အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) - ကျွန်မ ထောက်ပံ့မယ်။
ဆွဲကြိုးချသရဲမနှင့် မီးလောင်ထားသော သရဲတို့ ပူးပေါင်းတိုက်ခိုက်လိုက်ခြင်းကြောင့် ကုန်းရှောင်လီမှာ ပြင်းထန်သော ဒဏ်ရာများ ရရှိသွား၏။
ထိုအခွင့်အရေးကို ယဲ့ချန် လုံးဝ လက်မလွှတ်ခဲ့ပေ။ သူသည် ချက်ချင်းပင် အဆောင်များကို ထုတ်ယူကာ ကုန်းရှောင်လီ၏ သရဲခန္ဓာကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ကပ်လိုက်သည်။
ထိုအချိန်တွင် ကုန်းရှောင်လီ၏သရဲခန္ဓာကိုယ်မှာ အလွန်ပါးလွှာပြီး မှိန်ဖျော့နေပြီဖြစ်သည်။
ဝိညာဉ်နှိမ်နင်း အဆောင်၏ စွမ်းအားအောက်တွင် သူမသည် လှုပ်ရှား၍ မရတော့ဘဲ ချုပ်နှောင်ခံနေရ၏။
ထို့နောက် မကောင်းဆိုးဝါး ဖျက်ဆီးရေးအဆောင် နှင့် ထိတွေ့သွားသောအခါ ရွှေရောင်အလင်းများ တောက်ပလာပြီး သူမ၏ သရဲခန္ဓာကိုယ်ကို မီးပူတိုက်သကဲ့သို့ လောင်ကျွမ်းစေခဲ့သည်။ အစိမ်းရောင် မီးခိုးငွေ့များ တလူလူ ထွက်ပေါ်လာကာ သွေးများလည်း နေရာအနှံ့ ပန်းထွက်သွားသည်။ အဆောင်များ ဆက်တိုက် ထိမှန်ပြီးနောက် ကုန်းရှောင်လီ၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်များ ဖြစ်ပေါ်လာပြီး အသားစိုင်များလည်း ပြိုကျလာသည်။
သူမ၏ သရဲခန္ဓာကိုယ်တစ်ခုလုံးတွင် အက်ကြောင်းများ ပျံ့နှံ့လာပြီး မည်သည့်အချိန်မဆို ပျက်စီးသွားနိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။
နောက်တစ်စက္ကန့်အတွင်း။
ဘုန်းးးး
ကုန်းရှောင်လီ၏ သရဲခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲထွက်ကာ အပြင်းအထန် ပေါက်ကွဲသွားခဲ့သည်။ သုံးထပ်အဆောက်အအုံတစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားပြီး အပျက်အစီးများက နေရာအနှံ့ ပြန့်ကျဲသွား၏။
ယန်နန်သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကာ ယဲ့ချန်၏ ရင်ခွင်ထဲသို့ အလိုလို တိုးဝင်မိသွားသည်။
"နောက်ဆုံးတော့ ရှင်းလင်းနိုင်ခဲ့ပြီ။ သေစမ်း ဒီတစ်ခါတော့ ငါ တကယ် အန္တရာယ်ကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရတာပဲ။"
ယဲ့ချန်သည် သက်ပြင်းရှည်ချလိုက်ပြီး ယန်နန်ကို ကြည့်ကာ ပြောလိုက်သည်။
"မကြောက်ပါနဲ့တော့ ကုန်းရှောင်လီ ပျောက်ကွယ်သွားပြီ။"
ထိုအချိန်တွင်။
မီးလောင်ထားသော သရဲသည် ကုန်းရှောင်လီ၏ အပိုင်းအစများဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အားရပါးရ စုပ်ယူလိုက်သည်။ ပြန့်ကျဲနေသော သရဲခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးလောင်ထားသော သရဲက လောဘတကြီး စားသုံးလိုက်၏။ ထိုအခါ ဆွဲကြိုးချသရဲမကလည်း နောက်ကျမနေဘဲ ကျန်ရှိနေသော အပိုင်းအစများကို လိုက်လံ စားသုံးခဲ့သည်။
ကုန်းရှောင်လီ၏ သရဲခန္ဓာကိုယ် လုံးဝ ပျောက်ကွယ်မသွားမီမှာပင် ယဲ့ချန်၏ သရဲနှစ်ကောင်က အားလုံးနီးပါးကို ခွဲဝေစားသောက်ပြီးသွား၏။ စားသုံးပြီးနောက် သရဲနှစ်ကောင်၏ ခန္ဓာကိုယ်မှ ယင်စွမ်းအင်များ ပိုမိုထူထပ်လာကာ သူတို့နှစ်ကောင်လုံး ကျေနပ်အားရသည့်ပုံစံဖြင့် အသံထွက်လာသည်။
"ဘာဖြစ်တာလဲ ဒီလိုလည်း ဖြစ်နိုင်တာလား သရဲအချင်းချင်း စားကြတာလား။"
ယဲ့ချန်မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားသော်လည်း မကြာမီ သရဲနှစ်ကောင်ကို သိုလှောင်ခန်းအတွင်းသို့ ပြန်ခေါ်လိုက်သည်။
ထို့နောက် ဆွဲကြိုးချသရဲမ၏ ဒဏ်ရာများကို ပြန်လည်ကုစားရန် ဝိညာဉ်ပြုပြင်ရေးအဆောင် အချို့ကို ထုတ်ပေးလိုက်သည်။
'ဒီတစ်ခါ သရဲနှစ်ကောင် မရှိခဲ့ရင် ငါ ကုန်းရှောင်လီရဲ့ စွမ်းအင်စုပ်ယူခြင်းခံရပြီး အသက်ဆုံးရှုံးသွားမှာ သေချာတယ်...'
ယဲ့ချန်သည် စိတ်ထဲတွင် ထိုအတွေးကို ထားရင်း မသိမသာ ကြောက်ရွံ့နေဆဲဖြစ်၏။
ကုန်းရှောင်လီကို နှိမ်နင်းပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် လရောင်နုနုများ အခန်းအတွင်းသို့ စိမ့်ဝင်လာသည်။ အောက်ထပ်မှ ပိုးကောင်များနှင့် ဖားများ၏ အသံများကို တိတ်ဆိတ်သော ညအတွင်း ကြားနေရသည်။ နေထွက်လာသည့်အခါ ဤအိမ်အိုကြီးအတွင်းရှိ မကောင်းသော စွမ်းအင်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။
ယဲ့ချန်မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ သူ၏ စွမ်းအင်နှင့် ခန္ဓာကိုယ်အားအင်များ အလွန်အမင်း ကုန်ဆုံးသွားခဲ့၏။ ထို့နောက် ယဲ့ချန်သည် ယန်နန်၏ ပခုံးကို လက်ဖြင့် ဖက်ကာ အားကိုးလိုက်သည်။
"သေစမ်း... တကယ်ကို ပင်ပန်းလွန်းတယ်။"
ယန်နန်က ယဲ့ချန်၏ ခါးကို ညင်သာစွာ ဖက်ပေးလိုက်သည်။
"ဆရာကြီး... ဆရာကြီးက သရဲနှစ်ကောင် မွေးထားတာလား။"
"အဟမ်း... ဒါက လျှို့ဝှက်ချက်ပဲ။"
ယဲ့ချန်က အသံကို လျှော့ကာ ပြောလိုက်သည်။
"ယန်နန် မှတ်ထား။ သိသင့်တာကိုပဲ မေးမသိသင့်တာကို မမေးနဲ့။ သတိမထားရင် မင်းကို အသံတိတ်သွားအောင် လုပ်ပစ်မယ်။"
"ဆရာကြီး... ဆရာကြီးက တကယ်ပဲ သတ်ရက်မှာလား။"
ယန်နန်က ချစ်စရာကောင်းသော အပြုံးဖြင့် မေးလိုက်သည်။
"ဆရာကြီး တကယ် သတ်မယ်ဆိုရင်တောင် ကျွန်မ အဆင်သင့်ပါပဲ။ ပန်းပင်အောက်မှာ သေပြီး သရဲဖြစ်ရရင်တောင် ရိုမန်းတစ်ဆန်နေဦးမှာပဲ..."
ခဏတာ ရပ်တန့်ပြီးနောက် ယန်နန်က ဆက်ပြောလိုက်သည်။
"ဆရာကြီး ဒီတစ်ခါတော့ ကျွန်မက အလှပြအရုပ်သက်သက် မဟုတ်တော့ဘူးနော်။ အရေးကြီးဆုံးအချိန်မှာ ဆရာကြီးရဲ့ ဝိညာဉ်ကို တည်ငြိမ်အောင် ကူညီပေးခဲ့တယ်။ အဲဒါကြောင့်ပဲ ဆရာကြီးက ကုန်းရှောင်လီကို အနိုင်ယူနိုင်ခဲ့တာ..."
"ဒါတော့ အမှန်ပဲ။"
ယဲ့ချန်က ခေါင်းညိတ်လိုက်၏။
"ယန်နန် ကံကောင်းလို့ ဒီတစ်ခါ မင်းကို ခေါ်လာခဲ့တာ။ မိန်းမပျက်သရဲမှာလည်း အားနည်းချက် ရှိတယ်။ အနည်းဆုံးတော့ သူက မိန်းမတွေကို ဆွဲဆောင်နိုင်စွမ်း မရှိဘူး။"
"ဒါဆို ဆရာကြီး... ကျွန်မက အစက သရဲဖမ်းတာ ပျော်စရာကောင်းမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီအလုပ်က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သိသွားပြီ..."
ယန်နန်၏ မျက်နှာပေါ်တွင် အလေးအနက်ထားသော အမူအရာ ပေါ်လာသည်။
"ဆရာကြီး... နောက်ဆိုရင်... အရမ်းအန္တရာယ်များတဲ့ အလုပ်တွေကို မလုပ်တော့ပါနဲ့လား။"
"ဟင်။"
ယဲ့ချန်မှာ အံ့အားသင့်သွားသည်။ ထို့နောက် သူက ရယ်မောရင်း နောက်ပြောင်လိုက်၏။
"ယန်နန် တကယ်တော့ သရဲဖမ်းတာက ငါ့အလုပ်ပဲ။ ငါ့ဝင်ငွေက ဒီအလုပ်ပေါ်မှာပဲ မှီခိုနေတာ။ သရဲမဖမ်းရင် ပိုက်ဆံမရဘူး။ ပိုက်ဆံမရရင် မိသားစုကို ဘယ်လို ထောက်ပံ့ရမလဲ။"
"ကျွန်မ ထောက်ပံ့မယ်။"
ယန်နန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ယဲ့ချန်သည် ခဏတာ ကြောင်သွားပြီး သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုအချိန်တွင် ယန်နန်၏ မျက်ဝန်းများမှာ အလွန် နက်ရှိုင်းနေပြီး သူမ၏ စကားထဲတွင် ရိုးသားမှုအပြည့် ပါဝင်နေ၏။
"ကျွန်မ ထောက်ပံ့မယ်။ တကယ်ပြောတာပါ။"
ယန်နန်က ထပ်မံ ပြောလိုက်သည်။
"ဒါက သိပ်မသင့်တော်ဘူး မဟုတ်လား။"
ယဲ့ချန်က အနည်းငယ် တုံ့ဆိုင်းစွာ ပြောသည်။ သူ၏ နှလုံးသားထဲတွင် မသိမသာ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ယဲ့ချန်သည် ယန်နန်ဘက်သို့ ခေါင်းကို ဖြည်းညင်းစွာ ငဲ့လိုက်သည်။
ယန်နန်ကတော့ မျက်လုံးများကို မှိတ်ထားပြီး ခြေဖျားထောက်ကာ သူမ၏ နှုတ်ခမ်းကို ယဲ့ချန်၏ နှုတ်ခမ်းပေါ်သို့ နူးညံ့စွာ ဖိကပ်လိုက်သည်။
ထိုအချိန်တွင်။
"မင်းတို့... မင်းတို့... ခဏလောက်တော့... ခဏလောက်တော့... မချစ်ကြပါသေးနဲ့လား... ချစ်လွန်းရင် သေတတ်တယ်..."
အဘိုးအိုတစ်ဦး၏ အားနည်းသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘယ်သူလဲ။"
ယန်နန်သည် ထိတ်လန့်သွားကာ ယဲ့ချန်၏ ရင်ခွင်အတွင်းသို့ အလျင်အမြန် တိုးဝင်လိုက်သည်။
"ဆရာကြီး ဒီနေရာမှာ တခြားသရဲ ရှိသေးတာလား။"
"သရဲ မဟုတ်ဘူး ယန်နန်။ ဒီအသံကို မင်း မရင်းနှီးဘူးလား။"
ယဲ့ချန်၏ မျက်လုံးများတွင် နောက်ပြောင်လိုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူတို့နှစ်ဦးသည် အသံထွက်လာရာဘက်သို့ လှည့်ကြည့်လိုက်၏။ လရောင်ဖျော့ဖျော့အောက်တွင် အဘိုးအိုတစ်ဦးသည် ပုပ်သိုးနေသော စားပွဲအောက်မှ ဖြည်းညင်းစွာ တွားထွက်လာသည်။
သူ၏ ခန္ဓာကိုယ်မှာ အလွန်ပိန်လှီနေပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ပေါ်နေသည်။ မျက်လုံးများမှာ မှုန်ဝါးဝါး ဖြစ်နေကာ လက်များသည် ကြက်ခြေထောက်ကဲ့သို့ပင် ပိန်ချုံးနေ၏။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အာဟာရချို့တဲ့နေသော အသက်ခြောက်ဆယ် ခုနစ်ဆယ်ဝန်းကျင် အဘိုးအိုတစ်ဦးနှင့် တူနေသည်။
သို့သော်။
ယဲ့ချန်နှင့် ယန်နန်တို့ နှစ်ဦးလုံး၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
"ကျိုးဟွေလီ..."
မှန်ပေ၏။ ထိုအဘိုးအိုမှာ ပျောက်ဆုံးနေသော ကျိုးဟွေလီပင် ဖြစ်သည်။ သို့သော် ယခင်က ပြည့်ဝနေသော လူငယ်တစ်ဦး မဟုတ်တော့ဘဲ အလွန်အမင်း အိုမင်းခြောက်ခြားသွားခဲ့သည်။ ယန်နန်မှာ အံ့အားသင့်သွားပြီး မယုံနိုင်သလို မေးလိုက်သည်။
"ရှင်က လူလား သရဲလား။"
"သူက လူပဲ။ ဒါပေမဲ့ သူ့ရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူခံလိုက်ရတာ။"
ယဲ့ချန်က အေးဆေးစွာ ပြောပြီး ကျိုးဟွေလီထံသို့ လျှောက်သွားသည်။
"မင်းရဲ့ အသက် ပြင်းတာပဲ။ ဒီလိုအခြေအနေမျိုး ရောက်နေတာတောင် အသက်ရှင်နေသေးတယ်။"
ခဏရပ်ပြီးနောက် ယဲ့ချန်က ဆက်ပြောလိုက်၏။
"ကောင်းတယ်မင်း အသက်ရှင်နေသေးတာနဲ့ ယန်နန်ရဲ့ သံသယကို ရှင်းပြလို့ ရပြီ။"
"ငါ...ငါ အခုမှ နားလည်တော့တယ်..."
ကျိုးဟွေလီ၏ အသံမှာ တုန်ယင်နေသည်။
"ဒီလောကကြီးမှာ... သေခြင်းထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေ ရှိနေတာပဲ..."
ထိုစကားပြောပြီးနောက် သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။
"မဟုတ်ဘူးငါ ထပ်မလုပ်ချင်တော့ဘူး ထပ်မလုပ်ချင်တော့ဘူး။"
ရုတ်တရက် ကျိုးဟွေလီသည် ရင်ဘတ်ကို လက်ဖြင့် ဖိကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။
"သူ ဘာဖြစ်တာလဲ။"
ယန်နန်သည် ထိတ်လန့်သွားကာ အမြန်ပြေးသွား၏။
"မကောင်းတော့ဘူး နှလုံးရောဂါ ဖြစ်နေတာပဲ။"
ယဲ့ချန်၏ မျက်မှောင်များ တင်းကျပ်သွားသည်။
"သူ့ရဲ့ ယင်စွမ်းအင်တွေ ကုန်ဆုံးသွားပြီး အတွင်းအင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးလုနီးပါး ဖြစ်နေပြီ။ အခုသာ သေသွားခဲ့လျှင် ရဲတွေကို ဘယ်လို ရှင်းပြရမလဲ..."
"ဆရာကြီး သူ့ကို ကုသပေးလို့ ရနိုင်မလား။"
ယန်နန်က စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"နှလုံးရောဂါလား..."
ယဲ့ချန်၏ စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ထို့နောက် သိုလှောင်နေရာမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
ဆေးပြားတစ်ပြား။
အပြာရောင် ဆေးပြားငယ်လေးတစ်ပြားပင် ဖြစ်၏။
ယဲ့ချန်သည် အချိန်မဆွဲတော့ဘဲ ကျိုးဟွေလီ၏ ပါးစပ်ကို ဖွင့်ကာ ဆေးပြားကို တိုက်ကျွေးလိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကျိုးဟွေလီ၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာ၏။ ဖြူဖျော့နေသော မျက်နှာပေါ်တွင်လည်း အသက်ဝင်သော အရောင်အချို့ ပြန်ပေါ်လာသည်။
"ဆရာကြီး ကျိုးဟွေလီကို ဘာဆေး တိုက်လိုက်တာလဲ သူ အဆင်ပြေသွားသလိုပဲ။"
ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီဆေးက နှလုံး၏ လုပ်ဆောင်နိုင်စွမ်းကို အထောက်အကူပြုပြီး ခန္ဓာကိုယ်အခြေအနေကို သက်သာစေနိုင်တယ်။"
"အော်... ဒီလိုလား။ ဒါပေမဲ့ ဆရာကြီးဆီမှာ ဘာလို့ ဒီဆေး ရှိနေတာလဲ။"
"ဟားဟား..."
ယဲ့ချန်သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ကောင်းပြီအခု ကျိုးဟွေလီရဲ့ အခြေအနေ တည်ငြိမ်သွားပြီ။ မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်ဖို့ နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားရတော့မယ်။"
ပြောပြီးနောက် ယဲ့ချန် သည် ကုသရေး အဆောင်နှင့် နာကျင်မှု သက်သာရေး အဆောင်တို့ကို ထုတ်ယူကာ ကျိုးဟွေလီ၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်ပေးလိုက်၏။
"ငါ အတတ်နိုင်ဆုံး လုပ်ပေးပြီးပြီ။ မင်း အသက်ရှင်ကျန်ခဲ့တာက မင်းရဲ့ ကံကောင်းမှုကြောင့်ပဲ။"
"ကျေး... ကျေးဇူးတင်ပါတယ်။ငါ အခု နည်းနည်း သက်သာလာပြီ၊ ခန္ဓာကိုယ်ထဲမှာလည်း နွေးထွေးလာသလို ခံစားရတယ်..."
ယဲ့ချန် သည် ဖုန်းကို ထုတ်ယူကာ မိုချင်းထံသို့ ဖုန်းခေါ်လိုက်သည်။
"ယဲ့ချန် ဘာဖြစ်တာလဲ ကျိုးဟွေလီကို တွေ့ပြီလား။"
မိုချင်က စိတ်မရှည်စွာ မေးမြန်းလိုက်သည်။
"ဟုတ်တယ် အစ်မမိုချင်း ဟဲရှီးမြို့ကို လာခဲ့။ ကျိုးဟွေလီကို တွေ့ပြီသူ အသက်ရှင်နေသေးတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲတော့ မသေချာဘူး။ နောက်ပြီး
အစ်မရှာနေတဲ့ ပျောက်ဆုံးနေတဲ့ လူငယ်တွေအားလုံးကိုလည်း တွေ့ခဲ့တယ်။ ဒါပေမဲ့..."
ယဲ့ချန် သည် ခဏရပ်လိုက်၏။
"လူသေအလောင်း သယ်ဆောင်တဲ့ ကားတစ်စီးတော့ ကြိုတင် စီစဉ်ထားထားပါ။"
"ဟဲရှီးမြို့လား။ ကောင်းပြီ ငါအခုချက်ချင်း လာခဲ့မယ်။"
ယဲ့ချန် သည် အိပ်ပျော်နေသော ကျိုးဟွေလီ ကို ကြည့်ပြီး ယန်နန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ယန်နန် မိုချင လာခေါ်လိမ့်မယ်။ အခု မင်း အန္တရာယ် မရှိတော့ဘူး။"
ယန်နန် သည် သက်ပြင်းချကာ ပြောလိုက်၏။
"ဆရာကြီး... ကျေးဇူးတင်ပါတယ်။"
ထိုအချိန်တွင်။
တီ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 【ကျိုးဟွေလီ သို့မဟုတ် သူ၏ အလောင်းကို ရှာဖွေပါ】
ဆုလာဘ် - 【ဝိညာဉ်ပြုပြင်ရေး အဆောင်】 နှစ်ဆယ်စောင်၊ 【ဝိညာဉ်ဖမ်းစီး အဆောင်】 နှစ်ဆယ်စောင် တရုတ်တိုင်းရင်းဆေးပညာ အခြေခံစာအုပ်။
စနစ် ပြန်လည်ပြင်ဆင်မှု - ၂.၄ ရာခိုင်နှုန်း။
တီ...တာဝန် လုပ်ငန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 【ပျောက်ဆုံးနေသော လူငယ်များကို ရှာဖွေပါ】
"ဆုလာဘ် - 【အစားထိုး အဆောင်】 နှစ်ဆယ်စောင်၊ 【ဝိညာဉ်ဖမ်းစီး အဆောင်】 နှစ်ဆယ်စောင်၊ 【ဝိညာဉ်ပြုပြင်ရေး အဆောင်】 နှစ်ဆယ်စောင်။
စနစ် ပြန်လည်ပြင်ဆင်မှု - ၂.၅ ရာခိုင်နှုန်း။
တီ...တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 【မိန်းမပျက်သရဲ ကုန်းရှောင်လီကို ဖယ်ရှားပါ】
ဆုလာဘ် - 【မကောင်းဆိုးဝါး ဖျက်ဆီးရေး အဆောင်】 ငါးဆယ်စောင်၊ 【ကာကွယ်ရေး အဆောင်】 ငါးဆယ်စောင်၊ 【အသွင်ပြောင်း အဆောင်】 ငါးဆယ်စောင်၊ တာအိုစွမ်းအင် ငါးခု၊ 【သရဲသတ်ဓား အဆင့်နိမ့်】 တစ်လက်၊ သစ္စာတည်မြဲမှု အပြည့်ရှိသော မိန်းမပျက် သရဲတစ်ကောင်။
စနစ် ပြန်လည်ပြင်ဆင်မှု - ၂.၉ ရာခိုင်နှုန်း။
ရုတ်တရက်။
အလွန်များပြားလှသော ဆုလာဘ်များ ပေါ်ထွက်လာ၏။
ယဲ့ချန်၏ မျက်လုံးများပင် တောက်ပသွားသည်။
ဒီတစ်ကြိမ် ရရှိလာသော ဆုလာဘ်များမှာ အမှန်ပင် အံ့အားသင့်ဖွယ် ကောင်းလွန်းလှသည်။
တကယ့်ကို အလွန်ကောင်းမွန်လှ၏။