပြီးနောက် ဆိုင်ဝန်ထမ်းက ချက်ချင်းပင် အလုပ်များပြာယာခတ်၍ ထွက်ပြေးသွားခဲ့ပြန်သည်။

​ဆိုင်ဝန်ထမ်းက သူ့ကို အထူးတလည် လာ မဧည့်ခံနိုင်ခြင်းကိုလည်း ချန်ကျီက နားလည်ပေးနိုင်ပါသည်။

​ယနေ့ စစ်ဟိုင်ကုန်သွယ်ရေးအသင်းသို့ သေချာပေါက် မြင့်မြတ်သော ဧည့်သည်တော်များစွာ လာရောက်ကြမည် ဖြစ်ရာ ချန်ကျီကဲ့သို့ အဖွဲ့ဝင်ကတ် တောင်မှ မလုပ်ချင်သော လူတစ်ဦးအနေဖြင့် သဘာဝကျစွာပင် အလွန်အကျွံ စောင့်ရှောက်မှုကို ရရှိလိမ့်မည် မဟုတ်ပေ။

​သို့သော်လည်း ကြီးကြီးမားမား ပြဿနာ မရှိပေ ၊ သူက လာရောက် ဆင်နွှဲရုံမျှသာ ဖြစ်ပြီး လေလံပွဲ ကျင်းပမည့် ခန်းမသို့ မည်သို့ သွားရမည်ကို သိရှိလျှင် ရပါပြီ။

​ဘာပဲဖြစ်ဖြစ် စောစောက ဆိုင်ဝန်ထမ်းက သူ့ကို အကြမ်းဖျင်း ရှင်းပြခဲ့သလို လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်း အကျဉ်းချုံး ပြောပြခဲ့ဖူးသည်။

​ထို့ပြင် ယခုအခါ ဤမျှများပြားသော ကျင့်ကြံသူများ အားလုံးက နေရာတစ်ခုတည်းသို့ ဦးတည် သွားနေကြသဖြင့် သူလည်း လမ်းမှားရန် သဘာဝကျစွာ မဖြစ်နိုင်တော့ပေ။

​ချန်ကျီက လူအုပ်ကြီးနောက်သို့ လိုက်ပါလျက် လွန်ခဲ့သောရက်က တက်လှမ်းခဲ့ဖူးသော လှေကားထစ်များအတိုင်း တက်လာခဲ့ပြီး ဒုတိယထပ်သို့ ရောက်ရှိသောအခါမှ ဒုတိယထပ်က လက်ရှိတွင် ပိတ်ထားသော အခြေအနေ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရကာ တစ်ခုတည်းသော လမ်းကြောင်းမှာ တတိယထပ်သို့ ဆက်လက် တက်လှမ်းရန်သာ ဖြစ်သည်။

​လူအုပ်ကြီးနောက်သို့ လိုက်ပါလျက် တတိယထပ်သို့ ဆက်လက် တက်လှမ်းခဲ့ရာ တတိယထပ်သို့ ရောက်သောအခါ ပွင့်နေသော တံခါးကြီးတစ်ချပ် ရှိနေပြီး ဤတံခါးကြီးက စစ်ဟိုင်ကုန်သွယ်ရေးအသင်း၏ ပထမထပ်ရှိ တံခါးမကြီးထက်ပင် ပိုမို ကြီးမားနေခဲ့သည်။

​တံခါးမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဧည့်ကြိုဝန်ထမ်း အချို့က လူတိုင်း၏ တိုကင် များကို စစ်ဆေးနေကြပြီး တစ်ချိန်တည်းမှာပင် တိုကင် ပေါ်ရှိ ထိုင်ခုံနေရာက မည်သည့်နေရာတွင် ရှိကြောင်း လမ်းညွှန်နေကြသည်။

​ဤတံခါးမကြီးကို ဖြတ်သန်းသွားပြီးနောက်တွင်မူ ယခုအကြိမ် လေလံပွဲ၏ အဓိက ခန်းမကြီးပင် ဖြစ်တော့သည်။

​ပထမဆုံးအကြိမ် လေလံပွဲသို့ တက်ရောက်ရခြင်း ဖြစ်သဖြင့် ချန်ကျီ၏ စိတ်ထဲတွင် အတန်ငယ် စိတ်လှုပ်ရှားမှု ရှိနေမိသည်။

​ခဏမျှ ထပ်မံ တန်းစီပြီးနောက် နောက်ဆုံးတွင် ချန်ကျီ၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။

​သူက တံခါးမကြီးရှေ့သို့ လျှောက်လှမ်းသွားသော အခါမှ တံခါးမကြီးက ပွင့်ဟနေသည်ဟု ထင်ရသော်လည်း တံခါးဝတွင်မူ အလင်း အကာအကွယ် တစ်လွှာ ရှိနေပြီး အတွင်းဘက်ရှိ အခြေအနေကို ရှင်းလင်းစွာ မမြင်တွေ့နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

​တွေးကြည့်ရလျှင် ဤသည်ကလည်း အစီအရင်တစ်ခု ဖြစ်ပေလိမ့်မည်။

​ချန်ကျီက တိုကင် ကို စစ်ဆေးရန် ဧည့်ကြိုဝန်ထမ်း ထံသို့ ကမ်းပေးလိုက်ပြီး စိတ်ထဲမှနေ၍ "ကောင်းကင် မျက်စိ” ကို တီးတိုး ရွတ်ဆိုလိုက်သည်။

​အစီအရင်တစ်ခုနှင့် တိုးနေမှတော့ မည်သို့လျှင် လေ့လာခြင်း မပြုဘဲ နေနိုင်ပါမည်နည်း။

​“အော်... ဒါက အဆင့် ၄ ကာကွယ်ရေး အစီအရင်တစ်ခုပဲကိုး၊ မဆိုးပါဘူး... အရင် မှတ်သားထားလိုက်မယ်၊ အချိန်ရတဲ့အခါကျမှ သေချာ လေ့လာရမယ်”

​ဧည့်ကြိုဝန်ထမ်း က တိုကင် ကို လျင်မြန်စွာ အတည်ပြုပြီးနောက် တိုကင် ကို ချန်ကျီထံသို့ ပြန် ပေးလိုက်သည်။

​ထို့ပြင် ချန်ကျီ၏ ထိုင်ခုံ တည်နေရာကိုလည်း အသိပေး ပြောကြားခဲ့ပြီး ချန်ကျီကို သူ့ဘာသာ ဝင် ရှာဖွေရန် ခွင့်ပြုလိုက်သည်။

​ချန်ကျီက တိုကင် ကို လက်တွင် ကိုင်ဆောင်လျက် ခြေလှမ်းများကို တံခါးမကြီးအတွင်းသို့ လှမ်းဝင်လိုက်ရာ အစီအရင်၏ အလင်း ကို ဖြတ်သန်းသွားသည့် အခါတွင် မြို့ထဲသို့ စတင် ဝင်ရောက်စဉ်က ခံစားချက်မျိုးနှင့် အတန်ငယ် ဆင်တူလှသည်။

​တံခါးမကြီးအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်မူ ချန်ကျီကို တစ်ဖန် အံ့အားသင့်သွားစေပြန်သည်။

​သူက စစ်ဟိုင်ကုန်သွယ်ရေးအသင်း၏ တတိယထပ် အပေါ်တွင် ဤမျှ ကြီးမားလှသော ခန်းမကြီးတစ်ခုကို တည်ဆောက်ထားနိုင်လိမ့်မည်ဟု ဘယ်လိုမှ မထင်မှတ်ထားခဲ့မိပေ ။

​တံခါးမကြီးနောက်ကွယ်တွင် အလွန်တရာ ကျယ်ဝန်းလှပြီး တစ်ထပ်လုံး၏ မျက်နှာကြက်က အလွန် မြင့်မားလှရာ တတိယထပ် အပေါ်တွင် ရှိသင့်ရှိထိုက်သော အထပ်များ၏ နေရာလွတ်များကိုပါ ဤခန်းမကြီးအတွင်းသို့ ပေါင်းစပ် ထည့်သွင်းထားပုံ ရသည်။

​လေလံခန်းမကြီး တစ်ခုလုံးက ဂီတဇာတ်ရုံကြီးတစ်ခုကဲ့သို့ ရှိနေပြီး တန်းစီနေသော ထိုင်ခုံတန်းများ၏ အပေါ်ဘက်တွင်မူ ပုံစံအမျိုးမျိုးရှိသော သီးသန့်အခန်း များ ရှိနေကြသည်။

​ထို့ပြင် အခန်းတိုင်းတွင်လည်း တားမြစ်ချက် များ ချထားသဖြင့် ဝိညာဉ်အာရုံက အတွင်းဘက်ရှိ အခြေအနေကို လုံးဝ စမ်းသပ်စစ်ဆေးနိုင်ခြင်း မရှိပေ ။

​ချန်ကျီက အကြမ်းဖျင်း ကြည့်လိုက်ရာ ခန်းမကြီးတစ်ခုလုံးက လူပေါင်း ထောင်နီးပါး ဆံ့ဝင်နိုင်ရန် ပြဿနာ မရှိလှပေ။

​တတိယထပ်၏ ဤအထပ်ရှိ ထိုင်ခုံနေရာများက အမှန်တကယ်တော့ အလွန်အမင်း မများပြားလှဘဲ နှစ်ရာ၊ သုံးရာ ဝန်းကျင်မျှသာ ရှိသည်။

​သို့သော် တတိယထပ် အပေါ်ဘက်ရှိ နေရာလွတ်များတွင်မူ နှစ်ထပ်မျှ ရှိသော သီးသန့်အခန်းများ ရှိနေကြပြီး ဤသီးသန့်အခန်းများအတွင်း ဆံ့ဝင်နိုင်သော လူဦးရေက အောက်ဘက်ရှိ ထိုင်ခုံနေရာများထက်ပင် ပိုမို များပြားနိုင်ခြေ ရှိသည်။

​“အော်... ဒါကြောင့်မို့လို့ ဝိညာဉ်ကျောက်တုံး ၁၀၀ က တကယ့်ကို ဝင်ကြေး သက်သက်ပဲ ဖြစ်နေတာကိုး။ ​ဒီ အပေါ်ထပ်က သီးသန့်အခန်းတွေကမှ အမှန်တကယ် အဆင့်အတန်းကို ဖော်ပြတဲ့ နေရာတွေ ဖြစ်မှာပဲ။ ​အဲဒီ အပေါ်ဘက် ပိုမြင့်တဲ့ အခန်းတွေထဲက လူတွေရဲ့ မူလ အဆင့်အတန်းနဲ့ အာဏာကလည်း ပိုပြီး မြင့်မားလေ ဖြစ်လိမ့်မယ်”

All Chapters