← Chapters

နေသာသောညမန္တာန် နောက်တွင်…

Vol. 94 Ch. 1294

နေသာသောညမန္တာန် နောက်တွင်…

Vol. 94 Ch. 1294

မရေမတွက်နိုင်သောခြင်သားရဲများကြားတွင် ဝမ်လင်းကို ရှာတွေ့ဖို့မှာ မဖြစ်နိုင်လုနီးပါးပင်။ သို့သော် သူ လေကောင်းကင်ဘုံနယ်မြေအတွင်းဘက်သို့ ဝင်ရောက်လာလေလေ ပို၍ သတိထားလေပင်။ ခြင်သားရဲအုပ်၏ အမြန်နှုန်းကလည်း လေကောင်းကင်ဘုံနယ်မြေအတွင်းဘက်သို့ ဝင်ရောက်လာချိန်၌ အတော်လေး လျော့ကျသွားသည်။

သူတို့သည် သွားနေရင်းဖြင့် ဝမ်လင်းမှာ လေကောင်းကင်ဘုံနယ်မြေရှိ လေများက ပို၍ပြင်းထန်လာသည်ကို ခံစားမိသည်။ ထိုလေများက စိတ်ဝိညာဉ်များ မြည်ကြွေးဟစ်အော်နေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် လေများက ဝဲကတော့များအသွင် ဖြစ်ပေါ်၍ လေကောင်းကင်ဘုံနယ်မြေအနှံ့သို့ သွားလာနေသည်။

ခြင်သားရဲများက သည်လေများကို အလွန်နှစ်သက်ပုံရသည်။ အထူးသဖြင့် လေဝဲကတော့များကိုပင်။ ဝမ်လင်းက အတွင်း၌ ခြင်သားရဲရာချီရှိသော လေဝဲကတော့များစွာကိုလည်း လှမ်းလှမ်း မြင်တွေ့နေရသည်။ တုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်၏။

သူသည် ရှေ့သို့ သွားနေရင်း လေကောင်းကင်ဘုံနယ်မြေ၏ အပျက်အစီးကုန်းမြေက သူ့မျက်စိရှေ့တွင် တဖြည်းဖြည်းချင်း ပေါ်လာလေသည်။ အစိတ်စိတ်အမွှာမွှာကုန်းမြေများမှာ ကွဲကြေနေသောမှန်ချပ်တစ်ခုကဲ့သို့ပင်။ ထိုအပိုင်းအစများကို ကျောက်စကျောက်နများက ပိုင်းခြားထာကာ အချို့အက်ကြောင်းများဆို ကျယ်ပြော၍ လေဟာနယ်အတွင်းထိ ချဲ့ကား၍ နေပေသည်။

သည်ကုန်းမြေများပေါ်တွင် မရေမတွက်နိုင်သော အပျက်အစီးပုံများ၊ အပိုင်းအစများစွာ ရှိသလို အဆောက်အဦအပျက်အစီးများလည်း ရှိနေပေသည်။ လေများ အချိန်ပြည့်တိုက်ခတ်နေသည့်အတွက် နှစ်ကာလကြာမြင့်လာသည့်အခါ ယင်းအဆောက်အဦများသည် လေကြောင့် တဖြည်းဖြည်းချင်း ပျောက်ကွယ်ကြပေလိမ့်မည်။

သူ့ရှေ့ရှိအရာအားလုံးကို ကြည့်ကာ ဝမ်လင်းက အထီးကျန်ဆန်စွာ မခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။ သူ့နှစ်ပေါင်းနှစ်ထောင်နီးပါး ကျင့်ကြံမှုလောက်ဖြင့် သူသည် မိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်ခဲ့သည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွားရောက်ခဲ့ဖူးသည်။ ခုချိန်၌ သူသည် လေကောင်းကင်ဘုံနယ်မြေတွင် ရှိနေခဲ့ပြန်ပြီ။

သူ့အတွေ့အကြုံများမှာ အလွန်စိတ်လှုပ်ရှားဖို့ ကောင်းသည်။ သူ့အတွေ့အကြုံမျိုးကို ယှဉ်နိုင်သည့်သူ ရှားပေလိမ့်မည်။

မိုးကောင်းကင်ဘုံနယ်မြေက ၎င်းနယ်မြေမှာ ဆိုးဆိုးရွားရွားပျက်စီးထားသော ခံစားမှုကို သူ့အား ပေး၏။ ၎င်းနယ်မြေတွင် အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေတစ်ခု၏ အရိပ်အယောင်ကို ရှာတွေ့ဖို့မှာ ခက်ခဲလွန်းပေသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေကတော့ မိုးကောင်းကင်ဘုံနယ်မြေနှင့် ကွာခြားပြီး များများစားစား ပျက်စီးထိခိုက်မှု မရှိခဲ့ပေ။ ၎င်းက ပြိုလဲပျက်စီးခဲ့သော်လည်း အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ခွန်အားနှင့် စွမ်းအားကို ခံစားမိနေနိုင်ဆဲ ဖြစ်သည်။

သို့ရာတွင် မိုးကောင်းကင်ဘုံနယ်မြေဖြစ်စေ၊ မိုးကြိုးကောင်းကင်ဘုံဖြစ်စေ မပျက်စီး၊မထိခိုက် ခံရမှုတွင် လေကောင်းကင်ဘုံနယ်မြေကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။ ခြင်သားရဲများကြောင့် ပြိုလဲပျက်စီးပြီးနောက်တွင် ဤနေရာသို့ ကျင့်ကြံသူများ ရောက်လာတာ ရှားခဲ့၏။ ထို့ကြောင့် သည်နယ်မြေမှာ ပုံစံမယွင်းလုနီးနီး ကျန်ရှိနေသေးသည်။ တစ်ခုသာရှိ၏။ထိုတစ်ခုက လေများ ဤလေကောင်းကင်ဘုံနယ်မြေတွင် သူ့ဟာသူ အဆတ်မပြတ် တိုက်ခိုက်နေခြင်း ဖြစ်သည်။

လေကောင်းကင်ဘုံနယ်မြေက ဝမ်လင်းကို အဆုံးမဲ့ထီးတည်းဖြစ်မှုနှင့် အထီးကျန်မှုတို့ကို ပေးစွမ်းလေ၏။ လေတိုးသံများသာ ဤနေရာတွင် ရှိနေသည်မဟုတ်လား။

ဝမ်လင်းသည် သူ့ရှေ့တွင် မြောလွင့်နေသော လေကောင်းကင်ဘုံနယ်မြေထဲရှိ အကြီးမားဆုံးအစိတ်အပိုင်းမြေကို တွေ့မြင်လိုက်ရသည်။ ၎င်းအစိတ်အပိုင်းမြေထံမှ ရှေးကျလွန်းသောအော်ရာတစ်ခုကို ပေးစွမ်းနေ၏။

ထိုကုန်းမြေ၏ ဗဟိုချက်တွင် ဧရာမကျောက်တံခါးတစ်ချက် ရှိလို့နေသည်။ သည်ကျောက်တံခါးချပ်က ပေထောင်သောင်းချီ မြင့်မားရှည်လျားသည်။ ၎င်းကို အဝေးကနေပင် တစ်ချက်ကြည့်ရုံဖြင့် လွယ်လင့်တကူ မြင်နိုင်ပေ၏။

ဝမ်လင်း၏ခြင်သားရဲအုပ်က ရပ်တန့်သွား၏။ ခြင်သားရဲဘုရင်ပေါ်တွင် ထိုင်နေလျက် ဝမ်လင်းက အကွာအဝေးတစ်ခုမှ ကျောက်တံခါးကို စူးစိုက်ကြည့်နေ၏။ သူ့ကိုယ်သူ ဆုံးရှုံးသွားသည့်အလား သူ့စိတ်မှာ တုန်ယင်ရ၏။ သူက သူ့အာရံခံနိုင်မှုကိုလည်း ဆုံးရှုံးသွားတော့၏။ သူက ခြင်သားရဲဘုရင်ပေါ်တွင် ထိုင်နေသည်ဟူသောအချက်ကိုပါ မေ့သွားခဲ့လေပြီ။ သူ့မျက်လုံးထဲတွင် ထူးကဲလှသောကျောက်တံခါးကြီးသာ ရှိနေတော့လေ၏။

အချိန်ခံစားမှုက ဝမ်လင်းစိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လာ၏။ ထိုစဉ် သူသည် အချိန်၌ နစ်မြုပ်သွားခဲ့၏။ သူက လောက၏ဆင့်ကဲပြောင်းလဲပုံကို စောင့်ကြည့်သည်။ နှစ်ကာလခေတ်များ ကုန်လွန်သည်ကို စောင့်ကြည့်သည်။ ဆက်တိုက်ပြောင်းလဲနေသော တောတောင်ရေမြေရှုခင်းရှုကွက်များကို စောင့်ကြည့်သည်။ သူက ထိုကဲ့သို့ စောင့်ကြည့်နေရင်း သူ့ကိုယ်သူ တဖြည်းဖြည်းချင်း ဆုံးရှုံးလာ၏။

ဤတံခါးကို ကျောက်တံခါးချပ်ဟု ခေါ်ဖို့ပင် သိပ်မသင့်တော်လှပေ။ အကြောင်းမှာ ၎င်းတံခါးချပ်မှာ ဧရာမီးတောက်ကြီးတစ်ခုသာ ဖြစ်နေ၏။ သိပ်သည်းသောမီးတောက်က တံခါးအသွင် ဖြစ်တည်နေခြင်းပင်။ ယင်းမီးတောက်တို့မှာ လေတိုက်ခတ်မှုကြောင့်လည်း လှုပ်ယမ်းသွားတာမျိုး မရှိပေ။

ကျောက်တံခါးကို ကြည့်နေရင်းဖြင့် ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲသူ ပြန်ရောက်ရှိလာဖို့ အချိန်အတော်ယူလိုက်ရသည့်ပုံပင်။ သူသည် အသက်ဝဝရှုသွင်းလိုက်၏။ တဖြည်းဖြည်းဖြင့် သူသည် ပုံမှန်ပြန်ဖြစ်လာခဲ့ကာ သူ့ကိုယ်သူ ပြန်ထိန်းချုပ်နိုင်မှု ရလာခဲ့သည်။ သို့သော် သူ့အကြည့်ကတော့ အကွာအဝေးတစ်ခုရှိ ဧရာမကျောက်တံခါးထံသို့သာ ရောက်နေဆဲပင်။

သူက ထိုကျောက်တံခါးနှင့် မစိမ်းပေ။ သူ့ဘဝတွင် ၎င်းကျောက်တံခါးမျိုးကို အကြိမ်အချို့ မြင်တွေ့ခဲ့ဖူးသည်။

သည်ကျောက်တံခါးမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ အသက်ဝင်လာချိန်တွင် ဖြစ်ပေါ်လာခဲ့သော တံခါးပင် ဖြစ်နေ၏။ ၎င်းတံခါးနှစ်ချပ်က အလွန်တူ၏။ ကွာခြားတာ မရှိပေ။ ကွာခြားတာတစ်ခု ရှိသည်ဆိုလျှင်လည်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့မှ ဖြစ်ပေါ်သော တံခါးချပ်သည် အစစ်အမှန်ဖြစ်၍ မီးတောက်တစ်ခု ဟုတ်မနေခြင်းပင်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဘေးပတ်လည်ကို ကြည့်သည်။ ဤနေရာမှာ လေကောင်းကင်ဘုံနယ်မြေ၏အတွင်းဘက် ရောက်နေပြီ ဖြစ်သည်။ ရှေ့ဆက်သွားပါက လေကောင်းကင်ဘုံနယ်မြေ၏ ဗဟိုချက်သို့ ရောက်ပေလိမ့်မည်။ ဝမ်လင်းက သည်ဧရာမတံခါးကြီးကို ကြည့်ကာ ပြန်မထွက်သွားချင်သေးပေ။ သူက ခြင်သားရဲဘုရင်၏ကျောထက်မှ လှမ်းခုန်ကာ လေထဲသို့ ခြေချ၍ ရှေ့သို့ ဆက်သွားသည်။

သူ့နောက်တွင် ခြင်သားရဲဘုရင် လိုက်ပါလာသည်။ ၎င်းပတ်လည်တွင် ခြင်သားရဲငါးထောင်နီးပါးကြောင့် ဖြစ်ပေါ်နေသော အနီရောင်တိမ်ထုက ကောင်းကင်ကို ဖုံးအုပ်ထားလေသည်။

ဝမ်လင်းသည် တံခါးထံ သူ့အား စွဲဆောင်နေသော ရှင်းမပြတတ်သည့် ခံစားမှုမျိုး ရနေသည်။ သူက လေထဲတွင် ဖြည်းဖြည်းချင်း ခြေလှမ်း၍ တံခါးအနား ရောက်လာသည်။ တံခါး၏ ထည်ဝါသောအော်ရာက ပို၍ အားကောင်းလာသည်။

သင်သည် တံခါးရှေ့တွင် ရပ်၍ မော့ကြည့်ခဲ့လျှင်ပင် တံခါးထိပ်ဖျားကို မြင်ရနိုင်လိမ့်မည် မဟုတ်ပေ။ ပြင်းထန်သော အဖော်မဲ့အထီးကျန်ခံစားမှုက ဤဧရိယာတွင် ဖုံးလွှမ်းနေ၏။ သည်ဧရာမတံခါးချပ်ကို ဗဟိုပြု၍ မမြင်ရသောဝဲကတော့တစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်နေသည့်အလား။ ထိုဝဲကတော့ကြောင့် ဂိတ်တံခါးပတ်လည်တွင် မြူလွှာတစ်ခု ဝန်းပတ်နေသည်ဟု ထင်မှတ်ရသည်။ ထိုအချက်ကို အဝေးကနေ ထောက်လှမ်းမိနိုင်ဖို့မှာ ခက်ခဲလှ၏။ သို့သော် အနားရောက်လာသည်နှင့် သည်မြူလွှာကို လွယ်လင့်တကူ ခံစားမိနိုင်ပေသည်။

ဝမ်လင်းသည် မြေပြင်ထက်တွင် ရပ်၍ ခေါင်းမော့ကာ ဧရာမတံခါးကြီးကို ကြည့်နေ၏။ သူ့စိတ်သည် တုန်ယင်မိကာ သူ့နတ်ဘုရားအာရုံအား တံခါးထံသို့ အလိုလို ဖြန့်ကျက်မိသည်။

သူ့နတ်ဘုရားအာရုံ ပျံ့နှံ့လာခိုက်တွင် သူ့စိတ်ထဲတွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ထိုအဖြစ်က တံခါးပတ်လည်ရှိမြူလွှာကို အဝေးသို့ လွင့်ထွက်ကာ ဝမ်လင်း၏မျက်လုံးရှေ့တွင် ဧရာမဂိတ်တံခါးကြီး ရှင်းရှင်းလင်းလင်း ပေါ်လာစေသည်။

ထိုအခါ သူတွေ့မြင်ရသည်က တံခါးချပ် ဆက်မဟုတ်တော့ဘဲ သက်ရှိတစ်ခုလို ဖြစ်လာခဲ့သည်။

ထိုသက်ရှိက စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်၏။ ၎င်းက အချိန်ကြာမြင့်စွာ တည်ရှိခဲ့၍ တဖြည်းဖြည်း အာရုံခံစားနိုင်သော သက်ရှိ ဖြစ်လာခြင်းနှင့် တူနေသည်။ ဝမ်လင်း၏ နတ်ဘုရားအာရုံ ပျံ့လွင့်လာကာ ထိုသက်ရှိနှင့် ပေါင်းစည်းသွားဟန်ရကာ ချက်ခြင်းပင် ဝမ်လင်းသည် သူ့ကိုယ်ပိုင်ဖြစ်တည်မှုကို မေ့သွားဟန် တူသည်။

အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းက နေရာတွင်သာ မလှုပ်မယှက် ရပ်နေ၏။ သူက အလွန်ထူးဆန်းသောအခြေအနေတွင် ရှိနေသည်။ ထိုအခြေအနေက သူပထမဆုံး မူလမန္တာန် နေသာသောညကို ပင်လယ်ဘေးရှိ တောင်အငူစွန်းတစ်ခုပေါ်တွင် ဉာဏ်အလင်းရခဲ့သော အခြေအနေနှင့် အလွန်ဆင်တူနေလေ၏။

ခုချိန်တွင် ဝမ်လင်းက သူ့စိတ်နှလုံးအတွင်း၌ ဤကျောက်တံခါးချပ်ကို ဖမ်းစုပ်မိထားပေသည်။ ထိုအရာမှာ မဟာနယ်ပယ်သုံးခုထဲမှ တစ်ခုဖြစ်သော ရှီနယ်ပယ်ပင်။

ရှီသည် သက်ရှိအားလုံး၏ ရင်းမြစ် ဖြစ်ပေ၏။

အတိတ်တုန်းက ဝမ်လင်း ပင်လယ်ဘေးတောင်အငူတွင် ဉာဏ်အလင်းရရှိခဲ့ချိန်ကဆို သူသည် ကောင်းကင်၊မြေကြီးနှင့် ပင်လယ်ကို ကြည့်နေခဲ့ဖူး၏။ သူက ထိုအရာများကို သူ့နှလုံးသားကနေ ဖမ်းဆုပ်မိ၍ ၎င်းတို့ကို ဆောင်ယူကာ သူ့ပထမဆုံး မူလမန္တာန် နေသာသောညကို ဖန်တီးနိုင်ခဲ့ပေသည်။

ယနေ့တွင် လေကောင်းကင်ဘုံနယ်မြေ၌ ဤဧရာမတံခါးချပ်ကြီးအောက်တွင် ဝမ်လင်းက ထိုခံစားချက်ကို ထပ်မံ ရရှိသည်။ သူက ထူးဆန်းသောနယ်ပယ်အတွင်း ဈဉ်ဝင်စားလျက် သည်ကျောက်တံခါးကို သူ့နှလုံးသားနှင့် အလိုလို ဖမ်းဆုပ်မိကာ ယူဆောင်သည်။

သူက နေသာသောညမန္တာန်ပြီးနောက် ဒုတိယမန္တာန်တစ်ခုကို ဖန်တီးရန် ၎င်းကို အသုံးမပြုချင်ပေ။ အတိတ်တုန်းက ပင်လယ်ဘေးရှိ တောင်အငူပေါ်မှာကဲ့သို့ပင် သူသည် နေသာသောမန္တာန်ကို ဖန်တီးဖို့ တွေးခဲ့ခြင်း မရှိဘဲ ၎င်းကို လောကသို့သာ ချခင်းသည်နှင့် တူလေ၏။

သူ့ခန္ဓာကိုယ်သည် နေရာတွင်သာ ရှိနေ၏။ သူ့အော်ရာက ကျောက်တံခါးထံ တဖြည်းဖြည်း နစ်မြုပ်ကာ အတွင်း၌ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအခိုက်အတန့်၌ ကျင့်ကြံသူတစ်ယောက်က သည်နေရာသို့ ရောက်လာပြီး သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လျှင်ပင် ဝမ်လင်းကို သတိပြုမိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါ။

ဝမ်လင်း၏အော်ရာနှင့် အသက်ဓာတ်အားလုံးမှာ သဲလွန်စမရှိ အခုချိန်တွင် ပျောက်ကွယ်နေ၏။ ခြင်သားရဲဘုရင်က လေထဲတွင် ပျံဝဲလျက် ရှိနေသည်။ သို့သော် ဝမ်လင်း၏အော်ရာ ပျောက်ကွယ်သွားချိန်တွင် ၎င်း၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှု ပြည့်နှက်လာ၏။ ၎င်းက ဝမ်လင်းကို ငုံ့ကြည့်သည်။ ပို၍ စိတ်ရှုပ်ထွေးသွား၏။

ထိုခြင်သားရဲက သူ့သခင်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သို့သော် သူ့သခင်၏အော်ရာကမူ လုံးဝ ကွယ်ပျောက်နေသည်။

ခြင်သားရဲဘုရင်က ဟိန်းသံပေး၍ ဝမ်လင်းရှိ တိုးဝင်လာ၏။ ၎င်းသည် ဟိန်းသံပေးနေရင်း ပတ်ဝန်းကျင်ရှိ ခြင်သားရဲများမှာ ဤဧရိယာကို ချက်ခြင်း ဝန်းရံလိုက်ကြသည်။

ဝမ်လင်း၏အော်ရာ ပျောက်ကွယ်သွားချိန်၌ လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းနက်ပိုင်းတွင် သေးငယ်သောကုန်းမြေတစ်ခု ရှိနေသည်။ကောင်းကင်သည် မှိန်ဖျော့၍ တဝီဝီအသံများ အဆတ်မပြတ် ပဲ့တင်ထပ်သည်။ ထိုကမ္ဘာမှာ မရေမတွက်နိုင်သော ခြင်သားရဲများနှင့် ပြည့်နှက်နေ၏။

ထိုခြင်သားရဲများကလည်း ဟိန်းသံများ ပြုကြ၏။ ၎င်းတို့က သိပ်သည်းလွန်းစွာ ရှိနေ၍ ဤခြင်သားရဲအုပ်၏ အဆုံးသပ်ကို တွေ့မြင်ဖို့ပင် မဖြစ်နိုင်ချေ။

ထိုကုန်းမြေပေါ်၌ လူသားအသွင်ကျောက်ရုပ်တုတစ်ခုလည်း မားမားရပ်နေ၏။ ရုတ်တရက် ၎င်းမျက်လုံးနေရာရှိ ကျောက်သားများသည် စတင်၍ လှည့်လည်၏။ မျက်လုံးပတ်လည်ရှိကျောက်သားများသည် မြန်ဆန်စွာ အရည်ပျော်ကြလာကာ မျက်လုံး တဖြည်းဖြည်းချင်း ပွင့်ဟလာ၏။

“ဒီကျောက်တံခါးအတွင်းမှာ ဥပဒေသကိုးခု ရှိတယ်။ ဒီဥပဒေသတွေကို အားအကောင်းဆုံးကနေ အနည်းဆုံးအတိုင်း စီစဉ်ထားတယ်။ သူဟာ ဘယ်ဥပဒေသကိုများ နားလည်သွားမလဲ…”

***

All Chapters