ကြိုဆိုတာလား…
Vol. 94 Ch. 1286
အဆင့်ရှစ်ကလန်များ၏ ပြိုင်ပွဲတွင် အဆင့်ရှစ်ကလန်များအားလုံး ပါဝင်ကြပေသည်။ သို့သော် တပည့်များအားလုံးကတော့ ပြိုင်ပွဲသို့ တက်ရောက်ကြရန် စိတ်မဝင်စားကြပေ။ အချို့က သည်ပြိုင်ပွဲကို အထင်သေးကြ၍ မပါဝင်ဘဲ သူတို့ ဆန္ဒရှိရာနေရာသို့ သွားတတ်ကြသည်။
လေကောင်းကင်ဘုံနယ်မြေအပြင်ဘက်မှ ကျင့်ကြံသူများက ထိုကဲ့သို့ သူများပင်။
သူတို့သည် ကလန်အမျိုးမျိုး၏ ဂျူနီယာများ ဖြစ်ကြ၏။ သို့သော် သူတို့၏ကျင့်ကြံမှုအဆင့်များကတော့ နိမ့်ပါးလွန်းခြင်း မရှိပေ။ သူတို့သာ အတူပူးပေါင်း၍ လေမိုးကောင်းကင်ဘုံနယ်မြေတွင် ရှာဖွေရန် ကြိုးစားကြမည် ဖြစ်၏။
လီယွမ်လိုင်က သူတို့ထဲမှတစ်ယောက် ဖြစ်၏။ သည်လူများကြားတွင် သူက အုပ်စုခေါင်းဆောင်ဖြစ်၍ သူ့ကျင့်ကြံမှုအဆင့်မှာ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်တွင် ရှိပေသည်။ သူက ပိန်ပါးပါးခန္ဓာကိုယ်ရှိ၍ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ထံမှ ထည်ဝါမှုကို ပေးစွမ်းနေသည်။
သူ့ကြည့်ကောင်းသောမျက်ဝန်းတို့က တောက်ပနေပြီး ရှေ့တည့်တည့်သို့ အေးစက်စက် စူးစိုက်ကြည့်နေသည်။
သူတို့က နောက်ထပ်ကျင့်ကြံသူများ ရောက်လာမည်ကို စောင့်နေကြခြင်းပင်။ အချိန်တွက်ကြည့်ပါက ထိုသူများ မကြာခင်တွင် ရောက်လာပေတော့မည်။
ဤအခိုက်အတန့်တွင် ရှေ့တည့်တည့်မှ မြူများ လှည့်လည်သွားပြီးနောက် အဖြူရောင်ဝတ်စုံနှင့်ဝမ်လင်းသည် လှမ်းလျှောက်ထွက်လာလေသည်။
သူ ပေါ်လာသည်နှင့် ကျင့်ကြံသူဆယ်ယောက်ကျော်က လှမ်းကြည့်လာကြသည်။ လီယွမ်လိုင်က ဝမ်လင်းကို တွေ့မြင်ရချိန်၌ သူ့အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။ သူ့အကြည့်က ဝမ်လင်းထံ ရောက်နေသည်။
လုယွမ်လိုင်ကလွဲ၍ အခြားကျင့်ကြံသူများကတော့ ဝမ်လင်းကို တစ်ချက်သာ ကြည့်၍ သူတို့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။ သူတို့က ဝမ်လင်းကို ထပ်အရေးစိုက်မနေတော့ပေ။ သို့သော် လီယွမ်လိုင်ကတော့ မျက်မှောင်ကြုတ်နေ၏။ သူက ဤဆံဖြူလူသည် ထူးဆန်းသောခံစားမှုကို ပေးစွမ်းနေသည်ဟု ခံစားရလေသည်။
လေကောင်းကင်ဘုံနယ်မြေသို့ ဦးတည်သည့်ဟင်းလင်းပြင်အက်ကြောင်းကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက သည်နေရာသို့ ရောက်လာရန် တစ်လနီးပါး အချိန်ကုန်ခဲ့ရသည်။
သူသည် လေကောင်းကင်ဘုံနယ်မြေအပြင်ဘက်မှ ကျင့်ကြံသူများကို ကြည့်ပင်မကြည့်ချေ။ သူက ဟင်းလင်းပြင်အက်ကြောင်းထံ တိုက်ရိုက် တိုးဝင်သွားသည်။
ထိုဟင်းလင်းပြင်အက်ကြောင်းက အရာအားလုံးကို ဝါးမြိုပစ်မည့် ဧရာမအက်ကြောင်းကြီးနှင့် တူ၏။ အတွင်းမှလည်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ခပ်ပါးပါး ထွက်ပေါ်လို့နေသည်။ ယင်းစွမ်းအင်က အားနည်းလွန်းသော်လည်း ဝမ်လင်းက ရှင်းလင်းစွာ ခံစားမိပေသည်။
ကျင့်ကြံသူများကို ဖြတ်ကျော်လာပြီး ဝမ်လင်းက အက်ကြောင်းအပြင်ဘက်တွင် ရပ်၍ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူ့နတ်ဘုရားအာရုံသည် အဆုံးအဆမဲ့တွင်းနက်တစ်ခုထဲ ကျဆင်းသွားပြီး အခြားဟင်းလင်းပြင်တစ်ခုထဲ ဝင်ရောက်သွားတာကို သူ တွေ့ရှိလိုက်လေ၏။ ၎င်းက မြန်ဆန်စွာပင် လွင့်ပျောက်သွားသည်။
သို့ရာတွင် သူ့နတ်ဘုရားအာရုံ ပျောက်ကွယ်ခါနီးအခိုက်တွင် ဝမ်လင်းက လေကောင်းကင်ဘုံနယ်မြေအတွင်းမှ မြင်ကွင်းကို ခဏတဖြုတ် ကြည့်မြင်လိုက်နိုင်သည်။
၎င်းနယ်မြေမှာ အဝါရောင်များ ဖုံးလွှမ်းနေသောကမ္ဘာတစ်ခုပင်။ လောကတစ်ခုလုံးကို တဝေါဝေါတိုက်ခတ်နေသောလေများက ခြုံလွှမ်းထားသကဲ့သို့ပင်။ မြေပြင်ဖြစ်စေ၊ ကောင်းကင်ထက်မှာ ဖြစ်စေ လေများက နေရာတိုင်းတွင် တိုက်ခတ်လို့နေသည်။
သူ ဖြန့်ကျက်လိုက်သော နတ်ဘုရားအာရုံသည် အက်ကြောင်း၏ ဝါးမြိုခြင်းခံရပြီး အကျွင်းအကြန်ပင် မုန်တိုင်းကြောင့် ဖျက်စီးခြင်း ခံရသည်။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။
ထိုအခိုက်အတန့်တွင် သူ့နောက်မှ ရယ်မောသံများ ထွက်ပေါ်လာတော့၏။ ထိုကျင့်ကြံသူများထဲမှ တစ်ယောက်က ဝမ်လင်းကို လှောင်ပြောင်ဟန်ကြည့်ကာ သူ့အဖော်များထဲမှ တစ်ယောက်ကို ပြောလိုက်လေသည်။ “ဒီတောသားကျင့်ကြံသူက ဘယ်နေရာက ရောက်လာခဲ့တာလဲ။ သူက သူ့နတ်ဘုရားအာရုံနဲ့ လေကောင်းကင်ဘုံနယ်မြေကို ရှာဖွေလေ့လာဖို့ ကြိုးစားနေတာလား။ ဒီလူဟာ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို နားမလည်တဲ့ အဆင်အခြင်မဲ့တဲ့သူမျိုး ဖြစ်မယ်လို့ ငါ ထင်တယ်…”
သူ့ဘေးရှိ ကျင့်ကြံသူများကလည်း ဟင်းလင်းပြင်အက်ကြောင်းအပြင်ရှိ ဝမ်လင်းကို အထင်သေးစွာ ကြည့်လိုက်ကြသည်။ သည်နေရာသို့ ရောက်လာကြသောလူတိုင်းသည် အဆင့်ရှစ်ဒေသတွင် နေထိုင်ကြသူများဖြစ်၍ သူတို့အတွက် အခုလိုမျိုး ဝမ်လင်း၏လုပ်ရပ်သည် အဆင်အခြင်မဲ့ရာ ရောက်နေပေသည်။ သူတို့က အက်ကြောင်းထဲ မဝင်ရောက်ခင် သူတို့၏ နတ်ဘုရားအာရုံကို ဂရုတစိုက်သာ ဖြန့်ကျက်နိုင်၏။ မဟုတ်ပါက သူတို့၏နတ်ဘုရားအာရုံများသည် ကောင်းကင်ဘုံနယ်မြေ၏ လေများကြောင့် ဖျက်စီးခံရပေလိမ့်မည်။
ကလန်အမျိုးမျိုး၏ မွန်းစတားအိုများသာ အခုလိုမျိုး နတ်ဘုရားအာရုံကို ပေါ်ဝင် ဖြန့်ကျက်နိုင်ကြ၏။ အကြောင်းမှာ သူတို့က လေကောင်းကင်ဘုံနယ်မြေထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်နိုင်သည့် ခွန်အား ပိုင်ဆိုင်ထားသည် မဟုတ်လား။
လီယွမ်လိုင်ကလည်း ပြုံး၏။ သူက ဝမ်လင်းထံ ခြေလှမ်း၍ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလာသည်။ “ရောင်းရင်းကျင့်ကြံသူ ဒီလေကောင်းကင်ဘုံနယ်မြေ ဝင်ပေါက်ကို ရောက်လာတာ ဒါ ပထမဆုံးအကြိမ် ထင်တယ်။ ရောင်းရင်းက လေကောင်းကင်ဘုံနယ်မြေကို တွေ့မြင်ချင်ရင် ငါတို့နဲ့အတူ ပူးပေါင်းလို့ရတယ်။ ငါတို့နောက်ထပ်စောင့်နေတဲ့သူတွေ ရောက်လာတာနဲ့ အတူဝင်ကြမလို့၊ ဒါမှသာ ငါတို့ ဘေးကင်းကင်း ဝင်နိုင်ပြီး အထဲကနေလည်း ပြန်ထွက်နိုင်မှာ…”
ဝမ်လင်းက အက်ကြောင်းကို ကြည့်လျက် စဉ်းစားနေ၏။ လီယွမ်လိုင် ထိုသို့ ပြောလိုက်သည့်နောက် ဝမ်လင်းက လှည့်မကြည့်ဘဲ တည်ငြိမ်စွာဖြင့် စကားတစ်ခွန်းသာ ပြန်ပြောလိုက်သည်။
“မလိုပါဘူး…”
ထိုသို့ပြောပြီးနောက် သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ လေကောင်းကင်ဘုံနယ်မြေ၏ အက်ကြောင်းထံ လှမ်းသည်။ သူက မမြန်လွန်းပေ။ သို့သော် ထူးဆန်းသောအားတစ်ခုက သူ့အား ဝန်းရသွားလေ၏။ ထိုအခိုက်၌ သူက လူတိုင်း၏အကြည့်ကို စွဲဆောင်သွားတော့သည်။
“ကြည့်ရတာ သူက လေကောင်းကင်ဘုံနယ်မြေကို တစ်ယောက်တည်း သူ့ဟာသူ ဝင်ချင်တဲ့ပုံပဲ…”
“အစ်ကိုကြီးလီက စိတ်ရင်းကောင်းနဲ့ ပြောခဲ့တာပဲ။ ဒါပေမဲ့ ဒီလူဟာ မောက်မာလွန်းတယ်…”
လီယွမ်လိုင်၏မျက်လုံးမှာ ကျဉ်းမြောင်းသွားကာ သူက ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူက ဝမ်လင်း လေကောင်းကင်ဘုံနယ်မြေ၏အက်ကြောင်းထံ တိုးဝင်သွားသော ဝမ်လင်း၏အမြန်နှုန်းကို မြင်၏။ ဝမ်လင်းက အနားရောက်သွားကာ အက်ကြောင်းထဲသို့ပင် ခြေလှမ်းရန် ပြင်သည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားကာ သူ ရုတ်တရက် ရပ်လိုက်၏။ သူက ချက်ခြင်းပင် နောက်သို့ ပေရာချီ ပြန်ဆုတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံဿူများပင် အက်ကြောင်းထဲမှ တဝီဝီအသံများနှင့်အတူ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာချိန်တွင် ရုတ်ချည်းပြန်မတုံ့ပြန်လိုက်နိုင်ပေ။
ဟင်းလင်းပြင်အက်ကြောင်းထံမှ အနီရောင်မြူလွှာတစ်ခုက ပေါက်ကွဲထွက်ကာ စတင် ပျံ့နှံ့လာသည်။ ဟိန်းအော်သံများ၊ တဝီဝီအသံများနှင့်အတူ အက်ကြောင်းထဲကနေ ပေထောင်ချီကြီးမားသည့် ခြင်သားရဲများသည် ကြမ်းကြုတ်သောဟန်ပန်များဖြင့် ထွက်ပေါ်လာကြသည်။
ထိုခြင်သားရဲများသည် ဆူးတောင်မွှေးများနှင့် ဖုံးနေလျက် ၎င်းတို့၏ပါးစပ်များထံကနေ ငါးညှီနံ့ကို ပေးစွမ်းနေသည်။ ၎င်းမှာ တုန်လှုပ်ဖွယ်ရာပင်။ ရှေးဟောင်းအချိန်များမှ ကြမ်းကြုတ်သောဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။
ထိုဟိန်းသံ ပဲ့တင်ထပ်လာသည့်နောက် ခြင်သားရဲတစ်ရာနီးပါးသည် မျက်စိတစ်မှိတ်အတွင်း ပျံသန်းထွက်လာကြသည်။
ဤအခိုက်အတန့်တွင် လီယွမ်လိုင်၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားကာ သူသည် နောက်သို့ ချက်ခြင်း ဆုတ်ကာ အော်ဟစ်လိုက်သည်။ “ခြင်သားရဲအုပ်စုငယ်ဟာ ထွက်လာကြတာ…မြန်မြန်…နောက်ဆုတ်ကြ…”
သူ ထိုသို့ ပြောနေရင်း လီယွမ်လိုင်ဘေးရှိ ကျင့်ကြံသူများ၏ အမူအရာများမှာလည်း အကြီးအကျယ် ပြောင်းလဲကာ နောက်သို့ စတင် ဆုတ်ကြသည်။ သူတို့၏ကျင့်ကြံမှုအဆင့်ဖြင့် ခြင်သားရဲတစ်ရာနီးပါးကို ဆန့်ကျင်ဖို့ အခွင့်အရေး မရှိပေ။ သူတို့က မြန်မြန်ဆန်ဆန် လူစုခွဲကြ၏။
“ကောင်းကင်ဘုံရနံ့…” လီယွမ်လိုင်၏အသံ ထပ်မံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ့ညာလက်ကို လှုပ်ရှားရာ လက်မောင်းလုံးခန့်ထူသော အမွှေးတိုင်တစ်ချောင်း ပေါ်လာသည်။ ထိုအမွှေးတိုင်က စတင် လောင်ကျွမ်းလာပြီး ပုံမှန်ထက်ထူးကဲသောမွှေးရနံ့တစ်ခု မြန်ဆန်စွာ ပျံ့နှံ့သွား၏။
သူသာမက ကျန်သည့်ကျင့်ကြံသူအားလုံးကလည်း အမွှေးတိုင်များကို ထုတ်ယူကာ ထွန်းညှိလိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ဤဟင်းလင်းပြင်အက်ကြောင်းဝန်းကျင် ဧရိယာတွင် မွှေးရနံ့များ ပြည့်နှက်သွားသည်။
ခြင်သားရဲများက ထိုရနံ့ကို အတော်လေး မုန်းတီးဟန် တူကာ သူတို့၏ဦးတည်ရာကို ချက်ခြင်း ပြောင်းလဲ လိုက်ကြသည်။ ၎င်းတို့က ကျင့်ကြံသူများကို စူးရဲစွာ ကြည့်၍ စတင်ဟိန်းဟောက်၌ ရန်လိုကြမ်းကြုသော အကြည့်များကို ထုတ်ဖော်လာကြသည်။
ခြင်သားရဲတစ်ရာလောက်ကို ကြည့်နေလျက် လီယွမ်လိုင် အပါအဝင် လူတိုင်းက ယင်းခြင်သားရဲများ၏ ကြမ်းကြုတ်ပုံကို တွေးမိလိုက်ကြ၏။ ထိုခြင်သားရဲများ မွှေးရနံ့အပြင်ဘက်တွင် ရပ်တန့်နေသည်ကိုတွေ့မှ သူတို့သည် စိတ်သက်သာရာ ရတော့သည်၊
ထိုအခိုက်အတန့်တွင် လီယွမ်လိုင်ဘေးရှိ လူငယ်ကျင့်ကြံသူတစ်ယောက်က ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်မိနေ၏။ သူ့မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်ကာ သူက အလန့်တကြား ပြောလိုက်သည်။ "ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..."
သူ့အသံ ထွက်ပေါ်လာချိန်၌ လူတိုင်းက သူ ကြည့်နေသောနေရာသို့ လှမ်းကြည့်လိုက်ကြ၏။ ထိုအခါ သူတို့အားလုံး မင်သက် တုန်လှုပ် စိတ်ရှုပ်ထွေးကုန်၏။
သူတို့က ခြင်သားရဲများကြား၌ အဖြူရောင်ပုံရိပ်တစ်ခု လှုပ်ရှားသွားသည်ကို မြင်လိုက်ရခြင်းပင်။ ထိုပုံရိပ်အောက်တွင် ရွှေရောင်ခပ်ဖျော့ဖျော့ ခြင်သားရဲ တစ်ကောင် ရှိလို့ နေ၏။
ထိုသူ ရှေ့သို့ ဆက်သွားနေစဥ် မူလတုန်းက အလွန်အမင်းကြမ်းကြုတ်ရန်လိုနေသော ခြင်သားရဲအုပ်မှာ အတော်လေးကို ယဥ်ပါးလာကြသည်။ ၎င်းတို့က ထိုပုံရိပ်ကို မတားဆီးဝံ့ရုံသာမက လမ်းကြောင်းပင် ရှင်းပေးလိုက်သေးသည်။ ၎င်းတို့၏မျက်လုံးထဲ၌ ဦးညွတ်လိုဟန် အရိပ်အယောင်ပင် ရှိလို့နေသည်။
ထိုခြင်သားရဲများက တဝီဝီဟိန်းသံပေး၍ ကျင့်ကြံသူများကို ထပ်မံအာရုံမစိုက်တော့ဘဲ ရွှေရောင်ခပ်ဖျော့ဖျော့ ခြင်သားရဲ ဘေးပတ်လည်တွင်သာ ဝန်းရံလေတော့သည်။
ထိုထူးဆန်းသောမြင်ကွင်းမှာ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကို မယုံကြည်နိုင်ဟန် ပြည့်နှက်သွားစေသည်။
ထိုခြင်သားရဲများက အဖြူရောင်ဝတ်စုံနှင့်လူကို အက်ကြောင်းထဲကနေ ထွက်၍ ကြိုဆိုသလားဟုပင် ထင်မှတ်ရလေ၏။
ထိုအဖြူရောင်ဝတ်စုံနှင့်လူက အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားသည့်အခါ ခြင်သားရဲအားလုံးမှာ အနီရောင်မြူထုအဖြစ် ပြန်ပြောင်းလဲသွားကြသည်။
၎င်းတို့က ဤသို့ ပြန်ပြောင်းလဲ၍ အက်ကြောင်းထဲသို့ ဝမ်လင်းနှင့်အတူ ဝင်ရောက်လေ၏။
ကျင့်ကြံသူအားလုံး၏ဦးရေပြားပင် ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။ သူတို့က အခြေအနေများ ပုံမှန်အတိုင်း ဖြစ်သွားခဲ့ချိန်မှာပင် တုန်လှုပ်မိနေဆဲပင်။
"သူ...သူက ဘယ်သူလဲ..."
"သူ ထွက်ပေါ်လာတာက တိုက်ဆိုင်မှုလား...ဒါမှမဟုတ် ခြင်သားရဲတွေက သူ ရောက်လာတာကို ထွက်ကြိုဆို ကြတာလား..."
လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြရာ တစ်ယောက်မျက်လုံးထဲရှိ ကြောက်ရွှံမှုကို တစ်ယောက်က တွေ့မြင်လိုက်ရ၏။ သူတို့ စောနလေးက မျက်မြင်တွေ့ခဲ့ရသော အဖြစ်အပျက်ကို မေ့ဖျောက်ပစ်နိုင်ကြတော့မည် မဟုတ်ပေ။ နတ်ဘုရားကလန်သည်ပင် ခြင်သားရဲများပြည့်နှက်နေသော လေကောင်းကင်ဘုံနယ်မြေကို ပြန်လည်တည်ဆောက်နိုင်ဖို့ ယုံကြည်ချက် ရှိလိမ့်မည် မဟုတ်ပေ။
ပို၍ အရေးကြီးသည်က ခြင်သားရဲများကို ယဥ်ပါးအောင် လုပ်နိုင်ဖို့မှာ မဖြစ်နိုင်ခြင်းပင်။ မည်သည့်နည်းလမ်းကို အသုံးပြုပါစေ မအောင်မမြင်သာ ဖြစ်ခဲ့ရလေ၏။ အချိန်ကြာမြင့်လာသည့်နောက် ကျင့်ကြံသူတိုင်းသည် ဤခြင်သားရဲများ၏စရိုက်လက္ခဏာကို သိရှိလာခဲ့ပေသည်။
သို့သော်လည်း သည်အဖြူရောင်ဝတ်စုံနှင့်လူက မဖြစ်နိုင်သည်ကို ဖြစ်အောင် လုပ်ပြခဲ့လေ၏။
သည်နေရာရှိ ကျင့်ကြံသူများမှာ စဥ်းစားနေလျက် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝငြိမ်သက် တိတ်ဆိတ်လေ၏။ များမကြာမီတွင် ဤနေရာသို့ အလင်းတန်းများ ရောက်လာကြလေ၏။ စောင့်ဆိုင်းနေသောကျင့်ကြံသူများ ရောက်လာပြီ ဖြစ်သည်။