အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) - ငါတို့အိမ်မှာ ဒီလို အဆင့်မမှီတဲ့ ဆေးမျိုး မရှိဘူး
ချန်ရွှယ်ရူက စကားစလိုက်သည်။
“ဆရာ ကျိဟွေး... ဒီနေ့ ရှင့်ဆီ လာရတဲ့ အကြောင်းရင်းက ယန်ချုံးရဲ့ ဆေးစာရွက်ထဲက ဆေးတချို့ကို နိုင်ငံပိုင် ဆေးဆိုင်တွေမှာ ဝယ်လို့ မရလို့ပါ။ ဒီဆေးတွေက မပါလို့လည်း မဖြစ်ဘူးလေ။ ရှင့်မိသားစုက အကြီးဆုံး ဆေးဆိုင် ဖွင့်ထားတာဆိုတော့ တခြားနေရာတွေမှာ မရှိရင်တောင် ရှင့်ဆီမှာတော့ သေချာပေါက် ရှိမယ်ထင်လို့ သူ့ကိုခေါ်ပြီး ကံလာ စမ်းကြည့်တာ”
ထိုအခါ ဖန်ကျိဟွေး၏ မျက်နှာအထက်တွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ထင်ဟပ်လာလေသည်။
“ရွှယ်ရူ... မင်းပြောတာ တကယ် မမှားဘူး။ ငါတို့ ဖန်မိသားစုက တခြားဟာတွေကို သိပ်မပြောရဲပေမဲ့ ဆေးနဲ့ ပတ်သက်လာရင်တော့ ပေကျင်း တစ်မြို့လုံးမှာ အစုံလင်ဆုံးပဲ။ ငါ့ဆီမှာမှ မရှိဘူးဆိုရင်တော့ တစ်မြို့လုံး ဘယ်မှာမှ လိုက်ရှာစရာ မလိုတော့ဘူး”
ထိုသို့ဆိုရင်း ယန်ချုံးဘက်သို့ လက်ဖြန့်ပေးလိုက်သည်။
“ပေးလေ... မင်း ဘယ်ဆေးတွေ လိုချင်တာလဲဆိုတာ ငါကြည့်ရအောင်”
ဖန်ကျိဟွေး၏ ဟန်ပန်မှာ အနည်းငယ် မောက်မာနေပြီး မည်သူ့ကိုမျှ ဂရုမစိုက်သည့် အသွင်ပေါ်နေ၏။ သူ့အပေါ် ဆက်ဆံပုံနှင့် ချန်ရွှယ်ရူအပေါ် ဆက်ဆံပုံမှာ မိုးနှင့်မြေပမာ ကွာခြားလှသော်လည်း ယန်ချုံးကမူ အရေးမစိုက်အားပေ။ ယခုအချိန်တွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ ရှို့အာအတွက် လိုအပ်နေသော ဆေးများကို ရှာတွေ့ရန်သာ ဖြစ်လေသည်။
ထို့ကြောင့် အိတ်ကပ်ထဲမှ ဆေးစာရွက်ကို ချက်ချင်းထုတ်ကာ ကမ်းပေးလိုက်သည်။
“ဆရာဖန်”
ဖန်ကျိဟွေးသည် ဆေးစာရွက်ကို ယူ၍ ဟိုဟိုဒီဒီ တစ်ချက် နှစ်ချက် ကြည့်လိုက်ပြီးနောက် အထင်အမြင် သေးဟန်ဖြင့် ပြောဆိုလာသည်။
“စန်းလင်၊ ဟွမ်ချီ၊ ပိုင်ကျူ... ဒါတွေ အကုန်လုံးက အားနည်းတာကို ကုတဲ့ ဆေးတွေချည်းပဲ။ ဒါက ရိုးရိုး အားဆေး စာရွက်ပဲဟာ။ နေဦး...”
ရုတ်တရက် ဖန်ကျိဟွေး မျက်မှောင်ကျုံ့သွားသည်။
“မင်းရဲ့ ဒီဆေးစာရွက်ကို ဘယ်လို တောက်တီးတောက်တဲ့ ဆရာဝန်က ရေးပေးလိုက်တာလဲ။ ဒါက သက်သက် လျှောက်လုပ်ထားတာပဲ”
ချန်ရွှယ်ရူ အံ့သြမှင်သက် သွားရသည်။
“ဘာဖြစ်လို့လဲ ဆရာကျိဟွေး… ဒီဆေးစာရွက်က ပြဿနာရှိလို့လား”
ဖန်ကျိဟွေးက ဆေးစာရွက်ကို ချန်ရွှယ်ရူအား ပြရင်း ကြွားဝါလိုသော လေသံဖြင့် ဆိုလေသည်။
“ရွှယ်ရူ... မင်း ကြည့်ကြည့်။ ဒီဆေးစာရွက်ထဲမှာ ဟွမ်ချီ ပါတာက ထားတော့… ဘာလို့ ဟွမ်မု ပါ ပါနေရတာလဲ။ ဒီဆေးက ဟွမ်ချီနဲ့ ဘယ်လိုလုပ် တွဲသုံးလို့ ရမှာလဲ။ ဒီဆေး နှစ်မျိုးကို တွဲသုံးရင် အချင်းချင်း ဓာတ်ပြယ်သွားလိမ့်မယ်။ အာနိသင် မရှိတဲ့အပြင် ဘေးထွက်ဆိုးကျိုးတောင် ဖြစ်စေဦးမယ်”
ထိုသို့ဆိုရင်း သူက ခေါင်းကို တရမ်းရမ်း လုပ်နေသည်။
“ဒီဆေးစာရွက်ကို ရေးတဲ့လူက တောက်တီးတောက်တဲ့ ဆရာဝန် ဖြစ်ရမယ်။ ဒါမှမဟုတ် ဆေးပညာကို အပေါ်ယံလောက်ပဲ သင်ထားရသေးတဲ့ လူငယ်တစ်ယောက် ဖြစ်ရမယ်။ လုံးဝကို ပေါက်ကရ လုပ်ထားတာပဲ”
ထိုစကားများကြောင့် ချန်ရွှယ်ရူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ယန်ချုံးကို အနေခက်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိသည်။
သူမ ကိုယ်တိုင်က ယန်ချုံး ဆေးကုတတ်သည် ဆိုတာကို အပြည့်အဝ မယုံကြည်သော်ငြား ဖန်ကျိဟွေးက သူမ၏ ရှေ့တွင် ဤဆေးစာရွက်ကို ယခုလို ပေါ်တင် ဝေဖန်နေခြင်းက သူမအတွက် အတော်လေး အနေရခက်စေသည်။ ဖန်ကျိဟွေး တစ်ယောက် သဝန်တိုနေခြင်း ဖြစ်သည့်အတွက်ကြောင့် ယန်ချုံး၏ ဆေးစာရွက်ကို အသုံးမကျသယောင် တမင်ချိုးနှိမ် ပြောဆိုနေမှန်း သူမ ရှင်းရှင်းလင်းလင်း သိနေသည်။ သို့သော် ဤအခြေအနေက သူမကို အလွန် အကျပ်ရိုက်စေသည်။ မည်သို့ပင်ဆိုစေ ယန်ချုံးက သူမ၏ မိတ်ဆွေ မဟုတ်ပါလား။
ဤကိစ္စကြောင့် ယန်ချုံး ဒေါသထွက်ပြီး လှည့်ထွက်သွားမည်ကို သူမ စိုးရိမ်နေမိသည်။ သို့သော် ယန်ချုံး၏ မျက်နှာအထက်တွင် ဒေါသထွက်နေသည့် အရိပ်အယောင် လုံးဝ မရှိဘဲ ခပ်ဟဟ ပြုံးလျက်သာ ပြောလာသည်။
“ဟုတ်ကဲ့... ဆရာဖန် ဝေဖန်တာ မှန်ပါတယ်။ ဒီဆေးစာရွက်ကို ရေးတဲ့သူက ဆေးပညာ စသင်ခါစ လူငယ်လေးမို့လို့ ဆရာဖန်ကို ရယ်စရာ ဖြစ်စေမိပြီ”
ထိုသို့ပြောပြီး ဆေးစာရွက်၏ အောက်ဆုံးရှိ ဆေးအမည်များကို လက်ညှိုးထိုးပြ လိုက်သည်။
“ဆရာဖန်ဆီမှာ ဒီဆေးလေးတွေများ ရှိမလား မသိဘူး”
ဖန်ကျိဟွေးက ယန်ချုံး၏ အောက်ကျို့သော အပြုအမူကို ကျေနပ်သွားပြီး ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။
“ငါတို့ ဖန်မိသားစုမှာ မရှိတဲ့ ဆေးများ ရှိလို့လား”
ထို့နောက် ယန်ချုံး လက်ညှိုးထိုးပြသည့် နေရာသို့ ကြည့်လိုက်သည်။ သို့သော် ကြည့်ပြီးသွားသောအခါ သူ၏ မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေသည်။
“ဆရာဖန်... ဒီဆေးတွေ ခင်ဗျားဆီမှာ ရှိလား”
ယန်ချုံးက အမြန် မေးလိုက်၏။
ဖန်ကျိဟွေးက ချက်ချင်း မဖြေဘဲ မျက်မှောင်ကျုံ့သွားသည်။
ယန်ချုံး မေးသော ဆေးအမည်များက သူ့ကို အဖြေရခက် စေသည်။ သူတို့အိမ်တွင် မရှိရုံသာမက ဆေးတစ်မျိုး၏ အမည်ဆိုလျှင် သူ ကြားပင် မကြားဖူးခဲ့ချေ။
ကျန် ဆေးနှစ်မျိုးကို ကြားဖူးသော်လည်း ကြားရုံသက်သက်သာ ဖြစ်သည်။ အကြောင်းမူကား သူတို့မိသားစု ဆေးဆိုင်တွင် ထိုဆေးမျိုးကို တစ်ခါမျှ အသွင်း မခံခဲ့သောကြောင့်ပင် ဖြစ်သည်။ ယခင်က အဘိုးဖြစ်သူ အဘိုးဖန် ပြောပြဖူးသည်ကိုတော့ မှတ်မိနေသေးသည်။ ထိုဆေးများ၏ သတ္တိကို ထိန်းချုပ်ရန် ခက်ခဲလွန်းသောကြောင့် ယနေ့ခေတ် ဆရာဝန်များက အလွယ်တကူ မသုံးရဲကြကြောင်းပင် ဖြစ်လေသည်။ ထို့ကြောင့် ဤဆေးများကို မြင်ရခဲကြောင်း ပြောခဲ့ဖူးသည်။ သို့သော် ယခု ထို ဆေးနှစ်မျိုးက လူငယ်လေး တစ်ယောက်၏ ဆေးစာရွက်ပေါ်တွင် ရေးသားပါရှိနေခြင်းက အမှန်တကယ်ပင် ထူးဆန်းနေလေသည်။
ဖန်ကျိဟွေးက သူတို့ဆေးဆိုင်သည် ပေကျင်းတစ်မြို့လုံးတွင် အစုံလင်ဆုံး ဖြစ်ကြောင်း ယခုလေးတင် ကြွားလုံးထုတ်ထားရာ ယခုလောက် မြန်မြန် ကိုယ့်ပါးကိုယ် ပြန်မချချင်ပေ။ အထူးသဖြင့် သူ သဘောကျနေရသော မိန်းကလေး ချန်ရွှယ်ရူ အရှေ့တွင် အရှက်ကွဲမခံနိုင်ပါချေ။
ထို့ကြောင့် မျက်မှောင်ကျုံ့၍ ကြည့်ကာ ခပ်တည်တည်ပင် ပြောလိုက်သည်။
“ဒီဆေးတွေက အဆင့်မမှီတဲ့ ဆေးတွေ။ ငါတို့အိမ်မှာ ဒီလို ဆေးမျိုး တစ်ခါမှ အဝင်မခံဘူး”
ချန်ရွှယ်ရူက ဉာဏ်ပြေးသူပီပီ စောစောက သူ၏ မျက်နှာ အမူအရာကို ကြည့်ပြီးတည်းက သူ ဘာတွေးနေသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ သို့သော် ဝင်ပြော၍ မရသဖြင့် ယန်ချုံးကိုသာ သက်ပြင်းချကာ ကြည့်လိုက်မိသည်။
ယန်ချုံးကလည်း စောစောကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဖန်ကျိဟွေး၏ စကားအနည်းငယ်ကို နားထောင်ကြည့်ရုံဖြင့် ဤလူက ပညာမတတ်သည့် လူကုံထံ သားပေါက်လေးမှန်း သိသာလှရာ သူ ဤဆေးများကို မသိသည်မှာလည်း ဖြစ်နိုင်ချေရှိပေသည်။ ထို့ကြောင့် သူ၏ စကားများကို အရေးမစိုက်တော့ဘဲ ပြုံးလျက်သာ ခေါင်းညိတ်ပြလိုက်သည်။
“မရှိရင်လည်း ထားလိုက်ပါတော့... အနှောင့်အယှက် ပေးမိပြီ”
ထိုသို့ဆိုရင်း ဆေးစာရွက်ကို ပြန်လည်လှမ်းယူ လိုက်သည်။
ချန်ရွှယ်ရူက အားနာသော မျက်နှာဖြင့် ဆိုလာ၏။
“တကယ် အားနာပါတယ် ယန်ချုံးရယ်။ နဂိုကတော့ ရှင်လိုချင်တဲ့ ဆေး ဒီမှာရမယ် ထင်ထားတာ။ ရှင့်ကို စိတ်ပျက်စေမိပြီ။ ကျွန်မတို့ တခြားနေရာ သွားရှာကြည့်ရအောင်လား”
ယန်ချုံး ခေါင်းညိတ်လိုက်သည်။ ဤနေရာတွင် မရှိမှတော့ ဆက်နေစရာ အကြောင်း မရှိတော့ချေ။ တခြားနေရာတွင် သွားစမ်းကြည့်ခြင်းကသာ ပိုကောင်းပေမည်။
သူတို့နှစ်ယောက် ထွက်သွားရန် ဟန်ပြင်လိုက်စဉ် ဖန်ကျိဟွေး မြင်သွားပြီး အလောတကြီး ဖြစ်သွားလေသည်။
“ရွှယ်ရူ... မင်းရောက်တာမှ ခဏလေးပဲ ရှိသေးတာ… ဘာလို့ အမြန် ပြန်မှာလဲ။ ငါတို့အိမ်က အမဲသားခြောက်တုံးလေးတွေ မင်းကို ကျွေးချင်သေးတာ။ အဲဒါက ပြီးခဲ့တဲ့ တစ်ခေါက် ဝန်ကြီးလျို ငါ့အဘိုးဆီ ဆေးလာကုတုန်းက လက်ဆောင်ပေးသွားတာလေ... သိလား။ ငါတောင် နှမြောလို့ မစားဘဲ မင်းအတွက် သီးသန့် ချန်ထားတာ”
ချန်ရွှယ်ရူက ထိုလူကုံထံ သားပေါက်လေးကို စိတ်ထဲမှ အလွန် ရွံရှာမိသော်လည်း ယဉ်ကျေးစွာ ပြုံးလျက် ပြန်ပြောလိုက်သည်။
“မစားတော့ပါဘူး ဆရာကျိဟွေး... နောက်နေ့မှပဲ ကြည့်ကြတာပေါ့။ ဒီနေ့ ကျွန်မက ယန်ချုံး ဆေးရှာတာကို လိုက်ကူပေးတာဆိုတော့ ရှင့်ဆီမှာ မရှိရင် တခြားနေရာ သွားရှာကြည့်ရတော့မှာပဲ”
ထိုသို့ပြောပြီး ယန်ချုံးနှင့်အတူ ထွက်သွားရန် ခြေလှမ်းပြင်လိုက်လေသည်။
ဖန်ကျိဟွေးမှာ အတော်လေး ဗျာများသွားရသည်။ သူက ချန်ရွှယ်ရူကို လိုက်နေသည်မှာ ရက်အတော်အတန်ကြာပြီ ဖြစ်သော်လည်း ချန်ရွှယ်ရူက သူ့အပေါ် မအေးမပူပင် ဆက်ဆံသည်။ အတူတူ ထမင်းစားဖို့ နေနေသာသာ သူမ၏ အထည်ဆိုင်သို့ သွားရှာလျှင်ပင် အကြောင်းပြချက် အမျိုးမျိုးပေး၍ ရှောင်ဖယ်ခံရလေ့ရှိသည်။ သို့သော် ဒီနေ့တွင်မူ ချန်ရွှယ်ရူက သူတို့အိမ်သို့ ထူးထူးဆန်းဆန်း ရောက်လာခဲ့သည်။ ဤသည်က ရခဲသော အခွင့်အရေး ဖြစ်သော်လည်း စကားပင် ကောင်းကောင်း မပြောရသေးခင် ထွက်သွားမည်ဟု မထင်ထားခဲ့ပေ။
“ရွှယ်ရူ... ငါ ပြောထားတယ်မလား။ ငါတို့အိမ်မှာ မရှိတဲ့ ဆေးက တစ်မြို့လုံး ပတ်ရှာရင်တောင် ဝယ်လို့ရမှာ မဟုတ်ဘူးလို့။ မင်းက ဘာလို့ အပင်ပန်းခံနေဦးမှာလဲ။ အာ... ဟုတ်သားပဲ။ ငါ ပြီးခဲ့တဲ့ တစ်ခေါက် ရှန်ဟိုင်း သွားတုန်းက မင်းအတွက် နီပါးရေး နှစ်ဘူး အထူးတလည် ဝယ်လာခဲ့သေးတယ်။ ခဏစောင့်ဦး… ငါ အခု သွားယူပေးမယ်”
ချန်ရွှယ်ရူ ငြင်းဆန်ရန် ပြင်လိုက်ချိန်တွင် ခြံဝင်းမကြီးထဲမှ လူတစ်ယောက်၏ စိုးထိတ်တကြီး အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“အဘိုးဖန်... မြန်မြန် ကယ်ပါဦး”
ထို့နောက် လူရွယ်တစ်ဦးက အသက် ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့်ရှိ အဘိုးအို တစ်ဦးကို ကျောပိုးကာ ခြံဝင်းမကြီးဘက်မှ ကမန်းကတန်း ပြေးဝင်လာသည်အား မြင်လိုက်ရသည်။ ဘေးတွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးလည်း အဖော်ပါလာ၏။ အမျိုးသားမှာ အသက် လေးဆယ်၊ ငါးဆယ်ခန့်ရှိပြီး အစိမ်းရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားကာ အမျိုးသမီးမှာ အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိပုံရသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် အဘိုးအို၏ ဘေးမှ ခပ်သုတ်သုတ် ပြေးလိုက်လာကြသည်။
လူရွယ်၏ ကျောပေါ်တွင် မှီပါလာသော အဘိုးအိုမှာ မျက်နှာတစ်ခုလုံး ဖယောင်းလို ဝါထိန်နေပြီး မျက်လုံးများ မှေးစင်းကာ မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ အပြည့်ဖြစ်နေလေသည်။ ထိုစစ်ဝတ်စုံနှင့် အမျိုးသားက ပြေးလာရင်းဖြင့် အော်ဟစ်နေသည်။
“အဘိုးဖန်... မြန်မြန် အဖေ့ရောဂါ ပြန်ထလာလို့ ကျေးဇူးပြုပြီး ကယ်ပါဦး”
ဖန်ကျိဟွေး မြင်လိုက်သောအခါ ချန်ရွှယ်ရူကို ဆက်ပြီး ပတ်သက်နေရန် အချိန် မရတော့ဘဲ အလျင်အမြန် ပြေးကြိုလိုက်သည်။
“ဦးလေးကျိုး... အဘိုးကျိုး ဘာဖြစ်လာတာလဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားက မဖြေရသေးခင်မှာပင် ဧည့်ခန်းမကြီးထဲမှ သက်ကြီးရွယ်အို တစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။
“ကျန့်နန်လား။ ဘာဖြစ်တာလဲ”
ပြောရင်းဆိုရင်းနှင့် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအို တစ်ဦးသည် ဧည့်ခန်းမကြီးထဲမှ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ လူလတ်ပိုင်းအရွယ် အမျိုးသား ကျိုးကျန့်နန် ပြန်ဖြေသည်ကို မစောင့်တော့ဘဲ အဘိုးအိုက ကျောပိုးခံထားရသော အဘိုးအိုကို မြင်သွားကာ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။
“မြန်မြန် ရပ်လိုက်... လူတွေ ဒီကို ကြိမ်ကုလားထိုင် တစ်လုံး အမြန်ယူခဲ့။ အဘိုးကျိုးကို ထိုင်ခိုင်းလိုက်”