← Chapters

ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ

Vol. 100 Ch. 1388

ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ

Vol. 100 Ch. 1388

ယခုတွင် ခေါင်းကြီးကြီးကျင့်ကြံသူနှင့် အမျိုးသမီးပါရာဂွန်မှာ မန်ဟို၏ ပြင်းထန်သော အမျက်ဒေါသကို ရင်ဆိုင်နေကြရလေပြီ။ နှစ်ယောက်သား အနှစ်သာရစွမ်းအားကို ထုတ်လွှတ်ကာ သူ့လမ်းကို ပိတ်လိုက်သည့် အလင်းပင်လယ်တစ်စင်းဖြစ်သွားစေသည်။

မန်ဟိုက ရှေ့တက်၍ အလင်းပင်လယ်ကို ဝုန်းခနဲ ‌ခေါင်းဖြင့်တိုက်ကာ ဆက်သွားသည်။

အမျိုးသမီးပါရာဂွန်မှာ အံ့အားသင့်သွားပြီး ခေါင်းကြီးကြီးကျင့်ကြံသူလည်း စိတ်နှလုံးလှုပ်ခတ်သွားသည်။ သူတို့နှစ်ယောက်သည် ထိုကြောက်မက်ဖွယ်တိုက်ကွက်ကို ထုတ်လွှတ်ဖို့ ပူးပေါင်းခဲ့ကြသော်လည်း မန်ဟိုက ရှောင်မည့်အစား ဆက်လက်ထိုးခွင်းသွားနေလေသည်။

အလင်းပင်လယ်၏ လွှမ်းခြုံခြင်းခံထားရသော မန်ဟိုပတ်ပတ်လည်တွင် ဂြိုဟ်သိမ်တစ်လုံးဖြစ်တည်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာ၏။ သို့သော် ထိုဂြိုဟ်မှာ အသက်ဆယ်ရှိုက်ပင်မခံလိုက်ပေ။ ထို့နောက် သူက မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်းကာ လျင်မြန်စွာ ပြိုကွဲသွားပြန်သည်။ နောက်ဆုံးတော့ အသားဂျယ်လီ ပေါ်လာပြီး အံတင်းတင်းကြိတ်လျက် ချပ်ဝတ်ပုံစံပြောင်း၏။ ထိုအခါမှ မန်ဟိုမှာ အလင်းပင်လယ်အတွင်းမှ ခွင်းထွက်နိုင်သွားသည်။

“ဖြတ်‌ကျော်ချင်တယ်လား ဘယ်တော့မှ မရစေရဘူး” အမျိုးသမီးပါရာဂွန်၏မျက်လုံးထဲတွင် တိုက်ပွဲအတွင်း၌ မန်ဟို သူမအသက်အား ခြိမ်းခြောက်နိုင်ခဲ့မှုအပေါ် မုန်းတီးနေခြင်းတို့ တောက်ပနေသည်။ မန်ဟိုသည် အတိုက်အခိုက်စွမ်းရည်အရာ၌ အင်အားကြီးမား၍ သူသာ သူမကို ဖြတ်ကျော်နိုင်သွားလျှင် တောင်ကောင်းကင်ဂြိုဟ်တိုက်ပွဲအပေါ် များစွာသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သူမသိသည်။ ထို့ကြောင့် သူမသည် မန်ဟို့ကို လမ်းကို ရရာနည်းနှင့် ပိတ်ထားဖို့ စိတ်ပိုင်းဖြတ်ထား၏။

ပါရာဂွန်ပင်လယ်အိပ်မက်၊ ပါရာဂွန်ရုပ်သေးရုပ်နှင့် ရွှေတုန်းလျှိုတို့မှာ ကိုယ်ပွားဖန်ဆင်းနိုင်စွမ်းမရှိသည့်အတွက် တောက်ဖန်နှင့် ကျန်အနှစ်သာရ ၈ ခုပါရာဂွန်ကို ဝိုင်းချုပ်ထားကြလေသည်။ ခိတိဂဗ္ဗ၊ ‌တောင်ပင်လယ်သခင်များနှင့် ဝမ်ယိုချိုင်အစရှိသော ရွေးချယ်ခံများအပါအဝင် အစွမ်းထက်ပညာရှင်များကလည်း အပြင်သူများအကြားရှိ ပြိုင်ဘက်များကို ကိုယ်စီထိန်းထားကြ၏။

တောင်ကောင်းကင်ဂြိုဟ်ကား အရေးပေါ်အခြေအနေ ဖြစ်နေချေပြီ။

ကြယ်တာရာကောင်းကင် တသိမ့်သိမ့်တုန်ခါနေစဉ် နဝမတောင်မှာလည်း ပြိုကျခါနီးနေ၏။ ဤသည်မှာ ယခုထက်ထိ ကြုံတွေ့ခဲ့ရသမျှထဲ အန္တရာယ်အများဆုံးအခိုက်အတန့် ဖြစ်ပေသည်။

တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင်လည်း အရာအားလုံး ထစ်ချုန်းတုန်ခါလျက်ရှိ၏။ မြစ်ချောင်းပင်လယ်များမှာ သွေးတို့ဖြင့် နီစွေးနေသည်။ ဧကရာဇ်တန်၏ အနက်ရောင်ချပ်ဝတ်ရုပ်သေးရုပ်များက လီမျိုးနွယ်သရဲများနှင့်အတူ ရက်ရက်စက်စက် တိုက်ခိုက်နေကြသည်။ သူတို့ကြောင့် မန္တန်ဝင်္ကပါမှ ထုတ်လွှတ်သောစွမ်းအားသည် ယခင်ထက်ပင်ပို၍ ကြောက်စရာကောင်းလာ၏။ လောလောဆယ်တွင် တောင်ကောင်းကင်ဂြိုဟ်ထဲ ဝင်ရောက်ဖို့ စစ်ကြောင်းများကို ထိုးဖောက်နေသမျှ အပြင်သူအားလုံး သတ်ဖြတ်ခံနေရသည်။

ကံဆိုးစွာနှင့် အပြင်သူမည်မျှအသတ်ခံရစေကာမူ ၊ မန္တန်ဝင်္ကပါမည်မျှအစွမ်းကြီးမားစေကာမူ … ၎င်းအတွက် မြောက်မြားလှစွာသောအရေအတွက်ကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

အပြင်သူစစ်တပ်သည် အင်မတန်အင်အားကြီးမားလွန်း၍ သူတို့အသေခံလျက် ချီတက်လာသည်နှင့်အမျှ မန္တန်ဝင်္ကပါမှာ မှေးမှိန်စပြုလာသည်။

မန်ဟို့မိဘနှစ်ပါးလုံး သွေးတို့ရွှဲရွှဲစိုနေကြသည်။ သူ့အစ်မမှာလည်း ရှိရှိသမျှအားအကုန်ထုတ်လျက် တိုက်ခိုက်နေပြီး စွန်းဟိုက်က သူမကို ကာကွယ်ပေးနေသည်။ သူမ မထိခိုက်စေဖို့ တိုက်ကွက်များအား သူ ကိုယ်စားခံပေးသောအချိန်များပင် ရှိ၏။

ဤအဖြစ်အပျက်အားလုံးကို မန်ဟို မြင်နေရသည်။ သူ့ဆရာဆေးလုံးမိစ္ဆာ ဆေးဝါးမီးတောက်ဖြင့် တဟုန်းဟုန်းတောက်လျက် သဲကြီးမဲကြီး တိုက်ခိုက်နေသည်ကိုပင် သူ မြင်ရ၏။ သူ့ဆရာ၏ကျင့်ကြံခြင်းအခြေခံမှာ မယုံနိုင်လောက်အောင် မမြင့်မားသော်လည်း သူ ဆင့်ခေါ်သော ဆေးလုံးများက သူ၏ဆေးဝါးမီးတောက်ဖြင့် ကျန်တောင်ပင်လယ်ကျင့်ကြံသူများကို အားဖြည့်ပေးနေသည်။

ဖက်တီးတစ်ယောက်လည်း ဒေါသတကြီး တိုက်ခိုက်နေသည်။ တစ်ခါက သိုက်သိုက်ဝန်းဝန်းပေါများခဲ့သော လက်တွဲဖော်များအနက် တစ်ဝက်ကျော် သေသွားကြလေပြီ။ ဖက်တီးသည် မျက်ထောင့်နီကြီးများဖြင့် ရန်သူများကို မညှာတမ်း ကိုက်ဖြတ်သုတ်သင်နေသည်အထိ မိုးမီးလောင်နေ၏။

ချန်ဖန်းကတော့ ငေးငေးငိုင်ငိုင်နှင့် တုန်ီရနေသည်။ သူသည် အပြင်သူများကို တိုက်ခိုက်သတ်ဖြတ်နေသော်လည်း သူ့စိတ်က တခြားနေရာရောက်နေပုံရ၏။ လေးပင်သောကိစ္စကြီးတစ်ရပ်က သူ့အတွေးများကို နောက်ကျိနေစေဖြင့် သူ့မှာ မည်သည့်အရာကိုမှ သဲသဲကွဲကွဲမမြင်ရတော့ဘဲ ဆုံးဖြတ်ရခက်နေပုံပေါ်သည်။

ထို့နောက် အပြင်သူပေါင်းများစွာကို ချုပ်ထားနိုင်သော ခဲကျုံစစ်။ ည၏နတ်ဘုရားစွမ်းရည်ကြောင့် အပြင်သူစစ်တပ်အနက် အစွမ်းထက်ဆုံးပညာရှင်များမှာ ရှေးခေတ်သို့ ဆွဲခေါ်ခံနေရလေသည်။

သူ၏မိတ်ဆွေအားလုံး သောကဝေဒနာခံစားနေရသည်ကို မြင်ရခြင်းက မန်ဟို့ကို တဆတ်ဆတ် တုန်လာစေသည်။ သူသည် မီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့် အလင်းပင်လယ်ထဲမှ ဝုန်းခနဲ ထွက်ကာ တိုက်ခိုက်ဖို့ ပြင်၏။ ခေါင်းကြီးကြီးကျင့်ကြံသူက သူ့အရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီး သူ၏အသွေးအသားခွန်အားအလုံးစုံဖြင့် ထိုးချလိုက်သည်။

ဘုန်းး။ မန်ဟိုမှာ တုန်ရီသွားသော်လည်း သူ၏တန်ပြန်တိုက်ကွက်ကလည်း ထိုနည်းတူ ပြင်းထန်သည်။ နှစ်ယောက်လုံး သွေးအန်လျက် နောက်ဆုတ်သွားကြ၏။

တစ်ချိန်တည်းမှာပင် အမျိုးသမီးပါရာဂွန်သည် မှော်ကျိန်စာတိုက်လိုက်ရာ အလင်းပင်လယ်သည် တဖွေးဖွေးလှုပ်လာပြီးနောက် မန်ဟို့ကို လွှမ်းခြုံလျက် ပေါက်ကွဲသွား၏။

“ဖြတ်သွားချင်တယ်ပေါ့လေ… စိတ်တောင်မကူးနဲ့” အမျိုးသမီးပါရာဂွန်က အေးစက်စက်ရယ်ရင်း နောက်ဆုတ်ကာ မုဒြာလက်ကွက်နှစ်ကွက်၍ အလင်းပင်လယ်အား ပြန့်ကားလာစေသည်။ အချိန်အနည်းငယ်ကြာသော် ၎င်းအတွင်းမှ မန်ဟို၏ဟိန်းဟောက်သံများကို ကြားလာရတော့သည်။

“မင်းက…. ဘယ်လိုနောက်ဆုတ်ရမလဲ မသိဘူးပဲ” ခေါင်းကြီးကြီးကျင့်ကြံသူက ဖြည်းညင်းစွာပြောသည်။

သို့‌သော် စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အလင်းပင်လယ်အတွင်းမှ အသံတစ်သံထွ်ကလာသည်။ ရုတ်တရက် ‌ဗုံကြီးတစ်လုံးအား တီးနေသကဲ့သို့ မြည်သံများအား ကြားလာရ၏။

ဒုန်း

ဒုန်း

ဒုန်း

ထိုအလင်းပင်လယ်အတွင်းထဲတွင် ဘီလူးကြီးတစ်ကောင် လမ်းလျှောက်နေသည့်အလားပင်။ ခုနစ်ကြိမ် ပဲ့တင်ထပ်ပြီး ထိုအသံသည် စကားလုံးများဖြင့် ဖော်ပြရခက်သောအဆင့်တစ်ခုသို့ ရောက်ရှိသွား၏။ ထို့နောက် ရောင်စုံအလင်းတန်းတစ်တန်း အလင်းပင်လယ်ထဲမှ ထွက်လာသည်။

၎င်းက မန်ဟိုမှတစ်ပါး အခြားမဟုတ်။

တစ်ကိုယ်လုံး သွေးတို့စိုရွှဲနေသော်လည်း သူထွက်လာသည့်အခါ ကြယ်တာရာကောင်းကင်မှာ တုန်ခါလာပြီး အရာအားလုံးကို အေးခဲပစ်တော့မည့်ပုံရသော အသတ်အဖြတ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ ခေါင်းကြီးကြီးကျင့်ကြံသူမှာ အံတင်းတင်းကြိတ်လျက် သူ၏ကျင့်ကြံအဆင့်ကို အပြည့်အဝလှည့်ပတ်ကာ မန်ဟို့ကို ပြေးတိုက်လိုက်သည်။

သူတို့နှစ်ယောက်ဝင်တိုက်သွားသည့်အသံ ဟိန်းထွက်လာစဉ်မှာပဲ အမျိုးသမီးပါရာဂွန်က ရုတ်တရက် လျှာထိပ်ကို ကိုက်၍ သွေးတချို့ထွေးသည်။ သူမလက်နှစ်ဖက်က လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်၍ ထူးဆန်းသောတာအိုမှော်အစွမ်းတစ်ခုက သွေးစက်များကို ပင်လယ်တစ်စင်းအသွင်ပြောင်းလိုက်သည်။ ထိုသွေးပင်လယ်က အလင်းပင်လယ်၏နောက်ရှိ ဒုတိယအတားအဆီးတစ်ခု ဖြစ်လာသည့်အခါ အကျိုးဆက်အနေဖြင့် သူမမှာ ရုတ်တရက် အိုမင်းသွား၏။

ခေါင်းကြီးကြီးကျင့်ကြံသူကို ဝင်တိုက်ပြီးနောက် မန်ဟိုက ထိုလူ့ကို ကျော်ဖြတ်ဖို့ မည်သည့်အန္တရာယ်မမှုဘဲ ပျံထွက်လာသော်လည်း သူ့လမ်းကို ပိတ်နေသော သွေးပင်လယ်တစ်စင်းကိုသာ တွေ့လိုက်ရတော့သည်။

ဝုန်းခနဲ မြည်ဟည်းသွားပြီး ပင်လယ်မှာ အုံကြွလှိုင်းထန်သွားသည်။ အမျိုးသမီးပါရာဂွန်သည် မချိတင်ကဲ အော်ဟစ်ကာ ဆံပင်များဖွာလန်ကြဲသွား၏။ သူမမှာ တုန်ရီနေပြီး သူမအရေပြားထက်တွင် ပွန်းပဲ့စုတ်ပြတ်ရာများ ဖုံးနေနေပြီ။ သို့သော် သွေးပင်လယ်က ဆက်ထိန်းထားပြီး မန်ဟို့ကို ဖြတ်သွားခွင့်မပေးသေး။

“နင် မသွားရဘူး” ပါရာဂွန်က စူးစူးဝါးဝါးအော်သည်။ မန်ဟိုမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် သွေးပင်လယ်ထဲတွင် ပိတ်မိနေ၏။ ထိုအခိုက်အတန့်တွင် သူက တွန့်ဆုတ်မနေဘဲ နေလေးကို ထုတ်ကာ မြားနှစ်စင်းပစ်လွှတ်ဖို့ သူ၏အသက်ဓာတ်များကို ဆင့်ခေါ်လိုက်သည်။

ပထမမြားသည် သွေးပင်လယ်ကို ခွင်းလျက် ပင်လယ်တစ်ဝက်ကျော်ကို ဖျက်စီး၏။ ဒုတိယမြားက အမျိုးသမီးပါရာဂွန်ထံ ပြေးဝင်လာရာ သူမက မျက်ပြူးဆန်ပြူးဖြင့် နောက်ဆုတ်သည်။ ဤအခြင်းအရာ မန်ဟို့ကို တားဖို့ ကြိုးစားနေသော ခေါင်းကြီးကြီးကျင့်ကြံသူကို အစီအစဉ်ပြောင်း၍ အမျိုးသမီးပါရာဂွန်ကို ကယ်တင်ဖို့ ရွေ့လျားသွားစေသည်။

ဤအရာအားလုံးသည် မီးတစ်ခတ်စာလေးအတွင်း ဖြစ်ပျက်သွားခဲ့၏။ မြားနှစ်စင်းတစ်ပြိုင်တည်း ပစ်လွှတ်ပြီးနောက် မန်ဟို့ခန္ဓာကိုယ်မှာ သိသိသာသာ ခြောက်ကပ်သွားသော်လည်း သူ၏မျက်လုံးများက ခိုင်မာပြတ်သားနေသည်။ မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ သူက ‌တောင်ကောင်းကင်ဂြိုဟ်ဆီ ရောက်ဖို့ အရှိန်အသားကုန်တင်လိုက်တော့သည်။

ကံဆိုးစွာ သူ နည်းနည်းနောက်ကျသွားခဲ့သည်။

တောင်ကောင်းကင်ဂြိုဟ်၏အပြင်၌ ဖန်ဝေသည် တဟားဟား ရယ်နေ၏။ သူ့မျက်လုံးများတွင် ရက်စက်မှု၊ ရူးမိုက်မှုနှင့် သတ်ဖြတ်လိုမှုတို့ ပြည့်နှက်တောက်ပနေသည်။ သူ့ညာလက်ရော၊ ဘယ်လက်ပါ ပြတ်သွားခဲ့သလို၊ ခြေနှစ်ချောင်းလုံးလည်း မရှိတော့ပေ။ သို့သော် ရင်ဘတ်ပိုင်းတော့ ရှိသေးသည်။

“ငါက ဖန်ဝေ။ ဝေ ဆိုတာက ကာကွယ်ဖို့ ၊ ဖန်မျိုးနွယ်စုကို ကာကွယ်ဖို့လို့ ဆိုလိုတယ်”

သူ သွေးရူးသွေးတန်း တိုက်ခိုက်နေစဉ် ကျန်ဖန်မျိုးနွယ်များသည် အပြင်သူများကိုပါ သေရွာခေါ်သွားဖို့ ခန္ဓာဖောက်ခွဲပစ်နေကြ၏။

မဟာအကြီးအကဲ တိုက်ပွဲကျသွားသည်။

ဖန်ယန်ရှီလည်း ဆံပင်စုတ်ဖွားနှင့် သွေးတို့ စိုရွှဲနေလျက် ရှိနေသည်။ သူက မာန်သွင်းဟစ်အော်ရင်း ခန္ဓာဖောက်ခွဲလိုက်သည်။

ရွေးချယ်ခံတစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်သည်။ တချို့က မန်ဟိုနှင့် ရင်းနှီးသည်၊ တချို့ကတော့ သူစိမ်းများဖြစ်သည်။ သို့သ်ော မသေခင် ကြွေးကြော်သွားသော သူတို့၏အသံများက ဓားများသဖွယ် မန်ဟို့နှလုံးသားကို ထိုးစိုက်နေ၏။

သူ့မိဘနှစ်ပါး ဒဏ်ရာရထားသည်။ ဖန်ယုလည်း ဒဏ်ရာရထားသည်။ ရှုချင်လည်း ထိခိုက်ထားသည်။ ချန်ဖန်းနှင့်စွန်းဟိုက်တို့မှာတော့ ဒဏ်ရာဒဏ်ချက်ဗလပွနှင့်။ နောက်ဆုံးလက်ကျန် အနက်ရောင်ချပ်ဝတ်ရုပ်သေးရုပ်များ ဖျက်စီးခံလိုက်ရသဖြင့် ပေါက်ကွဲသံများ တောင်ကောင်းကင်ဂြိုဟ်တွင် ပြည့်နှက်သွားသည်။

မရေမတွက်နိုင်သောအပြင်သူများ လီမျိုးနွယ်မန္တန်ဝင်္ကပါ၏ အသုတ်သင်ခံနေရစဉ် ဧကရာဇ်တန်သည် ခံပြင်းနာကြည်းစွာ ရယ်နေ၏။ မန္တန်ဝင်္ကပါကား ပျက်စီးပေတော့မည်။

“လီမျိုးနွယ်စုက လောကပါလမျိုးနွယ်စုတစ်စု” သူက ပြောသည်။ “ဟိုတုန်းက … ငါတို့ဟာ ဒီမန္တန်ဝင်္ကပါကို ဖန်ဆင်းဖို့ ငါတို့အသက်တွေကို စတေးခဲ့ကြရတယ်။ ဒီနေ့လည်း … ငါတို့ နောက်တစ်ကြိမ် စတေးမယ်။ တောင်ပင်လယ်လောကအတွက် သေမယ်

“ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ။ တောင်ပင်လယ်တွေအတွက် ရှင်မယ်။ တောင်ပင်လယ်အတွက် သေမယ်” ဧကရာဇ်တန် မန္တန်ဝင်္ကပါမှ လီမျိုးနွယ်သရဲများနှင့်အတူ ရန်သူများထံ ပြေးတက်နေစဉ် သူ၏ရယ်သံကြီးသည် ကျယ်သထက် ကျယ်လာ၏။

အသက်ရှိသောကျင့်ကြံသူတစ်ယောက်က သူ့မျိုးနွယ်စု၏သရဲများနှင့်အတူ အပြင်သူတစ်ယောက်ပြီးတစ်ယောက်ကို သုတ်သင်ကွပ်မျက်လျက် အပြင်သူစစ်တပ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

အဆုံးသတ်တွင် ဧကရာဇ်တန်၏ ပြတ်သားသောအသံကြီးသည် မိုးနှင့်မြေတွင် ပဲ့တင်ထပ်လာ၏။

“ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ။ တောင်ပင်လယ်တွေအတွက် ရှင်တယ်၊ တောင်ပင်လယ်တွေအတွက် သေတယ်”

အုန်းးးးးးးး

သူ ခန္ဓာဖောက်ခွဲဖို့ ရွေးချယ်လိုက်သည့်အခါ လီမျိုးနွယ်စု၏ ‌နောက်ဆုံးသောသက်ရှိကျင့်ကြံသူ ပေါက်ကွဲခဲ့ချေပြီ။ ထို့နောက် သရဲများလည်း .. ပေါက်ကွဲသွားသည်။ အမှန်တွင် သရဲများကိုယ်တိုင်က ခန္ဓာဖောက်ခွဲဖို့ မရွေးချယ်နိုင်။ ပေါက်ကွဲနေသည်ကား … တောင်ကောင်းကင်ဂြိုဟ်၏မန္တန်ဝင်္ကပါပင်။

လီမျိုးနွယ်သရဲများ၊ တောင်ကောင်းကင်ဂြိုဟ်၏ မရဏဝင်္ကပါ …. ပေါက်ကွဲနေချေပြီ။

မန္တန်ဝင်္ကပါက မြေပြင်အားလုံးကို လှုပ်ခတ်တုန်ရီစေလျက် လေမိုးတိမ်အားလုံးကို ဖယ်ရှားပစ်လိုက်သည့် တုန်ခါလှိုင်းတစ်လှိုင်းအား ဖြန့်ကျက်လျက်လိုက်သည်။

မန္တန်ဝင်္ကပါမှာတော့ မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်နှင့် အရပ်‌လေးမျက်နှာတွင် သောင်းကျန်းတိုက်ခတ်သွားသည့် လေမုန်တိုင်းတစ်လုံးဖြစ်လာ၏။ စစ်တပ်ထဲရှိ အပြင်သူများမှာ အံ့အားသင့်နေကြပြီး ထိုအံ့အားသင့်နေသောအမူအရာများက သူတို့၏မျက်နှာပေါ်တွင် ပေါ်လာနိုင်သည့် နောက်ဆုံးအမူအရာများ ဖြစ်သွားခဲ့သည်။

အားလှိုင်းက အပြင်သူတစ်ယောက်ပြီးတစ်ယောက်အား ပြာကျသွားစေသည်။ ပေါက်ကွဲမှုကြီးသည် တိုက်ခိုက်နေသောလူအားလုံးကို လှမ်းကြည့်မိလိုက်စေ၏။

အပြင်သူများ၊ တောင်ပင်လယ်ကျင့်ကြံသူများ၊ မည်သူမဆို လှမ်းမကြည့်မိဘဲ မနေပေ။

သူတို့မြင်လိုက်ရသည်မှာတော့ စက်ကွင်းကြီးသဖွယ် ဖြာထွက်လာသော မန္တန်ဝင်္ကပါ၏ တုန်ခါလှိုင်းကြီးကိုပင်။ ထိုလှိုင်းကြီးက တောင်ကောင်းကင်ဂြိုဟ်ပတ်ဝန်းကျင်ရှိ အပြင်သူလေးဆယ်ရာခိုင်နှုန်းကျော်ကို သုတ်သင်နေသည်။

လီမျိုးနွယ်စုသည် ပါရာဂွန်အင်မော်တယ်လောက၏ မူလတိုက်ပွဲမှာတုန်းက ဝင်ရောက်တိုက်ခဲ့သော သစ္စာရှိအင်အားစုများထဲမှ အင်အားစု၊ လောကပါမျိုးနွယ်စုတစ်စု ဖြစ်၏။ သူတို့က တောင်ပင်လယ်လောကကို ကာကွယ်မည်ဟု သစ္စာဆိုခဲ့ကြပြီး ယနေ့တွင်လည်း နှစ်သန်းပေါင်းများစွာ မပျက်ပြားခဲ့သည့် သူတို့၏သစ္စာအဓိဌာန်အတိုင်း ပြုမူခဲ့လေပြီ။

မျိုးနွယ်ဝင်တစ်ဦးတစ်ယောက်စီတိုင်း သေဆုံးသွားပြီဖြစ်ရာ … သွေးဆက်၏ဆက်ခံသူတစ်ယောက်မှ မကျန်တော့ပေ။

တောင်ပင်လယ်ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် ပူဆွေးသောကလှိုင်းတို့ ထန်လာတော့သည်။

“ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ။ တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်” ဤစကားလုံးများသည် သူတို့၏စိတ်ထဲတွင် ပဲ့တင်ထပ်လျက် စွဲထင်ကျန်ရစ်ခဲ့၏။

All Chapters