← Chapters

နီးကပ်လာခြင်း…

Vol. 94 Ch. 1289

နီးကပ်လာခြင်း…

Vol. 94 Ch. 1289

အပြာ‌ရောင်အဖြစ် ပြောင်းလဲထားသော ခြင်သားရဲဘုရင်က တောင်တန်းကို လှည့်ပတ်ပျံသန်းလျက် တောင်ထံသို့ တဖြည်းဖြည်း ရွှေ့လျားလာသည်။ ၎င်း အနားရောက်လာချိန်တွင် အနီရောင်ခြင်သားရဲအုပ်များက သုန်မှုန်စွာ လှမ်းကြည့်လာကြ၏။

ခြင်သားရဲဘုရင်က အော်မြည်သံ ပြုလိုက်ရာ အနီရောင်ခြင်သားရဲများသည် ဘေးတစ်ဖက်သို့ ရွှေ့ကာ လမ်းဖွင့်ပေးလိုက်ကြသည်။ အဆင့်ကွာခြားချက်ကြောင့် ၎င်းတို့သည် အပြာရောင်ခြင်သားရဲဘုရင်ကို မဟန့်တား ဝံ့ကြဘဲ ဆက်လက် ပျံသန်းခွင့် ပြုရလေသည်။

တောင်အနားရှိ အပြာရောင်ခြင်သားရဲများက ကြမ်းကြုတ်သောအကြည့်ဖြင့် လှမ်းကြည့်ကာ စူးရှရှ အော်ဟစ်လေ၏။ ရန်လိုသောအော်ရာက ချက်ခြင်း မြင့်မားလာပြီး သည်ခြင်သားရဲမှာ သူတို့၏အုပ်စုဝင်မဟုတ်မှန်းကို ချက်ခြင်း သိရှိသွားကြတော့သည်။ ရန်လိုမှုက သိသာလှ၏။ ခြင်သားရဲအနည်းငယ်က ဝမ်လင်း၏ခြင်သားရဲထံ ဦးတည်ပျံသန်းလာကြသည်။

ထိုခြင်သားရဲများသည် ချက်ခြင်းလိုလို နီးကပ်လာကြ၏။ သို့ရာတွင် ၎င်းတို့ အနားရောက်လာချိန်၌ ခြင်သားရဲဘုရင်က ကြမ်းကြုတ်သောအော်ရာတစ်ခုကို ထုတ်လွှတ်ကာ မြန်ဆန်စွာ ရှောင်သည်။ ထို့နောက် ၎င်း၏ ခြင်နှုတ်သီးကို ဝေ့ယမ်းကာ အနီးဆုံးရှိ အပြာရောင်ခြင်သားရဲထံ ထိုးစိုက်ချသည်။

အပြာရောင်ခြင်သားရဲက ဟိန်းသံ ပြုလိုက်သည်။ ၎င်းက နောက်ဆုတ်ခြင်း မပြုသည့်အပြင် ခြင်သားရဲဘုရင်ထံ ဦးတည်ဝင်လာသည်။ သို့ရာတွင် ၎င်းနီးကပ်လာသည်နှင့် ဝမ်လင်း၏မူလစိတ်ဝိညာဉ်မှ ဥပဒေသကြယ်သည် တစ်ခဏတာ ဖျပ်ခနဲ လင်းလက်သွားသည်။ တစ်ချိန်တည်းမှာပင် ဖိအားတစ်ခုသည် အပြာရောင်ခြင်သားရဲ၏ခန္ဓာကိုယ်ကို ထွေးခြုံလွှမ်း၏။

အပြာရောင်ခြင်သားရဲ၏ခန္ဓာကိုယ်မှာ တုန်ယင်၍ တစ်ခဏတာ ရပ်တန့်သွားသည်။ ထိုအခိုက်မှာပင် ခြင်သားရဲဘုရင်၏ ချွန်မြသောနှုတ်သီးက ၎င်း၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်သွားသည်။ ခြင်သားရဲဘုရင်က ချက်ခြင်း ရှိုက်သွင်းလိုက်ရာ အပြာရောင်ခြင်သားရဲ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီးနောက် အရိုးစုအဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားတော့သည်။ ၎င်း၏ ခြင်သားရဲအဆီအနှစ်နှင့်သွေးမှာလည်း ခြင်သားရဲဘုရင်၏စုပ်ယူခြင်းကို ခံလိုက်ရတော့သ်ည။

ပျံသန်းလာကြသည့် အပြာရောင်ခြင်သားရဲသုံးကောင်က အော်ဟစ်သံ ပြုကာ ခြင်သားရဲဘုရင်ထံ ပျံသန်းလာသည်။ ခြင်သားရဲဘုရင်၏ပါးစပ်တွင် သွေးစတို့ ရှိနေဆဲ ဖြစ်၍ ၎င်း၏မျက်လုံးတို့က ရန်လိုကြမ်းကြုတ်မှုကို ထုတ်ဖော်ထားသည်။ ၎င်းက ဟိန်းသံပေးလျက် တရကြမ်းတိုးဝင်ကာ ၎င်းတို့ထဲမှ တစ်ကောင်ကို ဝင်တိုက်သည်။

ပေါက်ကွဲသံ ဖြစ်ပေါ်သွား၏။ အပြာရောင်ခြင်သားရဲက ဝမ်လင်း၏ခြင်သားရဲဘုရင် ပြိုင်ဘက်မဟုတ်တာ သိသာ၍ ၎င်းသည် နောက်သို့ လွင့်ထွက်ရ၏။ ၎င်း ပြန်မကောင်းမွန်လာခင်မှာပင် ခြင်သားရဲဘုရင်၏နှုတ်သီးက ထိုအပြာရောင်ခြင်သားရဲကို ထိုးစိုက်ကာ ၎င်း၏အဆီအနှစ်အားလုံးကို စုပ်ယူပစ်၏။ ထို့နောက် ၎င်းသည်ဘေးတစ်ဖက်ရှိ နောက်ထပ်အပြာရောင်ခြင်သားရဲထံ ပိုမြန်ဆန်စွာ ပျံသန်းဝင်လာသည်။

အဖြစ်အပျက်က စိတ်ကူးနိုင်သည်ထက်ပင် မြန်လှ၏။ ချက်ခြင်းပင် အပြာရောင်ခြင်သားရဲလေးကောင်သည် တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားခဲ့ကာ ခြင်သားရဲဘုရင်က လေထဲ၌ တဝီဝိ ပျံသန်း၏။ ၎င်းက ရှေ့တည့်တည့်ရှိ အပြာရောင်ခြင်သားရဲရာချီကို အေးစက်စက် စူးစိုက်ကြည့်နေသည်။

စုန့်လောဟိုင်သည် တောင်အောက်ဘက်ရှိ ကျောက်တုံးတစ်တုံးအောက်တွင် ပုန်းလျက် သူ့အော်ရာကို ဖုံးကွယ်ထားပေသည်။ သူက ငြိမ်သက်စိတ်ဝိညာဉ်ကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ အဆင့်ရှစ်ကလန်များ၌ ကျင်းပနေသော ပြိုင်ပွဲတွင် ပါဝင်ရမည့်အစား သူက ဤနေရာတွင် ပုန်းအောင်းနေလေသည်။

သူ သည်နေရာသို့ ရောက်နေသည်မှာ သုံးလလောက် ရှိနေပြီ ဖြစ်ပြီး သူသည် သတိထားလျက် ရှေ့ဆက်တိုးလာခဲ့ခြင်းပင်။ သူ့ပန်းတိုင်က သည်ခြင်သားရဲအုပ်ကြားရှိ ခြင်သားရဲဘုရင်ကိုပင်။

စုန်လောဟိုင်က ခြင်သားရဲများအကြောင်း ကောင်းကောင်းနားလည်ထားသည့်သူ တစ်ယောက်ပင်။ သူ့ရည်ရွယ်ချက်က သူ့စိတ်နှလုံးထဲရှိ ထင်မြင်ချက်ကို သက်သေပြနိုင်ရန် ခြင်သားရဲဘုရင်တစ်ပါးကို ဖမ်းဆီးနိုင်ဖို့ ဖြစ်သည်။ သို့ရာတွင် ခြင်သားရဲဘုရင်တစ်ကောင်ကို ဖမ်းဆီးနိုင်ဖို့မှာ မဖြစ်နိုင်သလောက် ခက်ခဲလှပေ၏။ အရင်ဆုံး သူက ခြင်သားရဲများစွာကို ခက်ခက်ခဲခဲ ကျော်လာခဲ့ရပြီးမှ ခြင်သားရဲဘုရင် ရှိနေသော နေရာနားသို့ အရောက်လာနိုင်ခဲ့ခြင်းပင်။ သို့သော် သူ သည်နေရာသို့ ရောက်လာခဲ့တာတောင်မှ သူ တစ်ချီတည်း ဖမ်းမိအောင် မကြိုးစားနိုင်ခဲ့ပါက ကျန်သည့်ခြင်သားရဲအားလုံးကို သတိပေးသလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါကျလျှင် သူသည် လွတ်မြောက်အောင် ထွက်ပြေးနိုင်ဖို့ မသေချာတော့ပေ။

လွန်ခဲ့သောသုံးလကတည်းက စုန့်လောဟိုင်သည် သည်ခြင်သားရဲအုပ်ကို‌ စောင့်ကြည့်နေပြီး ခြင်သားရဲဘုရင် ဤနေရာတွင် ရှိနေသည်ဟု ဆုံးဖြတ်ခဲ့၏။ ထို့ကြောင့်လည်း သူက အပြာရောင်၊အနီရောင်ခြင်သားရဲများကို အနှောက်အယှက် မဖြစ်စေမည့်အချိန်အတွင်း အလစ်တိုက်ခိုက်နိုင်ရန် သုံးလလုံလုံး စောင့်နေခဲ့ပေသည်။

သို့ရာတွင် သူက ဆုပ်လည်းစူး စားလည်းရူး အခြေအနေ ဆိုက်နေရ၏။ အကြောင်းမှာ လွန်ခဲ့သောလဝက်ခန့်က သည်နေရာသို့ ပျံသန်းရောက်လာခဲ့ကြသည့် အဖြူရောင်ခြင်သားရဲနှစ်ကောင်ကြောင့်ပင်။ စုန့်လောဟိုင်က အရင်တုန်းကလည်း သည်သားရဲနှစ်ကောင်ကို တစ်ခါ မြင်ခဲ့ဖူး၏။ သူက ယင်းအဖြူရောင်ခြင်သားရဲနှစ်ကောင်ထံမှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများ၏ ဖိအားကို ပေးစွမ်းနိုင်သော အော်ရာအား ရှင်းရှင်းလင်းလင်း ခံစားမိရပေသည်။

စုန့်လောဟိုင်က သည်ခရီးစဉ်ကို အတော်လေး ပြင်ဆင်ထားခဲ့ပေ၏။ သူက သူ့ရည်ရွယ်ချက် အောင်မြင်ဖို့ သုံးဆယ်ရာခိုင်နှုန်းလောက်သာ ရှိသည်ဟု တွေးထားခဲ့သည်။ သူ့စိတ်ထဲရှိ ထင်မြင်ချက်ကို သက်သေပြနိုင်ခဲ့ပါက သူ့နာမည်သည် အဆင့်ရှစ်ဒေသတစ်ခုလုံးတွင် ဟိုးလေးတကျော် ဖြစ်သွားပေလိမ့်မည်။ မွန်းစတားအိုကြီးများပင် သူ့ကို လက်ရှောင်ရမည် ဖြစ်သည်။

အဆင့်ကိုးဒေသသည်ပင် သူ့ကို မျက်နှာသာ ပေးရပေလိမ့်မည်။ ထိုထိုသောအကျိုးအမြတ်များက စုန့်လောဟိုင်ကို ဤသို့စွန့်စားစေခဲ့ခြင်းတည်း။ သို့ရာတွင် အဖြူရောင်ခြင်သားရဲနှစ်ကောင် ရောက်ရှိလာပြီးနောက် သူ့အစီအစဉ်များက ရှုပ်ထွေးကုန်ရ၏။

စုန့်လောဟိုင်က ထိုခြင်သားရဲနှစ်ကောင်သည် သူ့တည်ရှိမှုကို ခပ်ရေးရေး သိနေသည်ဟူသော ခံစားမှုကို ရနေသည်။ သို့သော် ၎င်းတို့က သူပုန်းကွယ်နေသောနေရာကိုမူ မရှာနိုင်ကြချေ။ ထို့ကြောင့်လည်း ယင်းအဖြူရောင်ခြင်သားရဲနှစ်ကောင်က မလှုပ်ရှားသေးခြင်းပင်။ သူသာ တစ်လက်မလောက် နေရာရွှေ့လိုက်သည်နှင့် သူတို့သည် သူ့ကို ချက်ခြင်း ထောက်လှမ်းမိသွားကြမည် ဖြစ်သည်။

စုန့်လောဟိုင်က သည်လဝက်လုံး ခါးသီးစွာ ခံစားနေရ၏။ သူက အလွန်စိတ်တင်းကြပ်ကာ တစ်စက်လေးပင် မလှုပ်ဝံ့ ဖြစ်ရ၏။ သူသည် ငြိမ်သက်စိတ်ဝိညာဉ်ကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်သော်လည်း သူသည် အကြီးအကဲအစဉ်၏အောက်ဆုံးတွင် ရှိကာ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံမှုကိုသာ ပိုင်ဆိုင်ထားပေသည်။

စု့န်လောဟိုင်က စိတ်ပျက်နေစဉ်မှာပင် အပြာရောင်ခြင်သားရဲတစ်ကောင် ပျံသန်းလာသည်ကို လှမ်းမြင်လိုက်ရ၏။ အစတုန်းက သူသည် ၎င်းကို ဂရုမစိုက်မိပေ။

သို့ရာတွင် နောက်ဖြစ်လာသည်က သူ့ကို ကြီးစွာ တုန်လှုပ်သွားစေခဲ့၏။

သူက အပြာရောင်ခြင်သားရဲတစ်ကောင်က တစ်ကိုယ်တည်းဖြင့် ကျန်သည့်လေးကောင်ကို ချက်ခြင်း ခြောက်သွေ့သွားအောင် စုပ်ယူပစ်သည်ကို တွေ့မြင်ခဲ့ရ၏။ ၎င်းမှာ အလွန်အမင်း ကြမ်းတမ်းခြင်းပင်။ ၎င်းက သည်ခြင်သားရဲများကို စိန်ခေါ်လိုနေပုံနှင့်ပင် တူနေသေးသည်။

ထိုတွေ့ရှိချက်က စုန့်လောဟိုင်၏စိတ်ကို ချက်ခြင်း တုန်လှုပ်သွားမိစေသည်။ တစ်ချိန်တည်းမှာ သူက သူ့အတွက် အခွင့်အရေး ရောက်ရှိလာပြီဟု ခပ်ရေးရေး ခံစားလိုက်ရသည်။

ခြင်သားရဲဘုရင်၏ အော်မြည်သံက ပဲ့တင်ထပ်နေ၏။ တစ်ချိန်တည်းမှာပင် အဖြူရောင်ခြင်သားရဲနှစ်ကောင်ထဲမှ တစ်ကောင်သည် ခြင်သားရဲဘုရင်ကို အေးစက်စက် စိုက်ကြည့်၏။ ဖျပ်ခနဲပင် အဖြူရောင်အလင်းတန်းတစ်ခုသည် အပြာရောင်ခြင်သားရဲအုပ်စုကို ဖြတ်သန်း၍ ထိုးထွက်လာတော့သည်။ အပြာရောင်ခြင်သားရဲများက လမ်းရှင်းပေးကြ၏။ အဖြူရောင်ခြင်သားရဲသည် ခြင်သားရဲဘုရင်ထံ တိုက်ရိုက် တိုးဝင်လာခြင်းပင်။

၎င်း အနားမရောက်လာခင်မှာပင် မြေကမ္ဘာအက်ကွဲစေမည့် ဟိန်းသံတစ်ခုသည် ပြင်းထန်သောဖိအားကို သယ်ဆောင်ကာ ခြင်သားရဲဘုရင်နှင့် ထိတိုက်လေသည်။

ခြင်သားရဲဘုရင်က နောက်သို့ ပေဒါဇင်ချီ လွင့်ထွက်သွား၏။ ၎င်းက ဟိန်းသံပေးကာ ထပ်မံ တိုးဝင်လာသည်။

အဖြူရောင်ခြင်သားရဲက ခြင်သားရဲဘုရင်ကို နောက်သို့ လွင့်ထွက်သွားစေပြီး၌ လေထဲ၌ ပျံဝဲလျက် သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်သည်။ ထို့နောက် နောက်ထပ် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ခြင်သားရဲဘုရင်ထံ တိုးဝင်လာပြန်သည်။

ခြင်သားရဲနှစ်ကောင် ထိပ်တိုက်တွေ့ခါနီး၌ ဝမ်လင်း၏ဥပဒေသကြယ်က အရူးအမူးစတင် လှည့်လည်ကာ မူလစွမ်းအင်များစွာသည် ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ကို ခြုံလွှမ်းပေးသည်။ ထိုမူလစွမ်းအင်တို့က အဖြူရောင်ခြင်သားရဲ၏ဖိသိပ်အားကို ချေဖျက်ပစ်လေ၏။

မူလစွမ်းအင် ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ ခြင်သားရဲများသည် ကျယ်လောင်စွာ အော်သံများ ပြုကြ၏။ အပြာရောင်ခြင်သားရဲတစ်ရာနီးပါးသည် ချက်ခြင်းပင် ခြင်သားရဲဘုရင်ကို ဝန်းရံကာ စူးရဲစွာ ကြည့်သည်။

အဖြူရောင်ခြင်သားရဲဘုရင်က တုန်ယင်သွားကာ နောက်သို့ ပြန်လွင့်ထွက်သွားသည်။ ၎င်း၏မျက်လုံးက အေးစက်စက်အကြည့်ကို ထုတ်ဖော်လျက် တောင်ပံခတ်ကာ ၎င်း၏ကိုယ်ပေါ်ရှိ အမွှေးအမျှင်များကို ထောင်မတ်လာစေသည်။ ထိုအဖြစ်က ယင်းအဖြူရောင်ခြင်သားရဲမှာ လှံများဖြင့် ဖုံးအုပ်သွားသလိုပင်။

ထို့နောက် ထိုအမွှေးအမျှင်များက ပြန့်ကြဲ၏။ အကြည့်တစ်ချက်ဖြင့်ပင် အဖြူရောင်ခြင်သားရဲက ဖောင်းကားလာသည်အား တွေ့နိုင်သည်။ အဖြူရောင်ခြင်သားရဲက ခြင်သားရဲဘုရင်ထံ တိုးဝင်လာလေ၏။

ခြင်သားရဲဘုရင်က နောက်ဆုတ်ရန် ဆန္ဒမရှိဘဲ ရှေ့တိုးဝင်လာသည်။ လောကတွင် တုန်ဟည်းသံများ မြည်ဟိန်းလေကာ ခြင်သားရဲနှစ်ကောင်၏ အသေအရှင်တိုက်ပွဲ စတင်လေပြီ။

ခြင်သားရဲနှစ်ကောင်က အချိန်တိုအတွင်း ဒါဇင်ချီ ထိပ်တိုက်တွေ့ကြ၏။ တုန်ဟည်းသံများ ပိုပြင်းထန်လာ၏။ အဖြူရောင်ခြင်သားရဲက နောက်လွင့်ထွက်သွားသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိလျက် သွေးများဖြင့် ဖုံးလွှမ်းလေ၏။

ခြင်သားရဲဘုရင်လည်း သနားစဖွယ်အခြေအနေ ဆိုက်ရောက်ရပေ၏။ သို့သော် ၎င်း၏မျက်လုံးထဲရှိ ကြမ်းကြုတ်မှုမှာ ပိုပြင်းထန်လာ၏။ သည်တစ်ကြိမ်၌ ၎င်းသည် မထင်မှတ်စွာဖြင့် ဝမ်လင်းအမိန့်ကိုပင် စောင့်မနေတော့ဘဲ အဖြူရောင်ခြင်သားရဲထံ တိုးဝင်သွားတော့သည်။

အဖြူရောင်ခြင်သားရဲကလည်း ဟိန်းသံ ပြု၏။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်အားလုံးသည် ထောင်မတ်လျက် ထို့နောက် ၎င်းတို့က ကျွတ်ကျသွားပြီး ဓားပျံများအလား ပျံသန်းထွက်လာ၏။ ၎င်းမှာ အစွမ်းထက်မန္တာန်တစ်ခုနှင့်ပင် တူသေး၏။ အမွှေးအမျှင်များအားလုံးက ခြင်သားရဲဘုရင်ထံ တဟုန်ထိုး ဝင်ရောက်လာသည်။

ခြင်သားရဲဘုရင်က ရှေ့သို့ ဆက်တိုးလာနေရင်း အရှိန်ပိုတင်၏။ ဝမ်လင်း၏ခြင်သားရဲဘုရင်က ၎င်း၏ကိုယ်ပိုင်ကလန်ဝင်များဖြင့် တိုက်ခိုက်ရာ၌ တိုက်ပွဲအတွေ့အကြုံ မကြွယ်ဝသေးပေ။ သို့သော် ၎င်းက သင်ယူနေလေ၏။ ၎င်း ထိုးထွက်လာချိန်၌ ၎င်း၏အပြာရောင်အလင်းအောက်မှ အမွှေးအမျှင်များမှာလည်း ထောင်မတ်၍ ပေဒါဇင်ချီရှည်လျားသည့်အထိ ကြီးထွားလာ၏။ ၎င်းက တရကြမ်း တိုးဝင်လာနေရင်းဖြင့်ပင် အဖြူရောင်ခြင်သားရဲဘုရင်ထံမှ တိုက်နည်းစနစ်ကို သင်ယူခဲ့ကာ တန်ပြန်အသုံးချလာခဲ့၏။ ၎င်း၏ကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ ကျွတ်ထွက်၍ တဟုန်ထိုး ရှေ့သို့ ပျံသန်းဝင်ရောက်လေ၏။

အမွှေးအမျှင်ချင်း ထိပ်တိုက်တွေ့ရာ တုန်ဟည်းသံများ ဆက်တိုက် ပဲ့တင်ထပ်၏။ ထိုဖိသိပ်အားက ပတ်ဝန်းကျင်ရှိ ခြင်သားရဲအားလုံးကိုပါ နောက်ဆုတ်ရစေ၏။

ခြင်သားရဲဘုရင်က ပိုကြမ်းတမ်းလာ၏။ ၎င်းက အမွှေးအမျှင်များ ထိပ်တိုက်တွေ့မှုထဲကနေ ဖြတ်သန်းလျက် အဖြူရောင်ခြင်သားရဲထံ တိုးဝင်လာ၏။ ၎င်းက ရူးသွပ်သွားသည့်အလား အဖြူရောင်ခြင်သားရဲကို ဝင်စောင့်၏။ ၎င်း၏ နှုတ်သီးဖြင့် အဖြူရောင်ခြင်သားရဲ၏ခန္ဓာကိုယ်ပေါ်သို့ ထိုးစိုက်နိုင်မည့် အခွင့်အရေးကို ရှာသည်။

ထိုအခါ အဖြူရောင်ခြင်သားရဲက စိုးရိမ်တကြီး နောက်ဆုတ်၏။ သို့သော် ဤအခိုက်အတန့်၌ တောင်ထံမှ အစွမ်းထက်လှသောအော်ရာတစ်ခု ထွက်ပေါ်လာ၏။ ထိုအော်ရာတွင် ခြင်သားရဲအားလုံး နာခံစေရမည့် ဖိအား ပါဝင်ပေသည်။

ထိုအော်ရာ ပေါ်လာသည်နှင့် အခြားအဖြူရောင်ခြင်သားရဲတစ်ကောင်ကပါ လေထဲသို့ ပျံတက်လျက် အော်မြည်သံ ပြု၏။ တောင်ထိပ်တွင် အက်ကြောင်တးစ်ခု ပေါ်လာကာ တောင်ခြေထိ ချဲ့ကားသွားသည်။ တစ်ယောက်ယောက်က တောင်ကို ဖွင့်လှစ် စုတ်ဖြဲပစ်သကဲ့သို့ပင်။

တောင်ရှိ အက်ကြောင်းထံမှ ခရမ်းရောင်အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ တစ်ချိန်တည်းမှာပင် ရှေးဟောင်းအော်ရာတစ်ခု ပျံ့နှံ့ကာ ယင်းအက်ကြောင်းထဲကနေ ခရမ်းရောင်မြူ ထွက်ပေါ်လာလေ၏။

ထိုမြူမှာ သိပ်သည်းလှသည်။ ၎င်းပေါ်လာသည့်နောက် ၎င်းက ချက်ခြင်း ပြန်ရုတ်သိမ်း၏။ မြူအတွင်းကနေ ပေတစ်ထောင်ခန့်ကြီးမားသော ကြမ်းကြုတ်လှသည့် ခြင်သားရဲတစ်ကောင် ပျံသန်းထွက်လာလေ၏။

ထိုခြင်သားရဲမှာ ခရမ်းရောင်အမွှေးအမျှင်များ ဖုံးနေ၏။ ၎င်းအမွှေးအမျှင်များက ရှုပ်ထွေးပွနေဟန် ပေါ်သော်လည်း အနှီခြင်သားရဲထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အနီရောင်ဖြစ်စေ၊ အပြာရောင်ဖြစ်စေ ခြင်သားရဲအားလုံးမှာ ငြိမ်သက်တိတ်ဆိတ်သွားကြသည်။

စုန့်လောဟိုင်၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူက ထိုအမွှေးအမျှင်များ ရှုပ်ပွနေသော ခရမ်းရောင်ခြင်သားရဲကို စူးစိုက်ကြည့်နေမိသည်။ သူ့မျက်လုံးထဲတွင် လောဘတို့ဖြင့် ပြည့်နှက်လာ၏။

“ခြင်သားရဲဘုရင်…”

ထိုခရမ်းရောင်ခြင်သားရဲဘုရင်မှာ မထူးခြားနားဟန်ဖြင့် စုန့်လောဟိုင် ပုန်းနေသောနေရာကို ကြည့်၏။ ထို့နောက် သူ့အကြည့်က ဝမ်လင်း၏ခြင်သားရဲထံ ကျရောက်လာသည်။ အချိန်အတန်ကြာပြီးနောက် ၎င်းက ခပ်တိုးတိုး ခပ်စူးစူးအသံ ထုတ်ဖော်သည်။

***

All Chapters