အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) - ပြဿနာကြီး ရှာမိပြီ
ကျိုးကျန့်နန်၏ နှုတ်ဖျားမှ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဘိုးဖန် တစ်စုံတစ်ရာ တုံ့ပြန်ရန် အခွင့်မသာလိုက်မှီမှာပင် ဖန်ကျိဟွေးမှာ လွန်စွာ စိုးရိမ်တကြီး ဖြစ်သွားလေသည်။ ထို့နောက် ပြောလေသည်။
“ဦးလေးကျိုး… အခုနက ကျွန်တော့်အဘိုးပြောတာကို မကြားဘူးလား။ ဒီကောင်ပြောတဲ့ နည်းလမ်းက အရမ်း အန္တရာယ်များတယ်။ ဘယ်ဆရာဝန်မှ အဲဒီလိုလုပ်မှာ မဟုတ်ဘူး။ သူ လျှောက်ပြောတာကို နားမယောင်သင့်ဘူးနော်...”
ကျိုးကျန့်နန်သည် သူ့အား ခပ်စူးစူး တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ပြတ်သားစွာ ဆိုလာလေသည်။
“အခု ငါ့အဖေရဲ့ ရောဂါ အခြေအနေက အရမ်း စိုးရိမ်ရတယ်။ အဘိုးဖန်တောင် ဘာမှ မတတ်နိုင်ဘူးဆိုတော့ အန္တရာယ်များတဲ့ နည်းလမ်းဆိုရင်တောင် သေမဲ့ အချိန်ကို ထိုင်စောင့်နေတာ ထက်စာရင်တော့ ပိုကောင်းပါတယ်”
ထိုသို့ဆိုကာ ယန်ချုံး၏ ရှေ့မှောက်သို့ လှမ်းတက်သွားပြီးလျှင် မေးသည်။
“ညီလေး... မင်းပြောတဲ့ နည်းလမ်းက အောင်မြင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်သေချာလဲ”
ယန်ချုံးက ပကတိ တည်ငြိမ်အေးချမ်း လှသော ဟန်ပန်ဖြင့် ဖြေသည်။
“တခြားလူတွေ အမြင်မှာတော့ တစ်ရာခိုင်နှုန်းပဲ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ ရာနှုန်းပြည့်ပဲ”
ထိုအခါ ဖန်ကျိဟွေးသည် မနှစ်မြို့ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ကာ ဆိုသည်။
“ဟွန်း... မောက်မာလိုက်တာ”
ကျိုးကျန့်နန်သည် သတိလစ်မတတ် ဖြစ်နေချေပြီ ဖြစ်သော အဘိုးကျိုးအား လှည့်လည် ကြည့်ရှုလိုက်လေသည်။ ဖခင်ဖြစ်သူ၏ ရောဂါ အခြေအနေမှာ အစွန်းတစ်ဖက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်နေ၏။ သေမင်းထံအပါးသို့ အညံ့ခံကာ ထိုင်စောင့်နေမည့်အစား စွန့်စားကြည့်ခြင်းကသာ ပို၍ သင့်မြတ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သွားကို တင်းတင်းစေ့လျက် ပြောလိုက်လေသည်။
“ကောင်းပြီ… မင်းပြောတဲ့ အဲဒီတစ်ရာခိုင်နှုန်းကိုပဲ ငါ ယုံလိုက်မယ်။ ကျေးဇူးပြုပြီး ငါ့အဖေကို ကယ်ပေးပါဦး ညီလေး”
ထိုစကားသံကြောင့် ဝန်းရံနေကြသူ အပေါင်းမှာ မှင်သက်အံ့ဩ သွားကြလေသည်။ ကျိုးကျန့်နန် တစ်ယောက် ယန်ချုံးအပေါ် ဤမျှ ယုံကြည်ပုံအပ် လိမ့်မည်ဟု မည်သူ တစ်ဦးတစ်ယောက်မျှ မျှော်လင့် မထားခဲ့ကြချေ။ ချန်ရွှယ်ရူပင်လျှင် ယန်ချုံး၏ အင်္ကျီလက်စကို အတင်းအကျပ် ဆွဲကိုင်ထားရင်း တိုးလွတ်သော အသံဖြင့် သတိပေးလာလေသည်။
“ယန်ချုံး... လျှောက်မလုပ်နဲ့နော်။ ကျိုးမိသားစုက သာမန်လူတွေ မဟုတ်ဘူး။ တကယ်လို့ တစ်ခုခုများ လွဲချော်သွားရင် နင် ပြဿနာအကြီးကြီး တက်လိမ့်မယ်”
သို့တိုင်အောင် ယန်ချုံးသည် သူမ၏ စကားကို မကြားဟန် ပြုကာ လျစ်လျူရှုထားလိုက်ပြီး ပြောသည်။
“ကျွန်တော် အပြင်ထွက်လာတုန်းက ငွေအပ် မယူလာခဲ့ဘူး”
ကျိုးကျန့်နန်သည် ချက်ချင်းပင် ခေါင်းကို လှည့်ကာ ဖန်လီပိုင်ထံသို့ အကြည့်ပို့လိုက်လေသည်။ ဖန်လီပိုင်မှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားရာမှ သတိဝင်လာကာ အလောတကြီး ဆိုလေသည်။
“ကျွန်တော့်ဆီမှာ ရှိတယ်။ ကျိဟွေး... သွား... ငါရဲ့ ငွေအပ်တွေ သွားယူချေ... မြန်မြန်လုပ်”
ဖန်ကျိဟွေးသည် ယန်ချုံးအား နောက်ထပ် တစ်ကြိမ် ဒေါသတကြီး စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်ငြား အချိန်မဆွဲဝံ့တော့ဘဲ ဧည့်ခန်းမဆောင်အတွင်းသို့ အမြန်ပြေးဝင်သွားကာ သေတ္တာတစ်လုံးနှင့် အယ်လ်ကိုဟော မီးခွက်တစ်ခုကို ယူဆောင်လာခဲ့လေသည်။
“အခန်းထဲပဲ သွားကြတာပေါ့။ အပြင်မှာ လေတိုက်နေတယ်”
ယန်ချုံးက ဆိုလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်။ အခန်းထဲ သွားကြမယ်”
ကျိုးကျန့်နန်နှင့် သက်တော်စောင့်တို့သည် အဘိုးကျိုးအား အခန်းတွင်းသို့ သယ်ဆောင်သွားကာ လူနာ ခုတင်ထက်သို့ ညင်သာစွာ ချထားလိုက်ကြသည်။ မသက်ဆိုင်သူများ အားလုံး ပြင်ပ၌သာ နေရစ်ခဲ့ပြီး ကျိုးမိသားစုဝင်များနှင့် ဖန်မိသားစုမှ အဘိုးနှင့်မြေး နှစ်ဦးသာလျှင် အခန်းတွင်း၌ ကျန်ရစ်ခဲ့လေသည်။
“အပ်စိုက်ရ လွယ်ကူအောင် အဘိုးကျိုးရဲ့ အပေါ်အင်္ကျီကို ချွတ်လိုက်ပါ”
ယန်ချုံးက ညွှန်ကြားရင်း အယ်လ်ကိုဟော မီးခွက်အား မီးညှိကာ ငွေအပ်များကို တစ်ချောင်းချင်း စတင် ပိုးသတ်လေသည်။ ကျိုးကျန့်နန်မှာလည်း အချိန် မဆွဲဝံ့ဘဲ ကျိုးရှောင်ပိုင်နှင့် ပူးပေါင်းကာ အဘိုးကျိုး၏ အပေါ်အင်္ကျီကို ချွတ်ချလိုက်ရာ အဘိုးအို၏ ရင်ဘတ်မှာ ဗလာကျင်းသွားလေသည်။
ယန်ချုံးသည် ငွေအပ်ကို စွဲကိုင်လိုက်လေပြီး ပထမဆုံး အပ်ကို ရင်ဘတ် အလယ်တည့်တည့်ရှိ ရှန်းကျုံး သွေးကြောဆုံချက် နေရာသို့ ဖြည်းညှင်းစွာ စိုက်သွင်းလိုက်လေသည်။ ထို့နောက် တဖြည်းဖြည်းချင်း လှည့်ပတ်ပေးလိုက်ရာ ငွေအပ်မှာ တစ်စတစ်စ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်သွားပြီး နောက်ဆုံးတွင် အပြင်ဘက်၌ တစ်စင်တီမီတာမျှပင် မကျန်တော့သည့် အနေအထားသို့ ရောက်ရှိမှသာ ရပ်တန့်လိုက်လေသည်။
ထိုမြင်ကွင်းကြောင့် ဖန်လီပိုင်မှာ မျက်မှောင်ကျုံ့သွားရပြီး သူ၏ စိတ်အစဉ်၌ သံသယပေါင်း များစွာ ကိန်းအောင်းသွားလေသည်။
ဤမျှ နက်ရှိုင်းစွာ အပ်စိုက်သွင်းသည်ကို မိမိ၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူး… မမြင်ဖူးခဲ့ချေ။
သူ၏ စိတ်အတွင်းမှ ရေရွတ်လိုက်မိသည်။ သို့သော်ငြားလည်း သူသည် စိတ်ထဲ၌ သံသယပွား နေသော်လည်း နှုတ်မှမူ တစ်ခွန်းတစ်ပါဒမျှ မဟဝံ့ချေ။ အကြောင်းမူကား ဆေးပညာရှင်များ အနေဖြင့် ကုသမှု ပြုလုပ်နေစဉ် ဘေးမှ ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းကို အမုန်းတီးဆုံး ဖြစ်ကြောင်း သူကောင်းစွာ နားလည် သဘောပေါက်ထားသောကြောင့်ပင် ဖြစ်သည်။ ကျိုးမိသားစုဘက်မှ ထိုလူငယ်ကို ကုသခွင့်ပြုရန် ဆုံးဖြတ်ပြီးမှတော့ မိမိအနေဖြင့် နှုတ်ဆိတ်နေခြင်းကသာ အသင့်တော်ဆုံး ဖြစ်မည်ဟု တွေးတောလိုက်လေသည်။
သို့သော် ဖန်ကျိဟွေးကမူ ထိုမျှသော သည်းခံနိုင်စွမ်းမျိုး မရှိခဲ့ပေ။ ယန်ချုံးက အပ်ကို ထိုမျှအထိ နက်ရှိုင်းစွာ စိုက်သွင်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ဆတ်ဆတ်ခါမျှ မခံမရပ်နိုင် ဖြစ်သွားကာ ခနဲ့တဲ့တဲ့ အသံဖြင့် ဆိုလာလေသည်။
“ဟွန်း... အလိမ်အညာကောင်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာပါတယ်။ အပ်စိုက်တာကို ဒီလောက် နက်အောင် စိုက်တာ ဘယ်သူ မြင်ဖူးလို့လဲ။ ကျန်းမာတဲ့ လူတောင် ခံနိုင်မှာ မဟုတ်ဘူး...”
ကျိုးကျန့်နန်သည် သူ့အား ခပ်စူးစူး တစ်ချက် ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သော်လည်း နှုတ်မှတော့ တစ်စုံတစ်ရာ ထွက်ပေါ်မလာခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ ယန်ချုံးက ဆက်လက်သည်းခံ မနေတော့ပေ။ သူ၏ လှုပ်ရှားနေသော လက်များကို ရပ်တန့်လိုက်ပြီးနောက် ဖန်ကျိဟွေးအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်း တတ်ရင် မင်း လာလုပ်လေ”
ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ဖန်ကျိဟွေးမှာ အစ်အောက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲတက်လာလေသည်။
“ငါ မတတ်ပေမဲ့ လူတတ်ကြီး လုပ်ပြီး သူများအသက်ကို ရမ်းမကုဘူး...”
ဤကဲ့သို့ ပွစိပွစိ ရေရွတ်လိုက်လေသည်။ သူ၏ စကားပင် မဆုံးလိုက်ရချေ။ ကျိုးကျန့်နန်က လုံးဝ လက်မခံနိုင်တော့သည့် ဟန်ဖြင့် ပြတ်သားစွာ ဆိုလာလေသည်။
“ဆရာဖန်... ကျေးဇူးပြုပြီး အပြင် အရင်ထွက်ပေးပါ။ ငါ့အဖေကို ဒီညီလေးက အာရုံစိုက်ပြီး ကုသပေးဖို့ လိုအပ်တယ်။ မဆိုင်တဲ့ လူတွေ ဖယ်ပေးကြပါ”
ထိုအခါ ဖန်လီပိုင်က အလျင်အမြန်ပင် ပြောလိုက်လေသည်။
“ကျိဟွေး... လျှောက်မပြောနဲ့... မြန်မြန်ထွက်သွား”
ဖန်ကျိဟွေး၏ မျက်နှာမှာ ဒေါသကြောင့် ပို၍ နီမြန်းသွားရသော်လည်း ကျိုးကျန့်နန်၏ စကားကိုမူ မလွန်ဆန်ဝံ့ချေ။ သူသည် ယန်ချုံးအား အခဲမကျေစွာဖြင့် ရန်လိုသော မျက်ဝန်းများဖြင့် စူးရဲစွာ စိုက်ကြည့်ပြီးနောက် အပြင်သို့ လှည့်ထွက်သွားလေတော့သည်။
ထို့နောက်တွင် ယန်ချုံးသည် အဘိုးကျိုး၏ ချိုင်းအောက်၊ နံရိုး၊ ဦးခေါင်းနှင့် ခါး စသည့် နေရာအနှံ့အပြားသို့ ငွေအပ်များကို တစ်ချောင်းပြီး တစ်ချောင်း ဆက်တိုက် စိုက်သွင်းလေသည်။ မကြာမီမှာပင် ငွေအပ် တစ်သေတ္တာလုံးနီးပါးမှာ အဘိုးအို၏ ခန္ဓာကိုယ်အထက်၌ နေရာယူပြီးသား ဖြစ်သွားလေပြီ။ အပ်စိုက်သွင်းပြီးနောက်တွင် သူသည် နေရာမှ မတ်တပ်ထရပ်ကာ ဘေးတွင် အသာငြိမ်သက်စွာ ရပ်နေလိုက်သည်။
အခန်းတွင်း လေထု
အခန်းတွင်းရှိ လူအပေါင်း၏ အကြည့်များမှာ အဘိုးကျိုးထံသို့သာ စူးစိုက် ကျရောက်နေကြပြီး ရင်တမမနှင့် စိုးရိမ်ပူပန် နေကြလေသည်။ အထူးသဖြင့် မြေးဖြစ်သူ ကျိုးရှောင်ပိုင်မှာမူ အဘိုးကျိုး၏ လက်တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူမ၏ မျက်ဝန်းအိမ် အတွင်း၌ မျက်ရည်စများ ရစ်ဝဲနေသော်လည်း ကျဆင်း မလာစေရန် အစွမ်းကုန် ကြိုးစားထိန်းချုပ် ထားရရှာသည်။
ကျိုးကျန့်နန် မှာ အပြင်ပန်း၌ ပကတိ တည်ငြိမ်နေပုံရသော်ငြား သူ၏ ရင်တွင်း၌မူ မုန်တိုင်းထန်ကာ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ဗြောင်းဆန်နေလေသည်။ အကယ်၍ အနည်းငယ်မျှသော လွဲချော်မှုလေး ဖြစ်ပေါ်သွားခဲ့ပါက အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ဖခင်ဖြစ်သူမှာ ယခုအချိန်မှ စ၍ သူ့အား အပြီးတိုင် ထားရစ်ကာ တမလွန်သို့ ထွက်ခွာသွားနိုင်ချေ ရှိကြောင်းကို သူ အထူးပင် နားလည် သဘောပေါက်ထားလေသည်။ ယခုအချိန်တွင် သူသည် အနည်းငယ်မျှ နောင်တရမိနေ၏။ မိမိ တစ်ကြိမ်တစ်ခါမျှ မသိကျွမ်းဖူးသည့် လူငယ်လေး တစ်ဦး၏ မောက်မာသော စကားရပ်များကို အလွယ်တကူ ယုံကြည်မိကာ ဖခင်၏ အသက်ကို စိမ်းသက်သူ တစ်ဦး၏ လက်ထဲသို့ ပုံအပ်လိုက်မိသည့် အတွက် ယူကျုံးမရ ဖြစ်နေမိခြင်းတည်း။
သို့သော်လည်း ယခုအချိန်တွင် မည်သို့ပင် ဆိုစေကာမူ အရာရာမှာ နောက်ကျသွားခဲ့ပြီ ဖြစ်ရာ အံ့ဖွယ်ရာ အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာပါစေရန်သာ ဆုတောင်း မျှော်လင့်နေရုံမှ တစ်ပါး အခြား မရှိတော့ပေ။ အချိန်နာရီများသည် တစ်စက္ကန့်ပြီး တစ်စက္ကန့်… တစ်မိနစ်ပြီး တစ်မိနစ် တရွေ့ရွေ့ ကုန်လွန်လာသည်နှင့် အမျှ အခန်းတွင်းရှိ လေထုမှာလည်း အဆုံးစွန်ထိတိုင် မွန်းကျပ်ပိတ်လှောင် လာလေတော့သည်။
ထိုအထဲတွင် ကျိုးရှောင်ပိုင်လေးမှာ မည်သည့် အချိန်ကတည်းက မျက်ရည်များ ယိုစီးကျဆင်း နေမှန်းပင် သူမကိုယ်သူမ သတိမထားမိတော့ချေ။ ဖြူဝင်း ကြည်လင်နေသော ပါးပြင်လေးထက်မှ တစ်ဆင့် လည်တိုင်အထိတိုင်အောင် မျက်ရည်စများ စီးဆင်းနေသော်လည်း သူမကမူ လုံးဝ အသိအာရုံထဲ၌ ရှိမနေခဲ့ပေ။
အခန်းပြင်ပ အခြေအနေ
အခန်း၏ ပြင်ပ၌ကား အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးဆူညံ နေလေသည်။ ဆေးကုသမှု ခံယူရန် စောင့်ဆိုင်းနေကြသော လူနာများမှာ တစ်နေရာတည်းတွင် စုရုံးလျက် တီးတိုး ဝေဖန်ပြောဆို နေကြလေသည်။
“အခန်းထဲမှာ ဘာတွေဖြစ်နေလဲ မသိဘူး။ အဲဒီအဘိုးကြီးရဲ့ အခြေအနေက တော်တော်လေး စိုးရိမ်ရတဲ့ပုံပဲ”
“ဟုတ်ပါ့… အဘိုးဖန်တောင် လက်မခံရဲဘူးဆိုတော့ ဒီစစ်ကျိုချန်မြို့ ပေကျင်းတစ်မြို့လုံးမှာ ဘယ်သူမှ ကုနိုင်မှာ မဟုတ်တော့ဘူး”
“ဒါပေါ့… အဘိုးဖန်ရဲ့ ဆေးပညာက အရမ်း တော်တာ။ စစ်ကျိုချန်မြို့က ဆရာဝန်တွေဆို အဘိုးဖန် ကုမပေးနိုင်တဲ့ လူနာဆိုရင် ဘယ်သူမှ လက်မခံရဲကြဘူး”
“အဲဒါကိုပဲ ကိုယ့်ကိုကိုယ် ဘာမှန်း မသိတဲ့ကောင်က ဒီမှာလာပြီး ဆရာကြီးလုပ်နေတယ်”
“ဟုတ်တယ် သေချင်နေတာပဲ။ အဲဒီ မိသားစုက ကြည့်လိုက်တာနဲ့ သာမန်မိသားစု မဟုတ်မှန်း သိသာတယ်။ တကယ်လို့ အဘိုးကြီးသာ တစ်ခုခုဖြစ်သွားရင် အဲဒီကောင်တော့ ပြဿနာအကြီးကြီး တက်တော့မှာပဲ”
“ဟွန်း... အခန်းထဲမှာ အကြာကြီး ဘာအသံမှလည်း မကြားရဘူး။ သေဖို့ များပါတယ်လေ”
ချန်ရွှယ်ရူသည် ထိုနေရာ၌ ရပ်နေလျက် ဘေးနားမှ လူများ၏ အုတ်အော်သောင်းနင်း ဝေဖန်ပြောဆိုသံများကို ကြားနာနေရလေသည်။ သူမ၏ ဖြူစင်နုနယ်သော မျက်နှာလေးအထက်၌ ချွေးစေးများ ပေါက်စီမျှ စို့တက်နေချေပြီ။ သူမ၏ ရင်တွင်း၌ကား ယခုအခါ လွန်စွာမှ နောင်တ တရားများ လွှမ်းမိုးနေလေ၏။ ယန်ချုံးအား ဆေးဝါး ရှာဖွေရန် ဤနေရာသို့ ခေါ်ဆောင် မလာခဲ့သင့်ဟု အပြင်းအထန် နောင်တရ နေမိခြင်းပင် ဖြစ်သည်။
ယခုတော့ အရာရာ လွန်ချေပြီတကား။ ရှာဖွေချင်သော ဆေးပင် မတွေ့ရသေးခင်မှာပင် ယန်ချုံးအား ပြဿနာလှိုင်း တံပိုးကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဆွဲသွင်းလိုက်သကဲ့သို့ ဖြစ်သွားရလေပြီ။ ကျိုးကျန့်နန် ဆိုသည်မှာ စစ်တပ်အတွင်း၌ ရာထူးကြီးမားလှသော အရာရှိကြီး တစ်ဦး… စစ်ဒေသ တပ်မှူးအဆင့်ရှိသူဟု သူမ ကြားဖူးထားလေသည်။ အကယ်၍ သူ့ဖခင်သာ တစ်စုံတစ်ရာ ထိခိုက်ချို့ယွင်း သွားခဲ့ပါမူ ယန်ချုံးမှာ ဤလောက၌ အသက်ဆက် ရှင်သန်နိုင်ရန်ပင် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ သို့သော် ယခုအချိန်၌ကား မည်သို့ပင် ဆိုစေကာမူ နောက်ကျသွားခဲ့ပြီ ဖြစ်ရာ ချန်ရွှယ်ရူ တစ်ယောက် အလွန်အမင်း စိုးရိမ် ပူပန်သောက ရောက်နေရရှာလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဖန်ကျိဟွေးသည် သူမ၏ အနီးသို့ ရောက်ရှိလာကာ သူတစ်ပါး ဒုက္ခရောက်မည့် အရေးကို ဝမ်းသာအားရ ဖြစ်ဟန်ဖြင့် ဆိုလာလေသည်။
“ဟွန်း... ဒီကောင်က ကိုယ့်အကြောင်း ကိုယ်မသိဘဲ ငါတို့ဖန်မိသားစုဆီ လာပြီး ဆရာကြီး လာလုပ်နေတယ်။ ဟွန်း... အခုတော့ သူ ဘယ်လို ဇာတ်သိမ်းမလဲ ကြည့်ရသေးတာပေါ့။ ရွှယ်ရူ... နောက်ဆို နင်လည်း အဲဒီလို လူတွေနဲ့ သိပ်မပတ်သက်တာ ပိုကောင်းမယ်။ ကိုယ့်အတွက်ပါ ပြဿနာ လာမရှာနဲ့”
ထိုအခါ ချန်ရွှယ်ရူက စိတ်မရှည်လှတော့သည့် ဟန်ဖြင့် ပြတ်တောင်းတောင်း တုံ့ပြန်လိုက်သည်။
“ငါ ဘယ်သူနဲ့ သူငယ်ချင်းလုပ်လုပ် နင်ဝင်ပါစရာ လိုလို့လား။ နင့်ဟာနင် သခင်လေး လုပ်ပြီးသာ နေစမ်းပါ”
ဖန်ကျိဟွေးမှာ ထိုစကားကြောင့် အစ်အောက်သွားရပြီး သူ၏ မျက်နှာအမူအရာမှာ ယခင်ကထက်ပင် ပို၍ ဆိုးရွားပျက်ယွင်း သွားလေတော့သည်။
ချန်ရွှယ်ရူကမူ သူ့အား ဂရုမစိုက်နိုင်တော့ဘဲ ပြတင်းပေါက်အနီးသို့ လျှောက်သွားကာ အခန်းတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသနည်းဟု အာရုံစိုက်ကာ နားစွင့်နေလိုက်လေသည်။ ထိုခဏ၌ပင် အခန်းအတွင်းမှ မိန်းကလေး တစ်ဦး၏ ငိုရှိုက်သံ တစ်ဝက် ရောယှက်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
“အဘိုး...”
ထိုအသံရှင်မှာ အခြားသူ မဟုတ် အဘိုးကျိုး၏ မြေးမ ကျိုးရှောင်ပိုင်၏ အသံမှန်း နားထောင်လိုက်သည်နှင့် သိသာထင်ရှား လှပေသည်။ ထိုအသံကို ကြားလိုက်ရချိန်တွင် ချန်ရွှယ်ရူ၏ ရင်အစုံမှာ ဒိတ်ခနဲ ဆောင့်ခုန်သွားရ ပြီးနောက် စိတ်အတွင်းမှ ထိတ်လန့်တကြား ရေရွတ်လိုက်မိလေတော့သတည်း။
‘ပြီးပြီ... ယန်ချုံးတော့ ပြဿနာ အကြီးကြီး ရှာမိသွားပြီတကား’