သူရောလာလား…
Vol. 94 Ch. 1293
ဖန်ဟိုင်သည် မျက်မှောင်မဆိုသလောက် ကြုံ့သွားသည်။ သူက နောက်ကနေ အမြန်လိုက်လာ၏။ သူ့နောက်ရှိ အကြီးအကဲခြောက်ယောက်၏ စိတ်ထဲတွင်လည်း သံသယများ ရှိနေပေသည်။
သူ့နောက်တွင် ထာဝရကလန်ဝင်များလည်း လိုက်ပါလှုပ်ရှားလာကြသည်။ လူတစ်ရာနီးပါး၏ လှုပ်ရှားမှုက စင်မြင်ထက်ရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို စွဲဆောင်သွားသည်။
အချို့စိတ်မရှည်သည့်သူများဆို မြောက်ဘက်သို့ ပျံသန်းလာကြသည်။ တစ်ယောက်ယောက်က ဦးဆောင်လိုက်သည်နှင့် ပိုမျာပြားသောသူများပါ လိုက်လာကြသည်။
ဤအခိုက်အတန့်တွင် ပြိုင်ပွဲမှာ ဗရမ်းဗတာ ဖြစ်ကုန်၏။ အဆင့်လေးကလန်များမှ လူနှစ်ယောက်သည် မူလတုန်းက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေလျက် ရှိ၏။ သို့သော် ခုချိန်၌ သူတို့သည် ခါးသီးစွာ ပြုံး၍ မြောက်ဘက်သို့ လှမ်းကြည့်သည်။
ပိုဝေးသောနေရာမှပင် အလင်းတန်းများက တရကြမ်း နီးကပ်လာကြ၏။ ရှေ့ဆုံးမှလူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်အော်ရာကို ပေးစွမ်းနေသော ဆံပင်နီဖြင့်အကြီးအကဲတစ်ယောက်ပင်။ သူ့နောက်တွင်လည်း အကြီးအကဲဆယ့်နှစ်ယောက်ခန့် ပါ၏။ သူတို့အားလုံးမှာ မြင့်မားသောကျင့်ကြံမှုအဆင့် ရှိကြသည်။
နီးကပ်လာသည့်အခါ ဆံနီအဘိုးအိုက ကျင့်ကြံသူထောင်ချီကြောင့် ဗရမ်းဗတာဖြစ်နေသည်ကို မြင်ရာ သူသည် မျက်မှောင်ကြုံ့သွားသည်။ သူက လှမ်းအော်လိုက်လေ၏။ “မပျံသန်းကြနဲ့…”
သူ ထိုကဲ့သို့ ပြောလိုက်သည့်နောက် ယင်းအသံသည် မိုးခြိမ်းသံအလားမြည်ဟည်း၍ ပျံ့လွင့်သွားသည်။ အချို့လေထဲသို့ ပျံတက်ရန် ကြံနေသော ကျင့်ကြံသူများသည် တုန်ယင်ကာ ချက်ခြင်း အောက်သို့ ပြန်ဆင်းလိုက်ကြသည်။
ထိုအသံက တုန်ခါလှိုင်းများကိုပါ ပျံ့နှံ့သွားစေ၍ ချက်ခြင်းပင် ဗရမ်းဗတာ ဖြစ်မှုကို ဖိနှိပ်ကာ လူတိုင်းကို ပြန်တည်ငြိမ်ငြိမ်သက်သွားစေသည်။
မျက်မှောင်ကြုတ်လျက်ဖြင့် ဆံနီအဘိုးအိုက လီချန်မေနှင့် သူ့နောက်သို့ လိုက်ပါလာကြသော အကြီးအကဲဆယ့်နှစ်ယောက်လောက်ကို ချက်ခြင်း တွေ့မြင်သွားသည်။
လီချန်မေသည် မြန်ဆန်စွာသာ ပျံသန်းနေ၏။ သူမကြောင့် ထာဝရကလန်တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်ကိုလည်း လစ်လျူရှုထားလေသည်။ သူမက မူလကလန်ရှိရာ မြောက်ဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ သူမသည် အနားရောက်လာချိန်တွင် ဆင်းသက်၍ ရှေ့တည့်တည့်သို့ ခြုံငုံကြည့်လိုက်သည်။
လုယင်ကျဲက ပျော်ရွှင်သွား၏။ အရင်တုန်းက သူသည် လီချန်မေကို အဝေးကနေသာ ကြည့်နေရပြီး သူ့နတ်ဘုရားအာရုံကိုလည်း မဖြန့်ကျက်ဝံ့ပေ။ ထို့ကြောင့် သူက လီချန်မေ မူလကလန်အကြောင်းမေးသည်ကိုလည်း မကြားခဲ့ပေ။ ထိုအခိုက်အတန့်၌ သူက အသက်ဝဝရှုသွင်းကာ ကြင်နာဟန်အပြုံးကို သူ့မျက်နှာထက်တွင် ဆင်မြန်း၏။ လီချန်မေ အနားရောက်လာချိန်တွင် သူက ပြောလာသည်။ “အမျိုးသမီးလီ…ငါတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်တစ်ရာလောက်တောင် ရှိရောပေါ့။ သင် ငါ့ကို မှတ်မိသေးလား ငါ သိချင်မိပါတယ်…”
သူ့ဘေးရှိ ကျောက်လုံက လေးစားစွာကြည့်၍ လက်နှစ်ဖက်ကိုယှက်ကာ ပြုံး၍ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလီက လုယင်ကျဲကို သိတာလား။ ငါက အဆင့်ခုနစ်တောင်ရှာဖွေခြင်းကလန်က ကျောက်လုံပါ…”
သူတို့နှစ်ယောက် ထိုကဲ့သို့ ပြောလာသည့်နောက် ပတ်ဝန်းကျင်ရှိလူများမှာ တုန်လှုပ်ကုန်၏။ ကောင်းကင်ဘုံ၏သမီးပျိုက သည်လုယင်ကျဲထံ အပြေးရောက်လာလိမ့်မည်ဟု မည်သူကမျှ မတွေးထင်မိခဲ့ပေ။
“လုယင်ကျဲက အချစ်ပညာမှာ တော်တယ်လို့ ကောလဟာလ ရှိတယ်။ လီချန်မေတောင် ဒီလူနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…”
“ဒီကိစ္စသာ အမှန်ဆိုရင် ကောင်းကင်ဘုံဂီတကလန်ဟာ ပြိုင်ပွဲတောင် မပြီးသေးဘဲ ကျော်ကြားလာတော့မှာပဲ။ ငါ ဒီလိုဖြစ်လိမ့်မယ်လို့ မထင်မိဘူး။ တကယ် မထင်ထားမိဘူး…”
“လုယင်ကျဲက လီချန်မေရဲ့ မျက်နှာသာပေးမှုကို ဘယ်လိုများ ရယူခဲ့လဲ ငါ သိချင်မိတယ်။ ငါ တကယ် နားမလည်နိုင်တော့ဘူး…”
လီချန်မေနောက်သို့ လိုက်လာကြသော ထာဝရကလန်မှ လူများသည်ပင် လုယင်ကျဲကို ကြည့်လာကြ၏။ သို့သော် ဖန်ဟိုင်နှင့်အခြားသူများကတော့ မျက်မှောင်ကြုံ့သွားသည်။ သူတို့က လီချန်မေ မေးခဲ့သည်မှာ မူလကလန်ကိုသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ကြားခဲ့ရပေ၏။ သို့သော် ခုချိန်၌ လုယင်ကျဲက ပေါ်လာကာ သူတို့၏စိတ်ထဲရှိ သံသယက ပိုတိုးလာတော့သည်။
လူအများ၏စိတ်ဝင်စားမှုက သူ့အပေါ် ကျရောက်လာစဉ်တွင် လုယင်ကျဲ၏အပြုံးက ပိုပီပြင်လာ၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားကာ စင်မြင့်ထက်သို့ ဆင်းသက်ခါစ လီချန်မေကို အမှီလိုက်ရန် ပြင်သည်။
လီချန်မေက လုယင်ကျဲ၏စကားများကို ကြားရသည့်နောက် သူမ၏အကြည့်က သူ့အပေါ်သို့ ကျရောက်ကာ မျက်မှောင်ကြုံ့သွားသည်။ လုယင်ကျဲက လျှောက်လှမ်းလာစဉ် သူမက သူ့ကို မထူးခြားနားစွာဖြင့် ကျော်၍ လျှောက်လှမ်းသွားသည်။
သူမက နှစ်တစ်ရာနီးပါး အက်ကြောင်းထဲ၌ သားရဲလှိုင်းများနှင့် တိုက်ခိုက်နေခဲ့ရသလို အခုလည်း အနားယူခြင်းပင် မရှိဘဲ တိုက်ပွဲကင်းပြင်ကနေ လှမ်းလာခဲ့ခြင်းပင်။ ထို့ကြောင့် သူမ၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်မှာ သဘာဝပင်။ အကြည့်တစ်ချက်က လုယင်ကျဲ၏စိတ်နှလုံးကို အေးစိမ့်သွားစေ၏။ သူ့မျက်နှာသည် ချက်ခြင်း တင်းကြပ်သွားသည်။ သို့သော် သိပ်မကြာခင်တွင် သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လက်နှစ်ဖက်ယှက်ကာ ပြုံး၍ ပြောသည်။ “နှစ်တစ်ရာ ရှိခဲ့ပြီ။ အမျိုးသမီးလုက တကယ့်ကို မမေ့နိုင်ဖွယ်ပါပဲ…”
သို့ရာတွင် လုယင်ကျဲ၏စကားမဆုံးခင်မှာပင် လီချန်မေက သူ့ကို ကျော်သွားလေတော့သည်။ ထိုအဖြစ်က လုယင်ကျဲကို တောင့်တောင့်ကြီး ကျန်ရစ်စေကာ သူ့စကားလုံးများကို ပြန်မြိုချလိုက်ရတော့သည်။
သူသာမက ကျောက်လုံ၏အပြုံးသည်ပင် အေးခဲသွားလေ၏။
ထိုရုတ်တရက်မြင်ကွင်းက ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံးကို မျက်ခုံးပင့်မိစေသည်။ စောနက သူတို့၏အံ့အားသင့်မှုမှာလည်း ပြောင်းပြန်ဖြစ်သွားကာ သူတို့၏မျက်လုံးထဲတွင် လှောင်ပြောင်လိုမှု အရိပ်အယောင်များပါ ဖြစ်ပေါ်ကုန်ကြသည်။
လီချန်မေက လုယင်ကျဲကို ကြည့်ပင်မကြည့်ဘဲ မူလကလန်ထံသို့သာ တန်းတန်းမတ်မတ် သွား၏။ သူမ အနားရောက်လာသည့်အခါ လူတိုင်းကို ဝေ့ကြည့်ပြီးနောက် သူမ၏အကြည့်က လုယန်ဖေထံ ကျရောက်လာသည်။
လုယန်ဖေက ပါးစပ်ထောင့်မှသွေးကို သုတ်ကာ လီချန်မေကို ကြည့်၏။
လီချန်မေက ငြိမ်သက်စွာစဉ်းစားပြီးနောက် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ အချိန်အတန်ကြာပြီးမှ သူမက တိုးညင်းစွာ မေးလာသည်။ “သူ မလာဘူးလား…”
ထိုစကားလုံးတို့က ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ နားထဲသို့ ကျရောက်သွားကာ ချက်ခြင်းပင် ပွက်လောရိုက်သံတို့ ထွက်ပေါ်လာတော့သည်။ လူတိုင်းက သူ ဆိုသည့်လူကို ခန့်မှန်းကုန်ကြ၏။
ထာဝရကလန်မှလူများပင် ဤ သူ ဆိုသည့်လူကို သိချင်မိနေသည်။ ဖန်ဟိုင်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့သံသယအတွက် အဖြေတစ်ခု ဖြည်းဖြည်းချင်း ရလာတော့သည်။ သည်အခိုက်အတန့်၌ ဆံနီအဘိုးအိုနှင့် အကြီးအကဲဆယ်ယောက်ကျော်လည်း ရောက်လာကပြီ ဖြစ်ကာ သည်မြင်ကွင်းကို တွေ့၏။ သူက ဖန်ဟိုင်ကို ကြည့်လျက် သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုအရိပ်အယောင် ဖြစ်ပေါ်သည်။ သူတို့က ကိုယ်ပိုင်အတွေးများ ကိုယ်စီရှိနေပေသည်။
လုယင်ကျဲကလည်း လုယန်ဖေ၏စကားများကို ကြားသည်။ သူ့စိတ်ခွန်အားဖြင့်ပင် သူ့အမူအရာမှာ ပြောင်းလဲသွားသည်။ သူ စောနေက တွေ့ကြုံလိုက်ရသော အဖြစ်သနစ်ကြောင့် သူသည် တည်ငြိမ်အောင်နေနိုင်ဖို့ ခက်ခဲနေတော့သည်။ သူ့အမူအရာက အလွန်ရုပ်စိုးနေ၏။ သို့သော် သူက တစ်ခုခုဆိုးရွားတာ ဖြစ်လာတော့မည်ဟုလည်း ခပ်ရေးရေး ခံစားမိနေသည်။
သူ့ဘေးရှိ ကျောက်လုံ၏အမူအရာပါ ကြီးစွာ ပြောင်းလဲ၏။ သူကတော့ လုယင်ကျဲနှင့်မတူပေ။ သူက ချက်ခြင်းပင် လုယန်ကုံးထံ လှမ်းကြည့်၏။ လုယင်ကုံးက သူ့အကြည့်ကို ခံစားမိသည့်နောက် သူက နှာခေါင်းရှုံ့၏။
ကျောက်လုံသည် ရုတ်တရက် အသက်ရှုမှားသလို ခံစားလိုက်ရသည်။ သူက လုယန်ကုံးပြောခဲ့သော ဆန်းကြယ်သည့်သူမှာ သူ တွေးထင်ခဲ့သလို မရိုးရှင်းမှန်းကို ခံစားမိလိုက်သည်။ လုယန်ဖေက ငြိမ်သက်စွာ စဉ်းစားနေ၏။ ခဏအကြာတွင် သူမက ခေါင်းယမ်းပြသည်။ သူမသည် လီချန်မေနှင့် မဆုံခဲ့ရသော်လည်း သူမက လီချန်မေ ညွှန်းဆိုသည့် “သူ” ဟူသောလူက မည်သူ့ကို ပြောမှန်း ရှင်းလင်းစွာ နားလည်ပေသည်။
“သူ မလာသေးပါဘူး…” လီချန်မေက သက်ပြင်းချကာ ခေါင်းမော့၍ ကောင်းကင်ထက်သို့ တမ်းတဟန်ဖြင့် မော့ကြည့်သည်။ သူမ၏အပြာရောင်ဆံနွယ်များကတော့ လေထဲတွင် လွင့်ဝဲလျက် ရှိသည်။
“ဒီနှစ်တစ်ရာအတွင်း သူ့ရဲ့ ဘာသတင်းကိုမှ မကြားခဲ့ရဘူး…” လုယန်ဖေက ထိုကဲ့သို့ပြော၍ လီချန်မေကို ကြည့်သည်။ သူမသည် ခဏတာ ချီတုံချတုံ ဖြစ်နေသေးသည်။ သို့သော် သူမသည် ဆက်မပြောတော့ပေ။
လီချန်မေက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းယမ်း၍ တိုးညင်းစွာ ပြောသည်။ “ထားလိုက်ပါတော့လေ…” ထိုသို့ပြောပြီးနောက် သူမသည် လုယန်ဖေကို ကြည့်ကာ အေးစက်မှု ဖျပ်ခနဲ ဖြစ်ပေါ်သည်။ သူမက နူးညံ့စွာ မေးလိုက်၏။ “နင် ဒဏ်ရာ ရထားတာလား။ ဒဏ်ရာက လတ်ဆတ်နေတုန်းပဲ။ ဘယ်သူ လုပ်တာလဲ…”
လုယန်ဖေ၏အမူအရာမှာ တည်ငြိမ်စွာ ရှိ၏။ သူမက မထူးခြားနားဟန်ဖြင့် ပြောသည်။ “အစောပိုင်းတုန်းက လုယင်ကျဲက မူလကလန်ဟာ ဖျက်သိမ်းခံရမယ်၊ ကျွန်မက သူ့ရဲ့ ကျင့်ကြံသူကိုယ်လုပ်တော် ဖြစ်လာရမယ်လို့ ပြောခဲ့ပါတယ်။ သူက ဆရာဦးလေးနဲ့ တိုက်ခိုက်ဖို့ကိုလည်း ချိန်းခြောက်ခဲ့သေးတယ်။ သူ့ဘေးမှာ အဆင့်ခုနစ်တောင်ရှာဖွေခြင်းကလန်ရဲ့ အကြီးအကဲ ကျောက်လုံလည်း ရှိတယ်။ သူတွေးတာက ဒီအမျိုးသမီးလေးရဲ့ အသံဟာ မသာယာတဲ့အတွက် စကားပြောဖို့ အဆင့်မမှီဘူးဆိုပြီး ကျွန်မကို အပြစ်ပေးခဲ့တာပါ…”
လုယင်ကျဲက ထိုစကားကို ကြားလိုက်ရသည့်နောက် သူ့အမူအရာသည် ပြောင်းလဲသွား၏။ သူက လုယန်ဖေကို ကြည့်ကာ လှမ်းအော်သည်။ “သူမ ပြောတာတွေ လုံးဝ အဓိပ္ပာယ်မရှိဘူး…”
တကယ်တော့ သူ လှမ်းပြောလိုက်တာ အမှန်ပင်။ သူက လုယန်ဖေကို သူ့ကိုယ်လုပ်တော်အဖြစ် လိုချင်သည်ဟု မပြောခဲ့ပေ။ သို့သော် သူက ထိုသို့ စိတ်ဖြင့် ရည်ရွယ်ခဲ့ပေသည်။
ကျောက်လုံ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။
လီချန်မေ၏အမူအရာက တည်ငြိမ်၏။ သူမက နောက်လှည့်ကာ ကျောက်လုံနှင့်လုယင်ကျဲကို ကြည့်သည်။ လုယင်ကျဲက စကားပြောရန် ပြင်၏။ သို့သော် ကျောက်လုံက အမြန်နောက်ဆုတ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ မန္တာန်တစ်ခု ပေါ်လာလေသည်။
သို့ရာတွင် ကျောက်လုံက နောက်ဆုတ်ရုံ ရှိသေး လီချန်မေသည် ရုတ်တရက် လှုပ်ရှားသည်။ သူမက မြန်လွန်း၏။ ချက်ခြင်းပင် ရှေ့သို့ တဟုန်ထိုး တိုးဝင်လာသည်။ သူမက တစ်ခဏအတွင်း လူအုပ်ကို ဖြတ်၍ ကျောက်လုံနောက်တွင် ပေါ်လာပြီး သူမလက်ကို ညင်သာစွာ ဝေ့ယမ်းသည်။
ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းအော်ရာတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းအော်ရာက နတ်ဆိုးဆန်သောခံစားမှုကို ပေးစွမ်းကာ ကျောက်လုံ၏ခန္ဓာကိုယ်ကို ချက်ခြင်း ခြုံလွှမ်းသွားသည်။
ကျောက်လုံသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်၍ သွေးအန်ထုတ်ရသည်။ သူက လေထဲသို့ လွင့်စင်ထွက်သွား၏။ သူ့ဘယ်လက်မှာ အသွေးအသားပုံအဖြစ် ပျက်စီးသွားခဲ့သည်။ တစ်ချိန်တည်းမှာ သူ့ညာလက်၊ ခြေထောက်နှစ်ဖက်တို့သည်လည်း ပေါက်ကွဲသည်။ သည့်နောက် သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်လေ၏။
သွေးနံ့များ ပျံ့နှံ့လာကာ ကျောက်လုံ၏မူလစိတ်ဝိညာဉ်သည် လွတ်မြောက်လာသည်။ သူ့မူလစိတ်ဝိညာဉ်၏မျက်လုံးထဲတွင် အလွန်အမင်းကြောက်လန့်မှုတို့ ပြည့်နှက်နေ၏။
လီချန်မေက ထာဝရကလန်၏ ဖန်ဟိုင်နှင့်ဆံနီအကြီးအကဲတို့ကို တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။ “သင်တို့နှစ်ယောက် စိတ်ကွက်သွားတယ်ဆိုရင် ငါက ထာဝရကလန်ကို ရှင်းပြချက် ပေးပါမယ်…”
ထိုသို့ပြောပြီးနောက် သူမက လုယင်ကျဲကို ကြည့်ကာ ပြောလိုက်သည်။ “နင်က သူနဲ့ တိုက်ခိုက်ချင်မှတော့ ငါ နင့်ကို အသက်ရှင်ခွင့်ပေးထားဦးမယ်။ သူ ရောက်မလာခဲ့ရင်တော့ ငါက နင်နဲ့ ကျောက်ဆိုတဲ့သူရဲ့ အသက်ကို ယူပစ်ရလိမ့်မယ်…”
ထိုထက်မြတ်သောရိုက်ချက်၊ ရိုးရှင်းသောစကားလုံးများထဲတွင် ပြင်းထန်သောဖိသိပ်အား ပါဝင်ပေသည်။ လူတိုင်းသည် ပင့်သက်ရှိုက်ကုန်ကာ သူတို့၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်ကုန်သည်။
ထာဝရကလန်မှ လူများသည်လည်း တိတ်ဆိတ်နေ၏။ ဖန်ဟိုင်က ဆံနီအကြီးအကဲကိုကြည့်၏။ ထို့နောက် သူက ချောင်းဟန့်ကာ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလီ…သင် ပြောတဲ့သူက ဘယ်သူများလဲ ငါ သိချင်မိတယ်။ မူလကလန်က လုယန်ဖေရဲ့ ဆရာဦးလေးလား…”
လီချန်မေက ခေါင်းညိတ်ပြသည်။ ထို့နောက် သူမက သက်ပြင်းချကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူမ ဘာတွေးနေသလဲကို မည်သူမျှ မသိနိုင်ကြပေ။
လုယန်ဖေက ဆက်လက်ပြီး ချီတုံချတုံ ဖြစ်မနေတော့ဘဲ တိုးညင်းစွာ ပြော၏။ “လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကတော့ ဆရာဦးလေးဟာ သူ ပြန်လာခဲ့မယ်လို့ ပြောခဲ့ပါတယ်…”
ထိုစဉ် ဤနေရာရှိ လူတိုင်း ခန့်မှန်းနေကြသော “သူ” ဟူသည့်လူမှာ လေကောင်းကင်ဘုံနယ်မြေတွင် အနီရောင်ခြင်သားရဲငါးထောင်နီးပါး၊ အပြာရောင်ခြင်သားရဲရာချီဖြင့် ဖြတ်သန်းသွားလာနေ၏။
လေကောင်းကင်ဘုံနယ်မြေအနှံ့တွင် လေတိုးသံများ အဆတ်မပြတ်ပင်။ သို့ရာတွင် ထိုလေများက ခြင်သားရဲများ၏ တဝီဝီအသံများနှင့် ယှဉ်ပါက ဘာမှ မဟုတ်တော့ပေ။ ခြင်သားရဲအုပ်၏ဗဟို၌ ကျယ်လောင်သောဟိန်းသံကို ထုတ်ဖော်နေသော ရွှေရောင်ခြင်သားရဲဘုရင်တစ်ပါး ရှိလေ၏။ သူ့ဟိန်းသံတိုင်းက ပတ်ဝန်းကျင်ရှိ ခြင်သားရဲအားလုံးကို ကြောက်လန့်၍ တုန်လှုပ်စေကာ ရှေ့သို့ မြန်မြန် ပျံသန်းစေသည်။
ဝမ်လင်းသည် ခြင်သားရဲဘုရင်ပေါ်တွင် ထိုင်နေလျက် ရှိ၏။ သူ့အဖြူရောင်ဆံပင်များက လွင့်ဝဲလျက်။ သူက ကောင်းကင်ဘုံနယ်မြေ၏အတွင်းပိုင်းကို ကြည့်နေသည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့ဒဏ်ရာများသည် သည်ရက်များအတွင်း အနည်းငယ် ပြန်ကောင်းမွန်လာခဲ့ပေပြီ။ သို့သော် ပို၍အရေးကြီးသည်က သူသည် ခြင်သားရဲများစွာကို စုဆောင်းပြီး ဖြစ်သည့်အတွက် သူ့ခွန်အားမှာ များစွာတိုးပွားလာခဲ့ခြင်းတည်း။
“လေကောင်းကင်ဘုံနယ်မြေရဲ့ အတွင်းပိုင်းကို ငါ သွားချင်တယ်။ အဲ့ကျမှ ငါက လုံလောက်တဲ့ ခြင်သားရဲတွေကို ရနိုင်မှာ။ ပြီးရင်တော့ မူလကလန်ကို ပေးထားတဲ့ ငါ့ကတိကို ဖြည့်ဆည်းပေးဖို့ သွားရမယ်…”
ဝမ်လင်းအောက်ရှိ ရွှေရောင်ခြင်သားရဲဘုရင်က ဟိန်းအော်သံ ပြု၏။ ခြင်သားရဲများစွာကြောင့် ဖြစ်ပေါ်နေသော အနီရောင်တိမ်ထုမှာ ချက်ခြင်းပင် ဦးတည်ချက် ပြောင်း၍ ခြင်သားရဲအများဆုံး စုစည်းနေသော လေကောင်းကင်ဘုံနယ်မြေ၏အတွင်းဘက်နေရာဆီ ဦးတည်လေသည်။
***