အခန်း ၈၁
Vol. 9 Ch. 81
အခန်း ၈၁ ဆဋ္ဌမမြောက် ဘဏ် ဓားပြတိုက်မှု
"ဘာသဘော လဲ..."
ဖုန်းတစ်ဖက်ခြမ်းမှ စကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ တစ်ဖက်လူ ပြောနေသော အမှု ဆိုသည်မှာ မည်သည့် အရာကို ဆိုလိုကြောင်း စဉ်းစားနေမိသည်။
"အမည်းရောင် အင်္ကျီ နဲ့ အမည်းရောင် ဘောင်းဘီ ဝတ်ဆင်ထားတဲ့ လူနှစ်ယောက် အဖွဲ့ ဘဏ် ခြောက်ခု ကို ဆက်တိုက် ဓားပြတိုက် သွားတဲ့ အမှု ကို ပြောတာပါ..."
နော်တန် အနေဖြင့် ဘဏ် ဓားပြတိုက်မှု ကြီးကို ရိုအန် တို့၏ စုံစမ်းစစ်ဆေးရေး အဖွဲ့က ကိုင်တွယ် နေကြောင်း ကိုသာ သိရှိထားပြီး ရိုအန် နှင့် ဘရိုဆန် တို့ကြားရှိ ပွတ်တိုက်မှု ကိုမူ လုံးဝ မသိရှိထားချေ။
ထို့အပြင် ရိုအန် နှင့် အတော်လေး ရင်းနှီး ကျွမ်းဝင် နေပြီ ဖြစ်သဖြင့် သဲလွန်စ ရရှိသည် နှင့် တပြိုင်နက် ရိုအန် ထံသို့ ဤသတင်းကို ချက်ချင်း အကြောင်းကြား ရန်သာ ဦးဆုံး တွေးတော လိုက်မိခြင်း ပင် ဖြစ်လေသည်။
"မှန်တာပေါ့ ဒီလို အမှု မျိုး ရှိတယ် လေ..."
နော်တန် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန် က ပြတ်သားစွာ ခေါင်းညိတ် လိုက်ပြီး ပြုံးလျက် မေးမြန်း လိုက်သည်။
"ခင်ဗျား တို့ က ဘဏ် ဓားပြ တွေကို တိုက်ရိုက် ဖမ်းမိ သွားတာလား ဟိုင်အီးနား ဂိုဏ်း က ဘဏ် ဓားပြတိုက် တဲ့ လုပ်ငန်းစဉ် တွေ ဘက်ကို ပါ ချဲ့ထွင် လာတာလား ဆိုတာ သိချင်လို့ပါ..."
"မဟုတ်ပါဘူး ဒါပေမဲ့ သဲလွန်စ တချို့တော့ ရထားတယ်..."
ရိုအန် ၏ ရယ်မောသံကို ကြားလိုက်ရသောအခါ နော်တန် လည်း ရယ်မော လိုက်ပြီး တိုက်ရိုက်ပင် စကားဆိုလေသည်။
"မင်း အခု ငါတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ရဲ့ စစ်ကြောရေး အခန်း ဆီကို လာခဲ့လိုက်ပါ ဒီ သံသယရှိသူ ကို မင်း ကို အရင် စစ်ဆေး ဖို့ လွှဲပေးလို့ ရတယ်..."
ရိုအန် ၏ မျက်လုံးများ အရောင်တောက်ပ သွားပြီး ပြတ်ပြတ်သားသားပင် သဘောတူ လိုက်သည်။
"အိုကေ အခု ချက်ချင်း လာခဲ့မယ်..."
ဖုန်းချ လိုက်ပြီးနောက် ရိုအန် က လေစီ ဘက်သို့ လှည့်ကြည့် လိုက်သည်။ ထို့နောက် စစ်ကြောရေး အခန်း အတွင်းရှိ ကုလားထိုင် ပေါ်တွင် ထိုင်နေရပြီး လက်နှစ်ဖက် စလုံး စားပွဲ၏ သံတန်း တွင် လက်ထိတ် ခတ်ခံထားရသော မျက်ခုံးပြတ် ဆွန်း ကို လှမ်းကြည့် လိုက်သည်။ စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ် သွားပြီးနောက် စကားဆိုလေသည်။
"လေစီ ဒီလူ ကို နင် နဲ့ ဝီလျံ ပဲ စစ်ဆေး လိုက်ကြတော့ သက်သေ အထောက်အထား တွေ အပြည့်အစုံ ရှိနေပြီ ဆိုတော့ လုပ်ထုံးလုပ်နည်း အတိုင်း တစ်ခေါက် လောက် သွားလိုက်ရုံ ပါပဲ ဆွန်း နဲ့ အပိုစကား တွေ ပြောနေစရာ မလိုပါဘူး..."
"အိုကေ..."
လေစီ က သဘောတူ လိုက်ပြီး ဝီလျံ ကို လှည့်ခေါ် ရန် ပြင်လိုက်စဉ်မှာပင် ရိုအန် ၏ မျက်မှောင်များ တစ်ချက် ပင့်တက် သွားလေသည်။
"လုံခြုံရေး ကင်မရာ ဖွင့်ထားပြီးပြီလား..."
လေစီ က မသိစိတ် ၏ စေ့ဆော်မှု အရ ခေါင်းခါယမ်း ကာ ပြန်လည် ဖြေကြား လေသည်။
"မဖွင့်ရသေးဘူး..."
"အရမ်း ကောင်းတယ်..."
အတည်ပြု စကားကို ကြားလိုက်ရသောအခါ ရိုအန် က ဘေးနားရှိ အလုပ်ခုံ သို့ လျှောက်သွား လိုက်သည်။ စာအုပ် တစ်အုပ် ကို ကောက်ယူ ကာ စစ်ကြောရေး အခန်း ၏ တံခါး ကို တွန်းဖွင့် ၍ အတွင်းသို့ ဝင်ရောက် သွားလေသည်။
ထို့နောက် လေစီ နှင့် ဆွန်း တို့ ၏ အံ့ဩ မှင်သက် နေသော အကြည့်များ အောက်တွင်ပင် ရိုအန် က စာအုပ် ကို ဆွန်း ၏ ကျောပြင် တွင် တေ့ထား လိုက်ပြီး လက်သီး ဖြင့် အားကုန် ထိုးချ လိုက်တော့သည်။
"ဘုန်း..."
"မင်း..."
"ဒီ လက်သီး တစ်ချက် က မင်း မူးယစ်ဆေး မှုန့် တွေ သုံးပြီး ငါ့ရဲ့ အသင်းဖော် ကို ချောင်းမြောင်း တိုက်ခိုက် ခဲ့လို့ပဲ ရက်ဒ် ကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တဲ့ အတွက် ပေးတဲ့ လက်ဆောင် ပဲ..."
ကြီးမားလှသော ရိုက်ခတ်မှု ကြောင့် ဆွန်း ၏ ကလီစာများ ပင် တုန်ခါ သွားရလေသည်။ စောစောက အသံဖမ်းဗုံး ၏ သက်ရောက်မှု ကိုပါ ခံထားရသဖြင့် ယခု အချိန်တွင် ဆွန်း ၏ ရင်ဘတ် တစ်ခုလုံး အတိုင်းအဆ မရှိ နာကျင် လာပြီး ပါးစပ် ထဲမှ သွေးများ ပင် ပန်းထွက် လာတော့မတတ် ဖြစ်သွားရလေသည်။
ကျောပြင် မှ ပြင်းထန်သော တိုက်ခိုက်မှု ကို ခံလိုက်ရသဖြင့် ဆွန်း တစ်ယောက် အရှေ့ဘက်ရှိ စားပွဲ နှင့် အရှိန်ပြင်းစွာ ဆောင့်မိ သွားတော့သည်။ ပြင်းထန်သော နာကျင်မှု ကြောင့် ဆွန်း က ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း လက်နှစ်ဖက် စလုံး လက်ထိတ် ခတ်ခံထားရသဖြင့် ဘာမှ တုံ့ပြန် လုပ်ဆောင် နိုင်စွမ်း မရှိခဲ့ချေ။
ရိုအန် ၏ မျက်လုံးများ အတွင်း၌ အေးစက်သော အလင်းတန်း များ တောက်ပ နေလေသည်။ ဆွန်း ၏ မျက်နှာ ကို အတင်း ဆွဲမ ကာ မျက်လုံးများ ကို စူးစိုက် ကြည့်ပြီး အေးစက်သော လေသံ ဖြင့် စကားဆိုလေသည်။
"ဒီ လက်သီး တစ်ချက် ကတော့ ဒန်နီ နဲ့ အသတ်ခံ ခဲ့ရတဲ့ မိသားစုဝင် တွေ အတွက်ပဲ..."
"သောက်..."
ဆွန်း ၏ ဆဲရေးတိုင်းထွာ သံ အစပျိုး ချိန်မှာပင် ရိုအန် က စာအုပ် ကို နောက်တစ်ကြိမ် ကောက်ယူ ကာ ဆွန်း ၏ ကျောပြင် တွင် ထပ်မံ တေ့ထား လိုက်ပြန်သည်။ ပြင်းထန်သော လေတိုက်ခတ် သံ နှင့် အတူ နောက်ထပ် လက်သီး တစ်ချက် ထပ်မံ ကျဆင်း လာပြန်သည်။
"ဘုန်း..."
ယခင်က အသံဖမ်းဗုံး ၏ ရိုက်ခတ်မှု ကြောင့် ခန္ဓာကိုယ် အတွင်းပိုင်း ထိခိုက် နေပြီးသား ဖြစ်သော ဆွန်း မှာ တစ်ချက် ထက် တစ်ချက် ပိုမို ပြင်းထန် လာသော လက်သီးချက် များ ကြောင့် ကလီစာများ ပင် ပြတ်ထွက် သွားမတတ် နာကျင် သွားရလေသည်။
နောက်ဆုံးတွင် ဆက်လက် တောင့်မခံ နိုင်တော့ဘဲ ပါးစပ် ထဲမှ သွေးတစ်ပွက် ပန်းထွက် လာတော့သည်။ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေ သွားပြီး ကုလားထိုင် ပေါ်တွင် သတိလစ် မေ့မြော သွားလေတော့သည်။
"ဟွန့်..."
ဆွန်း ကို နောက်ထပ် လက်သီး တစ်ချက် ထပ်မံ ကျွေးရန် ပြင်နေသော ရိုအန် က ထိုမြင်ကွင်း ကို မြင်တွေ့ လိုက်ရသောအခါ အေးစက်စွာ နှာမှုတ် လိုက်သည်။ ထို့နောက် စာအုပ် ကို ကိုင်ဆောင် ကာ စစ်ကြောရေး အခန်း အတွင်းမှ ကြီးမားသော ခြေလှမ်းများ ဖြင့် ထွက်ခွာ လာခဲ့လေသည်။
အဖြစ်အပျက် တစ်ခုလုံး ကို အစအဆုံး မြင်တွေ့ လိုက်ရသော လေစီ က လက်နှစ်ဖက် ကို ဖြန့်ကား လိုက်ပြီး စားပွဲပေါ်ရှိ သွေးကွက် များ ကို လက်ညှိုးထိုး ကာ ပြောစရာ စကားပင် ဆွံ့အ သွားရလေသည်။
"နင် လက်ပါ တာကို နည်းနည်း လောက် သပ်သပ်ရပ်ရပ် လေး ဖြစ်အောင် မလုပ်တတ် ဘူးလား..."
ရိုအန် ကိုယ်ထိလက်ရောက် ကျူးလွန် သည့် ကိစ္စ နှင့် ပတ်သက်၍ လေစီ ၏ ရင်ထဲတွင် မည်သည့် ထင်မြင်ချက် မျှ မရှိပေ။ မည်သို့ပင် ဖြစ်စေ တစ်ဖက်လူ မှာ ကွင်းဆက် လူသတ်သမား ပင် ဖြစ်လေသည်။ ရိုအန် တို့ သည် အက်ဖ်ဘီအိုင် များ ဖြစ်ကြပြီး ဤနေရာ သို့ ဝင်ရောက် လာကတည်းက စုံထောက်များ ၏ စကား ကသာ အမိန့် ပင် ဖြစ်လေသည်။
ထို့အပြင် ရက်ဒ် သည် ဆွန်း ၏ ချောင်းမြောင်း တိုက်ခိုက်မှု ကြောင့် ဆေးရုံ ရောက်သွား ရခြင်း ဖြစ်ကြောင်း လေစီ က အသေးစိတ် သိရှိ ထားလေသည်။ ရိုအန် လက်မပါ ခင် အချိန် ကတည်းက လေစီ ကိုယ်တိုင် ဝီလျံ နှင့် အတူ စစ်ဆေး မေးမြန်း သည့် အခါတွင် မှတ်ဉာဏ် ပြန်လည် ရရှိစေသော ထိုးကြိတ် နှိပ်စက်မှု ကြီး တစ်ခုကို အရင်ဆုံး ပြုလုပ် ရန် စိတ်ကူး ထားပြီးသား ပင် ဖြစ်လေသည်။
"တောင်းပန်ပါတယ် လေစီ..."
ရိုအန် က စာအုပ် ကို မူလ နေရာတွင် ပြန်ထား လိုက်ပြီး ပြီးစလွယ် တောင်းပန် စကား ဆိုလိုက်သည်။ ထို့နောက် မိမိ ၏ အလုပ်ခုံ ဘေးသို့ လျှောက်သွား ကာ ဘဏ် ဓားပြတိုက်မှု ကြီး နှင့် သက်ဆိုင်သော စာရွက်စာတမ်း များ ကို ကောက်ယူ လိုက်သည်။ ကြောင်အမ်းအမ်း ဖြစ်နေသော မိုနာ ကို အတင်း ဆွဲခေါ် ကာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ မှ ကြီးမားသော ခြေလှမ်းများ ဖြင့် အလျင်အမြန် ထွက်ခွာ သွားလေသည်။
"သောက်ကျိုးနည်း..."
လေစီ က ရိုအန် ၏ ကျောပြင် ကို ကြည့်ကာ လက်ခလယ် ထောင်ပြ လိုက်သည်။ ထို့နောက် ဝီလျံ ကို ခေါ်ယူ လိုက်ပြီး စစ်ကြောရေး အခန်း အတွင်းရှိ မြင်ကွင်း ကို လက်ညှိုးထိုးပြ ကာ ဝီလျံ ၏ ပခုံး ကို ပုတ်ပေး လိုက်လေသည်။
"ဒါတွေကို ရှင်းလင်း ဖို့ နင့် ကိုပဲ တာဝန် ပေးလိုက်မယ်..."
ဝီလျံ တစ်ယောက် ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။
အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန တွင် ဖြစ်လေသည်။
"မင်း က စုံထောက် ရိုအန် မဟုတ်လား..."
ထိုဌာန ၏ နယ်မြေ အတွင်းသို့ ဝင်ရောက် လာသည် နှင့် တပြိုင်နက် မျက်မှန် တပ်ဆင် ထားသော ကြွက်သား အဖုအထစ် များ ဖြင့် လူဖြူ အမျိုးသား တစ်ဦး က ရိုအန် နှင့် မိုနာ တို့ ရှိရာ သို့ ကြီးမားသော ခြေလှမ်းများ ဖြင့် လျှောက်လာ လေသည်။ ရိုအန် ၏ ပခုံး ကို လက်ဝါး ဖြင့် အားပါးတရ ရိုက်ချ လိုက်ပြီး အံသွားများ ပေါ်လာသည် အထိ ရယ်မော ကာ စကားဆိုလေသည်။
"သြဂတ်စ် ပြောတဲ့ အတိုင်း တကယ်ပဲ အရမ်း ချောတာပဲ..."
ရိုအန် က အနည်းငယ် ပြုံးလိုက်ပြီး လက်ကမ်း ပေးကာ ဒိုင်လွန် နှင့် လက်ဆွဲ နှုတ်ဆက် လိုက်လေသည်။
"အခုလို ချီးကျူး ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
ဒိုင်လွန် က လှည့်ကာ မိုနာ ကို နှုတ်ဆက် ရန် ပြင်လိုက်စဉ် စုံထောက် တစ်ဦး က ရုတ်တရက် လျှောက်လာ ပြီး ဒိုင်လွန် ၏ နားနား ကပ်ကာ တီးတိုး စကားဆို လိုက်လေသည်။ ဒိုင်လွန် က ခေါင်းညိတ် လိုက်ပြီး အပိုစကားများ ဆက်လက် မပြောတော့ဘဲ အလှမ်းမဝေး လှသော စစ်ကြောရေး အခန်း တစ်ခန်း ကို လက်ညှိုးထိုးပြ ကာ တိုက်ရိုက်ပင် စကားဆိုလေသည်။
"နော်တန် က အဲ့ဒီ အခန်း ထဲမှာ ရှိတယ် မင်း တို့ သွားလိုက်ကြပါ မေးစရာ ရှိတာ ကို နော်တန် ကိုပဲ တိုက်ရိုက် မေးလိုက်ပါ..."
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
စကား အဆုံး တွင် ဒိုင်လွန် က စုံထောက် အချို့ ကို ခေါ်ဆောင် ကာ လှည့်ထွက် သွားလေသည်။ ရိုအန် က အနည်းငယ် ရှုပ်ပွ နေသော အုပ်စုဖွဲ့ မှုခင်း နှိမ်နင်းရေး ဌာန ၏ ရုံးခန်း နယ်မြေ ကို တစ်ချက် ဝေ့ကြည့် လိုက်သည်။ ထို့နောက် မိုနာ နှင့် အကြည့်ချင်း ဖလှယ် လိုက်ပြီး စစ်ကြောရေး အခန်း ရှိရာ သို့ လျှောက်သွား လိုက်လေသည်။
မိုနာ က ရိုအန် ၏ ဘေးမှ ကပ်လျက် လျှောက်လာ ရင်း ရင်ခွင် ထဲရှိ လက်တော့ပ် ကွန်ပျူတာ ကို တင်းကြပ်စွာ ပိုက်ထား လိုက်သည်။ ခေါင်းစောင်း ကာ သံသယ ဖြစ်စွာဖြင့် မေးမြန်း လိုက်သည်။
"ရိုအန် နင် က ဒီ ဘဏ် ဓားပြတိုက်မှု ကြီး ထဲ ဝင်မပါ ဘူး လို့ ပြောထားတာ မဟုတ်ဘူးလား..."
"အဲ့ဒါက မနေ့က ငါ ပြောခဲ့တာ လေ ဒီနေ့ ရဲ့ ငါ ပြောတာ မှ မဟုတ်တာ..."
ရိုအန် က အံသွားများ ပေါ်လာသည် အထိ ပြုံးလိုက်ပြီး စစ်ကြောရေး အခန်း ၏ တံခါး ကို ခေါက်ကာ တိုက်ရိုက်ပင် ဝင်ရောက် သွားလေသည်။
ဤဘဏ် ဓားပြတိုက်မှု ကြီး တွင် ဝင်ရောက် စွက်ဖက်မည် မစွက်ဖက်မည် ဆိုသည်မှာ ရိုအန် အနေဖြင့် ဓားပြ များကို ဖမ်းဆီး နိုင်မည့် အခွင့်အရေး မည်မျှ ကြီးမား သလဲ ဆိုသည့် အပေါ်တွင် မူတည် နေလေသည်။ အမှု မဖော်ထုတ် နိုင်ဘဲ အပြစ်ပေး အရေးယူ ခံရမည့် ကိစ္စမျိုး ကိုမူ ရိုအန် လုံးဝ မလိုလားချေ။
သို့သော် သဲလွန်စ များကိုမူ စုံစမ်း ဖော်ထုတ် ရမည် သာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သဲလွန်စ များကို လက်ဝယ် ရရှိ ထားမှသာ ဓားပြ များကို ဖမ်းဆီး နိုင်မည့် ရာခိုင်နှုန်း ကို ရိုအန် အနေဖြင့် ခန့်မှန်း တွက်ချက် နိုင်မည် ဖြစ်သောကြောင့် ပင် ဖြစ်လေသည်။
"ဟွန့်..."
ရိုအန် ၏ ပြီးစလွယ် စကားကို ကြားလိုက်ရသောအခါ မိုနာ က နှာခေါင်း ရှုံ့လိုက်ပြီး စစ်ကြောရေး အခန်း အတွင်းသို့ အနောက်မှ အလျင်အမြန် လိုက်ပါ ဝင်ရောက် သွားလေသည်။
စစ်ကြောရေး အခန်း အတွင်း၌ အသက် နှစ်ဆယ် ကျော် အရွယ်ခန့် သာ ရှိသေးသော လူဖြူ လူငယ် တစ်ဦး ကို မြင်တွေ့ လိုက်ရလေသည်။ ရိုအန် ကို မြင်တွေ့ ရချိန် တွင် ထိုလူငယ် ၏ မျက်နှာ ပေါ်၌ မည်သည့် တုံ့ပြန်မှု မျှ မရှိသော်လည်း မိုနာ ကို မြင်တွေ့ လိုက်ရသည့် အခိုက်အတန့် တွင် လူငယ် ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်ပ သွားတော့သည်။ မိုနာ ကမူ ထိုလူငယ် ကို လုံးဝ အဖက် မလုပ်ချေ။
"ငါတို့ လမ်းခွဲ သွားတာ မကြာသေးဘူး ချက်ချင်း ပြန်တွေ့ ရလိမ့်မယ် လို့ မထင်ထား ခဲ့မိဘူး..."
ရိုအန် က ပြုံးလျက် လက်ကမ်း ပေးကာ နော်တန် နှင့် လက်ဆွဲ နှုတ်ဆက် လိုက်လေသည်။ နော်တန် ကလည်း ဟင်းဟင်း ရယ်မော လိုက်ပြီး မိုနာ ကို ခေါင်းညိတ် နှုတ်ဆက် ကာ ရိုအန် နှင့် မိုနာ တို့ နှစ်ဦး ကို ထိုင်ရန် အချက်ပြ လိုက်သည်။
ထို့နောက် စစ်ဆေး မေးမြန်းချက် မှတ်တမ်းများ ကို ထိုနှစ်ဦး ထံသို့ တိုက်ရိုက် ပေးအပ် လိုက်ပြီး အခန်း အတွင်းမှ ထွက်ခွာ သွားလေသည်။ နော်တန် ၏ အနောက်တွင် ဖြေရှင်း ရမည့် ကိစ္စရပ် များ အများအပြား ကျန်ရှိ နေသေးသည် မဟုတ်ပါလား။
စစ်ဆေး မေးမြန်းချက် မှတ်တမ်းများ အရ ရိုအန် တို့ ၏ မျက်စိရှေ့ရှိ လူဖြူ လူငယ် ၏ အမည် မှာ ရောဘတ် ဖြစ်ပြီး ယခုနှစ် တွင် အသက် နှစ်ဆယ့်ကိုး နှစ် ရှိပြီ ဖြစ်လေသည်။ ဟိုင်အီးနား ဂိုဏ်း သို့ ဝင်ရောက် လာသည်မှာ နှစ်နှစ်ခွဲ ခန့်သာ ရှိသေးသော်လည်း ဟိုင်အီးနား ဂိုဏ်း ၏ အောက်ခြေ အဆင့် ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီ ပင် ဖြစ်လေသည်။
ပုံမှန် အခြေအနေ များ အရ ဆိုလျှင် ရောဘတ် ကဲ့သို့သော လူမျိုး များသည် မိသားစုဝင် များ လက်စားချေ ခံရမည် ကို ကြောက်ရွံ့ သဖြင့် ဟိုင်အီးနား ဂိုဏ်း ၏ အတွင်းရေး သတင်း အချက်အလက် များကို လုံးဝ ပြောပြ ရဲမည် မဟုတ်ပေ။ ထို့ကြောင့် နော်တန် အနေဖြင့် လည်း ပြီးစလွယ် သာ စစ်ဆေး မေးမြန်း ပြီးနောက် တရားသူကြီး ထံသို့ လွှဲပြောင်း ကာ အကျဉ်းထောင် အတွင်းသို့ တိုက်ရိုက် ပို့ဆောင် လိုက်မည် သာ ဖြစ်လေသည်။
သို့သော် ယနေ့ ရောဘတ် ကို စစ်ဆေး မေးမြန်း သည့် အချိန်တွင် မမျှော်လင့် ဘဲ ရောဘတ် က ဟိုင်အီးနား ဂိုဏ်း ၏ သတင်း အချက်အလက် များကို ကိုယ်တိုင် အနေဖြင့် ပြောပြ နိုင်စွမ်း မရှိသော်လည်း အခြား အမှုအခင်း များ၏ သတင်း အချက်အလက် များကို သိရှိထားကြောင်း ပြောဆို လာခဲ့လေသည်။
ထို့ကြောင့် ရောဘတ် ၏ တောင်းဆိုချက် မှာ အလွန် ရိုးရှင်း လှလေသည်။ အခြား အမှုအခင်း များ၏ သတင်း အချက်အလက် များကို ပြောပြမည် ဖြစ်ပြီး အပြန်အလှန် အနေဖြင့် ပြစ်ဒဏ် လျှော့ပေါ့ ပေးရန် တောင်းဆို ခဲ့ခြင်း ပင် ဖြစ်လေသည်။
"ဒါဆို မင်း က ဘဏ် ဓားပြတိုက် တဲ့ လူတွေ က ဘယ်သူ တွေ ဆိုတာ ကို သိထားတယ် ပေါ့..."
စစ်ဆေး မေးမြန်းချက် မှတ်တမ်း ကို ဖတ်ရှု ပြီးနောက် မိုနာ က ရောဘတ် မွေးဖွား လာချိန် မှစ၍ လက်ရှိ အချိန် အထိ ကိုယ်ရေး အချက်အလက် မှတ်တမ်း အပြည့်အစုံ ကို ထုတ်ယူ လိုက်လေသည်။ ရိုအန် က အကြမ်းဖျင်း တစ်ချက် ဝေ့ကြည့် လိုက်ပြီး လေးနက်သော လေသံ ဖြင့် မေးမြန်း လိုက်သည်။
"မင်း ရဲ့ ပြစ်ဒဏ် လျှော့ပေါ့ ခွင့် သဘောတူညီချက် ကို ငါ လက်ခံတယ် ဒါပေမဲ့ ပြစ်ဒဏ် လျှော့ပေါ့ ပေးမယ့် တိကျတဲ့ အချိန်ကာလ ကတော့ မင်း ပြောပြမယ့် အမှုအခင်း သတင်း အချက်အလက် ရဲ့ တန်ဖိုး အပေါ် မူတည်ပြီး ဆုံးဖြတ် ရလိမ့်မယ်..."
"အိုကေ..."
ရောဘတ် က ခေါင်းညိတ် လိုက်ပြီး အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် စကားဆိုလေသည်။
"ဒါဆို ငါတို့ သဘောတူညီချက် စာချုပ် ကို အရင် လက်မှတ် ထိုးကြတာပေါ့..."
ဖက်ဒရယ် ဥပဒေ ပြဋ္ဌာန်းချက် များ အရ ပြစ်ဒဏ် လျှော့ပေါ့ ခွင့် သဘောတူညီချက် စာချုပ် တွင် လက်မှတ် ရေးထိုး သည့် အချိန် ၌ ရှေ့နေ တစ်ဦး မဖြစ်မနေ ရှိနေရမည် ဖြစ်လေသည်။
ထို့ကြောင့် မိနစ် ဆယ်ဂဏန်း ခန့် အကြာတွင် အခန်း အတွင်း၌ အနောက်တိုင်း ဝတ်စုံ ဝတ်ဆင် ထားသော လူဖြူ လူလတ်ပိုင်း ရှေ့နေ တစ်ဦး ထပ်တိုး ရောက်ရှိ လာလေသည်။
ရှေ့နေ ၏ အသိသက်သေ အဖြစ် ပါဝင်မှု ဖြင့် နှစ်ဖက် စလုံး က သဘောတူညီချက် စာချုပ် ပေါ်တွင် မိမိတို့ ၏ နာမည် များကို အသီးသီး လက်မှတ် ရေးထိုး လိုက်ကြသည်။ ထို့နောက် ရောဘတ် က ခြေချိတ် ထိုင်လိုက်ပြီး တိုက်ရိုက်ပင် စကားဆိုလေသည်။
"အရင် အကြိမ် တွေ က ဖြစ်ခဲ့တဲ့ ဘဏ် ဓားပြတိုက်မှု တွေကို ငါ မသိဘူး ဒါပေမဲ့ ဆဋ္ဌမမြောက် အကြိမ် ဖြစ်ခဲ့တဲ့ အမှု ကိုတော့ ကွင်းစ် ရပ်ကွက် က အဝတ်လျှော်ဆိုင် ပိုင်ရှင် တစ်ယောက် က လုပ်ခဲ့တာပဲ..."
"ဘာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန် နှင့် မိုနာ တို့ နှစ်ဦးစလုံး ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။
'ဘဏ် ဓားပြတိုက်မှု ခြောက်ခု စလုံး ကို လူတစ်စု တည်း က ကျူးလွန် ခဲ့တာ မဟုတ်ဘူး ဆိုပါလား…’