← Chapters

ဘုရင်သစ်

Vol. 94 Ch. 1290

ဘုရင်သစ်

Vol. 94 Ch. 1290

ထိုခပ်စူးစူးဟိန်းသံတွင် ခြင်သားရဲဘုရင်တစ်ပါး၏ခွန်အား ပါဝင်သည်။ ထိုဖိအားအောက်တွင် ခြင်သားရဲအားလုံး နာခံရကာ သည်ခြင်သားရဲအုပ်စု၏ အစိတ်အပိုင်း ဖြစ်လာရပေမည်။

ဝမ်လင်း၏ခြင်သားရဲ လုပ်ဆောင်မှုများက ခရမ်းရောင်ခြင်သားရဲဘုရင်၏ အသိအမှတ်ပြုခြင်းကိုပါ ရလာခဲ့၏။ ထို့ကြောင့် ၎င်း၏အုပ်စုဝင်အဖြစ် လက်ခံရန် ၎င်းက ကိုယ်တိုင် ထွက်ပေါ်လာခဲ့ခြင်းပင်။

ထိုအရာက ဝမ်လင်း၏ ရည်ရွယ်ချက်လည်း ဖြစ်၏။

ခြင်သားရဲဘုရင်က ဟိန်းသံ ပြုနေစဉ်တွင် ဝမ်လင်း၏ခြင်သားရဲကလည်း အညံ့ခံကြောင်း ပြသသည့်အနေဖြင့် ပြန်လည် အသံပြု၏။ ဝမ်လင်းက သူ့ခြင်သားရဲဘုရင်ကို ထိန်းချုပ်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း ပျံသန်းလျက် ခရမ်းရောင်ခြင်သားရဲဘုရင်အနားသို့ တိုးလာ၏။

ခရမ်းရောင်ခြင်သားရဲဘုရင် ပေါ်လာချိန်၌ ဝမ်လင်းသည် ၎င်းထံမှ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို ရှင်းလင်းစွာ ခံစားမိပေသည်။ ထို့ကြောင့် သည်ခြင်သားရဲက အလွန်သန်မာလှခြင်းတော့ မရှိပေ။ ဤတောင်မှာ ၎င်းအုပ်စု၏ အိမ် ဖြစ်၏။ ယင်းခြင်သားရဲဘုရင်က တောင်အတွင်းပိုင်းထဲ၌ အချိန်အများစုကို ကုန်ဆုန်းကာ ဆင့်ကဲတိုးတက်ဖို့အတွက် ရုန်းကန်နေပြီး တော်ရုံတန်ရုံ ထွက်မလာတတ်ပေ။ ဝမ်လင်း၏ခြင်သားရဲက အားနည်းသော်လည်း ၎င်းက ရွှေရောင်ခြင်သားရဲအဖြစ် ဆင့်ကဲပြောင်းလဲထားခြင်း ဖြစ်၍ သည်ခရမ်းရောင်ခြင်သားရဲဘုရင်အနေဖြင့် ဝမ်လင်း၏ခြင်သားရဲ ဖုံးကွယ်ထားသောအော်ရာကို သတိပြုမိဖို့ရာ ခက်ခဲလေသည်။

ဝမ်လင်း၏ခြင်သားရဲ လှုပ်ရှားမှုက ပတ်ဝန်းကျင်ရှိခြင်သားရဲအားလုံး၏ အာရုံကို စွဲဆောင်သွားသည်။ အဖြူရောင်ခြင်သားရဲနှစ်ကောင်ပင် သတိမပြုမိဘဲ ဝမ်လင်း၏ခြင်သားရဲဘုရင်ကို အေးစက်စက်သာ စိုက်ကြည့်လို့နေသည်။

ဝမ်လင်း၏ခြင်သားရဲက ခရမ်းရောင်ခြင်သားရဲဘုရင်နှင့် ပေတစ်ရာအတွင်းသို့ တစ်ခဏအတွင်း ရောက်လာခဲ့သည်။

ထိုအခါ ခရမ်းရောင်ခြင်သားရဲဘုရင်၏မျက်လုံးထဲတွင် သံသယဖြစ်ဟန် ပေါ်လာကာ ၎င်းက နောက်ထပ် ခပ်နိမ့်နိမ့်ဟိန်းသံ ထုတ်ဖော်သည်။

ဝမ်လင်း၏ခြင်သားရဲကလည်း ပြန်တုန့်ပြန်၍ ဟိန်းသံ ပြု၏။ သို့သော် ၎င်းက ရုတ်တရက် အရှိန်တင်ကာ ပေတစ်ရာအကွာအဝေးကို ဖြတ်သန်းသွားလေသည်။ ထိုအခိုက်၌ ပတ်ဝန်းကျင်ရှိခြင်သားရဲအားလုံးမှာ စတင်၍ ကြမ်းတမ်းရန်လိုစွာ ဟိန်းသံ ပေးကြသည်။

အဖြူရောင်ခြင်သားရဲနှစ်ကောင်က ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ ရှေ့သို့ ထွက်လာရန် ပြင်၏။ ခရမ်းရောင်ခြင်သားရဲဘုရင်၏အော်ရာသည်ပင် ချက်ခြင်း အေးစက်လာသည်။

သို့သော်လည်း ဤအခိုက်မှာပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့်အတူ ဥပဒေသကြယ်က မြန်ဆန်စွာလှည့်ပတ်၍ ပျံသန်းထွက်လာ၏။ ၎င်းက စူးရှရှတောက်ပကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ့ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်ရှိခြင်သားရဲများအားလုံးကို ချက်ခြင်း အော်ဟစ်၍ တရကြမ်း တိုးဝင်လာစေသည်။

သို့ရာတွင် ထိုအခြင်းအရာများက ဝမ်လင်းကို တွန့်ဆုတ်မသွားစေပေ။ သည်ခရီးစဉ်က အန္တရာယ်များလှသော်လည်း သူက ရှစ်ဆယ်ရာခိုင်နှုန်းလောက် အောင်မြင်နိုင်ကြောင်း တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်အသွင်သဏ္ဌာန် ဖြစ်ပေါ်သည်နှင့် သူက ရှေ့သို့ ခြေလှမ်းကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ မူလစွမ်းအင်များစွာ စုဝေးလာပြီး လေပြင်းတစ်ခု ရိုက်ခတ်လာသည်။ ခရမ်းရောင်ခြင်သားရဲဘုရင်ဘေးရှိ အဖြူရောင်ခြင်သားရဲနှစ်ကောင်က ထိုလေပြင်း၏ ထိမှန်ခြင်းကို ခံရကာ လွင့်ထွက်သွားလေသည်။

အဖြူရောင်ခြင်သားရဲနှစ်ကောင် လွင့်ထွက်သွားချိန်တွင်လည်း ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ ခရမ်းရောင်ခြင်သားရဲဘုရင်ရှေ့သို့ ရောက်လာလေ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်ကာ သူ့ဘယ်လက်ကို ပင့်မြှောက်၍ သူ့ဘယ်လက်ဝါးကို လေဟာနယ်ထဲသို့ ရိုက်ချသည်။ မူလစွမ်းအင်များ အရူးအမူး စုစည်းလာ၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက သူ့ညာလက်ဖြင့် သူ့ဘယ်လက်နောက်ဘက်သို့ ညွှန်သည်။

သူ့လက်ချောင်း ကျရောက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါ၍ အဆုံးမဲ့မူလစွမ်းအင်များသည် သူ့လက်ချောင်းထံတွင် အရူးအမူး စုဝေး၏။ ဥပဒေသကြယ်အမှတ်အသားကလည်း ဝမ်လင်း၏ဘယ်လက်နောက်တွင် တဖျပ်ဖျပ်ဖြစ်ကာ သူ့လက်ညွှိုးထံ ရွှေ့လျား၍ စတင် လင်းလက်သည်။

ခရမ်းရောင်ခြင်သားရဲဘုရင်က သေခြင်းရှင်ခြင်းအာရုံကို ချက်ခြင်း ခံစားမိရသည်။ ထိုခံစားချက်က အားကောင်းလွန်းသည့်အတွက် ၎င်းကို နောက်သို့ အရူးအမူး ဆုတ်သွားစေသည်။

ဝမ်လင်းက မရပ်ပေ။ သူ့ညာလက်ဖြင့် စက်ဝန်းအသွင် ရေးဆွဲကာ နောက်တစ်ဖန် ထပ်ညွှန်သည်။ ဒုတိယမြောက်လက်ညွှန်ချက် ကျရောက်လာချိန်တွင် ကောင်းကင်ထက်တွင် မရေမတွက်နိုင်သောမိုးကြိုးတန်းများ ပေါက်ကွဲကုန်သည်။ သူ့ဘယ်လက်နောက်တွင် နောက်ထပ် ဥပဒေသကြယ်ပေါ်လာကာ ၎င်းက သူ့လက်ခလယ်ထံသို့ ရွှေ့လျားပြီး ပြင်းပြင်းထန်ထန် လင်းလက်သည်။

သူ ရှေ့သို့ ဆက်တိုးလာရင်း ဝမ်လင်း၏ညာလက်က ထပ်မံ လှုပ်ရှားကာ သူ့လက်ချောင်းက ထပ်မံ ကျဆင်းလာသည်။ သည်တစ်ကြိမ်၌ မြေပြင်ထုသည်ပင် အက်ကွဲသွားဟန် ရကာ တုန်ဟည်းသံများ ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်၏။ ကောင်းကင်ထက်တွင် ဝဲကတော့ကြီးတစ်ခု ပေါ်လာ၍ မူလစွမ်းအင်များစွာ စုစည်းကာ သူ့ညာလက်ညွှန်ချက်နှင့်အတူ သူ့ဘယ်လက်ထံ ဝင်ရောက်သွားသည်ဟု ထင်ရသည်။

တတိယမြောက်ဥပဒေသကြယ် ပေါ်လာကာ ဘယ်လက်သူကြွယ်ပေါ်တွင် ရပ်တန့်သွားသည်။

အဖြစ်အပျက်များကား မြန်ဆန်လွန်း၏။ ဝမ်လင်းက ကောင်းကင်ထက်သို့ ခြေလှမ်းသုံးလှမ်း လှမ်းသည်။ ခရမ်းရောင်ခြင်သားရဲဘုရင်က ပေရာချီနောက်ဆုတ်သွား၏။ ၎င်း၏ခန္ဓာကိုယ်က ခရမ်းရောင်လင်းလက်ကာ အောက်သို့ စုန်ဆင်း၍ ပျံသန်းသည်။

ပတ်ဝန်းကျင်ရှိခြင်သားရဲများက ထိုအဖြစ်သနစ်ကို တားဆီးရန် အရူးအမူး တိုးဝင်လာ၏။ ၎င်းတို့က ဝမ်လင်းကို အစိတ်စိတ် ဝါးမြိုပစ်ချင်ဟန် တူသည်။ ပိုဝေးသောနေရာတွင်ပင် ခြင်သားရဲများက ဟိန်းသံများပြုလျက် တရကြမ်းတိုးဝင်လာကြရာ ကောင်းကင်သည်ပင် တွန့်ခေါက်လာဟန် ရ၏။

ဝမ်လင်း၏အမူအရာမှာ အေးစက်နေ၏။ သူက လေးလှမ်းမြောက်ကို လှမ်း၏။ သူ့ညာလက်ဖြင့် ကောင်းကင်ထက်သို့ လက်ညွှန်ရာ ကောင်းကင်သည် ပြင်းပြင်းထန်ထန် တုန်ဟည်းသွားသည်။ ဝမ်လင်း ဖမ်းဆုပ်ထားသော ဝဲကတော့တစ်ခုပေါ်လာဟန် ရ၏။ ထို့နောက် ၎င်းဝဲကတော့က မြန်ဆန်စွာ ကြုံ့လေ၏။ ထိုသို့ဖြင့် ဝမ်လင်းသည် လေးခုမြောက်လက်ချောင်း၏စွမ်းအားကို စုစည်းပြီး သူ့ဘယ်လက်နောက်သို့ ဝင်ရောက်စေသည်။

လေးခုမြောက်ဥပဒေသကြယ် ဖြစ်ပေါ်၏။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏ လက်ချောင်းလေးချောင်းတွင် ဥပဒေသစွမ်းအား ပါဝင်နေပေပြီ။ သူ့လက်က ဥပဒေသလက် ဖြစ်လာသည့်အလား။ လေးခုမြောက်လက် ကျဆင်းလာခိုက်တွင် ခရမ်းရောင်ခြင်သားရဲဘုရင်ပေါ်တွင် လက်ဝါးရာတစ်ခု ကျရောက်ကာ ကျယ်လောင်စွာတုန်ဟည်းမှု ဖြစ်ပွားလေ၏။

ထိုအခိုက်အတန့်၌ လေကောင်းကင်ဘုံနယ်မြေရှိ တိုက်ခတ်နေသောလေများပင် တစ်ခဏတာ ရပ်တန့်သွားသည်။

ခရမ်းရောင်ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်အတွင်း၌ တစီစီအသံများ ပဲ့တင်ထပ်လာသည်။ ၎င်း၏ကြီးမားသည့်ပါးစပ်ကြီးတွင်ပင် အက်ကြောင်းများစွာ ပေါ်လာ၏။ ၎င်းခြင်သားရဲ၏မျက်ခုံးနှစ်ခုကြားတွင် လက်ဝါးရာ ထင်းထင်းကြီးပေါ်နေကာ ၎င်း၏ခန္ဓာကိုယ်သည် မြန်ဆန်သောနှုန်းဖြင့် ပျက်စီးပြိုလဲသည်။ ထိုလက်ဝါးရာထံမှ သွေးများပန်းထွက်ကာ ခရမ်းရောင်ခြင်သားရဲဘုရင်သည် နာကျင်စွာအော်ဟစ်လိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်ကြီးက နောက်သို့ မြန်ဆန်စွာ ဆုတ်နေရင်း ၎င်း၏ခန္ဓာကိုယ်ကနေ ခရမ်းရောင်မြူများစွာ လွတ်ထွက်လာ၏။ သို့သော် ယင်းမြူများက ၎င်း၏ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်သည်။

ထိုအဖြစ်အပျက်မှာ အချိန်တိုအတွင်း သုံးကြိမ်တိုင်တိုင် ဖြစ်၏။ ခရမ်းရောင်မြူများ ပေါ်လာလိုက်၊ ပြန်ရုတ်သိမ်းသွားလိုက် ဖြစ်တိုင်း ၎င်း၏မျက်ခုံးနှစ်ခုကြားမှ လက်ဝါးရာသည် အတော်လေး ဝေဝါးလာခဲ့သည်။

ခရမ်းရောင်ခြင်သားရဲဘုရင်က ထိုနည်းလမ်းကို အသုံးပြုကာ မြန်မြန်ဆန်ဆန် ကုသနေသည်။ တစ်ချိန်တည်းမှာ နောက်ဆုတ်နေရင်းဖြင့် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံးမှာ ထောင်မတ်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို ဝန်းရံသွားဟန် တူသည်။ ထိုဖြစ်စဉ်က နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများ မန္တာန်အသုံးပြုတော့မည့် အနေအထားနှင့် ဆင်တူပေသည်။

ဤအခိုက်အတန့်၌ ဝမ်လင်းကြောင့် လွင့်ထွက်သွားခဲ့သော အဖြူရောင်ခြင်သားရဲနှစ်ကောင်က အရူအမူး ပြန်တိုးဝင်လာသည်။ အပြာရောင်ခြင်သားရဲများသည်လည်း ထိုနည်းလည်းကောင်းပင်။

အနီရောင်ခြင်သားရဲထောင်ချီကတော့ ရူးသွပ်စွာ လှည့်ပတ်၏။ ၎င်းတို့ပေါ်ရှိ အမွှေးအမျှင်များအားလုံးသည် ထောင်မတ်လာလျက် ဝမ်လင်းကို စူးရဲစွာ ကြည့်ပြီး ခပ်စူးစူးအသံများကို ထုတ်ဖော်လေသည်။

ပိုဝေးသောနေရာကပင် အနီရောင်လှိုင်းတစ်ခုက မိုးကုပ်စက်ဝိုင်းစွန်းကနေ မြန်ဆန်စွာ တိုးဝင်လာနေကြသည်။

ချက်ခြင်းပင် ဝမ်လင်း၏ခြင်သားရဲပေါ်ရှိ အပြာရောင်အလင်းက လင်းလက်ကာ ဤဧရိယာကို ထွေးခြုံသည်။ သို့ရာတွင် ချက်ခြင်းပင် ထိုအပြာရောင်အလင်းက ပျက်စီး၍ ရွှေရောင်အလင်းက အစားထိုးဝင်ရောက်သည်။ ထိုအခါ ကီလိုမီတာငါးထောင်အတွင်း၌ ရွှေရောင်အလင်း ပြည့်နှက်လာတော့သည်။

ရွှေရောင်အလင်းဖြင့် ခြင်သားရဲက အစစ်အမှန်ဘုရင်နှင့် တူနေ၏။ ၎င်းက မိုးခြိမ်းသံတမျှ ဟိန်းသံ ပြုသည်။ ထိုဟိန်းသံမှာ ဘုရင်သားရဲ၏ ဟိန်းသံမည်၏။ ခြင်သားရဲဘုရင်၏ ဟိန်းသံတည်း။

ထိုရွှေရောင်အလင်း ပေါ်လာချိန်၌ အနီရောင်ခြင်သားရဲများသည် တုန်ယင်ကာ မထင်မှတ်စွာဖြင့် ရပ်တန့်သွား၏။ ၎င်းတို့၏မျက်လုံးထဲတွင်လည်း ထိန်လန့်ကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားသည်။

အပြာရောင်ခြင်သားရဲများသည် တိုးတင်လာနေလျက်ကနေ တစ်ခဏတာ ရပ်တန့်သွား၏။ သူတို့၏မျက်လုံးထဲတွင် ရုန်းကန်မှုများ ဖြစ်ပေါ်သည်။ သို့သော် သူတို့က အနားသို့ ချဉ်းကပ်မလာဝံ့ကြတော့ပေ။

အဖြူရောင်ခြင်သားရဲနှစ်ကောင်ပင် ရပ်တန့်သွားကာ လှည့်ပတ်လေ၏။ ၎င်းတို့၏ ဟိန်းအော်သံများပါ အားပျော့သွားသည်။

နောက်ဆုတ်လျက် ဒဏ်ရာကုသနေသော ခရမ်းရောင်ခြင်သားရဲဘုရင်ပါ မင်သက်သွားမိ၏။ သို့သော် သိပ်မကြာခင်တွင် ၎င်း၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရန်လိုမှု ဖြစ်ပေါ်လာသည်။ ၎င်းက ဝမ်လင်း၏ခြင်သားရဲဘုရင် ဟိန်းသံ ပြုသည်နှင့် တစ်ပြိုင်နက်တည်းတည်း လိုက်ပါ၍ ဟိန်းဟောက်လေသည်။

ထိုကဲ့သို့ အဖြစ်အပျက်များ ပြောင်းလဲသွားရခြင်းမှာ ဝမ်လင်း၏ခြင်သားရဲက ၎င်း၏အော်ရာကို ထုတ်လွှတ်လိုက်သောကြောင့် ဖြစ်သည်။ ထိုအခါ ကျင့်ကြံသူတစ်ယောက်နှင့် ခြင်သားရဲဘုရင်တစ်ကောင်ကြား တိုက်ပွဲ မဟုတ်တော့ဘဲ ခြင်သားရဲဘုရင်နှစ်ကောင်ကြား တိုက်ပွဲ ဖြစ်လာခဲ့ပေပြီ။

မည်သည့်ခြင်သားရဲကမျှ ခြင်သားရဲဘုရင်နှစ်ပါး၏ တိုက်ပွဲကြားတွင် ဝင်ရောက်မစွက်ဖက်နိုင်ကြချေ။ ၎င်းတို့က ဝင်မပါဝံ့သလို ဝင်ပါနိုင်စွမ်းလည်း မရှိကြပေ။

ဤအရာမှာ ဝမ်လင်းအကြံအစည်၏ အဓိကအသက်ပင်။ ဝမ်လင်း၏ခြင်သားရဲဘုရင်က ရွှေရောင်အလင်းကို ထုတ်လွှတ်ကာ ဟိန်းသံပြု၍ ရွှေရောင်အလင်းတန်းအဖြစ် တိုးဝင်လာတော့သည်။ ၎င်းက ဒဏ်ရာအပြင်းအထန်ရထားသော ခြင်သားရဲဘုရင်ထံ တိုက်ရိုက် ဦးတည်သည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က မြန်ဆန်စွာ လွင့်ပျောက်၍ ဥပဒေသကြယ်အဖြစ်သို့ ပြန်ပြောင်းလဲကာ ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည်။ သို့ရာတွင် ထိုသို့ ဥပဒေသကြယ်အဖြစ် ပြောင်းလဲ ကျရောက်သွားခိုက်၌ သူ့အစီအစဉ်၏ နောက်ဆုံးအစိတ်အပိုင်းကိုမူ ချန်ထားခဲ့ပေသည်။

ရပ်တန့်ခြင်းမန္တာန်။

သူ့မူလစိတ်ဝိညာဉ်က ညာလက်ကို ပင့်မြှောက်၍ ခရမ်းရောင်ခြင်သားရဲဘုရင်ထံ လက်ညွှန်၏။ သူ လက်ညွှန်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးသည် တုန်ခါ၏။ မည်သည့်မူလစွမ်းအင်မှ ထွက်ပေါ်မလာခဲ့ပေ။ သို့သော အတောမသပ် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ တရကြမ်း တိုးဝင်သွားကြသည်။

သူက သည်ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ရပ်တန့်ခြင်းမန္တာန်၏ အထွတ်အထိပ်ကို ထုတ်ဖော်ခဲ့ခြင်းပင်။

သူ့လက်ညွှန်ချက် ကျရောက်သွားသည့်အခါ ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်သည် တုန်ယင်၍ ၎င်း၏လှုပ်ရှားမှုအားလုံးမှာ ချိပ်ပိတ်ခြင်း ခံလိုက်ရသည်။

၎င်း၏ခန္ဓာကိုယ် ရပ်တန့်သွားခိုက်တွင် ဝမ်လင်း၏ခြင်သားရဲက နီးကပ်လာသည်။ ၎င်း၏ရွှေရောင်နှုတ်သီးဖြင့် ခရမ်းရောင်ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်ကို ထိုးစိုက်ကာ အရူးအမူးစတင် ရှိုက်သွင်းပစ်သည်။

ခရမ်းရောင်ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်သည် တုန်ခါကာ မြန်ဆန်စွာ ခြောက်သွေ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ၎င်း၏ခန္ဓာကိုယ်က အဆီအနှစ်အဖြစ် ပြောင်းလဲကာ ဝမ်လင်း၏ခြင်သားရဲဘုရင်၏ စုပ်ယူခြင်းကို ခံလိုက်ရပေသည်။

ဝမ်လင်း၏ခြင်သားရဲဘုရင်ထံမှ ပျော်ရွှင်ကျေနပ်သည့် ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ ထိုဟိန်းသံနှင့်အတူ ဖိအားတစ်ခုသည် ဤဧရိယာကို ဝန်းရံသွားတော့သည်။

“ခြင်သားရဲဘုရင်အသစ် မွေးဖွားလာခြင်း…” တောင်ထဲ၌ ပုန်းနေသော စုန့်လောဟိုင်၏စိတ်မှာ တုန်ယင်သွားသည်။ သူက ဖြစ်ပျက်သမျှကို သေချာ တွေ့မြင်ခဲ့ရပေသည်။ စုန့်လောဟိုင်က ထွက်ပေါ်လာခဲ့သောမူလစိတ်ဝိညာဉ်က ခြင်သားရဲဘုရင်၏မန္တာန်မဟုတ်ဘဲ အစစ်အမှန်စိတ်ဝိညာဉ်မှန်း ချက်ခြင်းလိုလို သိရှိလိုက်သည်။

“ခြင်သားရဲဘုရင်ရဲ့ အထဲမှာ ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ် ရှိနေတယ်…”

စု့န်လောဟိုင်က ခြင်သားရဲဘုရင်ကို စူးစိုက်ကြည့်လျက် သူ့မျက်လုံးသည် တလက်လက် ဖြစ်သည်။ သူက အသက်ရှုပင် မှားသွားလေ၏။

***

All Chapters