မူလကလန်
Vol. 94 Ch. 1291
ခြင်သားရဲဘုရင်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ခပ်ဖျော့ဖျော့ရွှေရောင်အလင်းက ဤဧရိယာကို ထွေးခြုံလာသည်။ ဖိအားတစ်ခုက ခြင်သားရဲထောင်ချီကို ဝန်းရံလျက် ၎င်းတို့မှာ ဘုရင်အသစ်မွေးဖွားလာခြင်းကို မျက်မြင်တွေ့ရပေသည်။
အနီရောင်ခြင်သားရဲများက ပထမဆုံး အညံ့ခံလာကြသည်။ အပြာရောင်ခြင်သားရဲရာချီ၏မျက်လုံးများထဲတွင်တော့ ရုန်းကန်လိုမှု အရိပ်အယောင် ရှိနေ၏။ သို့သော် ခြင်သားရဲဘုရင်၏ဖိအား ပျံ့နှံ့လာချိန်တွင်မူ ၎င်းတို့သည်လည်း နာခံလာကြသည်။
အခက်ခဲဆုံးက အဖြူရောင်ခြင်သားရဲနှစ်ကောင်ပင်။ ထိုခြင်သားရဲများက ဝမ်လင်း၏ခြင်သားရဲဘုရင်ကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်း၏ခြင်သားရဲဘုရင်က ၎င်း၏ဖိအားကို မည်မျှပင် စေလွှတ်နေပါစေ ၎င်းတို့၏အကြည့်သည် အေးစက်နေဆဲပင်။
ဝမ်လင်း၏ခြင်သားရဲက ကြမ်းကြုတ်ရက်စက်သော အကြည့်ကို ထုတ်ဖော်ကာ စူးစူးရှရှအသံ ထုတ်ဖော်၏။ ခြင်သားရဲအားလုံး၏အကြည့်မှာ အဖြူရောင်ခြင်သားရဲနှစ်ကောင်ပေါ်သို့ စုဝေးလာပြီးနောက် ရန်လိုသောအကြည့်အဖြစ် ပြောင်းလဲသည်။
အဖြူရောင်ခြင်သားရဲနှစ်ကောင်က ထိတ်လန့်တကြား အော်သံ ပြု၏။ ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့သော တစ်ကောင်ဆို တုန်ယင်ကာ ၎င်း၏မျက်လုံးထဲကနေ နတ်ဆိုးဆန်သောအလင်းကို ထုတ်ဖော်သည်။ ၎င်း၏ခန္ဓာကိုယ်မှ အဖျက်အစီးအော်ရာတစ်ခု ပျံ့နှံ့လာကာ ချက်ခြင်းပင် ၎င်း၏ခန္ဓာကိုယ်မှာ ပျက်စီးသွားတော့သည်။
သွေးမြူများ ကောင်းကင်တစ်ခွင်သို့ ပျံ့နှံ့၏။ ၎င်းခြင်သားရဲ ပျက်စီးသွားသည့်အခါ အခြားအဖြူရောင်ခြင်သားရဲကလည်း သေဆုံးရန် ရွေးချယ်၏။ ၎င်းသည်လည်း သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားသည်။ ယင်းခြင်သားရဲနှစ်ကောင်က အမိန့်နာခံမည့်အစား သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည်။
ထိုအဖြူရောင်ခြင်သားရဲနှစ်ကောင်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများနှင့် အဆင့်တူ၏။ ထို့ကြောင့် သူတို့၏ပေါက်ကွဲမှုသည် ပြင်းထန်သောတုန်ခါလှိုင်းကို ဖြစ်ပွားသွားစေသည်။ တောင်အောက်ရှိ ကျောက်တုံးများကြား ပုန်းနေသော စု့န်လောဟိုင်က ရုတ်တရက် မျက်မှောင်ကြုတ်သည်။
“အချိန်ကြပြီ…” သူ့လောဘက သူ့သိမြင်နိုင်စွမ်းကို ဖုံးလွှမ်းသွားခဲ့ပေသည်။ အထူးသဖြင့် အသစ်ဖြစ်လာသည့် ခြင်သားရဲဘုရင်က ကျင့်ကြံသူတစ်ယောက်၏မူလစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတာ မြင်လိုက်ရချိန်တွင်ပင်။
သူ့အမြင်၌ ထိုမူလစိတ်ဝိညာဉ်သည် ကျင့်ကြံသူတစ်ယောက်က သူ့ခန္ဓာကိုယ်ဆုံးရှုံး၍ မထင်မှတ်စွာ ခြင်သားရဲဘုရင်နှင့် ပေါင်းစပ်သွားခြင်းပင်။ ၎င်းမှာ အလွန်ထူးခြားသည့်တည်ရှိမှုတစ်ခု ဖြစ်ပေ၏။
သူ့အနေနှင့် ထိုကဲ့သို့အဖြစ်မျိုးကို ပထမဆုံးတွေ့ကြုံရခြင်းပင်။ သူ့စိတ်ထဲ၌ ခြင်သားရဲဘုရင်အသစ်မှာ ကျင့်ကြံသူတစ်ယောက်ပင်။ ခြင်သားရဲဘုရင်တစ်ကောင်ကို ထိန်းချုပ်ဖို့က ခက်ခဲလွန်းလှ၏။ သို့သော် ခြင်သားရဲဘုရင်နှင့် ပေါင်းစပ်နေသော ကျင့်ကြံသူတစ်ယောက်၏မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ဖို့ကတော့ သိပ်မခက်ခဲသင့်တော့ပေ။
သူ့စိတ်ထဲတွင် ထိုကဲ့သို့ တွေးမိကာ ဤအခွင့်အရေးကို လက်မလွှတ်နိုင်တော့ပေ။ သို့သော် အပြာရောင်ခြင်သားရဲရာချီ၊ အနီရောင်ခြင်သားရဲထောင်ချီနှင့် အဖြူရောင်ခြင်သားရဲနှစ်ကောင်တို့က သူ့ကို ထွက်မလာဝံ့အောင် ဖြစ်စေခဲ့၏။
သို့သော်လည်း အဖြူရောင်ခြင်သားရဲနှစ်ကောင်၏ ပေါက်ကွဲမှုအားက အပြာရောင်နှင့်အနီရောင်ခြင်သားရဲများစွာကို လွင့်ထွက်သွားစေသည့်အတွက် သူ့စိတ်နှလုံးမှာ လှုပ်ရှားရသည်။
“ဒီမူလစိတ်ဝိညာဉ်က သိပ်မသန်မာဘူး။ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်လောက်ပဲ ဖြစ်မယ်။ ငါသာ ဒီခြင်သားရဲဘုရင်အတွင်းက ဒီမူလစိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ခဲ့ရင် ခြင်သားရဲဘုရင်ကိုလည်း ငါ ထိန်းချုပ်နိုင်မှာ…”
စု့န်လောဟိုင်က အံတင်းတင်းကြိတ်၏။ သူ့ခန္ဓာကိုယ်အတွင်းမှ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူက ရုတ်တရက် ကျောက်တုံးများကြားကနေ ထိုးထွက်ကာ အလင်းတန်းအလား ရွှေ့လျားလာခဲ့သည်။ သူက အဖြူရောင်ခြင်သားရဲနှစ်ကောင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်သော တုန်ခါလှိုင်းကို ဖြတ်၍ ဝမ်လင်း၏ခြင်သားရဲဘုရင်ထံ တိုးဝင်လာချေသည်။
သူ့တိုင်ပင်ကိုက်မှုက ကောင်းမွန်လှပေ၏။ သူ ပျံသန်းဝင်လာချိန်တွင် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံခြင်းက အရူးအမူး ပျံ့နှံ့လာသည်။ သူ့နောက်တွင် နေနှင့်လပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ သူက စသည်ဆိုတာနှင့် သူ့အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို အသုံးပြုလာခဲ့သည်။ သူသည် ငြိမ်သက်စိတ်ဝိညာဉ်ကလန်ကလူ ဖြစ်၏။ ထိုကလန်ဝင်များက စိတ်ဝိညာဉ်များကို တိုက်ခိုက်သည့်မန္တာန်များကို အထူးကျွမ်းကျင်ကြသည်။ သူတို့က ခန္ဓာကိုယ်ကို ပစ်မှတ်ထားသည်ထက် စိတ်ဝိညာဉ်ကိုသာ များသောအားဖြင့် တိုက်ခိုက်တတ်ကြသည်။
စုန့်လောဟိုင်၏မန္တာန် ပျံ့နှံ့လာစဉ်မှာပင် သူက မာန်သွင်း၏။ သူ့အော်သံက မူလစိတ်ဝိညာဉ်များကို ပစ်မှတ်ထားသော မန္တာန် ဖြစ်သည်။ ထိုအော်သံအောက်တွင် မူလစိတ်ဝိညာဉ်များမှာ တုန်ယင်ရပေလိမ့်မည်။
သူ့လုပ်ဆောင်မှုများနှင့် တွက်ချက်မှုများက ပြည့်စုံလှပေသည်။ သို့သော် သူ တွေ့ကြုံရသည့်သူက ဝမ်လင်း မဟုတ်လား။
ဝမ်လင်းက စု့န်လောဟိုင်၏ တည်ရှိမှုကို အစောကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သည်။ သို့သော် ဝမ်လင်းက သူ့ကို အလေးမစိုက်ခဲ့ပေ။ အခု စုန့်လောဟိုင် ပေါ်လာခဲ့ချိန်တွင် ဝမ်လင်း၏ ဥပဒေသကြယ်က စတင် လင်းလက်သည်။
တစ်ဖက်လူ တိုးဝင်လာချိန်၌ ဝမ်လင်း၏ခြင်သားရဲက ချက်ခြင်း နောက်ဆုတ်သည်။ စုန့်လောဟိုင်က တုန်ခါလှိုင်းကို ဖြတ်သန်းလာ၏။ သူက အနားရောက်လာချိန်တွင် ဥပဒေသကြယ်က လှည့်ပတ်၍ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ပုံစံ ဖြစ်တည်၏။ ဝမ်လင်း၏မျက်လုံးထဲတွင် လှောင်ပြောင်မှုတို့ ဖြစ်ပေါ်ကာ သူက ညာလက်ကို ဝေ့ယမ်းသည်။
လေပြင်းမုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်လာကာ စုန့်လောဟိုင်ထံ တိုးဝင်လာတော့သည်။ ၎င်းက စုန့်လောဟိုင်၏မန္တာန်နှင့် ထိပ်တိုက်တွေ့ကာ မြည်ဟိန်းသံ ဖြစ်ပေါ်၏။
စုန့်လောဟိုင်၏အမူအရာမှာ ချက်ခြင်း ဖြူရောသွားသည်။ သူက သွေးအန်ရ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ နောက်သို့ ခြေလှမ်းဆယ့်နှစ်လှမ်းခန့် အလိုလို ဆုတ်မိသွားသည်။ သူ့မျက်နှာထက်တွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်၏။ ထိုလေပြင်းက အစွမ်းထက်လှခြင်း မဟုတ်ပေ။ သို့သော် ၎င်းအတွင်း၌ အစွမ်းထက်လှသော တာအိုဆန္ဒနှင့်ဥပဒေသ ပါဝင်လေ၏။ ၎င်းက သူ့စိတ်ကို နှောက်ယှက်ကာ သူ့နယ်ပယ်ကိုလည်း ပျက်စီးပြိုလဲလုနီး ဖြစ်သွားစေခဲ့သည်။
သို့ရာတွင် နောက်ထပ်မြင်ကွင်းတစ်ခုက သူ့စဉ်းစားဉာဏ်ကိုပါ ဆုံးရှုံးသွားစေတော့၏။ သူက ဝမ်လင်း၏မူလစိတ်ဝိညာဉ်က သူ့ထံ လက်ညွှန်လိုက်သည်ကို မြင်သည်။ တစ်ချိန်တည်းမှာ ခြင်သားရဲဘုရင်က ခပ်စူးစူးအသံကို ထုတ်ဖော်သည်။
ချက်ခြင်းပင် ပတ်ဝန်းကျင်ရှိခြင်သားရဲများက အဘက်ဘက်ကနေ တိုးဝင်ကာ သူ့လွတ်မြောက်နိုင်မည့် လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ထားလေသည်။ သူက ခြင်သားရဲအုပ်ကြား ပိတ်မိသွားသည်။
အနီရောင်ခြင်သားရဲထောင်ချီနှင့် အပြာရောင်ခြင်သားရဲရာချီ ရှိ၏။ ဤအရာမှာ ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက ထိုခြင်သားရဲတို့၏အုပ်စုလိုက်စွမ်းအားကို ကြည့်မြင်တာလည်း ဖြစ်သည်။
စုန့်လောဟိုင်၏ ကြောက်လန့်တကြား အော်သံနှင့်အတူ ခြင်သားရဲအုပ်ထံမှ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာလေသည်။
“ငါမှားတာ သိပါပြီ။ ရောင်းရင်းကျင့်ကြံသူက ငါ့ကို သနားညှာတာပေးပါ။ ရောင်းရင်းကျင့်ကြံသူ ညှာတာပေးပါ။ ငါဟာ ငြိမ်သက်စိတ်ဝိညာဉ်ကလန်ရဲ့ အကြီးအကဲတစ်ယောက်လည်း ဖြစ်ပါတယ်။ ရောင်းရင်းသာ ငါ့ကို လွှတ်ပေးရင် အနာဂတ်မှာ ငါ သင့်ကို ကျိန်းသေပေါက် ပြန်ပေးဆပ်ပါ့မယ်…”
သူ့အသံထဲတွင် စိုးရိမ်မှုတို့ ပြည့်နေသည်။
ဝမ်လင်းက တည်ငြိမ်လျက်သာ။ သူက အမိန့်တစ်ခုပေး၏။ ထိုအခါ ခြင်သားရဲဘုရင်သည် အော်မြည်သံ ပြုလိုက်၏။ ခြင်သားရဲအုပ်၏ တိုက်ခိုက်မှုက ပို၍ပင် အရူးအမူး ဖြစ်လာတော့သည်။
ဤတွင် အဆင့်ရှစ်ဒေသ ထာဝရကလန် တည်ရှိသောနေရာတွင် ကျင့်ကြံခြင်းဂြိုဟ်သုံးလုံး ရှိလေ၏။ ပြိုင်ပွဲမှာ ဒုတိယမြောက်ဂြိုဟ်ပေါ်တွင် ကျင်းပကာ လွန်ခဲ့သောခုနစ်ရက်ကတည်းက စတင်ခဲ့ပေသည်။
ထာဝရကလန်တစ်ခုလုံးက နှစ်တစ်ထောင်ကြာတိုင်း ကျင်းပသည့် ဤပြိုင်ပွဲ၌ သက်ဝင်လှုပ်ရှားလို့နေသည်။ ထိုဂြိုဟ်ပေါ်တွင် လူများ ပြွတ်သိပ်စွာ ရှိလေ၏။
ပြိုင်ပွဲသို့ ဖိတ်ကြားထားသော ကလန်၏အစွမ်းထက်ကျင့်ကြံသူ အချို့လည်း ရောက်လာကြကာ ပြိုင်ပွဲကို စောင့်ကြည့်နေခြင်းက ပို၍ပင် အသက်ဝင်လာစေတော့သည်။ အချို့လေလွင့်ကျင့်ကြံသူများသည်ပင် သည်မဟာပြိုင်ပွဲကို ကြည့်ရန် ရောက်လာကြသည်။
ထိုကျင့်ကြံခြင်းဂြိုဟ်၏ အစိတ်အပိုင်းတစ်ခုကို နေရာယူထားသော စင်မြင့်က ပြိုင်ပွဲကျင်းပသောနေရာ ဖြစ်သည်။ စင်မြင့်ပတ်လည်တွင် ကောင်းကင်ယံထိ ထိုးတက်နေသော လှေကားထစ်များ၊ ထိုင်ခုံများပေါ်၌ ကျင့်ကြံသူများနှင့် ပြည့်လျက် ရှိ၏။
မူလကလန်က မြောက်ဘက်အစွန်းမှ သေးငယ်သောဧရိယာလေးတွင် ရှိလို့နေသည်။ အခြားလူရာချီရှိသော ကလန်များနှင့် ယှဉ်ပါက မူလကလန်သည် လူဆယ်ယောက်သာ ရှိ၍ လုံးဝ မထင်မပေါ်ပေ။
လုယန်ဖေက ထိုနေရာရှိ ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ အဆင့်လေးကလန်များကြား ပြိုင်ပွဲပြီးဆုံးရန် ရက်အနည်းငယ်မျှသာ လိုတော့၏။ ထို့နောက် အဆင့်ငါးကလန်များ ယှဉ်ပြိုင်မည့်အလှည့် ရောက်လာပေမည်။
မူလကလန်ဝင်များ၏ မျက်လုံးထဲတွင် ဆုံးရှုံးမှု၊ဝမ်းနည်းမှုတို့နှင့် ပြည့်နှက်နေသည်။ သူတို့သည် သူတို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်တော့သည့်အလား။
“ငါ နေလို့ သိပ်မကောင်းလို့ အရင်ပြန်နှင့်မယ် ” လုယန်ဖေက ထိုကဲ့သို့ပြော၍ မတ်တပ်ထရပ်ကာ ပင်မကလန်က စီစဉ်ပေးထားသော အိမ်ထံသို့ ပြန်သွားရန် ပြင်သည်။
ထိုအခါ သိပ်မဝေးသောနေရာမှ သိမ်ဖျင်းသောအသံတစ်ခု ထွက်ပေါ်လာသည်။ “ “အဆင့်ငါးဒေသမှာ နံပါတ်တစ်ကျင့်ကြံခြင်းကိုယ်လုပ်တော်အဖြစ် တိတ်တဆိတ် သတ်မှတ်ထားတဲ့ အလှလေးလု မလား။ သူမက တကယ် ကောင်းမွန်လှတယ်တဲ့။ အလှလေးလုရဲ့ မူလကလန် ဖျက်သိမ်းခံရပြီးရင် ငါ့ကောင်းကင်ဘုံဂီတ ကလန်ဝင် တစ်ယောက် ဖြစ်လာဖို့အတွက် မူလသလင်းကျောက်အများအပြား အသုံးပြုရတာ တကယ် ထိုက်တန်တယ်…”
ထိုအသံနှင့်အတူ အပြာရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူတစ်ယောက်သည် လှမ်းလျှောက်လာ၏။ သူ ပေါ်လာသည့်အခါ အချို့လူများက ထိုသူ့ကို မည်သူမှန်း သိသွားပြီး သူတို့၏အမူအရာသည် ပြောင်းလဲကုန်၏။ ထိုအဖြစ်က လူမသိသူမသိထောင့်တစ်နေရာတွင် ရှိနေသော မူလကလန်ကို လူအများ၏အကြည့် ရောက်ရှိလာစေသည်။
လူအများ စူးစိုက်ကြည့်လာခြင်းက မူလကလန်ဝင်များကို ဖြူရောကာ ငြိမ်သက်သွားစေ၏။ လုယန်ဖေ၏တပည့် ရှုယန်က သူမ၏အောက်နှုတ်ခမ်းကို သွေးထွက်လုနီးပါး ကိုက်ထားမိသည်။
သက်လတ်ပိုင်းလူက သူ တစ်ယောက်တည်း လှမ်းလာခြင်း မဟုတ်ဘဲ သူ့နောက်တွင် ဆံဖြူအကြီးအကဲနှစ်ယောက်ပါ ပါလာ၏။
“အဆင့်ခြောက်ဒေသရဲ့ ကောင်းကင်ဘုံဂီတကလန်။ ဒီလူရဲ့ ပုံပန်းသွင်ပြင်အရ သူဟာ ကလန်ခေါင်းဆောင်ရဲ့တပည့် လုယင်ကျဲ ဖြစ်လောက်တယ်…”
“ကောင်းကင်ဘုံဂီတကလန်ဟာ အဆင့်ခြောက်ကလန်တွေကြားမှာ ပထမအဆင့်ကို အကြိမ်တော်တော်များများ ရရှိခဲ့ပြီး ပင်မကလန်က အာရုံစိုက်မှုကိုလည်း ခံခဲ့ရတယ်။ ပြောကြတာက အဆင့်ရှစ်ကလန်တွေကြား ပြိုင်ပွဲအတွက် ရွေးချယ်မယ့် သုံးယောက်ထဲက တစ်ယောက်ဟာ ကောင်းကင်ဘုံဂီတကလန်ကလို့ ဆိုတယ်…”
“အထူးသဖြင့် ဒီလုယင်ကျဲပဲ။ သူဟာ အစွန်းရောက်ရက်စက်တဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံပြီး မကြာဆိုသလို ကျင့်ကြံခြင်းကိုယ်လုပ်တော်တွေ လိုနေတတ်တယ်။ ဒီကိုယ်လုပ်တော်တွေဟာ ဆိုရင် အစွမ်းထက်ပေမယ့်လည်း ဘယ်သူကမှ သူ့လက်ကနေ မလွတ်နိုင်ခဲ့လောက်ဘူး…”
“လုယန်ကျဲနဲ့ ပတ်သတ်လို့ ကောလဟာလတွေလည်း အများကြီး ရှိတယ်။ ငါ ကြားခဲ့တာကတော့ သူဟာ ထာဝရကလန်က အကြီးအကဲလုနဲ့ သွေးချင်းပတ်သတ်မှုအချို့အဝက် ရှိတယ်တဲ့။ ဒါ့ကြောင့် အကြီးအကဲလုဟာ သူ့နောက်မှာ ရှိနေတယ်။ ဒီလုယင်ကျဲက အခုလို မောက်မာဝံ့နေရာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ…”
လုယန်ဖေ၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူမမျက်လုံးက အေးစက်လာကာ အပြာရောင်ဝတ်စုံနှင့်လူထံ လှည့်ကြည့်သည်။ ထိုလူက ချောမောသည်ထက် ယောကျ်ားပိုဆန်သည်ဟု ဆိုနိုင်သည်။
“မူလကလန်ဟာ ဖျက်သိမ်းတာ မခံရသေးဘူး။ ဖျက်သိမ်းခံရမှာလည်း မဟုတ်ဘူး…”
ထိုကဲ့သို့ တည်ငြိမ်စွာ ပြော၍ လုယန်ဖေသည် နောက်လှည့်ကာ ထွက်သွားသည်။
လုယင်ကျဲက ပြုံး၍ နူးညံ့စွာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူလု…ငါ့ကို အပြစ်မတင်ပါနဲ့။ ငါက ကျင့်ကြံခြင်းကိုယ်လုပ်တော်အကြောင်းကို အခြားလူတွေရှိကနေ ကြားခဲ့ရလို့ မေးကြည့်ရုံပါ။ ဒါပေမဲ့ ငါက စိတ်ရင်းကောင်းကောင်းနဲ့ လာခဲ့တာ။ မူလကလန် ဖျက်သိမ်းခံရရင်တောင် အမျိုးသမီးလုက နေရာကောင်းတစ်ခုကို သွားနိုင်လိမ့်မယ်…”
“မူလကလန် ဖျက်သိမ်းခံရမှာကို မေ့ထားလိုက်တော့။ တကယ်လို့ ဖျက်သိမ်းခံရရင်လည်း ငါ့ခရမ်းရောင်တာအိုကလန်က သူတို့အားလုံးကို လက်ခံမယ်…” အခြားနေရာတစ်ခုကနေ ထိုအေးစက်စက်စကားသံများသည် ထွက်ပေါ်လာပြီး ခရမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် ဖြည်းဖြည်းချင်း လှမ်းလျှောက်လာ၏။
သူက လုယင်ကျဲကို အေးစက်စက်ကြည့်၏။ ထို့နောက် လုယန်ဖေကို ကြည့်ကာ လက်နှစ်ဖက်ယှက်၍ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလုကို နှုတ်ဆက်ပါတယ်…”
လုယန်ဖေသည် မင်သက်သွားမိ၏။
“ရောင်းရင်းကျင့်ကြံသူလု အများကြီး တွေးနေစရာမလိုဘူး။ အစ်ကိုလုနဲ့ငါ တစ်ကြိမ်ဆုံခဲ့ဖူးပြီး အဲ့ညက တာအိုဆွေးနွေးခဲ့တာဟာ ဘယ်တော့မှ မေ့မရနိုင်တဲ့ အရာတစ်ခုပဲ။ သူသာ ပြန်ရောက်လာခဲ့ရင် မူလကလန်ဟာ ဖျက်သိမ်းတာ မခံရမယ့်အပြင် နံပါတစ်လက်အောက်ခံကလန်တစ်ခုတောင် ဖြစ်လာနိုင်သေးတယ်…”
လုယန်ကုံးသည် အတိတ်ကိုပြန်အောက်မေ့ဟန် ဖြစ်ပေါ်၏။
“ဒီတော့ ရောင်းရင်းကျင့်ကြံသူလုကလည်း မူလကလန်အပေါ် သဘောကျပြီး ငါနဲ့ ပြိုင်ချင်တာလား။ သင်ပြောတဲ့ အစ်ကိုလု ဆိုတာ ဘယ်သူများလဲ မသိဘူး။ ဖြစ်နိုင်တာက ငါ များလား…”
လုယင်ကျဲက ခပ်ဖျော့ဖျော့ ပြုံး၏။ သူ ပျော်နေသလား၊ဒေါသထွက်နေသလား သိရဖို့ မဖြစ်နိုင်ပေ။
လုယန်ကုံးသည် မျက်မှောင်ကြုတ်သွားကာ နောက်ပင်လှည့်မကြည့်ဘဲ လှမ်းအော်သည်။ “ပါးစပ်ပိတ်ထားစမ်း။ မင်းကိုယ်မင်း အစ်ကိုလုနဲ့ နှိုင်းယှဉ်လို့ရမယ်များ ထင်နေလား။ သူသာ ဒီမှာ ရှိနေရင် မင်းလိုလူကို ပုရွတ်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်စွမ်း ရှိတယ်…”
***