ငါ့အနောက်မှာနေကြ
Vol. 100 Ch. 1398
တောင်ကောင်းကင်ဂြိုဟ်၏အပြင်၌ အပြင်သူသန်းပေါင်းများစွာ ရှိနေသေးသည်။ သူတို့သည် တုန်ခါလှိုင်းဒဏ်မှ လွတ်မြောက်ပြီးနောက် ကြောက်ဒူးတုန်နေကြလေသည်။ ထိုဖြစ်ရပ်မှာ သူတို့ ဘယ်တော့မှ မမေ့တော့မည့် အရာပင်။
သို့သော် …ယခုတွင် မန္တန်ဝင်္ကပါမရှိတော့၍ တောင်ကောင်းကင်ဂြိုဟ်မှာ … အကာအကွယ်အားလုံး ဆုံးရှုံးလိုက်ရလေပြီ။ တဖြည်းဖြည်း အပြင်သူများ၏မျက်လုံးများသည် နီရဲတောက်လာ၏။ မည်သူက စ၍ ချီတက်သွားလဲ မပြောတတ်သော်လည်း မကြာမီ စစ်တပ်တစ်တပ်လုံးက တောင်ကောင်းကင်းဂြိုဟ်ထံ ပြုံတိုးပြေးတက်သွားကြလေပြီ။
ဤအခိုက်အတန့်တွင် ကြယ်တာရာကောင်းကင်၏ထိပ်ဆုံး၊ ကောင်းကင်ဘုံ ၃၃ ဘုံ တည်ရှိခဲ့သည့်နေရာတွင် တောက်ဖန် ဆင်းသက်လာပြီးကတည်းက တိတ်ဆိတ်နေခဲ့၏။ သို့သော် ထိုနေရာရှိ အသတ်အဖြတ်စိတ်ဆန္ဒတစ်ခု တိုးဝင်လာနေသကဲ့သို့ ကြယ်တာရာကောင်းကင်မှာ ရှုံ့တွစပြုနေလေပြီ။
တောင်ပင်လယ်လောကကို စိုးမိုးထားသည့် ကြယ်တာရာကောင်းကင်၏အစပ်၊ အာကာပြင်ကျယ်ကြီး၏ အမည်မသိနေရာတစ်နေရာတွင် … ဧရာမမြေထုကြီးတစ်ခုသည် ၎င်းလမ်းရှိ မည်သည့်အရာကိုမဆို တိုက်ခွင်းလျက် လာနေ၏။
ထိုမြေထုကြီးကို ဆွဲနေသည်ကတော့ … လင်းလက်တောက်ပနေသော နေကြီးကိုးစင်းပင်။
သူတို့ လာနေချေပြီ။
တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် မန္တန်ဝင်္ကပါ၏အကြွင်းအကျန်များ မှေးမှိန်ပျောက်ကွယ်နေသည်။ အပြင်သူသန်းပေါင်းများစွာက စုပြုံရောက်ရှိလာသဖြင့် ဂြိုဟ်၏မျက်နှာပြင်ထက်တွင် အကွဲကြောင်းများ၊ ပက်ကြားအက်များ စတင်ပေါ်ပေါက်လာ၏။
တောင်ကောင်းကင်ဂြိုဟ်မှာ ပြိုကွဲပျက်စီးဖို့ တဲတဲကလေးသာ လိုပေတော့သည်။
ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံး သွေးအန်နေရပြီး ကောင်းကင်ထက်တွင် မရေမတွက်နိုင်သောကျင့်ကြံသူများ ပေါ်လာကာ ယုတ်မာရက်စက်စွာ တိုက်ခိုက်ကြသည်။ အခြေအနေကို ကြည့်ရခြင်းအားဖြင့် .. တောင်ကောင်းကင်ဂြိုဟ်သူဂြိုဟ်သားတို့မှာ အပြင်သူများ၏အရိပ်များအောက်တွင် တည်ရှိနေသကဲ့သို့ ဖြစ်နေသည်။
တောင်ကောင်းကင်ဂြိုဟ်မှာ အင်မတန်ကျဉ်းထဲကြပ်ထဲ ရောက်နေလေပြီ။ ဓားပျံပေါင်းများစွာဖြင့် အစိုက်ခံလိုက်ရသဖြင့် ဖန်ရှုံ့ဖုန်းမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ မန်ဟိုမှာ ထိုအဖြစ်ပျက်ကို မြင်လျှင် တစ်ကမ္ဘာလုံး ရပ်တန့်သွားသလို ခံစားလိုက်ရ၏။
သူ သွေးပင်လယ်ထဲမှ ရုန်းထွက်လာသည့်အချိန်မှာပင် ဤမြင်ကွင်းများက သူ့မျက်ဝန်းထဲတွင် ပြည့်နှက်လာသည်။
“မလုပ်နဲ့” သူက မျက်လုံးများနီရဲနေလျက် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ အပြင်သူစစ်တပ်ကို ထိုးဖောက်သွားသော လမ်းတစ်လမ်းအား ဖန်တီးလိုက်သည်။ မရေမတွက်နိုင်သောအပြင်သူများမှာ သွေးပျက်စွာအော်ရင်း မီးလောင်ပြာကျကုန်သည်။
မန်ဟိုသည် သူဖန်တီးခဲ့သော လမ်းတစ်လျှောက် ဝုန်းဒိုင်းကြဲ ပျံသန်း၍ တောင်ကောင်းကင်ဂြိုဟ်ထံ ရောက်ရှိလာပြီး ဓားပျံများဖြင့် အစိုက်ခံလိုက်ရပြီးနောက် လဲကျနေသော သူ့အဖေကို အချိန်မှီပွေ့လိုက်နိုင်၏။
တစ်ချိန်တည်းမှာပင် သူက အောက်ရှိမြေပြင်များအား လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။
အုန်းးးးးးးးးးးးးးး
မြေကြီးသည် တသိမ့်သိမ့်တုန်သွားသည့်တိုင် မပျက်စီးသွားဘဲ စွမ်းအားက ပြန်ကန်၍ အပြင်သူများကို ရိုက်ခတ်သွားသည်။ အားလှိုင်း၏ရိုက်ခတ်မှုက သူတို့ကို ပေါက်ကွဲသွားစေသဖြင့် အပြင်သူများ၏အော်သံများ စီစီညံသွားသည်။
ချက်ချင်းပင် မိုးနှင့်မြေတစ်ခုလုံးတွင် အပြင်သူသွေးများ မိုးသဖွယ် ရွာကျလာ၏။
ခပ်ဝေးဝေး၌သာ ရှိသေးသော အပြင်သူများမှာ ပင့်သက်ရှိုက်မိလိုက်ကြသည်။ သူတို့သည် မန်ဟို့ကို ကြည့်ရင်း ရှေ့ဆက်မတက်ရဲတော့သဖြင့် နောက်ဆုတ်သွားကြ၏။
မန်ဟို့ဆံပင်များက လွင့်လူဝဲပျံနေသည်။ သူသည် အရာအားလုံးကို မှောင်မိုက်သွားစေလောက်အောင် အလွန်ပြင်းထန်သော လူသတ်ငွေ့များဖြင့် ပေါက်ကွဲနေသော မီးတောင်ကြီးအလားပင်။
ဖန်ရှုံ့ဖုန်းမှာ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ။ မန်ဟို ရောက်လာသည်ကို မြင်သည့်အခါ သူက ပြုံးသည်။ အပြုံးတွင် နွေးထွေးမှု၊ ဂုဏ်ယူမှုနှင့် ဝမ်းမြောက်မှုတို့ ပြည့်နှက်နေ၏။
မန်ဟို၏ရောက်ရှိလာမှုက ဖန်မျိုးနွယ်ဝင်များနှင့် တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများကို စိတ်လှုပ်ရှားလာစေ၍ သူတို့မှာ ဝမ်းသာအားရ အော်ကြတော့သည်။
“မန်ဟို”
“အိမ်ရှေ့မင်းသား”
“အိမ်ရှေ့မင်းသား ပြန်လာပြီ” မရေမတွက်နိုင်သော ကြွေးကြော်သံများ ပဲ့တင်ထပ်သွားသည်။ မန်လီသည် မန်ဟို့လက်ထဲမှ ဖန်ရှုံးဖုန်းကို ကူတွဲပေးရင်း မျက်ရည်များစီးကျနေ၏။ မန်ဟို့အတွက် ပူဆွေးနေရန် အချိန်မရှိပေ၊ ရှုချင်၊ ဖက်တီး၊ ချန်ဖန်း၊ စွန်းဟိုက်နှင့် သူ့အစ်မဖန်ယုတို့၏ နီရဲနေသောမျက်လုံးများ၊ သူတို့တစ်ကိုယ်လုံး ဖုံးလွှမ်းနေသော ဒဏ်ရာဒဏ်ချက်များကို မြင်လျှင် မန်ဟို့ဒေါသသည် ပို၍မြင့်မားပြင်းထန်သွားတော့၏။
သူက စကားတစ်ခွန်းမဆိုဘဲ ချာခနဲလှည့်၍ သူ၏မှော်သိုင်းကွက်များ၊ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်သည်။ ပါရာဂွန်တံတားက ဝုန်းခနဲ ကျလာပြီး တောင်ဝါးမြိုမန္တန်က တောင်ပေါင်းများစွာကို ပေါ်လာစေသည်။ အနီးပတ်ဝန်းကျင်ရှိ အပြင်သူများမှာ မရှောင်နိုင်ပေ။ သူတို့၏ကျင့်ကြံအဆင့်နှင့် မန်ဟို၏ကျင့်ကြံအဆင့် ကွာခြားမှုက အစုလိုက်အပြုံလိုက်သေကြေမှုကို ဖြစ်ပွားစေသည်။
မန်ဟိုမှာ ရူးသွပ်သွားသည့်အလား မြင်မြင်ရာမှန်သမျှ သတ်ဖြတ်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် ခေါင်းကြီးကြီးကျင့်ကြံသူနှင့် အမျိုးသမီးပါရာဂွန်လည်း အမြန်ဆုံးလာနေချေပြီ။ ပါရာဂွန်က မုန်းတီးနေသောမျက်လုံးများဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူမငယ်ထိပ်သူမ ရိုက်လိုက်သည်။ ချက်ချင်းပင် ခရမ်းရောင်ပုလဲတစ်လုံးက သူမပါးစပ်မှထွက်လာကာ ခရမ်းရောင်ပင်လယ်တစ်စင်း အသွင်ပြောင်းသွားသည်။
ခေါင်းကြီးကြီးကျင့်ကြံသူက မျက်မှောင်ကြုတ်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ အလွန်ပြင်းထန်သောစွမ်းအားကို ထုတ်လွှတ်လျက် ပုံပျက်ရှုံ့တွလာသည်။ ထိုစွမ်းအားသည် မန်ဟို့ထံ ပြေးဝင်သွားသော ခရမ်းရောင်ပင်လယ်နှင့် တစ်သားတည်းဖြစ်သွား၏။
မန်ဟိုက ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် နေလေးကို မြှောက်၍ မြှားတစ်စင်း ပစ်ခွင်းလိုက်သည်။
မြားသုံးစင်းပစ်ခြင်းက သူ့အား သွေးအန်လိုက်ရစေပြီး အသက်စွမ်းအားများစွာ ဆုံးရှုံးလိုက်ရစေသည်။ ပထမမြားသည် နဂါးတစ်ကောင်လို ခေါင်းကြီးကြီးကျင့်ကြံသူထံ ပြေးဝင်သွားပြီး ၎င်း သူ့ကို ထိမှန်သွားသောအခါ သူ့မှာ သွေးအန်လျက် လွင့်ထွက်သွားတော့သည်။ တစ်ဆက်တည်းမှာပင် ဒုတိယမြားသည် သူ့ထံ ချဉ်းကပ်လာ၏။
တတိယမြားက ခရမ်းရောင်ပင်လယ်ကို ခွင်းလျက် အမျိုးသမီးပါရာဂွန်ထံ ဦးတည်နေသည်။ သူမ၏မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းကြီးကြီးကျင့်ကြံသူမှာလည်း မြားနှစ်စင်းနှင့် ဒုက္ခရောက်နေ၍ သူမကို မကယ်နိုင်လေရာ … သူမသည် အံတင်းတင်းကြိတ်လျက် မြားအား သူမကို စိုက်ခွင့်ပေးလိုက်သည်။ ချက်ချင်းပင် သူမ၏ခန္ဓာကိုယ် ပေါက်ကွဲသွား၏။
သို့သော် မသေသေး။ ပေါက်ကွဲပြီးနောက် သူမသည် မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် ပြန်ပေါ်လာပြီး သူမမျက်ဝန်းထဲရှိ မန်ဟို့အပေါ် မုန်းတီးမှုက ပို၍ပင်အဆိပ်ပြင်းလာတော့သည်။
“ငါ နင့်ကို အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ်” သူမက စူးစူးဝါးဝါး အော်သည်။ သူမ ယခုလေးတင် အသုံးပြုခဲ့သော အသက်ကယ်မှော်အစွမ်းသည် အလကားသုံးမရပေ။ တန်ဖိုးအနေဖြင့် အနှစ်သာရ ၈ ခု ကျင့်ကြံခြင်းအခြေခံအား သူမ ဘယ်တော့မှ ပြန်ရတော့မည်မဟုတ်ပေ။
ကိုယ်ထဲ စိုက်ဝင်နေခဲ့သည့် ဆူးသုံးဆူးကြောင့် သူမမှာ အနှစ်သာရ ၈ ခုအဆင့်သို့ ပြန်တက်ဖို့ ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေပြီးသားဖြစ်သည်။ သို့သော် ယခုလေးတင် အသုံးပြုခဲ့သော အသက်ကယ်မှော်အစွမ်းက သူမ၏တာအိုအခြေကို ပျက်စီးစေခဲ့၍ ဘယ်တော့မှ ပြန်တက်နိုင်တော့မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ခေါင်းကြီးကြီးကျင့်ကြံသူ၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ ဒုတိယမြားကို ခုခံပြီးနောက် သူ့ကိုယ်တစ်ပိုင်း ပြတ်ထွက်သွားခဲ့သော်လည်း လျင်မြန်စွာ ပြန်ဆက်လာ၏။ တစ်ဆက်တည်းမှာပင် အနီးနားရှိ အပြင်သူထောင်ပေါင်းများစွာကို အပိုင်းပိုင်းစုတ်ပြတ်သွားစေသော ဆွဲအားတစ်ရပ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူက သူတို့ကို စုပ်ယူ၍ အင်အားအထွတ်အထိပ်သို့ ပြန်ရောက်သွားသည်။
“မင်း အဲဒီမြားတွေကို ထပ်မသုံးနိုင်တော့ဘူး” သူက ပြောသည်။ “ငါ မင်းကို ဒီနေ့မသတ်ချင်ပေမယ့် ငါတို့နှစ်ယောက်က ရပ်တည်တဲ့ဘက်ချင်းမှ မတူတာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ” တခဏကြာသော် ခေါင်းကြီးကြီးကျင့်ကြံသူသည် သက်ပြင်းချပြီးနောက် မန်ဟို့ထံ လျှောက်လာ၏။
အမျိုးသမီးပါရာဂွန်၏ဆံပင်များ စုတ်ဖွာနေပြီး သူမရင်ထဲတွင် မုန်းတီးစိတ်များ လောင်မြိုက်နေသည်။ သူမက နဖူးကို ထပ်ရိုက်၍ အတွင်းကလီစာများ ရောထွေးနေသော သွေးတစ်လုပ်ကို ထွေးလိုက်သည်။ သွေးသည် သူမ ဖန်ဆင်းခဲ့သော ပင်လယ်တိုင်းထက် အင်အားကြီးမားသော တိုက်စားဖျက်စီးတတ်သည့် အက်စစ်သွေးပင်လယ်တစ်စင်း လျင်မြန်စွာ ဖြစ်လာ၏။
အံ့ဩဖွယ်ကောင်းစွာနှင့် သူမသည် သွေးပင်လယ်ထဲသို့ ချုပ်နှောင်ခံထားရသော သူမ၏အနှစ်သာရတချို့ပင် ထည့်ပေးနိုင်လိုက်ရာ … ပင်လယ်တွင် အနှစ်သာရ ၈ ခုအဆင့်စွမ်းအားတို့ ပြည့်ဝလာတော့သည်။
ပုံမှန်ဆိုလျှင် ကောင်းကင်ဘုံ ၃၃ ဘုံ စစ်ရှုံးရလျှင်တောင်မှ သူမ ထိုသို့လုပ်မည်မဟုတ်ပေ။ သူမဂရုအစိုက်ဆုံးက သူမသာဖြစ်ပြီး လွတ်လမ်းရှိသရွေ့ ပြေးဦးမည်သာဖြစ်သည်။ သို့သ်ော ယခုတွင် သူမ၏တာအိုအခြေမှာ ကျိုးပျက်သွားခဲ့ရာ အနှစ်သာရ ၈ ခု အဆင့်သို့ ဘယ်တော့မှ ပြန်မတက်နိုင်တော့ပေ။ မုန်းတီးမှုက ရူးလောက်အောင် ပြင်းထန်လာ၍ သူမသည် အနှစ်သာရ ၈ ခု နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်ဖို့လေးအတွက် …. ချုပ်နှောင်ခံထားရသော အနှစ်သာရကို ထွေးထုတ်ဖို့ ဝန်မလေးတော့ပေ။
“နင့်နှလုံးသား အတိုက်စားခံရပါစေ၊ နင့်တာအိုအခြေလည်း ပျက်စီးပါစေ၊ ငါ့အသက်စွမ်းအားက နင့်ရဲ့သွေးကို စုပ်ယူပြီး နင့်ဝိညာဉ်ု ထာဝရပျောက်ကွယ်ပါစေသား
“နင်တစ်ယောက်တည်းမဟုတ်ဘူး။ နင့်တစ်မျိုးနွယ်လုံး အသေဆိုးနဲ့သေပါစေ။ အဲဒီသောက်ဖြစ်မရှိတဲ့ ကောင်းကင်ဖျက်စီးကျမ်းဆရာက နင်တို့တွေနဲ့ သွေးသားတော်စပ်နေတာ ငါ မသိဘူးမှတ်နေလား” ယင်းက မန်ဟိုနှင့် ဖန်မျိုးနွယ်စုကို သူမမုန်းတီးရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည်နှင့် အက်စစ်သွေးပင်လယ်က မန်ဟို့ကို ရှောင်ခွင့်မပေးဘဲ ပြေးဝင်လာသည်။
မန်ဟိုက ကျင့်ကြံခြင်းအခြေခံစွမ်းအား အလုံးစုံထုတ်သည့်တိုင် သွေးပင်လယ်ကို ဘာမှမလုပ်နိုင်ပေ။ ပါရာဂွန်တံတားနှင့် သူ၏ချုပ်နှောင်မှော်အစွမ်းအားလုံးပင်လျှင် ၎င်း သူ၏မွှေးညင်းပေါက်များထဲ စိမ့်ဝင်မသွားအောင် မတားနိုင်။
ပြင်းထန်သောနာကျင်မှုက သူ့ကို သွေးပျက်စွာ အော်ဟစ်မိစေသည်။ သူ့မျက်လုံးများ ပြူးထွက်လာပြီး အပြာရောင်သွေးကြောကြီးများ မျက်နှာတစ်လျှောက်လုံး ဖောင်းကြွလာ၏။ သို့သော် အမျိုးသမီးပါရာဂွန်မှ ဤနတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်ဖို့ များစွာပေးဆပ်ခဲ့ရသည့်အတွက် သူ့အနေဖြင့် ၎င်းကို မယှဉ်နိုင်သည်သာ။
တိုက်စားဖျက်စီးတတ်သော သွေးတို့က သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးအထဲ စိမ့်ဝင်သွားသည်။ ချက်ချင်းပင် ၎င်းသည် သူ့သွေးကို စုပ်ယူ၍ သူ့နှလုံးသားကို တိုက်ခိုက်ကာ သူ၏ကလီစာများကို ချေဖျက်ပစ်တော့သည်။
သူသည် ထိခိုက်အားနည်းနေပြီးသားဖြစ်သော်လည်း ယခုတွင် ပို၍ပင်ပြင်းပြင်းထန်ထန် တုန်ရီနေပြီး သတိလစ်ချင်လာသည်။ သူ့မှာ စိတ်ဆောင်နေ၍သာ ရပ်နေနိုင်ပုံပေါ်၏။ စိတ်ထဲတွင် တိုက်စားမှုဒဏ်ကြောင့် သူ့မှာ ငရဲခံနေရသလို အော်ဟစ်ရုန်းကန်နေရလေသည်။
“တစ်ယောက်မကျန်သတ်ပစ်” အမျိုးသမီးပါရာဂွန်က ပြောသည်။ ထို့နောက် သူမသည် သွေးတစ်ပွက်အန်၍ တင်ပျဉ်ခွေထိုင်ရင်း သူမ၏နတ်ဘုရားအာရုံဖြင့် မန်ဟို့ကိုယ်ထဲရှိ တိုက်စားဖျက်စီးတတ်သောသွေးကို ခြယ်လှယ်နေသည်။ သူမကား သူ့ကို သုတ်သင်ဖို့ စိတ်ပိုင်းဖြတ်ထား၏။
သိသိသာသာပင် သူမသည် ကောင်းကင်ဖျက်စီးကျမ်းဆရာအပေါ် မုန်းတီးမှုကို ဖန်မျိုးနွယ်စုတစ်စုလုံးအပေါ် ပုံချပေါက်ကွဲချင်နေ၏။ ထိုအမုန်းတရားနှင့် မန်ဟို သူမကို ဒဏ်ရာအပြင်းအထန် ရစေခဲ့မှုက … သူ၏တာအိုအခြေကို ဖျက်စီးလိုစိတ်တို့ ပြင်းထန်နေစေသည်။
အပြင်သူစစ်တပ်ကြီးက တိုက်ခိုက်ဖို့ နောက်တစ်ဖန် ချီတက်သွားသဖြင့် စစ်ငြာသံများ ဟိန်းထွက်လာသည်။
ခေါင်းကြီးကြီးကျင့်ကြံသူက သက်ပြင်းခိုးချပြီး ဘာမှမလုပ်ပေ။ သူသည် ဖြစ်ပျက်နေသောအရာအားလုံးကို စောင့်ကြည့်ရင်း ဘေး၌ရပ်နေ၏။ သူ့မျက်ဝန်းများမှာ ဤစစ်ကြီးကို တိုက်ခဲ့သင့်သလား၊ မတိုက်ခိုက်ခဲ့သင့်သလား စဉ်းစားရင်း တွေဝေနေပုံရသည်။
တောင်ကောင်းကင်ဂြိုဟ်၏အပြင်၊ နဝမတောင်အနားတွင် တောင်ပင်လယ်ကျင့်ကြံသူများသည် ခန္ဓာဖောက်ခွဲသူကဖောက်ခွဲ၊ သေသူကသေဖြစ်နေကြ၏။ သူတို့အားလုံးမှာ နဝမတောင်သို့ ဦးတည်နေသောအပြင်သူစစ်တပ်ကြီး၏ တွန်းထုတ်ခြင်းခံနေရလေသည်။
နဝမတောင်သည် မရေမတွက်နိုင်သော ပက်ကြားအက်များဖြင့် ပျက်စီးတော့မည့်အလား တုန်ခါလျက်ရှိ၏။
တောင်ပင်လယ်လောကမှာ … ပြိုကျနေသော တောင်တစ်လုံး … ကြေမွနေသော ဂြိုဟ်တစ်လုံးဖြင့်သာ ကျန်ခဲ့တော့သည်။
အမျိုးသမီးပါရာဂွန်က သူ့တာအိုကို တိုက်စားဖို့ ကိုယ်တိုင်ကြိုးစားနေသဖြင့် မန်ဟိုမှာ တောင်ကောင်းကင်ဂြိုဟ်အထက်ရှိ ကောင်းကင်ထဲတွင် တဆတ်ဆတ် တုန်နေသည်။ သူ့သွေးမှာ လောင်ကျွမ်းနေသည်နှင့်အမျှ သူ့မှာ သတိလစ်လာ၏။ သူ့ကျင့်ကြံခြင်းအခြေခံပင် ကျဆင်းလာသည်။
မန်ဟိုသည် ခါးသီးစွာ ရယ်ရင်း အသားတစ်များပြည့်နေသော အနက်ရောင်သွေးတစ်လုပ်ကို ထွေးလိုက်သည်။
သူက အံတင်းတင်းကြိတ်ရင်း သူ၏သွေးသောက်ရဲဘော်များကို ကြည့်ပြီးနောက် လက်ကျန်ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ သူတို့ကို ပြောသည်။
“ငါ့အနောက်မှာနေကြ”