လီချန်မေ
Vol. 94 Ch. 1292
လုယင်ကျဲ၏အမူအရာသည် သုန်မှုန်ကာ လုယန်ကုံးကို စူးစိုက်ကြည့်သည်။ သူသည် ဤလူမှာ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်တုန်းက အဆင့်ခြောက်ဒေသ၏နံပါတ်တစ် ကောင်းကင်ဘုံဂီတကလန်ကို စိန်ခေါ်ဝံ့ခဲ့သော နံပါတ်တစ်အဆင့်ငါးကလန်မှသူ ဖြစ်မှန်း မှတ်မိသွားသည်။
သူတို့၏စိန်ခေါ်မှုက အဆုံးသပ်တွင် ကျရှုံးခဲ့သော်လည်း ကောင်းကင်ဘုံဂီတကလန်အဖို့ မျက်နှာပျက်ခဲ့ရပေသည်။ ထိုသူက ကောင်းကင်ဘုံဂီတကလန်ကို ချနင်းကာ ခရမ်းရောင်တိမ်ကလန်ကို ကျော်ကြားစေခဲ့သူ၊ လုယန်ကုံး ဟူသည့် သူ့နာမည်ကိုလည်း တိမ်ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားစေ ခဲ့ပေသည်။
လုယန်ကုံးသည် ဤမဟာပြိုင်ပွဲတွင် ပို၍ ကြောက်မက်ဖွယ် ကောင်းလာကာ လွန်ခဲ့သောနှစ်တစ်ထောင်ကထက်လည်း အစွမ်းပိုထက်လာခဲ့သည်။ ကြည့်ရသည်မှာ သူက ကောင်းကင်ဘုံဂီတကလန်ကို ထပ်မံစိန်ခေါ်ဦးမည့် ပုံပင်။
အဆင့်ငါးကလန်တစ်ခုကသာ သူတို့ကို နှစ်ကြိမ်နှစ်ခါ စိန်ခေါ်ပါက သိက္ခာကျရပေတော့မည်။
"လုယန်ကုံး...လူတိုင်း ဒီလို ပြောလို့ရတယ်။ ငါ့ကို ပုရွတ်ဆိတ်တစ်ကောင်လို သတ်ပစ်နိုင်တယ်ဆိုတဲ့ လုနာမည်နဲ့သူကို ငါ မသိဘူး..."
လုယင်ကျဲက တဖြည်းဖြည်း ပြန်တည်ငြိမ်လာ၏။ သူက ညစ်စုတ်သောသူ ဖြစ်သော်လည်း ဟန်ဆောင်ကောင်းပေသည်။ စက္ကန့်အနည်းငယ်အတွင်း သူ့စိတ်ထဲရှိ ဒေါသကို ပြန်ဖိနှိပ်ထားလိုက်၏။
လုယန်ကုံး၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေ၏။ သူသည် လုယင်ကျဲ၏ စိတ်နေစိတ်ထားကို ဖြတ်မြင်နိုင်ပေ၏။ သူက ပို၍ တွေ့မြင်လေလေ သည်လူ့ကို ပိုသဘောမကျမိလေပင်။
"သူ ရောက်လာရင် သင် တွေ့ရပါလိမ့်မယ်..."
လုယန်ကုံး၏အသံက အေးစက်လေ၏။ ပြိုင်ပွဲအပြင် သူ ထာဝရကလန်သို့ ရောက်လာခဲ့ရသော အကြောင်းရင်းမှာ ဝမ်လင်းကို ထပ်တွေ့ရဖို့ ဖြစ်ပေ၏။
ထို့ကြောင့်လည်း သူက မူလကလန်ကို အတော်လေး အာရုံစိုက်နေခဲ့ခြင်းပင်။
သို့ရာတွင် လုယန်ကုံး ထိုကဲ့သို့ ပြောလိုက်ချိန်၌ သွားကြားထဲမှ ထွက်ပေါ်လာသော ထူးဆန်းသည့်အသံတစ်ခုကို ကြားလိုက်ရ၏။
"လုယန်ကုံး...မင်းပြောတဲ့ လုဆိုတဲ့သူကို ငါလည်း တွေ့ချင်တယ်..."
ထိုအသံပေါ်လာသည်နှင့် လုယန်ကုံး၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သူသာမက လုယန်ဖေ အပါအဝင် မူလကလန်ရှိလူတိုင်း၏ အမူအရာလည်း ပြောင်းလဲသွားကြသည်။
ထိုအသံက အားပျော့သော်လည်း ထွက်ပေါ်လာသည်နှင့် လူတိုင်း၏မူလစိတ်ဝိညာဥ်များကို သက်ရောက်ကာ လှုပ်ခတ်စေ၏။
ကျင့်ကြံမှုအဆင့်နိမ့်သောသူများ၏ မျက်နှာဆို ဖြူရောကုန်ပြီး မူလစိတ်ဝိညာဥ်များပါ ရှုပ်ထွေး၍ ဒဏ်ရာ ရသွားပေလိမ့်မည်။
လုယင်ကျဲတစ်ယောက်သာ ပုံမှန်အတိုင်း ရှိလေ၏။ သို့သော် သူ့မျက်လုံးထဲ၌ အံ့အားသင့်မှု ရိပ်ခနဲ ဖြစ်ပေါ်သွားသည်။ သူက နောက်လှည့်ကာ သူ့လက်နှစ်ဖက်ကို တလေးတစားဆုပ်၍ ပြောလိုက်သည်။ "စီနီယာကျောက်ကို နှုတ်ဆက်ပါတယ်..."
လုယန်ကျဲနောက်မှ ဟင်းလင်းပြင်သည် တွန့်ခေါက်၍ လှိုင်းဂယက်များ ပေါ်လာလျက် လူတစ်ယောက် ဖြည်းဖြည်းချင်း လှမ်းလျှောက်ထွက်လာသည်။ ထိုသူက သက်လတ်ပိုင်းအရွယ် ရှိ၍ သူ့မျက်နှာသွင်ပြင်မှာ သတိပြုမိဖွယ်ပင်။ ထိုသူ၏ နှာခေါင်းက ကောက်၊ နှုတ်ခမ်းက ပါး၍ မျက်လုံးက သုန်သုန်မှုန်မှုန် ရှိလေ၏။
လုယန်ကုံး၏အမူအရာမှာ ပြောင်းလဲသွားသည်။ အချိန်အတန်ကြာပြီးမှ သူက ပြောလာ၏။ "အဆင့်ခုနစ် တောင်ရှာဖွေခြင်းကလန်ရဲ့ စီနီယာကျောက်ကို နှုတ်ဆက်ပါတယ်..."
လုယန်ကုံး၏ စကားများက ထိုသူ၏နောက်ခံကို ဖော်ညွှန်းစေ၍ လုယန်ဖေနှင့်မူလကလန်မှ လူများကို သတိပေးလိုက်ခြင်းပင်။
လုယန်ဖေ၏မျက်နှာထက်တွင် ခါးသီးဟန် ဖြစ်ပေါ်သည်။ သူမနှင့် မူလကလန်မှ တခြားသူများသည် ဤလူကို တလေးတစား နှုတ်ဆက်ကြ ရ၏။
ထိုသူ ထွက်ပေါ်လာမှုက ပတ်ဝန်းကျင်ကို အေးစက်သွားစေသည်။ အချို့လူများဆို နောက်ပြန်ဆုတ်ကြသည်။ အစတုန်းက မူလကလန်နှင့်ပတ်သတ်သည့် ကိစ္စက ခရမ်းရောင်တာအိုကလန်၊ကောင်းကင်ဘုံဂီတကလန် နှင့် တောင်ရှာဖွေခြင်းကလန်တို့ကြားက ပြဿနာအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတော့သည်။
သူတို့၏ ကတောက်ကဆ ဖြစ်မှုက လုယန်ကုံး ထုတ်ဖော်ပြောဆိုခဲ့သော လုအမည်ရလူ ကနေ အစပြုခဲ့ခြင်းပင်။
သက်လတ်ပိုင်းလူကျောက်ကဘလုယင်ကျဲအနား လျှောက်လှမ်းလာကာ ခေါင်းအနည်းငယ် ညိတ်ပြသည်။ လုယင်ကျဲက ပို၍ လေးစားမှု ပြသလေ၏။
"ဒီလူက မင်းကို ပုရွတ်ဆိတ်တစ်ကောင်လို သတ်နိုင်မှတော့ အဲ့လူရဲ့ စိန်ခေါ်မှုကို မင်း လက်ခံသင့်တယ်။ ဒီ ဆန်းကြယ်တဲ့ လုဆိုတဲ့သူဟာ အတုလား၊ အစစ်လား ငါ မြင်ချင်တယ်..."
သက်လတ်ပိုင်းလူက ဖြည်းဖြည်းချင်း ပြောလေသည်။ သူ့အသံက မိန်းမဆန်နေ၏၊
လုယင်ကျဲက ပြုံး၍ ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ ငါ ဒီဆန်းကြယ်တဲ့လု ဆိုတဲ့သူ ဘယ်လောက်အစွမ်းထက်လဲ တကယ် မြင်ချင်နေပြီ။ ဒါပေမဲ့ ဒီလူက ရောင်းရင်းလု ပြောသလို အားကောင်းမှုကို မပြသနိုင်ရင် ငါတို့ ဘာလုပ်သင့်လဲ...။စီနီယာကျောက် ငါတို့ကို ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး..."
သက်လတ်ပိုင်းလူကျောက်က လုယန်ကုံးကို ကြည့်၍ သုန်မှုန်စွာ ပြောလာသည်။ "ဒီလိုသာဆိုရင် ငါ မျက်မြင်သက်သေ လုပ်ပေးရမှာပေါ့။ ဒါက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး။ စကားသပ်သပ် ပြောနေရုံနဲ့ ဘာထူးမလဲ..."
လုယန်ကုံး၏အမူအရာသည် သုန်မှုန်နေ၏။ အချိန်အတန်ကြာသည့်အထိ သူက စကားမဆိုပေ။ တောင်ရှာဖွေခြင်းကလန်က အဆင့်ခုနစ်ကလန်များကြား အသန်မာဆုံး မဟုတ်သော်လည်း စီနီယာကျောက်မှာ ပြင်ပအကြီးအကဲ ဖြစ်သည့်အပြင် ငြိမ်သက်စိတ်ဝိညာဥ်ကလန်နှင့်လည်း ကောင်းမွန်သောဆက်ဆံမှု ရှိနေသည်။ သူသာ ရှေ့ဆက်တိုးခဲ့ပါက သူသည် ဤကိစ္စကို ပွက်လောရိုက်စေပေတော့မည်။
လုယန်ဖေက အောက်နှုတ်ခမ်းကို ကိုက်ထားမိသည်။ သူမက လုယန်ကုံး အရှက်ရဖွယ် အနေအထားကို မြင်နေရ၏။ ခဏအကြာတွင် သူမက တိုးညင်းစွာ ပြောလာသည်။
"ဒီကိစ္စက ရောင်းရင်းကျင့်ကြံသူလုနဲ့ မဆိုင်ပါဘူး။ ဒါက ငါတို့ မူလကလန်ရဲ့ အရေးပါ။ တကယ်လို့..."
လုယန်ဖေ၏စကား မဆုံးခင်မှာပင် သက်လတ်ပိုင်းလူကျောက်း မျက်လုံးက အေးစက်လာကာ လုယန်ဖေကို စူးစိုက်ကြည့်သည်။ ထိုအကြည့်က ဓါးသွားအလား လုယန်ဖေ၏မျက်လုံးထံ ကျရောက်သွားသည်။
လုယန်ဖေ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူမ၏မူလစိတ်ဝိညာဥ်ထဲ၌ ဟိန်းသံတစ်ခု မြည်ဟီးကာ နောက်သို့ ခြေလှမ်းဆယ့်နှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူမ၏မျက်နှာက ဖြူရောသွားပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာသည်။ သူမ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ အားပျော့သွားလေ၏။ .
"နင့်လို ကောင်မလေးတစ်ယောက်က ဒီနေရာမှာ စကားပြောဖို့ အရည်အချင်း မပြည့်မှီဘူး..."
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ခြင်း ငြိမ်သက်သွား၏။ မူလကလန်မှလူအားလုံး ဒေါသထွက်ကုန်သည်။ သို့သော် မည်သူကမျှ စကားတစ်ခွန်း မဟဝံ့ကြချေ။ သူတို့က အရှက်ခွဲခံရမှုကို အတင်းပြန်မြိုသိပ်ထားရ၏။
အချိန်အတန်ကြာစဥ်းစားပြီးနောက် လုယန်ကုံးက ကျောက်လုံကို ကြည့်၍ ပြောလိုက်၏။ "ငါ ပြောတဲ့ အစ်ကိုလု ရောက်မလာခဲ့ရင် ဒါမှမဟုတ် လုယန်ကျဲကို မသတ်နိုင်ရင် ငါက စီနီယာကျောက်ကို ဖြေရှင်းချက် ပေးပါ့မယ်..."
ကျောက်လုံက သုန်မှုန်စွာ ပြော၍ ခပ်လှောင်လှောင်ရယ်မောကာ လှည့်ထွက်သွား၏။ သူ့ဘေးရှိ လုယင်ကျဲက လုယန်ဖေကို တောင်းပန်ဟန်ဖြင့် ကြည့်သည်။ သူက လုယန်ကုံးကိုတော့ ကြည့်ပင်မကြည့်ဘဲ ကျောက်လုံနှင့်အတူ လှည့်ထွက်သွားလေသည်။
သူတို့ ကတောက်ကဆ ဖြစ်နေသောနေရာမှာ ပြိုင်ပွဲစင်မြင်နှင့် ယှဥ်ပါက မပြောပပေ။ ထိုအခိုက်အတန့်၌ ပြိုင်ပွဲများ ကျင်းပနေသော စင်မြင်ထက်သို့ အဖြူရောင်အလင်းတန်းတစ်ခု နီးကပ်လာသည်။ ၎င်းအလင်းတန်း နီးကပ်လာသည့်အခါ ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံး၏ စိတ်အာရုံကို စွဲဆောင်သွားလေသည်။
ထိုအဖြူရောင်အလင်းတန်းထံမှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ပျံ့နှံ့လာသည်။ ထာဝရကလန်မှ လူအချိူ့က ဤအလင်းတန်းကို ကြိုဆိုရန် ပျံသန်းလာ၏။
အဖြူရောင်အလင်းတန်းက အောက်သို့ ဆင်းသက်လာ၏။ ထိုအလင်းတန်းထဲတွင် အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူတို့က တိမ်ပင်လယ်၌ တစ်ဦးတည်းသော အပြာရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးကို တွေ့မြင်လိုက်ရပေသည်။
လီချန်မေ၊ အဆင့်ကိုးကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်။
ဤနေရာရှိ ကျင့်ကြံသူတစ်သိန်းနီးပါးက ထိုအမျိုးသမီး မည်သူမှန်း ချက်ခြင်း သိလိုက်၏။
"ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရဲ့ လီချန်မေ...။ ထာဝရကလန်ရဲ့ပြိုင်ပွဲက သူမကို လာတက်ရောက်ဖို့ စွဲဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး..."
"ပြောကြတာက သူမဟာ နတ်ဆိုးကလန်မှာ နေပြီး သားရဲလှိုင်းတွေကို တိုက်ခိုက်နေတာဆို။ သူမ အဲ့ကနေ ထွက်လာပြီး ဒီကို လာခဲ့တာဟာ မထင်မှတ်စရာပဲ..."
"ပြောကြတာက သားရဲလှိုင်းတွေကို တိုက်ခိုက်နေစဥ် အတွင်း ပါဝင်တဲ့ ဘယ်ကျင့်ကြံသူမဆို ထွက်လာခွင့် မရှိဘူးတဲ့။ လီချန်မေက ထွက်ခွာလာဖို့ နတ်ဆိုးကလန်ရဲ့ ခွင့်ပြုချက် ရခဲ့တာလား..."
လီချန်မေ ထွက်ပေါ်လာမှုနှင့်အတူ ပြောဆိုဆွေးနွေးသံများ စင်မြင်အနှံ့ကနေ ထွက်ပေါ်လာ၏။ အဆင့်လေးကလန်၏ တိုက်ပွဲများပင် လူအများ၏ အာရုံစိုက်တာ မခံရတော့ပေ။
လုယင်ကျဲသည်လည်း ကောင်းကင်ထက်ရှိ လီချန်မေကို မြင်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက လီချန်မေကို သိပေသည်။ တစ်ခါတုန်းက သူမသည် သူ့ကို မေးခွန်းသုံးခု မေးခဲ့ဖူးပေ၏၊
လုယင်ကျဲဘေးရှိ ကျောက်လုံသည်ပင် အပေါ်သို့ မော့ကြည့်ကာ အလေးအနက် ဖြစ်လာသည်။ သူက အဆင့်ကိုးကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်မှ လီချန်မေကို လေးစားပေသည်။ သူမ၏ကျင့်ကြံမှုကို ဖြစ်စေ၊နောက်ခံကလန်ကိုဖြစ်စေ သူ မယှဥ်နိုင်ပေ။
ယနေ့ ပြိုင်ပွဲ၏ ကြီးကြပ်သူက အဘိုးအို ဖန်ဟိုင်ပင်။ သူနှင့်အတူ ထာဝရကလန်၏အကြီးအကဲခြောက်ယောက်လည်း အတူရှိ၏။ လီချန်မေမှန်း သိလိုက်ပြီးနောက် သူသည် အကြီးအကဲများနှင့် တပည့်ဆယ့်နှစ်ယောက်လောက်တို့နှင့်အတူ ချက်ခြင်းပျံသန်းထွက်လာ၏။ သူတို့ ထွက်လာကြပြီးနောက် ပြိုင်ပွဲအတွက် တာဝန်ရှိသူ တစ်ရာကလည်း ပျံသန်းလာကြသည်။
ထိုလူအုပ်ကြီးက လီချန်မေ ရောက်ရှိလာမှုကို ထွက်ကြိုဆိုကြခြင်းပင်။
"ရောင်းရင်းကျင့်ကြံသူ လီချန်မေ ရောက်လာတာဟာ ငါတို့ထာဝရကလန်အတွက် ဂုဏ်ယူမိပါတယ်..."
ဖန်ဟိုင်က ပြုံး၍ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။
အကြီးအကဲခြောက်ယောက်လည်း ထို့အတူပင်။ တပည့်များကတော့ လေးစားသောအမူအရာများ ပြသကြသည်။ သူတို့က လီချန်မေကို လေးစားကြောက်ရွှံ့စွာ ကြည့်မိ၏။
ထိုသူများအပြင် ဂြိုဟ်၏အတော်အလှမ်းဝေးဝေးကနေလည်း အလင်းတန်းဆယ်ခုကျော် ပျံသန်းလာကြသည်။ ၎င်းတို့မှာ ထာဝရကလန်၏ နောက်ထပင်မအုပ်စု ဖြစ်လေ၏။ ထိုအချက်က လီချန်မေအပေါ် သူတို့၏တန်ဖိုးထားမှုကို ပြသနေသည်။
"သားရဲလှိုင်းတွေနဲ့ တိုက်ခိုက်နေရာကနေ ရောင်းရင်းကျင့်ကြံသူလီ လာခဲ့တာ ငါ ယုံပါတယ်။ ကျေးဇူးပြုပြီး ထာဝရကလန်က သင် နားနားနေနေ နေဖို့ စီစဥ်ပေးထားတဲ့ နေရာကို လိုက်ခဲ့ပေးပါ။ သင်ရောက်ရှိလာတာကို ကလန်ခေါင်းဆောင်လည်း သိနေလောက်ပြီလို့ ငါ ထင်တယ်။ ရောင်းရင်းကျင့်ကြံသူ ရောက်လာတဲ့ ကိစ္စက ငါတို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ..."
ဖန်ဟိုင်က သူ့လက်နှစ်ဖက်ကိုဆုပ်၍ ရယ်မောပြောဆိုသည်။
လီချန်မေသည် လူတိုင်း သူမကို အာရုံစိုက်လာသော်လည်း တည်ငြိမ်စွာပင် ရှိနေသည်။
သူမက ပြန်ပြောလာ၏။ "အနားယူဖို့ အလျင်လိုစရာ မလိုပါဘူး။ ရောင်းရင်းကျင့်ကြံသူဖန်...အဆင့်ငါးမူလကလန်ကော ဒီပြိုင်ပွဲကို လာပါသလား..."
"မူလကလန်လား..." ဖန်ဟိုင်က မင်သက်သွားမိ၏။ တပည့်တစ်ယောက် ချက်ခြင်း ပျံသန်းလာကာ သူ့နား အနား ကပ်ပြောလိုက်၏။
"ဒီမူလကလန်က အမှန်တကယ် လာရောက်ပါတယ်..."
သို့သော် သူ့စိတ်ထဲတွင်မူ သံသယ ဝင်လာ၏။
ဖန်ဟိုင်က ထိုစကားကို ကြားသည့်အခါ ပြုံး၏။ "မူလကလန်လို ကလန်ငယ်တစ်ခုက လီချန်မေနဲ့ ဘယ်လို
ပတ်သတ်မှု ရှိနေတာလဲ..."
လီချန်မေက သူမ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ မေး၏။ "သူတို့ ဘယ်မှာလဲ..."
ဖန်ဟိုင်က သံသယ ပိုဝင်လာသည်။ သို့သော် သံသယဝင်သည့် အရိပ်အယောင် လုံးဝ မပြပေ။ သူက သူ့နောက်ရှိ တပည့်ကို ကြည့်လိုက်သည်။ ထိုတပည့်လူငယ်က ခပ်သွက်သွက် ပြောလေ၏။
"စင်မြင်ရဲ့ မြောက်ဘက် အစွန်ဆုံးမှာပါ..."
ထိုအခါ လီချန်မေက သူမ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ မြောက်ဘက်ဧရိယာတစ်ခုလုံးအား ခြုံလွှမ်းစေသည်။ သူမသည် မူလကလန်က လူများကို ချက်ခြင်းတွေ့၏။ စင်မြင်တစ်ခုလုံးနှင့် ယှဥ်ပါက ထိုနေရာသည် အမှန်တကယ် ပမွှားဖြစ်နေ၏။
သို့ရာတွင် လီချန်မေက မူလကလန်ကို တွေ့သွားသည့်နောက် သူမသည် ပျံသန်းသွားတော့သည်။
***