← Chapters

လေကောင်းကင်ဘုံထံသို့…

Vol. 94 Ch. 1285

လေကောင်းကင်ဘုံထံသို့…

Vol. 94 Ch. 1285

ဗရမ်းဗတာသားရဲမြူနယ်မြေကနေ ထွက်လာပြီးနောက် ဝမ်လင်းသည် အဆင့်ရှစ်ဒေသထဲ ဝင်ရောက်လာသည်။ သူက မြူနယ်မြေကနေ ထွက်လာပြီးနောက် ကျေနပ်နေဟန် တူသည်။ ဝမ်လင်းသည် သူ့နောက်ဘက်ရှိ မြူထုကို လှည်ပြန်ကြည့်ရာ အဆင့်ဆယ့်သုံးသားရဲတစ်ကောင်၏ အော်ရာကို ခံစားမိလိုက်သည်။

ထိုအော်ရာကြောင့် သူက ကင်းခြေများကို မသတ်တော့ဘဲ လက်လျော့ခဲ့ခြင်း ဖြစ်၏။ တကယ်တော့ ခုချိန်၌ သူ့အတွက် အရေးကြီးဆုံးအရာမှာ လေကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိရန်သာ ဖြစ်ပေ၏။

“ဒီဗရမ်းဗတာသားရဲမြူနယ်မြေ ကျော်ကြားတာဟာ အကြောင်းမဲ့သပ်သပ် မဟုတ်ဘူးပဲ…”

အဆင့်ရှစ်ဒေသသို့ ဝင်ရောက်လာပြီးနောက် ဝမ်လင်းက မောက်မောက်မာမာ မပြုမူတော့ပေ။ သူက ဤအဆင့်ရှစ်ဒေသတွင် မွန်းစတားအိုများစွာရှိသည်ကို သိထားပေ၏။ မြူများကြားထဲကနေ သူ့တိုက်ပွဲကို စောင့်ကြည့်နေသောအကြီးအကဲကလည်း ထိုသူများထဲမှ တစ်ယောက် ဖြစ်မည်မှာ သိသာသည်။

သူက ဒဏ်ရာအပြည့်အဝ ပြန်မကောင်းမွန်သေးသော်လည်း သူ့စွမ်းအား၊ မန္တာန်အမျိုးမျိုး၊ရတနာများနှင့် ဆိုလျှင် သူသည် အဆင့်ခြောက်နှင့်ခုနစ်ဒေသများတွင် မောက်မောက်မာမာ ပြုမူနိုင်စွမ်း ရှိ၏။ သို့ရာတွင် အဆင့်ရှစ်ဒေသတွင်မူ သူ ပိုသတိထားရန် လို၏။

ထို့အတွက်ကြောင့် ဝမ်လင်းက သူ့အော်ရာကို ရုတ်သိမ်းကာ အရှိန်လျော့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက လေကောင်းကင်ဘုံနယ်မြေသို့ သွားရောက်မည့်လမ်းကြောင်းကို လေ့လာကြည့်၏။ သူက တန်းတန်းမတ်မတ် ဆက်မသွားပေ။ အချို့ဧရိယာများကို ရှောင်ကွင်း၍သာ လေကောင်းကင်ဘုံနယ်မြေထံ တရကြမ်း သွားနေ၏။

အဆင့်ရှစ်ဒေသနှင့် ယှဉ်ပါက ဝမ်လင်းက ပင်လယ်ထဲကငါးတစ်ကောင်ကဲ့သို့ပင်။ သူက ပုန်းလျှိုးကွယ်လျှိုးဖြင့် လေကောင်းကင်ဘုံနယ်မြေထံ တဖြည်းဖြည်း ဦးတည်သွားနေသည်။

ဝမ်လင်းက နေ့များစွာ ပျံသန်းလာခဲ့ရာ အဆင့်ငါးဒေသကနေ သူ စထွက်ခဲ့ချိန်မှ တွက်ပါက တစ်လနီးပါးပင် ရှိလာခဲ့လေပြီ။

လေကောင်းကင်ဘုံနယ်မြေသည်လည်း အတိတ်တုန်းက အပြင်းအထန် ထိခိုက်ပျက်စီးခဲ့ရ၏။ သို့သော် ခုချိန်၌ ခြင်သားရဲများက ဤနယ်မြေကို သိမ်းပိုက်စိုးမိုးထားသည့်အတွက်ကြောင့် အပျက်အစီးပုံအများစုဟာ ပုံစံမပျက် ကျန်နေသေးသည်။ ထိုနယ်မြေထဲသို့ ဝင်ရောက်ကြမည့် ကျင့်ကြံသူအချို့ကတော့ ရှိသည်သာပင်။

လေကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ရန် လေမီးပြင်းဖိုတစ်ခုတော့ မလိုအပ်ပေ။ သည်နယ်မြေအတွင်း ဝင်ရောက်ရန် ကြီးမားသည့်ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ရှိလေ၏။ လူတစ်ယောက်သည် များပြားလှသောခြင်သားရဲအုပ်ကို ဖြတ်၍သွားရန် သတ္တိရှိပါက နယ်မြေအတွင်း ဝင်ရောက်နိုင်ပေမည်။

သို့ရာတွင် ထိုကဲ့သို့ လုပ်ဝံ့သူများမှာ ရှားပါးလှ၏။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က လူအများကို ဦးဆောင်၍ ချိုးဖျက်ဝင်ရောက်ခြင် ဝင်ရောက်၊ သို့မဟုတ်ပါက အစွမ်းထက်မွန်းစတားအိုကြီးများ အတူတူတွဲ၍ လုပ်ဆောင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့ရာတွင် လူအများစုကတော့ အပြင်ဘက်ဒေသတွင်သာ လှုပ်ရှားတတ်ကြ၏။ တကယ်တော့ ကြမ်းကြုတ်သောသားရဲအချို့လည်း ဤအက်ကြောင်းအပြင်ဘက်တွင် မကြာမကြာဆိုသလို ပေါ်လာတတ်သေးသည်။ ထိုသားရဲများတွင် ရှားပါးလှသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်၏။ အချိန်အတန်ကြာပြီးနောက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် အဖိုးတန်သလင်းများအဖြစ် ဖြစ်ပေါ်တက်သည်။

၎င်းပမာဏက မများလှသော်လည်း လုံးဝမရှိသည်ထက်တော့ သာသည်။

ခုချိန်တွင် လေကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဦးတည်သည့် အက်ကြောင်းအပြင်ဘက်တွင် ကျင့်ကြံသူဆယ်ယောက်ကျော် ရှိနေကြသည်။ ထိုသူတို့က အတွင်းသို့ ဝင်ရောက်ရန် လူများထပ်ရောက်လာမည်ကို စောင့်နေကြခြင်းပင်။ ဝမ်လင်းက မြူများကြားကနေ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ သူ့ဆံပင်အဖြူများက သိသာပေါ်လွင်လှ၏။ သူ ပေါ်လာသည်နှင့် ကျင့်ကြံသူအားလုံး၏အကြည့်က သူ့ထံ ရောက်လာသည်။

သည်အခိုက်အတန့်တွင် အဆင့်ငါးဒေသရှိ မိုလျိုကုန်းမြေပေါ်တွင်တော့ လုယန်ဖေက သူမဝမ်လင်းနှင့် ပထမဆုံးစကားပြောဆိုခဲ့ဖူးသော တောင်ထိပ်တွင် ရပ်နေ၏။ လေများက သူမဆံပင်များကို တိုက်ခတ်လွင့်ဝဲစေရာ သူမသည် ကောင်းကင်ဘုံသမီးပျိုတစ်ယောက်အလား ထင်မှားရသည်။

ထိုလှပသောမျက်နှာထက်တွင် တမ်းတရိပ်သန်းနေ၏။

ပင်မကလန်ပြိုင်ပွဲမှာ နီးလာနေပေပြီ။ ပြိုင်ပွဲတွင် ပါဝင်ကြမည့်သူတိုင်း ကြိုပြင်ဆင်ထားကြပြီး ပင်မကလန်ထံ ကူးပြောင်းပေးမည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဖွင့်လှစ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို လက်အောက်ခံကလန်တိုင်းတွင် တည်ဆောက်ထားပြီး ပင်မကလန်မှသာ ဖွင့်လှစ်နိုင်ပေသည်။ လက်အောက်ခံကလန်များအနေဖြင့် ယင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းခွင့် မရှိပေ။

လုယန်ဖေက ထိုနေရာတွင် မတ်တပ်ရပ်နေသည်မှာ တစ်နာရီကြာ ရှိခဲ့ပေပြီ။ သူမက ကောင်းကင်ထက်သို့သာ မော့ကြည့်နေလျက် ဝမ်လင်းပုံရိပ်ကို ထပ်မံတွေ့ရမလား မျှော်လင့်လို့နေသည်။ သူမသည် ဆယ်နှစ်၊နှစ်ငါးဆယ်၊နှစ်တစ်ရာ စောင့်ဆိုင်းနေခဲ့၏။ သို့သော် ခုချိန်ထိ ထိုပုံရိပ်မှာ ပေါ်မလာခဲ့ပေ။

အချိန်အတန်ကြာပြီးနောက် မြေပြင်သည် တုန်ခါသွား၏။ မူလကလန်ထံမှ အလင်းတန်းတစ်ခု ပျံသန်းလို့လာသည်။ မူလကလန်တွင် မူလစွမ်းအင်မြောက်များစွာ စတင် စုဝေးလေ၏။ သို့သော် ထိုအရာများက လုယန်ဖေ၏အာရုံစိုက်မှုကို ဖမ်းစားနိုင်ခြင်း မရှိပေ။ သူမက အောက်နှုတ်ခမ်းကို ကိုက်၍ ကောင်းကင်ထက်သို့သာ စူးစိုက်ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှုတို့ ပြည့်လျက်ရှိ၏။

“ဘာကြောင့်လဲ သင် ကတိပေးခဲ့တယ်လေ…သင် ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်လေ…”

လုယန်ဖေနောက်တွင် ရှုယန်သည် လေပြေညင်းအလား ‌ရောက်ရှိလာသည်။ သူမက သူမ၏ဆရာဖြစ်သူကို ကြည့်၍ ငြိမ်သက်စွာ တခဏ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလာသည်။ “ဆရာ…ပင်မကလန်ဟာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်လှစ်လာခဲ့ပြီ။ ဆရာဦးလေးက ဆရာ့ကို ခေါ်လာခဲ့ခိုင်းတယ်။ တပည့်တို့ သွားရတော့မယ်…”

သူမက သက်ပြင်းချသည်။ ထို့နောက် လုယန်ဖေက သူမ၏အကြည့်ကို ကောင်းကင်ထက်မှ ပြန်ရုတ်သိမ်းသည်။ သူမမျက်နှာထက်မှ တမ်းတဟန်က ပျောက်ကွယ်သွားပြီး ဆုံးဖြတ်ချက်ချပြီးဟန်အကြည့်က အစားထိုးလာသည်။ သူမက ရှုယန်ကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။ “ဒီခရီးစဉ်ပြီးရင် နင်နဲ့ငါဟာ ဆရာတပည့်မဟုတ်တော့ဘူး။ နင်က ပါရမီကောင်းတယ်။ ဒီတော့ နင် အပို့ခံရတဲ့ ဘယ်လက်အောက်ခံကလန်မှာ မဆို ပင်မတပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်…”

“ဆရာ…” ရှုယန်မျက်လုံးထဲမှ မျက်ရည်များစီးကျလာ၏။ သူမသည် တစ်ခုခု ပြောရန် ပြင်သည်။

“ဘာမှ ထပ်ပြောမနေတော့နဲ့။ ငါ ဆုံးဖြတ်ပြီးသွားပြီ…” လုယန်ဖေက ရှုယန်ကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် တောင်ပေါ်ကနေ ဆင်းလာသည်။

လုယန်ဖေ၏စီနီယာအစ်ကိုသုံးယောက်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်တွင် ရပ်နေကြသည်။ သူတို့က ပတ်ဝန်းကျင်ကို နောက်ဆုံးနှုတ်ဆက်သည့်အကြည့်မျိုးဖြင့် ကြည့်ကြ၏။

လုယန်ဖေ ရောက်ရှိလာချိန်၌ လူတိုင်းက အစီအရင်ထဲသို့ ခြေလှမ်းဝင်လိုက်ကြသည်။ အစီအရင်အသက်ဝင်သွားသည့်အခိုက် သူတို့သည် အဆင့်ရှစ်ဒေသရှိ ထာဝရကလန်ထံသို့ တည်နေရာ ရွှေ့ပြောင်းခံရပေမည်။ လုယန်ဖေမျက်ဝန်းထဲမှ သလင်းမျက်ရည်စက်တစ်စက် လိမ့်ဆင်းကျသွားခဲ့လေ၏။

တစ်ချိန်တည်းမှာပင် အဆင့်ကိုးဒေသတွင် အက်ကြောင်းပြင်ပရှိ နောက်ဆုံးလက်ကျန်သားရဲများကို သတ်ပစ်ပြီးနောက် သားရဲလှိုင်းများသည် အရှိန်သေသွားဟန် တူသည်။ ထိုအဖြစ်က တိမ်ပင်လယ်မှကျင့်ကြံသူများကို တခဏတာ အနားရသွားစေသည်။

ထိုကျင့်ကြံသူများကြား၌ လီချန်မေဟူသော ဆံပင်အပြာရောင်နှင့်အမျိုးသမီးသည် လူတိုင်းအာရုံစိုက်ကြသည့်သူ ဖြစ်နေပေ၏။ သူမ၏ဓားမှ ပေကျန်နေသောသားရဲသွေးများကို ဖယ်ရှားပစ်ပြီးနောက် သူမသည် တည်ငြိမ်စွာ ရှိနေသည်။

အကွာအဝေးတစ်ခုကို ကြည့်၍ လီချန်မေသည် တိုက်ပွဲကွင်းပြင်ကနေ တိတ်တဆိတ် ထွက်ခွာလာပြီး သည်နေရာတွင် အထိုင်ချထားသည့် နတ်ဆိုးကလန်ခွဲတစ်ခုထံ ဦးတည်၍ လျှောက်လှမ်းသွားသည်။

“သုံးလကြာလောက် ငါ ထွက်သွားဦးမယ်…” နတ်ဆိုးကလန်တွင် လီချန်မေက ခန်းမအတွင်းရှိ ခပ်ဝါးဝါးပုံရိပ်တစ်ခုကို ကြည့်နေ၏။ သူမအသံက တိုးညင်းသော်လည်း ခိုင်မာလှပေသည်။

ခန်းမသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေ၏။ ခပ်ဝါးဝါးပုံရိပ်က ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ ထိုပုံရိပ်ထံမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ လီချန်မေ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

လီချန်မေ၏အမူအရာသည် တည်ငြိမ်လျက်သာ။ တစ်စက်လေးပင် အမူအရာ ပျက်ယွင်းသွားတာ မရှိပေ။

ထိုကဲ့သို့ အသက်ရှုမှားစေနိုင်သောအကြည့်မျိုးရှေ့တွင် တည်တည်ငြိမ်ငြိမ် ဆက်ရှိနေနိုင်သူ ရှားလှပေမည်။ အကြည့်ပိုင်ရှင်သည်ပင် အသိအမှတ်ပြုမှုအချို့ကို မပြသမိဘဲ မနေနိုင် ဖြစ်ရလေ၏။

“မရဘူး…”

“ငါ သင့်ကို သတင်းလာပို့ရုံပဲ…” လီချန်မေသည် လှည့်၍ ထွက်သွားတော့၏။

“ပိုကြီးမားတဲ့သားရဲလှိုင်းတွေ ထပ်လာနိုင်တယ်။ နင် ခုချိန်ထွက်သွားရင် နင့်ရဲ့ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ဟာ မျက်နှာပျက်လိမ့်မယ်…”

ထိုခပ်ဝါးဝါးပုံရိပ်သည် မျက်မှောင်ကြုတ်၏။ သူ့မတည်မငြိမ်အသံသည် ထွက်ပေါ်လာသည်။

လီချန်မေက စကားပြန်မဆိုပေ။ သူမက ခန်းမထဲကနေသာ လှမ်းလျှောက်ထွက်လာ၏။

“နင် ခြေလှမ်းတစ်ဝက် ထပ်လှမ်းဝံ့ရင်တောင် နင် ဒီအတွက် ပြစ်ဒဏ် ခံရလိမ့်မယ်…” ထိုအသံသည် မတည်မငြိမ် ရှိ၏။ သို့သော် လောကသည် ဤအသံကြောင့် အေးစက်လာဟန် တူသည်။

လီချန်မေသည် ရပ်၏။ ခဏတာ စဉ်းစားသွားသည်။ သူမသည် နောက်ပြန်မလှည်ဘဲ တိုးညင်းစွာ ပြောလိုက်သည်။ “ငါ သုံးလလောက်ပဲ ထွက်သွားချင်တာ…”

ထိုသို့ပြောပြီးနောက် သူမသည် ခြေလှမ်းကာ တုံ့ဆိုင်းခြင်းမရှိ ထွက်သွားတော့သည်။

ခန်းမသည် တိတ်ဆိတ်သွားပြန်သည်။

“နင် ဘာကြောင့် ဒီလောက် ပြောရခက်နေတာလဲ။ သားရဲလှိုင်းကို ရင်ဆိုင်ရမှာထက် အရေးကြီးတာ တစ်ခုခု ရှိနေလို့လား…” ထိုအသံတွင် ဒေါသစွက်လာ၏။

“သင် ပြောသလိုပဲ ငါ့အတွက် ပိုအရေးကြီးတဲ့အရာတစ်ခု ရှိနေတယ်…”

လီချန်မေသည် တဖြည်းဖြည်းချင်း လှမ်းသွားလေ၏။

လီချန်မေ ထွက်သွားပြီး သိပ်မကြာခင်မှာပင် ခန်းမထဲတွင် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ဒေါသ သို့တည်းမဟုတ် အေးစက်မှုတို့ ပါဝင်မနေတော့ချေ။

“နင် ဒီလောက် ခေါင်းမာနေမှတော့ ငါ့ ကျောက်စိမ်းပြားကို ယူသွားပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ ထွက်သွားပါ။ ဒီနည်းနဲ့ဆို နင် အချိန်ကုန်တာ သက်သက်သွားလိမ့်မယ်…” ထိုအသံနှင့်အတူ နတ်ဆိုးကလန်ထံမှ နူးညံသောအလင်းတစ်ခု ထိုးထွက်လာကာ လီချန်မေ၏လက်ထဲသို့ ကျရောက်သွားသည်။

လီချန်မေသည် ကျောက်စိမ်းပြားကို ယူ၍ အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။ သူမက တိုးညင်းစွာ ပြော၏။ “နှစ်ပေါင်းတစ်ရာလောက် ပျောက်ကွယ်သွားပြီးတဲ့နောက် သူက ပြိုင်ပွဲမှာ မူလကလန်ကို ကူညီပေးဖို့အတွက် ပြန်ပေါ်လာသင့်တယ်။ သူ အဲ့မှာ ရှိနေမလား…”

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ အလွန်တရာအေးစက်လှသော မြူများကြား လွင့်မြောနေသည့် အရိုင်းကုန်းမြေတစ်ခု ရှိလေသည်။ ထိုနေရာရှိ သက်ရှိအားလုံးမှာ အေးခဲနေသလားပင်။

ထိုအရိုင်းကုန်းမြေ၏ အရှေ့ပိုင်းရှိ တောင်တစ်လုံးထဲတွင် လှိုဏ်ဂူတစ်ခု ရှိနေသည်။ မူပင်းမေက ထိုနေရာတွင် ထိုင်လို့နေ၏။ သူမ၏မျက်လုံးများက ရံဖန်ရံခါတွင် ဖွင့်လာကာ အပြင်ဘက်မှ တစိမ်းဆန်သောကုန်းမြေကို ကြည့်လို့နေသည်။ သူမ၏မျက်လုံးထဲတွင် အထီးကျန်မှုနှင့်ဇာတိမြေကိုလွမ်းမှုတို့လည်း ရှိနေလေ၏။

သူမ၏ဒဏ်ရာများက အလွန်ပြင်းထန်ခဲ့ပေ၏။ သူမက ပြန်ကောင်းမွန်လိုလျှင်ပင် အချိန်တိုအတွင်း ဖြစ်လာလိမ့်မည်မဟုတ်၊အချိန် ယူရပေမည်။ သူမ ရောက်ရှိလာပြီးနောက် သူမက တောက်ပသောလေဟာနယ်နယ်မြေမှ ရှေးဟောင်းကျောက်စိမ်းပြားတစ်ခုကို ပစ်လွှတ်လိုက်လေသည်။ ၎င်းကျောက်စိမ်းပြားမှာ တောက်ပသောလေဟာနယ်မြေနယ်၏ သူတော်စင်မမျိုးဆက်တိုင်း ပိုင်ဆိုင်ခဲ့သောအရာ ဖြစ်ပေသည်။

ကျင့်ကြံနေစဉ် မူပင်းမေသည် သူမ၏ဘဝကို မကြာမကြာ ပြန်တွေးကြည့်မိ၏။ သူမ၏ဘဝသည် ငြီးငွေ့ဖွယ်ရာ ကောင်းလွန်းခဲ့၏။ သူမဘဝ၏ အချိန်အများစုမှာ တောက်ပသောလေဟာနယ်နယ်မြေတွင်သာ ကုန်ဆုံးခဲ့ရသည်။ သူမအတွက် အပျော်ရွှင်ရဆုံး အခိုက်အတန့်ဟူ၍ သူမ၏အတွေ့အကြုံများကို ပြန်ပြောင်းစဉ်းစားမိချိန်သာ ရှိ၏။

လျိုမေသည် သူမ၏ကိုယ်ပွားများကြား အထူးခြားဆုံး တည်ရှိမှုတစ်ခု ဖြစ်ခဲ့၏။ ထိုသို့ဖြစ်ရခြင်းမှာလည်း လူတစ်ယောက်ကြောင့်ပင်။ ထိုလူ့အကြောင်း တွေးမိချိန်တိုင်း မူပင်းမေသည် သူမကိုယ်သူမ လျိုမေလား၊ မူပင်းမေလား မရေမရာ ဖြစ်ရပေ၏။

ထိုအကြောင်းကို တွေးမိနေရင်း သူမ၏မူလစိတ်ဝိညာဉ်ထံမှ မျက်ရည်များ ကျဆင်းလာခဲ့၏။ သို့ရာတွင် ထိုမျက်ရည်များမှာ အစစ်အမှန်မဟုတ်၊ သူမ၏နှလုံးသားကို နာကျင်စုတ်ပြတ်စေရုံမျှသာ ဖြစ်နေ၏။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် လှိုဏ်ဂူအပြင်ဘက်မှ နူးညံ့သောအသံတစ်ခုသည် သူမစိတ်ထဲ ဝင်ရောက်လို့လာ၏။ သူမက အတွေးများကနေ နိုးထလာခဲ့၏။ သို့သော် ထိုအသံကြောင့် သူမ အံ့အားသင့်သွားခြင်းမရှိခဲ့ပေ။

“အထဲကလူဟာ တောက်ပသောလေဟာနယ်သူတော်စင်မ…အမကြီးမူပင်းမေလား…”

မူပင်းမေက တိုးညင်းစွာပြောလိုက်၏။ “ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ…”

လှိုဏ်ဂူအပြင်ကနေ အဝါရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ဝင်လာ၏။ သူမက အလွန်နူးညံ့လှပသည်။ သူမသည် မူပင်းမေလောက် မလှသော်လည်း သူတို့နှစ်ယောက် အတူယှဉ်ရပ်နေလျှင်ပင် ဆိုးလှသည်ဟု ထင်ရက်စရာ မရှိပေ။

ထိုအမျိုးသမီးက မူပင်းမေကို ကြည့်၍ တောင်းပန်လာ၏။ “ကျောက်စိမ်းပြားကို လက်ခံရပြီးတဲ့နောက် ဆရာဟာ ကိုယ်တိုင် လာခဲ့မလို့ပဲ။ ဒါပေမဲ့ တစ်စုံတစ်ခု ဖြစ်သွားခဲ့တဲ့အတွက်ကြောင့် ဂျူနီယာညီမကပဲ အမကြီးကို ဒီနေရာဆီ လာခေါ်ခဲ့ရတာပါ။ ညီမကိုယ့်ကိုကိုယ် မိတ်မဆက်ရသေးဘူးပဲ။ ညီမနာမည်က ဝမ်ရှန်ရှန်ပါ…”

“ဝမ်အမျိုးသမီး…” မူပင်းမေက ခေါင်းညိတ်ပြကာ ညင်သာစွာ ပြောလိုက်၏။ “ငါက ညီမလေးရှန်ရှန်ကို ဒုက္ခပေးမိပြီ…”

ဝမ်ရှန်ရှန်ဆိုသည့် အမျိုးသမီးက အလွန်မိန်းမဆန်လှသည်။ ဆေးလုံးအချို့ကို ထုတ်ယူပြီးနောက် သူမက ပြုံး၍ ပြောသည်။ “အစ်မကြီးမူက တကယ် လှတာပဲ။ ညီမအနေနဲ့ အစ်မလောက် လှတဲ့သူ အရင်က လုံးဝ မမြင်ဖူးခဲ့ဘူး…”

မူပင်းမေက ပြန်ပြုံးပြ၏။ သူမ၏အပြုံးထဲတွင် ခါးသီးဟန် ပါဝင်နေ၏။ သူမက စကားပြန်မဆိုပေ။

“အစ်မကြီးမူ…ငါတို့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ အဆင့်ရှစ်ကလန်တွေမှာ ပြိုင်ပွဲကြီး မကြာခင် ကျင်းပတော့မယ်။ ဒီပြိုင်ပွဲက နတ်ဘုရားကလန်ကို သွားတဲ့လမ်းမှာတင်ပဲ။ ငါတို့ အဲ့ကို သွားသင့်တယ်။ ညီမက အပြင်ထွက်ခဲတော့ အလျင်စလို မပြန်ချင်သေးဘူး…”

မူပင်းမေက ထိုအမျိုးသမီးကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

***

All Chapters