အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) - ကျွန်တော် အဲဒီလောက် မျက်နှာ မထူပါဘူး
ဆေးခန်းအတွင်း၌ကား တိတ်ဆိတ်ငြိမ်သက်လျက် ရှိ၏။ ခုတင်အထက်၌ လဲလျောင်းနေသော အဘိုးကျိုးအား အားလုံးက မျက်တောင် မခတ်တမ်း စိုက်ကြည့်နေကြပြီး မည်သူမျှ စကားတစ်ခွန်းပင် မဟဝံ့ကြချေ။
အချိန်မည်မျှ ကုန်လွန်သွားသည်ကို မည်သူမျှ သတိမပြုမိကြ။ မှိတ်ထားသော မျက်ဝန်းများဖြင့် အချိန်အတော်အတန်ကြာ လှုပ်ရှားမှု ကင်းမဲ့နေခဲ့သော အဘိုးကျိုးသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေသည်။ အစပိုင်းတွင် မျက်နှာကြက်ကို ငေးကြည့်နေပြီးနောက် ဘေးဘက်ရှိ ကျိုးရှောင်ပိုင်ထံသို့ အကြည့်ရွှေ့ကာ ပြုံးလိုက်ရင်း ဆိုလေသည်။
“ဒီကောင်မလေး တုံးလိုက်တာ… အဘိုး ဘာမှ မဖြစ်ပါဘူးကွယ်”
ကျိုးရှောင်ပိုင်မှာ ခေတ္တမျှ ကြက်သေ သေသွားခဲ့ရသည်။ ထို့နောက်တွင်မူ ဝမ်းသာလွန်း လှသဖြင့် မျက်ရည်များ ဒလဟော စီးကျလာကာ ငိုချလိုက်တော့သည်။
“အဘိုး...”
ကျိုးကျန့်နန်သည်လည်း အနီးသို့ ကမန်းကတန်း တိုးကပ်လာရင်း မေးလေသည်။
“အဖေ... အခု ဘယ်လိုနေသေးလဲဟင်”
အဘိုးကျိုးက မြေးဖြစ်သူ၏ ဆံနွယ်များကို ယုယစွာ ပွတ်သပ်ပေးလိုက်သည်။
“တုံးအ လိုက်တဲ့ ကောင်မလေးရယ်… အဘိုး ဘာမှ မဖြစ်ဘူးလို့ ပြောနေတာကို ဘာလို့ ငိုနေရတာတုန်း”
ထိုသို့ ပြောဆိုပြီးနောက် သားဖြစ်သူ ကျိုးကျန့်နန်အား မော့ကြည့်လိုက်ရင်း ပြောသည်။
“ကျန့်နန်… အခု ငါ တော်တော်လေး နေလို့ထိုင်လို့ ကောင်းသွားပြီ။ ခေါင်းထဲမှာလည်း အရမ်းကို ပေါ့ပါးသွားတာပဲ။ နှစ်ပေါင်းများစွာ ဖိထားတဲ့ ကျောက်တုံးကြီး တစ်တုံးကို ရုတ်တရက် အောက်ချလိုက်ရသလိုပဲကွာ”
ကျိုးကျန့်နန်မှာ အံ့သြဝမ်းသာ ဖြစ်သွားရပြီး ယန်ချုံးဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ညီလေး... အဖေ့ရောဂါက ပျောက်သွားပြီလား”
ယန်ချုံးက အပြုံး တစ်ပွင့်ဖြင့် အနီးသို့ လျှောက်လှမ်းလာခဲ့သည်။
“ခဏလေး စောင့်ပါဦး။ ကျွန်တော် ငွေအပ်တွေကို အရင်နှုတ်လိုက်ပါ့မယ်။ သခင်မလေးကျိုး... ခဏလောက် ဖယ်ပေးပါလား”
ကျိုးရှောင်ပိုင်က မျက်ရည်များကို အလောတကြီး သုတ်ဖယ်လိုက်ကာ အရေးကြီးကိစ္စကို နှောင့်နှေး ကြန့်ကြာစေမည် စိုးသဖြင့် အမြန်ပင် ထရပ်ပေးလိုက်လေသည်။
ယန်ချုံးသည် အဘိုးကျိုး၏ ခန္ဓာကိုယ်တွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသော ငွေအပ်များကို ဂရုတစိုက်ဖြင့် တစ်ချောင်းချင်း ပြန်လည် နှုတ်ယူလိုက်သည်။ ထို့နောက် ပိုးသတ်ဆေးကြောကာ ငွေရောင်ဘူးငယ် အတွင်းသို့ စနစ်တကျ ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် အဘိုးအို၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ရင်း ပြောသည်။
“အဘိုးက လောလောဆယ်တော့ အသက်အန္တရာယ် မရှိတော့ပါဘူး။ ဒါပေမဲ့ နောက်နောင် ရောဂါဝေဒနာကနေ အပြီးတိုင် လွတ်ကင်းချင်တယ် ဆိုရင်တော့ အပ်စိုက်ကုသတာကို အချိန်တစ်ခုအထိ ဆက်လုပ်ဖို့ လိုပါလိမ့်မယ်”
ကျိုးကျန့်နန်မှာ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားရသည်။ ယန်ချုံး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုလာ၏။
“အရမ်း ကောင်းတာပဲ ညီလေးရာ။ မင်းက အဖေ့အသက်ကို ကယ်တင်ပေးရုံသာမက ငါတို့ ကျိုးမိသားစု တစ်ခုလုံးကိုပါ ကယ်တင်ပေးလိုက်တာပဲ”
ထိုစဉ်မှသာ တစ်ဖက်လူ၏ နာမည်ကိုပင် မသိသေးကြောင်း သတိရသွားကာ အလောတကြီး မေးလိုက်တော့သည်။
“ဒါနဲ့ ဆေးဆရာကြီးရဲ့ နာမည်နဲ့ ဘယ်မှာ ဆေးခန်းဖွင့်ထားလဲဆိုတာ မသိရသေးဘူးနော်”
ယန်ချုံးက ခပ်ဖွဖွ ပြုံးလိုက်သည်။
“အို... ဆေးဆရာကြီးလို့ မခေါ်ပါနဲ့။ ကျွန်တော့်နာမည်က ယန်ချုံးပါ။ နတ်ဆေး သမားတော်လည်း မဟုတ်ရပါဘူး။ ဆေးပညာ အခြေခံလောက်ပဲ နားလည်တဲ့ သာမန်လူ တစ်ယောက်ပါ”
ထိုအခါ ဘေးတွင် ရပ်နေသော ဖန်လီပိုင်က မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆို လာလေသည်။
“ဆရာယန်က ကျွန်တော့်ကို အရှက်ခွဲနေတာလား။ ဆရာ့လို ဆေးပညာတော်တဲ့ သူကတောင် အခြေခံလောက်ပဲ ရှိသေးတယ်ဆိုရင် ကျွန်တော်တို့တွေက ဘာမှ နားမလည်တဲ့ အရပ်သားတွေ ဖြစ်ကုန်ကြမှာပေါ့”
ယန်ချုံးက ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်သည်။
“အဘိုးဖန်က နောက်နေပြန်ပါပြီ။ ကျွန်တော် ပြောတာ အမှန်ပါ။ တကယ်တော့ ကျွန်တော်က ဆရာဝန်တောင် မဟုတ်ပါဘူး။ သံမဏိစက်ရုံက ဝယ်ယူရေးဝန်ထမ်း တစ်ယောက်ပါ။ ပုံမှန်ဆို ဆေးကျမ်းတချို့ ဖတ်ရတာကို ဝါသနာပါပြီး ဆေးပညာ ပြဿနာတချို့ကို ကိုယ့်ဟာကိုယ် လေ့လာရတာကို သဘောကျရုံပါ”
ယန်ချုံး၏ မျက်နှာ အမူအရာမှာ နောက်ပြောင်နေပုံ မရသည်ကို မြင်လိုက်ရသောအခါ လူအများမှာ ပို၍ပင် အံ့အားသင့်သွားကြရသည်။ ဖန်လီပိုင်က ခေါင်းယမ်းလိုက်ရင်း ဆိုလေသည်။
“ဒါက ဆရာ့မှာ ဆရာဝန်ကောင်း တစ်ယောက်ရဲ့ မွေးရာပါ ပါရမီရှိတယ် ဆိုတာကို ပြနေတာပဲ။ ဝါသနာပါရုံလေးနဲ့ အဘိုးကျိုးရဲ့ နာတာရှည် ရောဂါကို ဒီလောက် အလွယ်တကူ ကုသပေးနိုင်တာက တစ်သက်လုံး ဆေးကုလာတဲ့ ကျွန်တော်တို့လို ဆရာဝန်တွေတောင် လိုက်မမှီနိုင်တဲ့ အရည်အချင်းပါပဲ”
ကျိုးကျန့်နန်ကလည်း ထောက်ခံလိုက်လေသည်။ ထို့နောက် အိတ်ကပ်အတွင်းမှ အထပ်လိုက် ဖြစ်နေသော အနက်ရောင် ဆယ်တန် ငွေစက္ကူများကို ထုတ်ယူကာ ယန်ချုံး၏ အရှေ့သို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်သည်။
“ဟုတ်ပါတယ် သူရဲကောင်းဆိုတာ ဇာတိကို မမေးရဘူးတဲ့။ ဆရာယန်က အဖေ့ရောဂါကို ကုသပေးနိုင်တာက အရာအားလုံးကို သက်သေပြနေတာပါပဲ။ ဒါက စောစောက အဖေ့ကို ကုသပေးခဲ့တဲ့ ဆရာ့အတွက် ဉာဏ်ပူဇော်ခပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
“ကူညီပေးရုံလေးပါ။ အားနာစရာ မလိုပါဘူး”
ယန်ချုံးက လက်ကာပြကာ ငြင်းဆန်လိုက်၏။ သို့သော် ကျိုးကျန့်နန်က အလျှော့မပေးဘဲ ငွေများကို သူ၏ လက်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။
“ဆရာ့အတွက် ကူညီပေးရုံလေး ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့ ကျိုးမိသားစုအတွက်တော့ အသက်ကယ် ကျေးဇူးပါ။ ဉာဏ်ပူဇော်ခက မပါလို့ လုံးဝ မဖြစ်ပါဘူး။ ဒါ့အပြင် ဆရာ စောစောက ပြောသလိုပဲ အဖေက လောလောဆယ် အသက်အန္တရာယ် မရှိတော့ပေမဲ့ ရောဂါပျောက်ကင်းဖို့ ဆရာ့အနေနဲ့ ရှေ့လျှောက် အဖေ့ကို ဆက်ပြီး အပ်စိုက်ပေးရဦးမှာလေ”
ယန်ချုံးသည် ဆက်လက် ငြင်းဆန်၍ မရတော့သဖြင့် လက်ခံလိုက်လေသည်။
“ဒါဆိုရင်လည်း ကောင်းပါပြီ… ကျွန်တော် လက်ခံလိုက်ပါ့မယ်။ မနက်ဖြန်ကစပြီး အဘိုးကို ဆယ့်ငါးရက် ဆက်တိုက် အပ်စိုက်ပေးမယ်ဆိုရင် နာတာရှည်ရောဂါကို အမြစ်ပြတ် ကုသနိုင်မှာပါ”
ကျိုးကျန့်နန်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်။ ဆရာရဲ့ နေရပ်လိပ်စာကိုလည်း ပြောပြပေးပါဦး။ အဖေ့ကျန်းမာရေးက လောလောဆယ် အပြင်ထွက်ဖို့ အဆင်မပြေသေးတော့ နောက်ဆို ဆရာ့ကို ကျွန်တော်တို့အိမ် ခေါ်လာပြီးမှ အဖေ့ကို ဆေးကုခိုင်းရမှာ မို့လို့ပါ”
ဤမျှတော့ ရှိသင့်သည်ဟု ယူဆကာ ယန်ချုံးက သူ၏ လိပ်စာကို ပြောပြလိုက်သည်။
“ကျွန်တော်က နန်းလော်ကူ လမ်းကြားက အမှတ် (၉၅) စစ်ဟဲ့ယွမ်မှာ နေပါတယ်။ ဒါပေမဲ့ နေ့ဘက်ဆို အလုပ်လုပ်ရတော့ ညဘက်မှပဲ အဘိုးကို အပ်လာစိုက်ပေးလို့ ရပါမယ်”
“ရပါတယ် ဆရာ အဆင်ပြေသလိုသာ လုပ်ပါ”
ကျိုးကျန့်နန်က လိပ်စာကို သေချာစွာ မှတ်သားလိုက်ပြီး ယန်ချုံးကို ကျေးဇူးတင်စကား ထပ်တလဲလဲ ဆိုလေသည်။ ထို့နောက် အဘိုးအိုအား ဆေးရုံသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်ရန် ရှိနေသေးသဖြင့် အချိန်မဆွဲတော့ဘဲ နှုတ်ဆက်ထွက်ခွာ သွားကြသည်။
သို့သော် မိသားစုဝင်များ အခန်းထဲမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် အဘိုးဖြစ်သူနောက်မှ အမြဲတစေ လိုက်ပါတတ်သော ကျိုးရှောင်ပိုင်သည် ရုတ်တရက် လှည့်ကြည့်လာပြီး ယန်ချုံးအား အရိုအသေပေးကာ ပြောလိုက်သည်။
“ဆရာယန်... ရှင် ကျွန်မရဲ့ အဘိုးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်မရဲ့ ကျေးဇူးတင်စကားကို လက်ခံပေးပါနော်”
ယန်ချုံးက အမြန်ပင် ပြောလိုက်သည်။
“သခင်မလေးကျိုး... အားနာစရာမလိုပါဘူး။ လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါ”
ကျိုးရှောင်ပိုင်က ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ဆိုပြီးနောက် အဘိုးနှင့် ဖခင်ဖြစ်သူတို့ နောက်သို့ လိုက်ပါသွားလေတော့သည်။
ထိုခဏတွင် ယန်ချုံး ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားမိသည်။ ဤ ကျိုးရှောင်ပိုင် ဆိုသည့် နာမည်မှာ အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း။ သူမသည် “သွေးရောင်လွှမ်းသော ရိုမန်တစ်” ဇာတ်လမ်းထဲမှ ကျိုးရှောင်ပိုင်များ ဖြစ်နေလေမလား။
အသက်အရွယ်ကို ထောက်ဆကြည့်လျှင်တော့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲထဲကထက် အနည်းငယ် ငယ်ရွယ်နေပုံရသည်။ သို့သော် ထိုဇာတ်လမ်းတွဲထဲက အကြောင်းအရာများသည် နှစ်အနည်းငယ် ကြာပြီးနောက် မုန်တိုင်းထန်ချိန်မှသာ စတင်ခဲ့ခြင်း ဖြစ်ရာ ထိုသို့ တွက်ကြည့်လျှင်လည်း အံဝင်ခွင်ကျ ဖြစ်နေပြန်သည်။
တကယ်ပဲ ဒီလို ဖြစ်နေတာလား။
စဉ်းစားကြည့်ပြန်တော့လည်း ဟုတ်နိုင်စရာပင်။ “ကျိန့်ယန် ဂိတ်အောက်က မိန်းမငယ်” ဇာတ်လမ်းထဲမှ ချန်ရွှယ်ရူပင် ရှိနေသေးသည် မဟုတ်ပါလော။ ဤသို့ဆိုလျှင် “သွေးရောင်လွှမ်းသော ရိုမန်တစ်” ထဲက ကျိုးရှောင်ပိုင် မရှိနိုင်စရာ အကြောင်းမရှိပေ။ အချိန်ကူးပြောင်းလာသည် ဆိုကတည်းက မူလကပင် ယုတ္တိမတန်သော ကိစ္စဖြစ်နေခဲ့ပြီလေ။ ဇာတ်လမ်းတွဲ အနည်းငယ်လောက် ပေါင်းစပ်ထားသည်ဆို လျှင်လည်း အဆန်းတကြယ်တော့ မဟုတ်တော့ပေ။
ယန်ချုံး တစ်ယောက် တွေးတောနေဆဲ ရှိသေးရာ ဖန်လီပိုင်သည် သူ၏ ရှေ့သို့ ရောက်လာပြီး လက်အုပ်ချီကာ အနည်းငယ် ကိုင်းညွှတ်လျက် ဆိုသည်။
“ဆရာယန်... စောစောက ဆရာရဲ့ ဆေးပညာက ကျွန်တော့်ကို မျက်စိပွင့်သွားစေပါတယ်။ စောစောက ကျွန်တော့်ဘက်က ပြစ်မှားမိတာရှိခဲ့ရင် ဆရာ့အနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ”
ယန်ချုံးက အမြန်ပင် ပြန်လည် ဂါရဝပြုလိုက်သည်။
“အဘိုးဖန်က အရမ်း အားနာလွန်းနေပါပြီ။ ကျွန်တော်က မူလကတည်းက အတွေ့အကြုံ မရှိတဲ့ လူငယ်တစ်ယောက်ပါ။ တကယ်တော့ ကျွန်တော်ကသာ အဘိုးရှေ့မှာ အရမ်းကာရော ပြောမိတဲ့အတွက် ပြစ်မှားမိသလို ဖြစ်သွားတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
သူတို့နှစ်ဦး အားနာပါးနာ ပြောဆိုနေကြဆဲတွင် အပြင်ဘက်ရှိ ဖန်ကျိဟွေးသည် မစောင့်နိုင်တော့ဘဲ အလောတကြီး လျှောက်ဝင်လာကာ မေးလေသည်။
“အဘိုး... စောစောက ဘာဖြစ်သွားတာလဲ။ အဘိုးကျိုးရဲ့ ရောဂါ ပျောက်သွားသလို မြင်လိုက်ရတယ်။ အဘိုး ကုပေးလိုက်လို့ ပျောက်သွားတာလား”
ချန်ရွှယ်ရူသည်လည်း အခန်းပြင်ဘက်တွင် ရင်တမမဖြင့် စိတ်ပူနေခဲ့ရသည်။ အထူးသဖြင့် ကျိုးရှောင်ပိုင်၏ ငိုသံပါနေသော “အဘိုး…” ဟူသည့် အသံကို ကြားလိုက်ရသောအခါ လန့်ပြီး ဝိညာဉ်တောင် လွင့်မတတ် ဖြစ်သွားခဲ့ရသည်။ စောစောက ကျိုးမိသားစုဝင်များ အခန်းတွင်းမှ ထွက်လာသည်အား မြင်လိုက်ရပြီး အဘိုးကျိုး၏ မျက်နှာအသွေးအဆင်းမှာလည်း ကောင်းမွန်နေသည်ကို တွေ့လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။
ထိုအချိန်တွင် အမြန်လိုက်ဝင်လာခဲ့ပြီး ယန်ချုံးသည် ဘေးအန္တရာယ်ကင်းစွာဖြင့် ဖန်လီပိုင်နှင့် စကားပြောနေသည်ကို မြင်လိုက်ရမှသာ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။
သို့သော် ဖန်လီပိုင်က ဖန်ကျိဟွေးကို မျက်စောင်းထိုးကြည့်လိုက်ကာ ပြောသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ ငတုံးလေးရဲ့။ အဘိုးကျိုးကို ကုပေးလိုက်တာက ဆရာယန်လေ။ မင်း အဘိုး ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက အသုံးမကျရင်တောင်မှ သူများရဲ့ ဂုဏ်ကို လုယူမဲ့အထိတော့ အဲဒီလောက် မျက်နှာ မထူပါဘူးကွ”
ဖန်ကျိဟွေး၏ မျက်နှာမှာ မယုံကြည်နိုင်သော အမူအရာများ ဖုံးလွှမ်းသွားသည်။ ဖန်လီပိုင်က ဆက်လက်၍ ပြောလေသည်။
“မင်းကလေ… ပုံမှန်ဆို အရမ်း မာနကြီးတယ်။ ကောင်းကင်အထက်မှာ ကောင်းကင်ရှိသေးတယ် ဆိုတာကို မသိဘူး။ ဆရာယန်ရဲ့ ဆေးပညာက မင်း အဘိုးထက် အများကြီး ပိုတော်တယ်ကွ”
ထိုသို့ပြောရင်း စောစောက ကိစ္စကို ရုတ်တရက် သတိရသွားပုံဖြင့် မေးသည်။
“ဒါနဲ့ စောစောက ဆရာယန် ဒီကိုလာတာ ဆေးလာရှာတာလို့ မင်း ပြောတယ်နော်။ ဘာဆေးလဲ… ငါတို့ဆီမှာတောင် မရှိဘူးလား”