ခြင်သားရဲဘုရင်နောက်တစ်ကောင်
Vol. 94 Ch. 1288
ဝမ်လင်း၏အမြန်နှုန်းနှင့်အတူ ယင်းခြင်သားရဲများသည် လေကောင်းကင်ဘုံနယ်မြေပတ်လည်တွင် သွားလာနေကြ၏။ ခြင်သားရဲများကို ရှာဖွေနေစဉ်တွင် ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြားအချို့ကိုလည်း တွေ့ရှိခဲ့သေးသည်။
ခြင်သားရဲတော်တော်များများ ရှိနေခြင်းက ကျင့်ကြံသူများ ဝင်ရောက်လာခြင်းကို ဟန့်တားထားတာ ဖြစ်ပုံရသည်။ သို့သော် ဝမ်လင်းကတော့ ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာကို ရိတ်သိမ်းနိုင်ခဲ့လေသည်။
သို့ရာတွင် သူ့ကို တဖြည်းဖြည်း မျက်မှောင်ကြုတ်မိစေသည်က လေနှင့်အတူ ဆောင်ယူလာသော ခြင်သားရဲအုပ်များ နည်းသထက်နည်းလာခြင်းပင်။ သူက နာရီများစွာ ပျံသန်းပြီးမှသာ နောက်ထပ်သားရဲအုပ်တစ်ခုကို ထပ်တွေ့နေရသည်။
ထိုအရာမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပေ။ လေကောင်းကင်ဘုံနယ်မြေတွင်သာ ထိုမျှလောက်ဘဲ များပြားသည့် ခြင်သားရဲများပဲ ရှိနေပါက တိမ်ပင်လယ်မှ ကျင့်ကြံသူများကို ဟန့်တားနိုင်ဖို့နှင့် သူတို့ လေကောင်းကင်ဘုံနယ်မြေအကြောင်း ပြောသည်နှင့် မျက်နှာပျက်သွားဖို့ငှာ မဖြစ်နိုင်ပေ။
ယနေ့တွင် ဝမ်လင်းသည် လေထဲတွင် ရပ်၍ လေကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်းသို့ ကြည့်နေ၏။ နှစ်ရက်တာ လေ့လာပြီးနောက် လေကောင်းကင်ဘုံနယ်မြေ၏ ခြင်သားရဲအများစုသည် အတွင်းပိုင်းတွင် စုဝေးနေကြသည်ကို သိရှိရသည်။ အနီရောင်မြူထုများကိုတော့ အတွင်းပိုင်းဒေသကနေ လေက ဤနေရာသို့ သယ်ဆောင်လာခြင်းပင်။ ထို့ကြောင့်လည်း ဤနေရာတွင် အလွန်များပြားစွာ ရှိမနေခြင်း ဖြစ်၏။
“လေကောင်းကင်ဘုံနယ်မြေရဲ့ အတွင်းပိုင်းမှာ ခြင်သားရဲအမြောက်အများ ရှိနေတယ်။ အဲ့နေရာမှာ ပိုအစွမ်းထက်တဲ့ ခြင်သားရဲတွေရယ်၊ အခြားခြင်သားရဲဘုရင်တွေရယ် ရှိနေမှာ သေချာတယ်။ ငါ အလျင်စလိုနဲ့ မဆင်မခြင်ဘဲ ဝင်သွားလို့ မဖြစ်ဘူး…”
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက တစ်ခုခုကို တွေးမိသွားသည်။ ခြင်သားရဲဘုရင်သည် ချက်ခြင်း စူးရှရှ အော်ဟစ်လိုက်ရာ ၎င်းဘေးနားရှိ ခြင်သားရဲများထဲမှ တစ်ကောင်သည်လည်း ရုတ်တရက် ခပ်စူးစူးဟိန်းအော်လိုက်သည်။ ထိုအော်သံက ထူးဆန်းသောထွင်းဖောက်နိုင်စွမ်း ရှိနေ၏။ ၎င်းအသံက ခြင်သားရဲတစ်ကောင် သေရေးရှင်ရေးကြုံတွေ့နေရသည့်အခါ အသံပေးကာ ၎င်း၏အပေါင်းအပါများကို ဆင့်ခေါ်ခြင်း ဖြစ်သည်။
ထိုအော်သံက မမြင်ရသောလှိုင်းတွန့်များအဖြစ် ဖြစ်တည်၍ လေကောင်းကင်ဘုံနယ်မြေအနှံ့တွင် ပျံ့နှံ့သည်။ ဝမ်လင်းက အသက်ဝဝရှုသွင်းကာ အကွာအဝေးတစ်ခုထံ စူးစိုက်ကြည့်နေသည်။ သိပ်မကြာခင်တွင် တုန်ဟည်းသံတို့ ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ်အနီရောင်အလင်းတန်းတစ်ခုက မိုးကုပ်စက်ဝန်းထံကနေ တရကြမ်း တိုးဝင်လာလေသည်။
ထိုအနီရောင်အလင်းတန်းက တုန်လှုပ်ဖွယ်ရာ ကောင်းလှ၏။ ယင်းအလင်းထံမှ ရူးသွပ်ဖွယ်အော်သံများလည်း ထွက်ပေါ်လျက် ရှိကာ ကြားမိရသူတိုင်း၏စိတ်ကို တုန်ယင်သွားစေနိုင်သည်။ ကောင်းကင်သည်ပင် လှုပ်ခါကာ ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာလေ၏။
ဝမ်လင်း၏အသွင်ဟန်ပန်က မထူးခြားနား ရှိ၏။ သို့သော် သူ့မျက်လုံးသူငယ်အိမ်မှာမူ ကြုံ့သွားလေ၏။ ယင်းအလင်းတန်းထဲ၌ ခြင်သားရဲတစ်ထောင်နီးပါး ရှိလို့နေ၏။ ယင်းက ပထမအသုတ်သာ ရှိသေးသည်။ ဝမ်လင်းက မကြာခင်တွင် ပိုများပြားသော ခြင်သားရဲများ ပေါ်လာမည်ဟု တွေးကြည့်နိုင်၏။ ၎င်းမှာ အနီရောင်ခြင်သားရဲများသာ မဟုတ်တော့ပေ။ ပို၍အစွမ်းထက်သော ခြင်သားရဲများပါ ပေါ်လာပေလိမ့်မည်။
ခဏအကြာတွင် ခြင်သားရဲတစ်ထောင်နီးပါး အနားရောက်လာ၏။ သို့သော် ၎င်းတို့ နီးကပ်လာချိန်၌ ခြင်သားရဲတစ်ကောင်သည် ပျံသန်းထွက်လာလေ၏။ ထိုခြင်သားရဲက ရွှေရောင်ခပ်ဖျော့ဖျော့တောက်ပ၍ ဖိအားတစ်ခု ချက်ခြင်း ပျံ့လွင့်လာသည်။ ခြင်သားရဲတစ်ထောင်နီးပါးကြားထဲ၌ အနီရင့်ရောင်ခြင်သားရဲတစ်ရာလောက်နှင့် နီညိုရောင်ခြင်သားရဲ ဆယ်ကောင်ကျော်လည်း ပါရှိ၏။ ထိုဖိအားအောက်တွင် ယင်းခြင်သားရဲများအားလုံး တုန်လှုပ်ရလေသည်။
အနီရောင်ခြင်သားရဲများက ချက်ခြင်း အညံ့ခံကြ၏။ အနီရင့်ရောင်ခြင်သားရဲ တစ်ရာနီးပါးကတော့ အနည်းငယ် ရုန်းကန်ပြီးမှ အညံ့ခံလာကြသည်။ နီညိုရောင်ခြင်သားရဲ ဆယ့်နှစ်ကောင်ကတော့ ချက်ခြင်း နောက်ဆုတ်ကာ ပြန်ပြေးရန် ပြင်သည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ခြင်သားရဲဘုရင်ကို ၎င်းတို့နောက်သို့ လိုက်လံရန် အချက်ပြရန် ဟန်ပြင်စဉ်မှာပင် နောက်ထပ်ခပ်ပြင်းပြင်းအော်သံတစ်ခု ကောင်းကင်ထက်မှ ထွက်ပေါ်လာလေသည်။ အဝေးတွင် ခြင်သားရဲတစ်သောင်းထက် မနည်းသော ခြင်သားရဲအုပ်ကြီးက တိုးဝင်လာနေကြ၏။
ထိုမြင်ကွင်းကား ဝမ်လင်း၏ဦးရေပြားကိုပါ ထုံထိုင်းသွားစေ၏။ သူက သူ့ခြင်သားရဲဘုရင်သည် ခုလက်ရှိအခြေအနေ၌ ခြင်သားရဲတစ်သောင်းကို စုဆောင်းနိုင်ဖို့ အလွန်တရာခက်ခဲမှန်း သိထားခဲ့ပေ၏။ ဝမ်လင်းက ယင်းခြင်သားရဲအုပ်စုထဲ၌ အပြာရောင်အလင်းများစွာနှင့် အဖြူရောင်အလင်းအနည်းငယ်တို့ ပါဝင်နေသည်ကိုလည်း ထောက်လှမ်းမိသည်။
တုံ့ဆိုင်းမနေဘဲ ဝမ်လင်းက လှုပ်ရှား၏။ ခြင်သားရဲ နှစ်ထောင်နီးပါးက သူ့အား ဝန်းရံထား၏။ သူက သူ့ကိုယ်သူ ဖုံးကွယ်ကာ အမိန့်တစ်ခု ပေးပို့သည်။ သူ့ခြင်သားရဲဘုရင်က ချက်ခြင်းပင် ခြင်သားရဲပေါင်းနှစ်ထောင်နှင့်အတူ နောက်ဆုတ်ကာ ဤခြင်သားရဲအုပ်ကြီးကို ရှောင်ပေးသည်။
ကံကောင်းစွာဖြင့် ထိုခြင်သားရဲအုပ်ကြီးက ရောက်ရှိလာပြီးနောက် တစ်ခဏသာ ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ကြ၏။ သူတို့က မည်သည့်ရန်သူကိုမျှ ရှာမတွေ့သည့်အခါ ပျံသန်းထွက်သွားလေ၏။ သို့သော် ဤမျှများပြားသောခြင်သားရဲများမှာ ဝမ်လင်း၏မှတ်ဉာဏ်ထဲတွင် စွဲထင်လို့နေသည်။
အထူးသဖြင့် ယင်းသားရဲအုပ်စုထဲမှ အပြာရောင်ခြင်သားရဲများမှာ နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူများထက် လုံးဝ အားနည်းလိမ့်မည် မဟုတ်ပေ။ ထိုအဖြစ်က ဝမ်လင်း၏နှလုံးကို စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်သွားစေ၏။
အပြာရောင်ခြင်သားရဲများက အနီရောင်ခြင်သားရဲများထက် များစွာ ပိုသန်မာကြ၏။ ထို့ကြောင့် သူတို့၏အရေအတွက်မှ မများလှပေ။ သို့ရာတွင် ခြင်သားရဲများမှာ မျိုးပွားနှုန်းမြင့်၍ အကောင်အရေအတွက် များလှသည့်အတွက်ကြောင့် ဤအပြာရောင်ခြင်သားရဲများသည်လည်း အတော်များများ ရှိသင့်ပေ၏။
ဝမ်လင်းကို ပို၍ စိတ်လှုပ်ရှားစေသည်က အဖြူရောင်အလင်းများအတွင်းရှိ အဖြူရောင်ခန္ဓာကိုယ်နှင့် ခြင်သားရဲများတည်း။ ၎င်းတို့က ဝမ်လင်း၏စိတ်ကို ပို၍ လောဘတက်လာအောင် ပြုလုပ်နိုင်စွမ်း ရှိ၏။
အဖြူရောင်ခြင်သားရဲက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများ၏ အော်ရာကို ပိုင်ဆိုင်ထားသည် မဟုတ်လား။
ခြင်သားရဲတစ်သောင်းကြား၌ အဖြူရောင်ခြင်သားရဲ သုံးရာနီးပါး ရှိနေပေသည်။ သူသာ ယင်းအင်အားကို ထိန်းချုပ်နိုင်ပါက အနီရောင်ခြင်သားရဲထောင်ချီကို ထိန်းချုပ်နိုင်သည်ထက် ပိုမို ကောင်းမွန်ပေလိမ့်မည်။
“ဒီလေကောင်းကင်ဘုံနယ်မြေက အချိန်မရွေး သေသွားနိုင်တဲ့ နေရာတစ်ခုပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ငါ့ဘဝမှာ မြင်ဖူးသမျှထဲ အကြီးမားဆုံးရတနာသိုက်တစ်ခုပဲ…”
ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ သူ့စိတ်နှလုံးထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သည်။
“ထူစီရဲ့မှတ်ဉာဏ်ထဲက ခရမ်းရောင်ခြင်သားရဲတွေက ဘယ်ကျင့်ကြံမှုအဆင့်နဲ့ ယှဉ်နိုင်မလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် စဉ်းစားနေ၏။ သို့သော် သူ့ကို ပဟေဠိဖြစ်စေသည့်အရာ တစ်ခု ရှိလို့နေဆဲပင်။
သူက သူ့ဘေးရှိ ခြင်သားရဲဘုရင်ကို ကြည့်မိ၏။ သူက ထိုခြင်သားရဲကို ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ထိုခြင်သားရဲက ဘာကြောင့် ထိုနေရာတွင် ပေါ်လာခဲ့သနည်းကိုမူ နားမလည်နိုင်ပေ။ ဝမ်လင်းကို နောက်ထပ် ပဟေဠိဖြစ်စေသည့် တစ်ခုလည်း ရှိသေးပြန်သည်။
သူ့ခြင်သားရဲက ခရမ်းရောင် ဖြစ်နေခဲ့ပြီး ခုချိန်ဆို ရွှေရောင်ခပ်ရေးရေး ဖြစ်လာခဲ့ပေပြီ။ သို့သော် ၎င်းက လေကောင်းကင်ဘုံနယ်မြေမှ ခြင်သားရဲများထက် များစွာ အားနည်းနေသေး၏။ ခြင်သားရဲဘုရင်တစ်ပါး၏ အော်ရာကြောင့်သာ မဟုတ်ပါက ဝမ်လင်းက ၎င်းခြင်သားရဲမှာ အစစ်အမှန်ဟုတ်ရဲ့လားဟု သံသယဝင်မိပေမည်။
ထိုကိစ္စက ဝမ်လင်းကို စဉ်းစားမရဖြစ်စေသည်မှာ ကြာလွန်းခဲ့ပေပြီ။ ခုချိန်ထိပင် သူ့အတွက် အဖြေမရသေးပေ။ ထို့ကြောင့်သူက ထိုအကြောင်းကို လက်လျော့လိုက်ရသည်။ ခြင်သားရဲအုပ်ကြီး ထွက်ခွာသွားသည့်နောက် သူက ခြင်သားရဲနှစ်ထောင်နီးပါးကို ခေါ်ဆောင်ကာ လေကောင်းကင်ဘုံနယ်မြေအတွင်းနက်ပိုင်းသို့ ပျံသန်းသွားတော့သည်။
ရောက်ရှိလာခဲ့ကြသော ခြင်သားရဲတစ်သောင်းအုပ်ကြီးက ဝမ်လင်း၏ ခြင်သားရဲများကို လှည့်ဖျားခေါ်ငင်မည့် အတွေးအကြံကို ရပ်တန့်သွားစေခဲ့သည်။ ထို့ကြောင့် ဝမ်လင်းက လေကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဖြည်းဖြည်းချင်း ဂရုတစိုက် ဝင်ရောက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းပင်။
လေကောင်းကင်ဘုံနယ်မြေအတွင်း ဝင်ရောက်လာပြီး ငါးရက်မြောက်နေ့၌ ဝမ်လင်းက အတွင်းဘက်ဒေသသို့ ဖြည်းဖြည်းချင်း ဆက်သွားနေ၏။ သူက ခုချိန်ထိ ဤနယ်မြေ၏ အပြင်ဘက်အပိုင်းတွင်သာ ရှိနေဆဲသာ။ သူက အလယ်ဗဟို၌ အနည်းငယ် ပိုနီးလာရုံမျှသာ ရှိသေးသည်။
သည်နေရာတွင် လွင့်မြောနေသော ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းတစ်ခု ရှိနေ၏။ ဝမ်လင်းတို့ ၎င်းအစိတ်အပိုင်းမြေ အနားရောက်လာချိန်တွင် အပြာရောင်တစ်ချက် လင်းလက်သွားသည်။ ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက စိတ်လှုပ်ရှားသွားသည်။ သူက ထိုအပြာရောင်အလင်းထဲ၌ ခြင်သားရဲတစ်ကောင်ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုခြင်သားရဲမှာ လုံးဝ အပြာရောင်ဖြစ်၏။ ၎င်းထံမှ နိဗ္ဗာနသန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်၏ အော်ရာကို ပေးစွမ်းလို့နေသည်။
၎င်းမှာ အုပ်စုနှင့် လှုပ်ရှားနေခြင်း မဟုတ်ဘဲ တစ်ကိုယ်တည်း ဖြစ်နေ၏။ ၎င်းသည် ပျံသန်းနေရင်း ဝမ်လင်းအောက်ရှိ ခြင်သားရဲဘုရင်က စူးရှရှ ဟစ်အော်သံ ပြုသည်။ အပြာရောင်ခြင်သားရဲက ချက်ခြင်း ရပ်တန့်ကာ ဝမ်လင်းနှင့်သူ့အောက်ရှိ ခြင်သားရဲဘုရင်ကို စူးစိုက်ကြည့်သည်။ ၎င်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ရုန်းကန်မှုတို့ ဖြစ်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် ဝမ်လင်းအောက်ရှိ ခြင်သားရဲဘုရင်က ဟိန်းအော်သံ ထုတ်ဖော်ကာ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ အပြာရောင်ခြင်သားရဲထံ တဟုန်ထိုး ဝင်ရောက်လာသည်။
အပြာရောင်ခြင်သားရဲက ထိတ်လန့်တကြား ခပ်စူးစူးအသံ ထုတ်ဖော်၏။ သို့သော် ၎င်းက ခြင်သားရဲဘုရင်၏ ဝင်တိုက်ခိုက်မှုကို မရှောင်ဝံ့ပေ။ ထို့ကြောင့်၎င်းသည် နောက်သို့ ပေရာချီလွင့်စင်သွားပြီးမှ ရပ်တန့်သွားသည်။ ၎င်း၏မျက်လုံးထဲရှိ ရုန်းကန်မှုက အားပျော့လာ၏။ သို့သော် ရှိနေဆဲပင်။ ၎င်းက ရုတ်တရက် လှည့်၍ ပြင်းပြင်းထန်ထန် ဟစ်အော်ပြီး အကွာအဝေးတစ်ခုထံ ထွက်ပြေးပျံသန်းသည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့အောက်ရှိ ခြင်သားရဲဘုရင်က ပိုတောက်ပသောခပ်ဖျော့ဖျော့ရွှေရောင်အလင်းကိုပင် ပေးစွမ်းလာသည်။ ၎င်းက ပို၍ ပြင်းထန်သောအသံကို ထုတ်ဖော်အော်ဟစ်လိုက်သည်။ ယင်းအသံ ပဲ့တင်ထပ်သွားချိန်၌ ပတ်ဝန်းကျင်ရှိ အနီရောင်ခြင်သားရဲများမှာ တုန်ယင်၍ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့ထိတ်လန့်မှုတို့ ပြည့်နှက်ကုန်သည်။
အကွာအဝေးတစ်ခုတွင် အပြာရောင်ခြင်သားရဲ၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ခြင်သားရဲဘုရင်၏ ဖိအားအောက်တွင် ၎င်းသဏ္ဌာန်၌ အတွေးနှစ်ခု ဒွန့်တွဲ ဖြစ်ပေါ်လေသည်။ တဖြည်းဖြည်းဖြင့် ယင်းခြင်သားရဲက ဆက်လက် ထွက်ပြေးခြင်း မပြုတော့ဘဲ ခြင်သားရဲဘုရင်ထံ ဖြည်းဖြည်းချင်း ပျံသန်းလာကာ အညံ့ခံကြောင်းကို ပြသလေ၏။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက ခြင်သားရဲဘုရင်အပေါ်ကနေ ခုန်ဆင်းကာ အပြာရောင်ခြင်သားရဲနားသို့ ရောက်သွား၏။ အပြာရောင်ခြင်သားရဲမှာ ကြမ်းကြုတ်လာကာ အေးစက်စက်အကြည့်ကို ထုတ်ဖော်၏။ ၎င်းက ခြင်သားရဲဘုရင်ကိုသာ အညံ့ခံခြင်း ဖြစ်ပြီး ဝမ်လင်းကိုမူ ရန်လိုနေဆဲပင်။
သို့ရာတွင် ထိုခြင်သားရဲ၏နှုတ်သီးက ဝမ်လင်းထံ ဝေ့ယမ်းလာချိန်တွင်ပင် သူက ရပ်တန့်ခြင်းမရှိဘဲ အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ချောင်းဖြင့် ညွှန်သည်။ အပြာရောင်ခြင်သားရဲက ရုတ်တရက် တုန်ယင်ကာ နေရာတွင်ပင် အေးခဲသွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားလေ၏။
ထို့နောက် ဝမ်လင်းက သူ့ညာလက်ကို ၎င်းအပြာရောင်ခြင်သားရဲ၏ ဦးခေါင်းထက်သို့ တင်၏။ သူ့နတ်ဘုရားအာရုံက ခြင်သားရဲ၏စိတ်ထဲသို့ တရကြမ်း ဝင်ရောက်သွားသည်။ ခြင်သားရဲများအပေါ် သူ့နားလည်မှုနှင့် သူ့အစွမ်းထက်ကျင့်ကြံခြင်းအဆင့်ကြောင့် ဝမ်လင်းအဖို့ ၎င်း၏မှတ်ဉာဏ်များကို လွယ်လွယ်ကူကူ ရှာဖွေကြည့်နိုင်ပေသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက လက်ပြန်မြှောက်ကာ စတင် စဉ်းစား၏။
အပြာရောင်ခြင်သားရဲက ပြန်ကောင်းမွန်လာချိန်၌ ၎င်းက ပို၍ ကြမ်းကြုတ်ရန်လိုလာပြီး တိုက်ခိုက်ရန် ဟန်ပြင်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ခြင်သားရဲဘုရင်က စူးရှရှ ဟစ်အော်လိုက်ရဦ အပြာရောင်ခြင်က ချက်ခြင်း အမိန့်နာခံပြီး အနီရောင်ခြင်များ ဘေးနားသို့ ပျံသန်းသွားတော့သည်။
၎င်း အနားရောက်လာချိန်တွင် အနီရောင်ခြင်သားရဲအားလုံးသည် ပြန့်ကြဲသွားကြ၏။ သူတို့က ယင်းခြင်သားရဲ၏ အနားသို့ မကပ်ဝံ့ကြပေ။
“အပြာရောင်ခြင်သားရဲတစ်ကောင်ကတောင် ထိန်းချုပ်ရတာ ခက်ခဲနေပြီ။ ပိုများရင် ဒီသားရဲတွေ နာခံအောင်လုပ်ဖို့က ပိုခက်ခဲလာမှာပဲ။ ဒါဟာ ငါ့ခြင်သားရဲက ဒီနေရာမှာ ကြီးပြင်းခဲ့တာမဟုတ်တဲ့ အချက်နဲ့ ပတ်သတ်နေတယ်။ ဒီအပြာရောင်ခြင်သားရဲရဲ့ မှတ်ဉာဏ်အရဆိုရင် သိပ်မဝေးတဲ့နေရာမှာ တခြားခြင်သားရဲတစ်ကောင် ရှိနေတယ်။ လေကောင်းကင်ဘုံနယ်မြေက ကြီးမားလွန်းတယ်။ ဒါ့ကြောင့် ခြင်သားရဲဘုရင်တွေ အများကြီးမရှိတောင်မှ အချို့အဝက်တော့ ရှိနေမှာပဲ။ ခြင်သားရဲတွေရဲ့ အလေ့အကျင့်အရဆိုရင် သူတို့ရဲ့ခြင်သားရဲဘုရင်ဟာ ငါ့ခြင်သားရဲဘုရင်ရဲ့ စုပ်ယူခံရပြီး သေဆုံးခဲ့ရင် ဒီခြင်သားရဲတွေဟာ ငါ့ ထိန်းချုပ်မှုကို လက်ခံလာလိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက အကြံတစ်ခု ရသည်။ သို့ရာတွင် ထိုအကြံက အနည်းငယ်တော့ ရဲတင်းလေ၏။
စဉ်းစားနေရင်း ဝမ်လင်းက အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက အံတင်းတင်းကြိတ်ကာ ဤကောင်းကင်ဘုံအစိတ်အပိုင်းမြေ၏ အောက်ဘက်အတိုင်း ပျံသန်းလာတော့သည်။
သူ့ဘေးတွင် ခြင်သားရဲနှစ်ထောင်ကျော်က ဟိန်းသံပေးလျက် ဝမ်လင်းအောက်ရှိ ခြင်သားရဲဘုရင်နောက်သို့ လိုက်လာကြ၏။ ဝမ်လင်းက အနီရောင်မြူထု(ဝါ)အနီရောင်ခြင်သားရဲအုပ်ကြီး၏ အလယ်တွင် ရှိနေ၏။ ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့လျှင်ပင် ဤအနီရောင်မြူထုထဲမှ သူ့ကို တွေ့မြင်နိုင်ဖို့မှာ ခက်ခဲလှပေမည်။
ဝမ်လင်းက မြေပြင်ထက်တွင် ထိုင်ချ၍ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ပြုလုပ်၍ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ဥပဒေသကြယ်ပေါ်လာသည်။ ၎င်းက သူ့မျက်ခုံးနှစ်ခုကြားတွင် လှည့်လည်ပြီးနောက် ပျံသန်းထွက်သွားကာ ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာပြီး ခြင်သားရဲဘုရင်ပေါ်ရှိ ဥပဒေသကြယ်အတွင်း ဝင်ရောက်လေ၏။ ခြင်သားရဲဘုရင်က တုန်ယင်သွား၏။ ထို့နောက် ၎င်း၏မျက်လုံးက လက်လနဲ ဖြစ်ကာ ဟိန်းသံ ပြုသည်။
၎င်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းလင်း ခပ်ဖျော့ဖျော့မှာလည်း သူ့ဟာသူ ဖုံးကွယ်၍ လုံးဝ ပျောက်ကွယ်သွားလေသည်။ ထို့နောက် အပြာရောင်အလင်းတစ်ခု ပေါ်လာကာ ၎င်း၏ခန္ဓာကိုယ်ကို ဝန်းရံသည်။
ထိုအခိုက်အတန့်၌ မည်သည့်ချိုယွင်းချက်မှ ရှိမနေသော အပြာရောင်ခြင်သားရဲတစ်ကောင် ပျံသန်းထွက်လာ၏။ ခြင်သားရဲဘုရင်၏ ဖိအားသည်ပင် ဝမ်လင်းမူလစိတ်ဝိညာဉ်၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရကာ အနည်းငယ်မျှပင် စိမ့်ထွက်လာခြင်း မရှိတော့ပေ။
ခဏအကြာတွင် ခြင်သားရဲဘုရင်က ဟိန်းသံပေး၍ ပျံသန်းထွက်၏။ ၎င်းက လေထဲတွင် တစ်ပတ်ပတ်လိုက်ပြီး ဝမ်လင်း၏ခန္ဓာကိုယ်ကို ကာကွယ်ရန် အမိန့်ပေးပြီးနောက် အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့သည်။
၎င်းသည် ထွက်ခွာသွားသော်လည်း ခြင်သားရဲနှစ်ထောင်နီးပါးက ခြင်သားရဲဘုရင်၏အမိန့်ကို နာခံကြပေ၏။ မည်သည့်ကိစ္စပင် ဖြစ်လာပါစေ၊ ၎င်းတို့ အသက်ပင် ပေးရပါစေ ယင်းခြင်သားရဲများသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ကာကွယ်ပေးကြပေလိမ့်မည်။
အပြာရောင်ခြင်သားရဲကတော့ ဤခြင်သားရဲများကြားတွင် အစွမ်းထက်ဆုံးပင်။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ထံသို့ ရန်လိုသည့်အော်ရာ ထုတ်လွှတ်နေသေးသော်လည်း ခုချိန်၌ အနားကပ်သွားပြီး နီးနီးကပ်ကပ် စောင့်ကြပ်ပေးလေသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ဥပဒေသကြယ်ထဲသို့ ဝင်ရောက်သွားပြီး ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်နှင့် သူ့ဟာသူ တွဲကပ်နေပေ၏။ ခြင်သားရဲဘုရင်က အပြာရောင်အလင်းတန်းအဖြစ် ပြောင်းလဲ၍ လေကောင်းကင်ဘုံနယ်မြေကို ဖြတ်သန်း၍ ပျံလာ၏။ ခြင်သားရဲသည် အလွန်ပျော်ရွှင်နေဟန် ရ၏။ ၎င်းက ပျံသန်းနေလျက် ဟိန်းသံများ ထုတ်ဖော်လို့နေသည်။ သို့ရာတွင် ဝမ်လင်း၏ ချိပ်ပိတ်မှုအောက်၌ ၎င်းထံမှ ခြင်သားရဲဘုရင်တစ်ပါး၏ အော်ရာကမူ ပေးစွမ်းနေခြင်း မရှိတော့ပေ။ ၎င်းက သာမန်အပြာရောင်ခြင်သားရဲတစ်ကောင်ကဲ့သို့ ထင်မှတ်ရလေသည်။
နာရီအတော်အတန်ကြာ ပျံသန်းလာပြီးနောက် အပြာရောင်ခြင်သားရဲတစ်ရာနီးပါးက နီးကပ်လာ၏။ ၎င်းတို့မှ ခြင်သားရဲတစ်ကောင်က အလွန်အမင်းရန်လိုကာ ၎င်း၏ခြင်နှုတ်သီးနှစ်ခုကနေ ကြမ်းကြုတ်သောအော်ရာကို ပေးစွမ်းနေသည်။
ဝမ်လင်းက ၎င်းခြင်သားရဲများကြား၌ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်နှင့် ညီမျှသောအော်ရာတစ်ခုကို ပေးစွမ်းနေသော အပြာရင့်ရောင်ခြင်သားရဲတစ်ကောင်ကိုပင် တွေ့မြင်လိုက်ရသည်။
၎င်းတို့က ခြင်သားရဲဘုရင်ကို ကျော်၍ ရပ်တန့်ခြင်းမရှိဘဲ ပျံသန်းသွားကြ၏။ အပြာရင့်ရောင်ခြင်သားရဲတစ်ကောင်ကသာ ဖြတ်ကျော်သွားစဉ် ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်သည်။
ဝမ်လင်းသည် ခြင်သားရဲဘုရင်ကို ထိန်းချုပ်ထားပြီး ရပ်တန့်ခြင်းမရှိဘဲ ရှေ့တည့်တည့်သို့ ပျံသန်းသည်။ လမ်းတစ်လျှောက်တွင် သူက အပြာရောင်ခြင်သားရဲတစ်ရာကျော်အုပ်စု သုံးစုကို တွေ့မြင်ခဲ့ရပေ၏။
“အတိတ်တုန်းက ထူစီတောင် အရှက်ရစွာ ထွက်ပြေးလာခဲ့ရတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ ဒီခြင်သားရဲတွေဟာ တစ်ကောင်ချင်း သိပ်မသန်မာပေမယ့် သူတို့ရဲ့ အရေအတွက်ဟာ များပြားလွန်းလှတယ်။ ဒါဟာ အပြင်ဘက်ပိုင်းပဲ ရှိသေးတယ်။ ငါသာ အတွင်းဘက် ပိုရောက်လာခဲ့ရင်…များပြားလှတဲ့ အပြာရောင်ခြင်သားရဲတွေနဲ့ အဖြူရောင်ခြင်သားရဲတွေတောင် ပေါ်လာခဲ့ရင် ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတွေတောင် အသက်ရှင်ဖို့ အခွင့်အရေး ရှိပါ့မလား…”
ဝမ်လင်းသည် ခြင်သားရဲနှင့်အတူ ပျံသန်းနေရင်း ဘေးပတ်ပတ်လည်ကို ကြည့်သည်။ ဤနေရာတွင် မည်သည့်ကျင့်ကြံသူ၏ အော်ရာကိုမျှ မတွေ့ရပေ။ သည်နေရာသို့ ရောက်လာပြီး အချိန်အတန်ကြာ နေထိုင်နိုင်သည့် ကျင့်ကြံသူများမှာ အလွန်တရာ ရှားပါးလှသည် မဟုတ်လား။
ဤနေရာမှာ ခြင်သားရဲများ၏ကမ္ဘာ ဖြစ်၏။
ခြင်သားရဲဘုရင်က ရှေ့တည့်တည့်သို့ ပျံသန်းနေရင်း ဝမ်လင်းရှေ့တွင် ပေါ်လာသည်က ကုန်းမြေအစွန်းဖျားတွင် ရှိသည့် တောင်တန်းကြီးတစ်ခုပင်။ ခြင်သားရဲများသည် ကောင်းကင်ယံထိ ထွင်းဖောက်နေသည်ဟု ထင်မှတ်ရ၍ ထည်ဝါသောအော်ရာကို ပေးစွမ်းနေပေသည်။
“ဒီနေရာပဲ…” ဝမ်လင်းက ဥပဒေသကြယ်အတွင်းရှိ သူ့မူလစိတ်ဝိညာဉ်ကနေ သေချာလေ့လာကြည့်လေ၏။
တောင်တန်းအပြင်ဘက်တွင် အနီရောင်ခြင်သားရဲထောင်ချီရှိပြီး အပြာရောင်ခြင်သားရဲရာချီလည်း ရှိလို့နေသည်။ အပြာရောင်ခြင်သားရဲများက အလွန်မောက်မာလှ၏။ မကြာဆိုသလို အပြာရောင်ခြင်သားရဲများနှင့် တွေ့လျှင် အနီရောင်ခြင်သားရဲများက ၎င်းတို့ကို ရှောင်ဖယ်ပေးရလေ၏။
အတွင်းဘက် တောင်တန်းအထက်၌ အဖြူရောင်ခြင်သားရဲနှစ်ကောင်ကိုလည်း သူ တွေ့မြင်ရ၏။ ၎င်းတို့က ပျံသန်းနေခြင်း မဟုတ်ဘဲ တောင်၏ဘေးတစ်ဖက်တွင် ရပ်နေကြ၏။ ၎င်းတို့၏ကြီးမားသည့်ခြင်နှုတ်သီးကြီးများဖြင့် တောင်ကို ပွတ်သပ်နေရာ စူးရှရှအသံများ ဖြစ်ပေါ်နေလေသည်။
***