← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇ အမှုကို လွှဲပြောင်းရယူခြင်း

"ဖြစ်နိုင်ချေ တစ်ခု သက်သက် ပါ..."

ရိုအန် နားထင်ကို ပွတ်သပ်လိုက်သည်။ လက်ထဲရှိ ဖိုင်တွဲမှာ ဘဏ်ဓားပြတိုက်မှု၏ အကြမ်းဖျင်း အခြေအနေသာ ဖြစ်ပြီး အခင်းဖြစ်ပွားရာ နေရာမှ သက်သေများ၏ ထွက်ဆိုချက်များ မပါဝင်ချေ။

ယခင်က ဗီရိုနီးစ် ပေးအပ်ခဲ့သော စာရွက်စာတမ်းများတွင်လည်း ဘရိုဆန် ၏ ဘဏ်ဓားပြတိုက်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ် အကြမ်းဖျင်းသာ ပါဝင်ပြီး အသေးစိတ် အချက်အလက်များ လုံးဝ မပါရှိပေ။

ထို့ကြောင့် ရိုအန် ၏ ဤအမှုအပေါ် ကောက်ချက်ချမှုမှာ ယုတ္တိတန်သော ခန့်မှန်းချက် တစ်ခုမျှသာ ဖြစ်လေသည်။

"ရပါပြီ ရိုအန်..."

ရိုအန် မျက်မှောင်ကြုတ်ကာ တွေးတောနေသည့် ပုံစံကို မြင်တွေ့လိုက်ရသောအခါ မိုနာ လှည့်လာပြီး ကီးဘုတ်ပေါ်တွင် လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

"ဒီ အမှု က ငါတို့ တာဝန်ယူ ရမှာ မှ မဟုတ်တာ စောစောက ဗီရိုနီးစ် က ဒီ အမှု ကို လက်မခံ ဘူး လို့ နင့် ကို ပြောထားတယ် မဟုတ်ဘူးလား..."

ယခင်က စုံထောက်နှစ်ဦး ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံသို့ အပြန်လမ်းတွင် ရိုအန် က ဗီရိုနီးစ် ထံသို့ ဖုန်းဆက်ခဲ့လေသည်။ အဝတ်လျှော်ဆိုင်ပိုင်ရှင်ကို စုံစမ်းစစ်ဆေးပြီးနောက် တကယ့်လက်တွေ့တွင် ဘဏ်ဓားပြ လုံးဝ မဟုတ်ကြောင်း သတင်းပို့ခဲ့ခြင်း ဖြစ်သည်။

ဗီရိုနီးစ် ထိုသတင်းကို ကြားသိပြီးနောက် အပိုစကားများ မပြောတော့ချေ။ ရိုအန် ကို ပင်ပန်းသွားပြီ ဖြစ်ကြောင်းနှင့် ဖက်ဒရယ် ရုံးအဆောက်အအုံသို့ ပြန်လာပြီး အနားယူရန် အရင်ဆုံး ပြောဆိုခဲ့သည်။ ထို့နောက် မိမိအနေဖြင့် အဖွဲ့ခေါင်းဆောင်များ၏ အစည်းအဝေးသို့ ချက်ချင်း သွားရောက်ရမည် ဖြစ်ပြီး အစည်းအဝေး ပြီးဆုံးမှသာ ဤကိစ္စကို အသေးစိတ် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

ဗီရိုနီးစ် တက်ရောက်မည့် အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သော ဘရိုဆန် အနေဖြင့် သတ်မှတ်ထားသော အချိန်အတွင်း ဘဏ်ဓားပြများကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိခဲ့သည့် နောက်ပိုင်း အစီအစဉ်များကို ဆွေးနွေးမည့် အစည်းအဝေးပင် ဖြစ်လေသည်။

"မဟုတ်ဘူး မိုနာ..."

ကုလားထိုင်ပေါ်တွင် ထိုင်နေသော ရိုအန် မေးစေ့ကို ထောက်ကာ အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေလေသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အသေအချာ ပြန်လည် တွေးတော သုံးသပ်လိုက်ပြီးနောက် အံသွားများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။

"ဗီရိုနီးစ် က ဒီ အမှု ကို သေချာပေါက် လွှဲပြောင်း ယူလိမ့်မယ်..."

"ဘာ..."

ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ ၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဝီလျံ ရှိနေခြင်းကြောင့် ဘရိုဆန် အမှုဖော်ထုတ်ရန် ကျရှုံးသွားပြီးနောက် ခံရမည့် ပြစ်ဒဏ် အချို့ကို မိုနာ အကြမ်းဖျင်း သိရှိထားလေသည်။ ဤသို့သော အခြေအနေမျိုး အောက်တွင် ဗီရိုနီးစ် က ဤအမှုကို လက်ခံမည် ဆိုပါက စွန့်စားရလွန်းနေသည် မဟုတ်ပါလား။

"ကိစ္စ မရှိပါဘူး မိုနာ..."

မိုနာ ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ခပ်ဟဟ ရယ်မောလိုက်ပြီး နှစ်သိမ့် စကားဆိုလေသည်။

"ငါတို့ က ဘရိုဆန် နဲ့ မတူဘူး လေ..."

မိုနာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

"ဘာသဘော လဲ..."

"ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ က နောက်ကွယ် ကနေ တခြား သူတွေ ရဲ့ ခြေထောက် ကို လှမ်းဆွဲ တဲ့ ယုတ်မာ တဲ့ အလုပ် မျိုး လုံးဝ မလုပ်ဖူး လို့ပဲ..."

ရိုအန် နှုတ်ခမ်းကို သပ်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။ ဤအဖြစ်အပျက်၏ နောက်ကွယ်မှ အကြောင်းရင်း အကြမ်းဖျင်းကို ကောင်းစွာ သဘောပေါက် နားလည်သွားပြီ ပင် ဖြစ်လေသည်။

ပုံမှန် အားဖြင့် ဆိုလျှင် ဘဏ်ဓားပြတိုက်မှု သက်သက်မျှသာ ဖြစ်လေသည်။ နယူးယောက် ကဲ့သို့သော အရပ်ဒေသ မျိုးတွင် ဤကဲ့သို့သော အမှုများ အကြိမ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ထိုအထဲမှ မဖော်ထုတ်နိုင်ဘဲ ပိတ်သိမ်းလိုက်ရသော အမှုများမှာလည်း မနည်းမနောပင် ရှိလေသည်။

ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် ဘရိုဆန် ကို ဤတစ်ကြိမ်၌ အချိန် ကန့်သတ်ချက် ထားရှိကာ အမှု ဖော်ထုတ်ခိုင်းခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားရစေလေသည်။

သို့သော် မိမိ အနေဖြင့် ယခင်က ပြန်ပေးဆွဲမှုမှ ကွင်းဆက် လူသတ် အလောင်းဖျောက်ဖျက်မှု ကြီးအဖြစ် ပြောင်းလဲသွားသော အမှုကို ဖော်ထုတ်စဉ်က ဘရိုဆန် နောက်ကွယ်မှ နေ၍ သတင်းထောက်များထံ တိတ်တဆိတ် သတင်းပေးခဲ့သည့် ကိစ္စကို ပြန်လည် တွေးတောလိုက်သောအခါ အရာအားလုံးမှာ ယုတ္တိတန်သွားတော့သည်။

စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ဆယ့်လေးဖွဲ့ စလုံးမှာ ရှေ့တန်း စစ်ဆင်ရေး ဌာနများ ဖြစ်ကြလေသည်။ ဤကဲ့သို့ သိသိသာသာ လုပ်ဖော်ကိုင်ဖက်များ၏ ခြေထောက်ကို လှမ်းဆွဲသည့် လုပ်ရပ်မျိုးကို အထက်လူကြီးများက မျက်ကန်းများ မဟုတ်ကြသဖြင့် မည်သို့လျှင် မမြင်ဘဲ နေမည်နည်း။

အထက်လူကြီးများ အလွန် ဒေါသထွက်သွားခဲ့ပြီး နောက်ဆက်တွဲ ရလဒ်မှာလည်း အလွန် ပြင်းထန်ခဲ့လေသည်။

ဘရိုဆန် သည် အခြားသော ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုသို့ ဝင်ရောက်ထားသဖြင့် အထက်လူကြီးများ အနေဖြင့် ဘရိုဆန် ကို တိုက်ရိုက် ထုတ်ပယ်ရန် အဆင်မပြေကြောင်း ဗီရိုနီးစ် က ရိုအန် ကို ယခင်က ပြောပြခဲ့ဖူးလေသည်။

သို့သော် အဖြစ်အပျက် ပြီးဆုံးသွားပြီးနောက် အသစ် ဖွဲ့စည်းလိုက်သော အမှတ် ၁၄ စုံစမ်းစစ်ဆေးရေး အဖွဲ့ဆီသို့ ပြောင်းရွှေ့လိုက်ပြီး ဘရိုဆန် ကို ထိုအဖွဲ့၏ ခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ခြင်းမှာ အထက်လူကြီးများ အတွက်မူ လက်တစ်ဖက် လှန်လိုက်သကဲ့သို့ အလွန် လွယ်ကူသော ကိစ္စ ပင် ဖြစ်လေသည်။

ဒုတိယ အဆင့် အနေဖြင့် နောက်ဆက်တွဲ ရလဒ် ကြီးမားနိုင်သလို သေးငယ်သွားနိုင်သော အမှု တစ်ခုကို ရှာဖွေကာ အမှတ် ၁၄ အဖွဲ့ ထံသို့ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် စကားလုံး အလှအပများ အသုံးပြု၍ ဘရိုဆန် ကို အချိန် ကန့်သတ်ချက် အတွင်း အမှုဖော်ထုတ်ရန် အတင်းအကျပ် ဖိအားပေးလိုက်ခြင်း ပင် ဖြစ်လေသည်။

ထိုအကြောင်းများကို တွေးတောမိသွားသောအခါ ရိုအန် ခပ်ဟဟ ရယ်မောလိုက်လေသည်။

အကယ်၍ ထိုအချိန်က သာ ရိုအန် အနေဖြင့် အမှုကို မဖော်ထုတ်နိုင်ခဲ့ဘဲ ဘရိုဆန် က ထိုအမှုကို တာဝန်ယူ ဖြေရှင်းရန် ကိုယ်တိုင် အဆိုပြုလာခဲ့မည် ဆိုပါက အထက်လူကြီးများ အနေဖြင့် အပြင်ဘက်ရှိ သတင်းထောက်များကို ရင်ဆိုင် ဖြေရှင်းရန် အတွက် အံကြိတ် သည်းခံရမည် သာ ဖြစ်လေသည်။ ဗီရိုနီးစ် ကို ပြစ်ဒဏ် ချမှတ်ရမည့် အပြင် ဗီရိုနီးစ် ၏ လက်အောက်ရှိ စုံစမ်းစစ်ဆေးရေး အဖွဲ့များထဲမှ အချို့ကို ဘရိုဆန် ထံသို့ ခွဲဝေ ပေးအပ်လိုက်ရမည် မှာ အသေအချာ ပင် ဖြစ်လေသည်။

ထို့နောက် မှသာ ဘရိုဆန် ကို ရှင်းလင်းရန် နည်းလမ်း ရှာဖွေရမည် ဖြစ်လေသည်။

သို့သော် ရိုအန် က ပြန်ပေးဆွဲမှုမှ ကွင်းဆက် လူသတ် အလောင်းဖျောက်ဖျက်မှု ကြီးအဖြစ် ပြောင်းလဲသွားသော အမှုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့လေသည်။ ထိုအချက် ကသာလျှင် ဘရိုဆန် ၏ ရင်ဘတ် တည့်တည့်သို့ ထိုးစိုက်ဝင်သွားသော ဓားတစ်လက် ဖြစ်လာခဲ့ပြီး အထက်လူကြီးများ အတွက် ဘရိုဆန် ကို ရှင်းလင်းရန် ခိုင်လုံသော အကြောင်းပြချက် တစ်ရပ် ဖြစ်လာစေခဲ့တော့သည်။

ထိုအချက် ကပင် ဘရိုဆန် အနေဖြင့် ရိုအန် ကို သေလောက်အောင် အငြိုးတကြီး မုန်းတီးရခြင်း၏ အဓိက အကြောင်းရင်း အစစ်အမှန် ပင် ဖြစ်လေသည်။ ရိုအန် သာ မရှိခဲ့လျှင် ဘရိုဆန် ၏ အကြံအစည်များ အောင်မြင်သွားမည် မဟုတ်ပါလား။

အဖြစ်အပျက် များကို ဤနေရာ အထိ စဉ်းစား သုံးသပ်ပြီးနောက် ရိုအန် ၏ ခေါင်းထဲတွင် အကြောင်းအရာ များစွာ ရှင်းလင်း သွားတော့သည်။

ရိုအန် ၏ ခန့်မှန်းချက်များ သာ မမှားယွင်း ခဲ့လျှင် အစည်းအဝေး အတွင်း၌ ဘရိုဆန် ရာခိုင်နှုန်း ပြည့် ပြစ်ဒဏ် ချမှတ်ခံရမည် မှာ အသေအချာ ပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ အစကတည်းက ကြိုတင် စီစဉ်ထားပြီးသား ဇာတ်ညွှန်း တစ်ခု ဖြစ်နေသောကြောင့် ပင် ဖြစ်သည်။

သို့သော် အမှုကို အခြားသူ တစ်ဦးဦး၏ လက်ထဲသို့ လွှဲပြောင်းပေးအပ် ပြီးနောက် အမှုဖော်ထုတ်ရန် ကျရှုံးသွားခဲ့လျှင်တောင်မှ ခံရမည့် ပြစ်ဒဏ် မှာ ဘရိုဆန် လောက် ပြင်းထန်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိနေလေသည်။

ထင်ထားသည့် အတိုင်းပင် နာရီဝက်ခန့် အကြာတွင် ရိုအန် ၏ ဖုန်းမြည်လာတော့သည်။

ရိုအန် ဖုန်းလက်ခံ ခလုတ်ကို နှိပ်လိုက်ရာ ဖုန်းတစ်ဖက်ခြမ်းမှ ဗီရိုနီးစ် ၏ အေးစက်စက် အသံ ထွက်ပေါ်လာလေသည်။

"ငါ့ ဆီ ကို အခု ချက်ချင်း လာခဲ့..."

"ကောင်းပါပြီ ခေါင်းဆောင်..."

ရိုအန် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ပြတ်ပြတ်သားသား သဘောတူ လိုက်လေသည်။

ဗီရိုနီးစ် ၏ အသံတွင် သိသာထင်ရှားသော အပြောင်းအလဲ များ မရှိသော်လည်း ထိုလေသံ အောက်တွင် ကိန်းအောင်းနေသော စိတ်လှုပ်ရှား ဝမ်းသာနေသည့် အရိပ်အယောင် များကို ရိုအန် ကောင်းစွာ ကြားသိလိုက်ရလေသည်။

"ထိုင်ပါ..."

တံခါးခေါက်ကာ ဗီရိုနီးစ် ၏ ရုံးခန်း အတွင်းသို့ ဝင်ရောက်လာပြီးနောက် ဌာနခွဲမှူး က အပိုစကားများ မပြောတော့ဘဲ ရိုအန် ကို ထိုင်ခိုင်းလိုက်သည်။ ခြေချိတ် ထိုင်လိုက်ပြီးနောက် ခန္ဓာကိုယ်ကို နောက်သို့ မှီချကာ အေးစက်သော လေသံဖြင့် စကားဆိုလေသည်။

"ရိုအန် ငါ ဒီ ကွင်းဆက် ဘဏ် ဓားပြတိုက်မှု ကြီး ကို လွှဲပြောင်း ယူလိုက်ပြီ..."

"ကောင်းပါပြီ ခေါင်းဆောင်..."

ရိုအန် ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်တွင် အခြားသော အမူအရာများ လုံးဝ ပေါ်ထွက် မလာခဲ့ချေ။

ထိုအခြေအနေကြောင့် ဆက်လက် ပြောဆိုရန် ပြင်ဆင်ထားသော ဗီရိုနီးစ် ၏ စကားများ ချက်ချင်း ရပ်တန့်သွားရလေသည်။ ရိုအန် ကို အချိန်အတော်ကြာ သေချာစွာ အကဲခတ် လိုက်ပြီးနောက် ဗီရိုနီးစ် ၏ နှုတ်ခမ်းများ အနည်းငယ် တင်းမာသွားလေသည်။

"မင်း ရဲ့ တွေးတော နိုင်စွမ်း က တော်တော်လေး မြန်ဆန် တာပဲ..."

ရိုအန် စကားပြန်ပြောမည့် အချိန်ကို စောင့်ဆိုင်း မနေတော့ဘဲ ဗီရိုနီးစ် က ရုံးစားပွဲ ပေါ်မှ ဖိုင်တွဲ တစ်ခုကို ဆွဲယူကာ ရိုအန် ထံသို့ ကမ်းပေးလိုက်လေသည်။

"ဒါက ကွင်းဆက် ဘဏ် ဓားပြတိုက်မှု ကြီး ရဲ့ အမှု လွှဲပြောင်း ရယူရေး အစီရင်ခံစာ ပဲ ခဏ နေရင် အမှတ် ၁၄ စုံစမ်းစစ်ဆေးရေး အဖွဲ့ က မင်းတို့ အမှတ် ၅ အဖွဲ့ ဆီ ကို လာပြီး အမှု ကို တရားဝင် လွှဲပြောင်း ပေးလိမ့်မယ်..."

"အိုကေ..."

ရိုအန် ခေါင်းညိတ်လိုက်ပြီး ဖိုင်တွဲကို လှမ်းယူလိုက်သည်။ အပိုစကားများ ဆက်လက် မပြောတော့ဘဲ မျက်နှာပေါ်တွင် အပြုံး တစ်ခု တပ်ဆင်ကာ ဗီရိုနီးစ် ကိုသာ တိတ်ဆိတ်စွာ စူးစိုက် ကြည့်နေလေသည်။

ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ဗီရိုနီးစ် က လျှို့ဝှက်ချက် များကို ဆက်လက် ဖုံးကွယ် မထားတော့ဘဲ တိုက်ရိုက်ပင် စကားဆိုလေသည်။

"စောစောက အစည်းအဝေး မှာ ဘရိုဆန် တစ်ယောက် သတ်မှတ် ထားတဲ့ အချိန် အတွင်း အမှု ကို မဖော်ထုတ် နိုင်ဘူး ဆိုတာ ကို သိသွားတဲ့ အခါ အထူး ကိုယ်စားလှယ် အရာရှိချုပ် က တစ်ဖက်လူ ကို အပြင်းအထန် ကြိမ်းမောင်း ခဲ့တယ် ပြီးတော့ ဘရိုဆန် ကို အက်ဖ်ဘီအိုင် နယူးယောက် ဌာနခွဲ ရဲ့ ဆင်ခြေဖုံး ဒေသ က ရုံးခွဲ ဆီ ကို ချက်ချင်း ပြောင်းရွှေ့ တာဝန် ချထား လိုက်ကြောင်း အဲ့ဒီ နေရာ မှာတင် ကြေညာ လိုက်တယ်..."

ထိုသတင်းကို ကြားလိုက်ရသောအခါ ရိုအန် ၏ နှုတ်ခမ်းများ ချက်ချင်း ကွေးတက် သွားတော့သည်။

ထင်ထားသည့် အတိုင်းပင် အထူး ကိုယ်စားလှယ် အရာရှိချုပ် က ဘရိုဆန် ကို စတင် အရေးယူ လိုက်ပြီ ပင် ဖြစ်လေသည်။

ရိုအန် ၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်တွေ့လိုက်ရသောအခါ ဗီရိုနီးစ် ၏ စိတ်ခံစားချက် မှာလည်း အလွန် ကောင်းမွန် နေလေသည်။ နှုတ်ခမ်းထောင့်များ ကွေးတက် သွားပြီး ဆက်လက် စကားဆိုလေသည်။

"ဘရိုဆန် အစည်းအဝေး ခန်းမ ထဲက ထွက်သွား ပြီးတဲ့ နောက်မှာ အထူး ကိုယ်စားလှယ် အရာရှိချုပ် က ကျန်နေသေးတဲ့ ငါတို့ အဖွဲ့ခေါင်းဆောင် လေးယောက် ထဲက ဘယ်သူ က ဒီ အမှု ကို လွှဲပြောင်း ယူနိုင်မလဲ လို့ မေးမြန်း ခဲ့တယ် သေချာတာ ပေါ့ ဒီ တစ်ကြိမ် အမှု ဖော်ထုတ် ဖို့ အချိန် ကန့်သတ်ချက် က တစ်ပတ် ပဲ အမှု ဖော်ထုတ် တာ ကျရှုံး သွားခဲ့ရင် ပြစ်ဒဏ် ကတော့ ဆက်ရှိ နေဦးမှာ ပဲ ဒါပေမဲ့ အဲ့ဒီ ပြစ်ဒဏ် က ငါတို့ အဖွဲ့ခေါင်းဆောင် တွေ အပေါ် ကိုပဲ သက်ရောက် မယ် အောက်ခြေ က စုံထောက် တွေ နဲ့ ဘာမှ မသက်ဆိုင် ဘူး..."

ဗီရိုနီးစ် ၏ မြင့်တက်နေသော နှုတ်ခမ်းထောင့်များကို မြင်တွေ့လိုက်ရသောအခါ ထိုပြစ်ဒဏ် ဆိုသည်မှာ အလွန် ပြင်းထန်မည် မဟုတ်ကြောင်း ရိုအန် ကောင်းစွာ သိရှိလိုက်လေသည်။ သို့မဟုတ်ပါက ဌာနခွဲမှူး အနေဖြင့် ဤကဲ့သို့သော အမူအရာမျိုး ပြသနေမည် မဟုတ်ချေ။

ထို့အပြင် အောက်ခြေ စုံထောက်များနှင့် မသက်ဆိုင်ကြောင်း ကိုပါ အထူး တကူး ထည့်သွင်း ပြောဆိုသွားသေးလေသည်။

နယ်နှင်ဒဏ် ပေးခံလိုက်ရသော ဘရိုဆန် ၏ အခြေအနေကို ပြန်လည် တွေးတော ကြည့်လိုက်မည် ဆိုလျှင်...

အထက်လူကြီး များက မိမိကို အထူး တကူး ရည်ရွယ်၍ ဤစကားကို ပြောဆို လိုက်ခြင်း ဖြစ်ကြောင်း ရိုအန် ၏ စိတ်ထဲတွင် ချက်ချင်း သဘောပေါက် နားလည် သွားတော့သည်။

"အကယ်၍ တစ်ပတ် အတွင်း မှာ အမှု ကို အောင်မြင်စွာ ဖော်ထုတ် နိုင်မယ် ဆိုရင် ဒါမှမဟုတ် အမှု ဖော်ထုတ် တဲ့ အချိန် က တစ်ပတ် ထက် ပိုပြီး တိုတောင်း သွားခဲ့မယ် ဆိုရင်..."

ဗီရိုနီးစ် က ခြေချိတ် ထိုင်နေခြင်းကို ရုပ်သိမ်းလိုက်ပြီး ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းညွတ် လိုက်သည်။ လက်ချောင်း ဆယ်ချောင်းကို ယှက်ကာ ရုံးစားပွဲ ပေါ်သို့ တင်လိုက်ပြီး နှုတ်ခမ်းကို သပ်ကာ ရိုအန် ကို မျက်လုံး ကျဉ်းမြောင်းစွာဖြင့် စူးစိုက် ကြည့်လိုက်လေသည်။

"ဆုကြေး ရှိတယ်..."

"..."

ဤတစ်ကြိမ် တွင် ဗီရိုနီးစ် ၏ အလွန် တိုတောင်းလှသော စကားကို ကြားလိုက်ရပြီး မျက်နှာပေါ်ရှိ အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီးနောက် မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်ထွက်လာတော့သည်။

ယခင် ဘဝက အရှေ့တိုင်း ဓလေ့ထုံးစံများ အရ ဆိုလျှင် စကားလုံး နည်းလေလေ အကျိုးဆက် ကြီးမားလေလေ ပင် ဖြစ်လေသည်။

ဖက်ဒရယ် ပြည်ထောင်စု ဘက်တွင် ထိုကဲ့သို့သော ထုံးစံများ မရှိသော်လည်း ဗီရိုနီးစ် ကိုယ်တိုင်က အမြဲတမ်း ပြတ်သား သွက်လက်ပြီး စကားပြောရာတွင် တိုက်ရိုက် ပွင့်လင်းလွန်း သူ ဖြစ်လေသည်။

ဤတစ်ကြိမ် တွင် ဌာနခွဲမှူး ၏ စကားများက ဤမျှ တိုတောင်း လွန်းနေသဖြင့် နောက်ဆက်တွဲ ရရှိလာမည့် ဆုကြေး မှာလည်း...

ဗီရိုနီးစ် ၏ အထက်လူကြီးများကို ပြန်လည် တွေးတော မိသွားသောအခါ ရိုအန် အပိုစကားများ ဆက်လက် မပြောတော့ဘဲ ချက်ချင်း ပြုံးလျက် ခေါင်းညိတ်ကာ သဘောတူ လိုက်လေသည်။

"ကောင်းပါပြီ ခေါင်းဆောင် ကျွန်တော် ရဲ့ အစွမ်းကုန် ကြိုးစား ပြီး ဒီ အမှု ကို စုံစမ်း ဖော်ထုတ် သွားပါ့မယ်..."

"ကောင်းတယ်..."

ဗီရိုနီးစ် ခေါင်းညိတ် လိုက်သည်။ သူမ အနေဖြင့် ရိုအန် ကဲ့သို့ အရိပ်ပြရုံဖြင့် အကောင်မြင်သော အရည်အချင်းရှိ သူများကို အလွန် သဘောကျ နှစ်သက်လေသည်။

All Chapters