← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) - ကျေးဇူးပြု၍ ကူညီပေးပါ

လူရွယ်မှာ ခြေလှမ်းများကို အလျင်အမြန် ရပ်တန့်လိုက်သည်။ တစ်စုံတစ်ယောက်က ကြိမ်ကုလားထိုင် တစ်လုံးကို အပြေးအလွှား သယ်ဆောင် လာပြီးနောက် လူအနည်းငယ် ဝိုင်းဝန်းကာ သက်ကြီးရွယ်အိုအား ထိုကုလားထိုင်ပေါ်သို့ ဂရုတစိုက် နေရာချပေးလိုက်ကြသည်။

အဘိုးအိုသည် ကုလားထိုင် နောက်မှီသို့ ကိုယ်ကို ကိုင်းမှီကာ ထိုင်နေရရှာသည်။ သူ၏ မျက်နှာအဆင်းမှာ သိသိသာသာ ဆိုးရွားဖြူလျော့ နေပြီး မိမိရှေ့ရှိ ဆံပင်ဖြူ အဘိုးအိုကို ကြည့်ကာ စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။ သူ တတ်နိုင်သမျှမှာ မိမိ၏ ရင်ဘတ်ကိုသာ လက်ညိုးဖြင့် ထိုးပြရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

ထိုဆံပင်ဖြူ အဘိုးအိုမှာ ဖန်ကျိဟွေး၏ အဘိုး… စစ်ကျိုချန်မြို့ တစ်ခွင်တွင် နာမည်ကျော်ကြား လှသော တရုတ်တိုင်းရင်း ဆေးဆရာကြီး ဖန်လီပိုင်ပင် ဖြစ်လေသည်။ ငယ်စဉ်ကတည်းက ဆေးပညာကို စနစ်တကျ လေ့လာဆည်းပူးခဲ့ပြီး ဆေးစွမ်းထက်မြက်လွန်း လှသောကြောင့် စစ်ကျိုမြို့ရှိ အဆင့်မြင့် အရာရှိများနှင့် သူဌေးသူကြွယ် အများစုမှာ သူ့ ထံတွင်သာ လာရောက် ဆေးကုသမှု ခံယူလေ့ရှိကြသည်။

ဖန်လီပိုင်သည် အဘိုးအို၏ အခြေအနေကို တစ်ချက် အကဲခတ် လိုက်ရုံဖြင့် အခြေအနေ အလွန် ဆိုးရွားနေကြောင်း ရိပ်မိလိုက်သည်။ ထို့ကြောင့် အပိုစကားများ မေးမနေတော့ဘဲ သူ၏ လက်ချောင်းများကို အဘိုးအို၏ လက်ကောက်ဝတ်ပေါ်သို့ အမြန်တင်ကာ သွေးစမ်းကြည့်လိုက်လေသည်။

ဘေးနားတွင် ရပ်နေသော ကျိုးကျန့်နန်က အဘိုးအို၏ အခြေအနေကို အလျင်အမြန် ရှင်းပြလေသည်။

“အဘိုးဖန်... ဒီနေ့ မနက်ကတင် အဖေက စိတ်ကြည်လင်နေသေးတာပါ။ ခြံထဲမှာ ထိုက်ချီ ခဏ ကစားပြီးတော့ ရှောင်ပိုင်ကိုပါ ခေါ်ပြီး စစ်တုရင် ထိုင်ကစားနေခဲ့တာ။ ဒါပေမဲ့ တစ်ပွဲတောင် မပြီးသေးဘူး… ရုတ်တရက်ကြီး မျက်နှာတွေ ပျက်လာပြီး စကားလည်း မပြောနိုင်တော့ဘဲ ရင်ဘတ်ကိုပဲ လက်ညိုးထိုးပြ နေတော့တယ်။ ရှောင်ပိုင်က အခြေအနေ မဟန်တာမြင်တော့ ကျွန်တော့်ဆီ ဖုန်းဆက်တာပဲ။ ကျွန်တော်လည်း သူရဲ့ ရောဂါဟောင်း ပြန်ဖောက်တာပဲ ဖြစ်မယ်ဆိုပြီး ရှောင်ပိုင်ကို ဒီဆီ တန်းပို့ခိုင်းလိုက်ပြီး အမြန်ပြေးလာခဲ့တာ။ အဘိုးဖန်လည်း အသိပဲလေ... ကျွန်တော့်အဖေရဲ့ ဒီရောဂါဟောင်းက တခြား ဘယ်နေရာမှာမှ ကုလို့ မရဘူး။ အဘိုးဖန်ဆီမှာပဲ ရတာ...”

ထိုစဉ် ဖန်လီပိုင်သည် အဘိုးကျိုး၏ လက်ကောက်ဝတ်ကို လွှတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ပို၍ လေးနက်သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စကားဆိုလာသည်။

“ကျန့်နန်... ဒီတစ်ခါတော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး ထင်တယ်။ မင်း အဘိုးကျိုးကို စစ်တပ် ဆေးရုံ ဒါမှမဟုတ် မြို့တော် ဆေးရုံကိုပဲ အမြန် ခေါ်သွားကြည့်လိုက်ပါတော့ကွာ”

ကျိုးကျန့်နန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

“အဘိုးဖန် ဒါက...”

အဘိုးကျိုး၏ ဘေးတွင် တစ်ချိန်လုံး စောင့်ကြပ်နေသော မိန်းကလေးမှာ စိုးရိမ်တကြီးဖြင့် ဖန်လီပိုင်၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။

“အဘိုးဖန်... ကျွန်မအဘိုးကို ကယ်ပါဦး။ မြို့တော် ဆေးရုံက ဆရာဝန်တွေက ကျွန်မအဘိုးရဲ့ ရောဂါကို လုံးဝ မကုသနိုင်ပါဘူး။ အဘိုးသာ ထပ်မကူညီရင် ကျွန်မအဘိုးကတော့...”

ဖန်လီပိုင်သည် အလျင်အမြန် မတ်တတ်ရပ်လိုက်ရင်း ပြောလိုက်သည်။

“မိန်းကလေး ရှောင်ပိုင်… မြန်မြန်ထပါ။ ဒါ ဘာလုပ်တာလဲကွယ်။ ဟူး... ငါနဲ့ မင်းအဘိုးက ဘယ်လို ပတ်သက်မှုမျိုးလဲ။ ငါ့မှာသာ တတ်နိုင်တဲ့ အစွမ်းအစရှိရင် ဒီလို လက်ပိုက်ကြည့်နေပါ့မလား။ ဒါပေမဲ့လေ...”

သူက ကျိုးကျန့်နန်ဘက်သို့ လှည့်ကြည့်ကာ အခက်တွေ့နေဟန်ဖြင့် ခေါင်းခါလိုက်သည်။

“မင်းအဖေရဲ့ ဒီတစ်ကြိမ် ရောဂါ အခြေအနေက အရင်ကထက် အများကြီး ပိုဆိုးနေတယ်။ ငါလည်း ဘာမှ...”

စကားစကို ဤနေရာတွင်ပင် ရပ်လိုက်သော်လည်း သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ သူသည်လည်း ဘာမျှ မတတ်နိုင်တော့ပေ။

ကျိုးကျန့်နန်မှာ ဆရာကြီးဖန်၏ အမူအရာကို ကြည့်ကာ မိမိဖခင်၏ ယခုရောဂါ ပြင်းထန်မှုကို ကောင်းကောင်း နားလည်သွားသည်။ သို့သော် သူလည်း ဘာလုပ်ရမှန်း မသိတော့ချေ။ ယခင်က ဖခင်ဖြစ်သူ ရောဂါဖောက်စဉ်က မြို့တော်ရှိ ဆေးရုံအသီးသီးမှ ဆရာဝန်များအားလုံး လက်မှိုင်ချခဲ့ရပြီး အဘိုးဖန်ထံတွင်သာ အသက်လု ကုသနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုတော့ ဖန်လီပိုင် ကိုယ်တိုင်ကပင် ဘာမှ မတတ်နိုင်တော့ဘူးဟု ဖွင့်ဟနေပြီ ဆိုတော့ ဖခင်ဖြစ်သူအတွက် ဒီတစ်ကြိမ် တကယ်ပဲ အသက်အန္တရာယ် ကြုံရတော့မည်လား။

လူတိုင်း အခက်တွေ့ကာ အကြံအိုက်နေကြချိန်တွင် ဘေးနားမှ စိမ်းသက်သက် အသံတစ်သံ ထွက်ပေါ်လာလေသည်။

“အဘိုးဖန်... ဒီအဘိုးကြီးက နှလုံးကြွက်သားဆီ သွေးလုံလောက်စွာ မရောက်တဲ့ အခြေအနေ အတော်လေး ဆိုးရွားနေလို့ နှလုံးခုန်နှေးပြီး ရပ်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ် ဆိုပေမဲ့ သူရဲ့ ရှန်ကျုံး၊ ကျီချွမ်နဲ့ ရှန်ဖုန်း သွေးကြောစုံမှတ်တွေကို ငွေအပ်နဲ့ လှုံ့ဆော်ပေးမယ်ဆိုရင် ရောဂါလက္ခဏာတွေကို သက်သာစေပြီး နှလုံးကြွက်သားဆီ သွေးရောက်အောင် လုပ်ပေးနိုင်ပါသေးတယ်”

ဖန်လီပိုင်မှာ အံ့အားသင့်သွားပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။ ကျန်လူများမှာလည်း မမျှော်လင့်ထားသော စကားကြောင့် အနည်းငယ် အံ့သြသွားကြပြီး အသံရှင်ကို လိုက်လံ ကြည့်ရှုမိကြသည်။

သူတို့၏ အကြည့်အောက်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ယှဉ်တွဲရပ်နေသည်ကို မြင်လိုက်ရသည်။ မိန်းမဖြစ်သူမှာ ထူးခြားလှပသော ရုပ်ဆင်းအင်္ဂါ ရှိပြီး အလွန်ဆွဲဆောင်မှု ရှိလှသည်။ ယောက်ျားဖြစ်သူမှာမူ သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး အနည်းငယ် ပိန်ပိန်ပါးပါး ဖြစ်သော်ငြား မျက်ဝန်းများမှာမူ ထက်မြက်တက်ကြွ နေပုံရသည်။

ဖန်လီပိုင်က အနည်းငယ် မှင်သက်စွာဖြင့် မေးလိုက်သည်။

“မင်းတို့ နှစ်ယောက်က...”

ဖန်ကျိဟွေးက ချက်ချင်း ဝင်ငေါက်လေတော့သည်။

“ဘာတွေ လာပြောနေတာလဲ။ ငါ့အဘိုး ဒီမှာရှိနေတာ မင်းက ဝင်ပြီး လျှောက်ပြောစရာလား။ မြန်မြန် နောက်ဆုတ်စမ်း”

စကားဝင်ပြောလိုက်သူမှာ ယန်ချုံးပင် ဖြစ်သည်။ သူက ချန်ရွှယ်ရူနှင့် အတူ ဤနေရာမှ ထွက်ခွာတော့မည် ဖြစ်သော်လည်း ယခုလို အရေးပေါ် မြင်ကွင်းကို မြင်လိုက်ရသောကြောင့် ခြေလှမ်းတန့်ကာ ကြည့်နေခဲ့မိခြင်း ဖြစ်သည်။

ယန်ချုံး စကား မပြောရသေးခင်မှာပင် ဖန်လီပိုင်က လက်ကာပြလိုက်ပြီး မြေးဖြစ်သူကို မေးလိုက်သည်။

“ကျိဟွေး ဒီလူက...”

ဖန်ကျိဟွေး အမြန်ဖြေလိုက်သည်။

“အဘိုး... သူက ရွှယ်ရူလေ။ ကျွန်တော် အဘိုးကို အရင်က ပြောဖူးပါတယ်”

ဖန်လီပိုင်က မြေးဖြစ်သူ၏ စကားကို ဖြတ်ပြောလိုက်သည်။

“ငါမေးတာက ဒီလူလေးကိုပါ”

ဖန်ကျိဟွေးက ယန်ချုံးကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်ပြီး နှိမ့်ချသော လေသံဖြင့် ပြောသည်။

“အဘိုး... သူက ရွှယ်ရူနဲ့အတူ လာတာပါ။ သူ့မှာ ဆေးနည်း တစ်စောင်ရှိပြီး ဆေးနှစ်မည် လိုနေလို့တဲ့… တခြားနေရာမှာ ဝယ်မရလို့ ကျွန်တော်တို့ဆီ လာပြီး ကံလာစမ်းတာ။ ရွှယ်ရူက သဘောကောင်းတော့ သူ့ကို ခေါ်လာပေးတာလေ။ ဒါပေမဲ့ သူက ဒီလောက်တောင် ကိုယ့်အဆင့် ကိုယ်မသိဘဲ အဘိုးရှေ့မှာ လာပြီး ဆရာလုပ်ရဲလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။ အဘိုး... ကျွန်တော် သူ့ကို အခုပဲ မောင်းထုတ်လိုက်ပါ့မယ်”

ထို့နောက် ယန်ချုံးအား ဒေါသတကြီး ကြည့်ကာ ဆက်ပြောသည်။

“မင်းက ကိုယ့်အဆင့်ကိုယ် လုံးဝ မသိတာပဲ။ နည်းနည်းပါးပါးလေး တတ်ထားတာကို နေရာတကာ လျှောက်ပြီး ဆရာလုပ်ရဲတယ်။ ဒါ ဘယ်နေရာလဲဆိုတာတောင် မကြည့်ဘူးလား”

ထိုသို့ ပြောရုံသာမက ချန်ရွှယ်ရူကိုပါ လှည့်၍ ရှင်းပြရန် မမေ့ခဲ့ပေ။

“ရွှယ်ရူ… မင်း စိတ်ထဲ မထားနဲ့နော်။ ငါ မင်းကို ပြောတာ မဟုတ်ဘူး။ သူက ကိုယ့်နေရာကိုယ် မသိလွန်းလို့ပါ။ ငါတို့ ဖန်မိသားစုဆိုတာ ဘယ်သူမဆို ဆေးပညာ လာပြီး ဆရာလုပ်လို့ ရတဲ့ နေရာမျိုးမှ မဟုတ်တာ”

သို့သော် သူ၏ စကားမဆုံးခင်မှာပင် ဖန်လီပိုင်က လက်ယမ်းပြလိုက်သည်။

“တော်ပြီ… ဆက်မပြောနဲ့တော့”

ဖန်ကျိဟွေးမှာ အလျင်အမြန် ပါးစပ်ပိတ်သွားရသည်။ ဖန်လီပိုင်ကမူ ဘာမှ ဆက်မပြောတော့ဘဲ မျက်မှောင်ကျုံ့ကာ ခေါင်းငုံ့၍ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားချင့်ချိန် နေပုံရသည်။

ကျိုးမိသားစုဝင်များက ဤအခြေအနေကို မြင်လျှင် ဆရာကြီးဖန်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြပေ။

ချန်ရွှယ်ရူက အခြေအနေ ပိုမဆိုးသွားစေရန် ယန်ချုံးအား မြန်မြန် ပြန်ကြရအောင်ဟု အချက်ပြကာ အလျင်အမြန် ဆွဲခေါ်လေသည်။

ယန်ချုံးကမူ ခေါင်းခါလိုက်ပြီး ထွက်သွားရန် အစီအစဉ် မရှိပေ။ သူ၏ ဆေးပညာ စွမ်းရည်အပေါ် သူ အလွန်ယုံကြည်မှု ရှိသည်။ ပို၍ တိတိကျကျ ပြောရလျှင် သူ ပိုင်ဆိုင်ထားသော စနစ်ကို အလွန် ယုံကြည်ခြင်းပင် ဖြစ်သည်။

စနစ်ကို ပိုင်ဆိုင်ထားသည့် ကူးပြောင်းသူ တစ်ယောက်အနေဖြင့် တခြားသူများ၏ သံသယဝင်မှုအပေါ် ဂရုစိုက်နေရန် လိုအပ်မည် မဟုတ်ပေ။

ဖန်လီပိုင်သည် ခေါင်းငုံ့၍ အတော်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းမော့ကာ ယန်ချုံးအား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“လူလေး... မင်းပြောတဲ့ ရှန်ကျုံး၊ ကျီချွမ်နဲ့ ရှန်ဖုန်း သွေးကြောစုံမှတ် သုံးခုစလုံးက နှလုံးကြွက်သားကို လှုံ့ဆော်ပေးနိုင်ပြီး သွေးရောက်အောင် လုပ်ပေးနိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရှေးခေတ်ကတည်းက ဆေးကျမ်းတွေထဲမှာ တစ်ကြိမ်ကို သွေးကြောစုံမှတ် တစ်ခုကိုပဲ လှုံ့ဆော်ဖို့ ပြဋ္ဌာန်းထားတာပါ။ အများဆုံးမှ နှစ်ခုပဲ။ ဒီသုံးခုစလုံးကို တစ်ပြိုင်နက်တည်း လှုံ့ဆော်တဲ့ အစဉ်အလာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ နောက်ပြီး ရှင်းမင်ယောင်စူး ကျမ်းထဲမှာလည်း ဒီသွေးကြောစုံမှတ် သုံးခုကို တစ်ပြိုင်နက်တည်း ဖွင့်ပေးလိုက်ရင် သွေးလှိုင်တက်လာမဲ့ အန္တရာယ်ရှိတယ်လို့ အတိအလင်း ဆိုထားတယ်။ အကယ်၍များ...”

ယန်ချုံးက ပြုံးလိုက်သည်။

“ရှေးလူကြီးတွေက အသုံးမပြုခဲ့ဘူး ဆိုတာက အသုံးပြုလို့ မရဘူးလို့ သက်သေပြတာမှ မဟုတ်တာ။ အတွေ့အကြုံဆိုတာ အားလုံး စမ်းသပ်ကြည့်ပြီးမှ စုဆောင်းရရှိလာတာ ချည်းပဲလေ။ ဒီအဘိုးကျိုးရဲ့ အခြေအနေကို ကြည့်ရတာ ရောဂါက တော်တော်လေး ဆိုးရွားနေပြီ။ သာမန်ကုသမှုတွေနဲ့ နာကျင်နေတဲ့ နေရာကို ရောက်အောင် လှုံ့ဆော်ပေးဖို့ ခက်ခဲသွားပြီမို့လို့ အာနိသင်ရှိဖို့ ဆိုရင် ပုံမှန် မဟုတ်တဲ့ နည်းလမ်းတချို့ကို သုံးမှ ရတော့မယ်”

ဖန်လီပိုင်က စိုးရိမ်တကြီးဖြင့် ဆိုသည်။

“ဒါပေမဲ့ အတည် မပြုရသေးတဲ့ ကုသမှု နည်းလမ်းတွေက ကြိုတင် မခန့်မှန်းနိုင်တဲ့ အန္တရာယ်တွေ အမြဲတမ်း ရှိနေတတ်တယ်။ နောက်ပြီး အဘိုးကျိုးက အသက်အရွယ်ကြီးရင့်ပြီး ခန္ဓာကိုယ်ကလည်း ယိုယွင်းနေပြီမို့လို့ ဘယ်လို အန္တရာယ်မျိုးကိုမှ ခံနိုင်ရည် မရှိတော့ဘူး။ တစ်စုံတစ်ရာ ချွတ်ချော်သွားတာနဲ့...”

နောက်ဆက်တွဲ စကားကို ဆုံးအောင် မပြောသော်လည်း ဆိုလိုရင်းမှာ အလွန် ရှင်းလင်းနေသည်။

ယန်ချုံးက ရယ်မောလိုက်ပြီး ရှင်းပြလေသည်။

“ဒီအဘိုးကျိုးက အသက်ကြီးပေမဲ့ ခန္ဓာကိုယ်က ယိုယွင်းနေတာတော့ မဟုတ်ဘူး။ သွေးကြောစုံမှတ် တချို့ ပိတ်ဆို့နေလို့ သွေးထောက်ပံ့မှု မလုံမလောက်ဖြစ်ပြီး နှလုံးကြွက်သား လုပ်ဆောင်ချက်ကို ထိခိုက်သွားတာပဲ ရှိတာ။ တကယ်တမ်း ကျွန်တော်ကြည့်ရသလောက် သူရဲ့ တခြား ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အများစုက ပုံမှန် အလုပ်လုပ်နိုင်သေးတယ်။ သူက ပုံမှန်ဆို အစားအသောက်နဲ့ ဖြည့်စွက် ကုသမှုကို အရမ်း ဂရုစိုက်တဲ့ပုံပဲ”

ဘေးနားရှိ ကျိုးကျန့်နန်က ထောက်ခံသည့် အနေဖြင့် ခေါင်းတညိတ်ညိတ်ဖြင့် ဝင်ပြောလေသည်။

“ဒီညီလေး ပြောတာ မှန်ပါတယ်။ ကျွန်တော့်အဖေက ပုံမှန်ဆို အာဟာရ ဖြည့်စွက်မှုကို အရမ်း ဂရုစိုက်တယ်။ အစားအသောက် တွဲဖက် စားသောက်မှုကိုလည်း သေချာ ဂရုစိုက်တယ်။ ပုံမှန်ဆို ကျန်းမာရေးလည်း ကောင်းပါတယ်။ ပန်းခြံတွေ… ရေကန်တွေနားမှာ ထိုက်ချီ သွားကစားလေ့ရှိတယ်။ ကိုယ်ရံတော်တွေနဲ့တောင် ဘတ်စကက်ဘော ဘာညာ ကစားလိုက်သေးတယ်”

ထိုသို့ပြောရင်း ဖန်လီပိုင်အား သတိတကြီးဖြင့် မေးလိုက်သည်။

“အဘိုးဖန်... ဒီညီလေး ပြောတဲ့ နည်းလမ်းကို စမ်းကြည့်လို့ ရနိုင်မလား”

ဖန်လီပိုင်မှာ အနည်းငယ် တွေဝေနေဆဲပင်။

“ညီလေး ပြောတာလည်း ယုတ္တိရှိပါတယ်။ ဒါပေမဲ့...”

သူ၏ စိတ်ထဲတွင် မည်သည့် ဆရာဝန်ကမျှ တစ်ခါမှ အသုံးမပြုဖူးသော ကုသမှု နည်းလမ်းတစ်ခုကို ရမ်းပြီး မစမ်းသပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ မှားယွင်းသွားပါက ထိုအကျိုးဆက်များကို ကြီးလေးစွာ တာဝန်ယူရမည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ တုံ့ဆိုင်းနေချိန်မှာပင် အဘိုးကျိုး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တဆတ်ဆတ် တုန်ယင်လာလေတော့သည်။ မျက်နှာ တစ်ပြင်လုံးမှာ ဖြူလျော့သွားကာ ကြည့်ရအလွန် ကြောက်မက်ဖွယ်ကောင်းသော အနေအထားသို့ ရုတ်ချည်း ပြောင်းလဲသွားလေသည်။

ကျိုးရှောင်ပိုင်မှာ အလွန် လန့်ဖျပ်သွားပြီး အဘိုး၏ လက်ကို ဆုပ်ကိုင်ကာ ငိုယိုအော်ခေါ် လေတော့သည်။

“အဘိုး... အဘိုး ဘာဖြစ်သွားတာလဲ။ ကျွန်မကို မခြောက်ပါနဲ့...”

ကျိုးကျန့်နန်လည်း အလွန်စိုးရိမ် ပြာယာခတ်သွားပြီး သွားကြိတ်ကာ ယန်ချုံးအား တောင်းပန်လေတော့သည်။

“ညီလေး... ငါ့အဖေ အသက်အန္တရာယ်ရှိနေပြီ။ ကျေးဇူးပြုပြီး ကယ်တင်ပေးပါဦးကွာ”

All Chapters