← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆) - လောင်ယီက သိပ်ကို သဘောထား မသေးသိမ် လွန်းဘူးလား

ချန်ရွှယ်ရူ၏ စကားလုံးများတွင် နောက်ပြောင်မှု တစ်ဝက်… အတည်အလင်း တစ်ဝက် ရောယှက်နေသဖြင့် ယန်ချုံးမှာ မကြားချင်ယောင်ဆောင်ကာ ကျော်ဖြတ်ရန်သာ ကြိုးပမ်းလိုက်ရတော့လေသည်။

သို့ရာတွင် နူးညံ့သိမ်မွေ့လှပသော ခန္ဓာကိုယ်ငယ်လေးနှင့် နီးကပ်စွာ ထိတွေ့မိနေသောကြောင့် ရင်ခုန်စိတ်လှုပ်ရှား ရမှုကိုမူ ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။ မကြာမြင့်မှီ အချိန်အတွင်းမှာပင် ထိုစိတ်လှုပ်ရှားမှု၏ သက်ရောက်မှုမှာ ခန္ဓာကိုယ်၏ တစ်နေရာ၌ ထင်ရှားစွာ ပေါ်လွင်လာခဲ့လေသည်။

ဤအပြောင်းအလဲကို ချန်ရွှယ်ရူ၏ စူးရှသော မျက်ဝန်းများက ရိပ်မိသွားပြီးနောက် သူမ၏ နှုတ်ခမ်းအစုံတွင် မသိမသာသော အပြုံးရိပ် တစ်ခု ထက်မြက်စွာ ဖြတ်သန်းသွားခဲ့သည်။

‘မင်းက ကျောက်တုံးကြီး ကျနေတာပဲလို့ ထင်နေတာ... အစ်မရဲ့ အလှအပကို နည်းနည်းလေးမှ စိတ်မလှုပ်ရှားဘူး အောက်မေ့တယ်။ တကယ်တော့ မင်းမှာလည်း တုံ့ပြန်မှု ရှိသားပဲ’

သူမက စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်မိသည်။

သို့သော်လည်း ချန်ရွှယ်ရူသည် ဘာမျှ မသိနားမလည်ဟန် ဆောင်လျက် သူမ၏ လက်မောင်းနုနုများဖြင့် ယန်ချုံး၏ ခန္ဓာကိုယ်အား ဖက်တွယ်ထားဆဲပင် ရှိသေး၏။ သူ၏ ခါး အတိုင်းအတာကို တိုင်းတာပြီးနောက် ရင်ဘတ်ကိုပါ ဆက်လက် တိုင်းတာပြန်သည်။ သူမက စေ့စပ်သေချာစွာ တိုင်းတာ၍ ပြီးဆုံးသွားချိန်၌မူ ယန်ချုံး၏ မျက်နှာမှာ အပေါ်သို့ မော့လျက် ရှက်သွေးဖြန်းကာ နီမြန်းနေခဲ့ပြီ ဖြစ်သည်။

“အို... ယန်ချုံး မင်း ဘာဖြစ်လို့လဲ။ ဖျားနေတာလား။ ငါ့ကို ကြည့်ရစေဦး”

ချန်ရွှယ်ရူက အံ့သြသွား ဟန်ဆောင်ကာ ပြောရင်း ယန်ချုံး၏ နဖူးကို လှမ်း၍ စမ်းသပ်လိုက်သည်။

ယန်ချုံးက အလျင်အမြန် ကိုယ်ကို ရှောင်တိမ်းလိုက်ရင်း ပြန်လည် ပြောဆိုလိုက်သည်။

“ရပါတယ် အစ်မရဲ့… ကျွန်တော်ကိုယ်တိုင်က ဆရာဝန်ပဲဟာကို ဘယ်လိုလုပ် ဖျားမှာလဲ။ ရာသီဥတုက နည်းနည်းပူလို့ နေမှာပါ”

“ဟုတ်လို့လား”

ချန်ရွှယ်ရူက အံ့သြတုန်လှုပ်ဟန် မျက်နှာပေးဖြင့် ဆိုသည်။

“ငါကျတော့ မပူဘဲ နည်းနည်းတောင် ချမ်းသလိုလို ရှိတယ်။ ကြည့်ရတာ မင်း တကယ် ဖျားနေတာပဲ ဖြစ်ရမယ်”

ယန်ချုံးက စိတ်ထဲမှ ကျိတ်၍ ညည်းတွား လိုက်မိသည်။

‘ကျွန်တော်က ဘာလို့ ဖျားရမှာလဲ... ခင်ဗျားဆီက အဖျားတွေ ကျွန်တော့်ဆီ ကူးစက်လာတာ ရှင်းရှင်းလင်းလင်းကြီးကို များ...’

“ကဲပါ အစ်မရွှယ်ရူရယ်… အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်တော် အမြန် ပြန်ရဦးမယ်။ ဒီနေ့အတွက် အစ်မကို တကယ် ကျေးဇူးတင်ပါတယ်နော်။ ကျွန်တော်နဲ့ တစ်မနက်လုံး လိုက်ပေးနေရလို့ အစ်မလည်း အရောင်းအဝယ် ပျက်သွားရတယ်။ တကယ်ဆို အစ်မကို ထမင်း တစ်နပ်လောက် ဝယ်ကျွေးသင့်တာ… ဒါပေမဲ့ ဒီနေ့တော့ အချိန်မမှီတော့ဘူး။ ဒီလိုလုပ်ပါ... နောက်ကျရင် ကျွန်တော် အစ်မကို ထမင်းကောင်းကောင်း တစ်နပ် ဝယ်ကျွေးပြီး ကျေးဇူးဆပ်ပါ့မယ်”

ယန်ချုံးက ပြောလိုက်သည်။

ချန်ရွှယ်ရူက လုံးဝ အားနာဟန် မပြဘဲ ပြုံးလျက် ပြန်ပြောလေသည်။

“ကောင်းပြီလေ… ဒါဆို ငါ မှတ်ထားလိုက်မယ်နော်။ မင်း ငါ့ကို လိမ်လို့ မရဘူး။ တကယ်လို့များ ဝယ်မကျွေးဘူး ဆိုရင်တော့ သံမဏိစက်ရုံအထိ လိုက်ရှာမှာနော်”

“စိတ်ချပါ အစ်မ… ကျွန်တော် ယန်ချုံးက ကတိတည်ပြီးသားပါ”

ထိုသို့ပြောရင်း ယန်ချုံးသည် ကပျာကယာပင် ထွက်ခွာသွားတော့၏။

ချန်ရွှယ်ရူနှင့်အတူ ထပ်မံ၍ ဆက်လက်ရှိနေပါက မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမည်ကို သူသည် အလွန်အမင်း စိုးရိမ်ပူပန်မိနေခြင်း ဖြစ်ပေသည်။

သူ၏ နောက်ကျောပြင်အား ငေးကြည့်လျက် ကျန်ရစ်ခဲ့သော ချန်ရွှယ်ရူ၏ မျက်နှာအထက်မှ အပြုံးရိပ်များမှာ ပိုမို၍ ထင်ရှားပီပြင် လာခဲ့သည်။

“ဟွန့်... ကောင်လေး မင်းကို ငါ မသိမ်းသွင်းနိုင်ဘူးဆိုတာ မယုံကြည်နိုင်စရာပဲ”

သူမက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

ထိုသို့ဆိုပြီးနောက် သူမသည် လက်လှမ်းပြ၍ ဆိုက်ကား တစ်စီးကို တားဆီးလိုက်သည်။ ယာဉ်ပေါ်သို့ တက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် လမ်းဘေးရှိ ဆေးဆိုင် တစ်ဆိုင်သို့ သူမ၏ မျက်ဝန်းများ ကျရောက်သွားခဲ့သည်။

“ဆရာ… ခဏလောက် စောင့်ပေးပါဦးနော်။ ဆေး ခဏ သွားဝယ်ဦးမယ်”

ချန်ရွှယ်ရူက ဆိုကာ ဆေးဆိုင်အတွင်းသို့ ကပျာကယာ ဝင်ရောက်သွားခဲ့လေသည်။

သူမသည် ယန်ချုံး ပေးအပ်လိုက်သော ဆေးညွှန်းကို စမ်းသပ်လိုစိတ် ပြင်းပြနေသဖြင့် တစ်စက္ကန့်မျှပင် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေရော့သည်။

ယန်ချုံး တစ်ယောက် စစ်ဟဲ့ယွမ် ခြံဝင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် ယန်ရှောင်ကျွမ်းမှာ ထမင်းဟင်း ချက်ပြုတ် ပြင်ဆင်၍ ပြီးစီးခါစ မျှသာ ရှိသေး၏။

“အစ်ကိုကြီး... ဒီနေ့ ဘယ်လိုဖြစ်လို့ နေ့လယ်ကြီး ပြန်လာတာလဲ။ ထမင်းကော စားပြီးပြီလား။ အတော်ပဲ... ညီမလေး အခုတင် ချက်ပြုတ်ပြီးတာနဲ့ အတူတူပဲ”

ဤသို့ဆိုကာ သူမသည် ထမင်းကို အလျင်အမြန်ပင် ခူးခတ်ပေးလေသည်။

ယန်ချုံးက လက်ကာပြလျက် ဆိုသည်။

“ညီမလေးပဲ အရင်စားနှင့်ဦး… အစ်ကို ဟိုဘက်အခန်း ရှင်းလင်းရေး လုပ်တာ ဘယ်လို အခြေအနေရှိလဲဆိုတာ သွားကြည့်လိုက်ဦးမယ်”

ထိုကဲ့သို့ ပြောဆိုကာ အခန်းသစ်ဆီသို့ ခြေလှမ်းလှည့် ထွက်ခွာသွားခဲ့သည်။

ထိုအချိန်မှာ နေ့လယ်စာ စားချိန် ဖြစ်သဖြင့် ပန်းရံဆရာ မုန့်ကျင်းကွေ့နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့မှာလည်း နေအိမ်သို့ ပြန်၍ အစာအာဟာရ သုံးဆောင်နေကြပြီ ဖြစ်သည်။ သူတို့ မထွက်ခွာမှီ အခန်းအတွင်း လေဝင်လေထွက် မျှတကောင်းမွန် စေရန်အတွက် တံခါးများနှင့် ပြတင်းပေါက်များကို ရည်ရွယ်ချက်ရှိရှိ ဖွင့်ဟ ချန်ထားခဲ့ကြ၏။

ယန်ချုံးက အခန်းတွင်းသို့ လှည့်လည်ကြည့်ရှုရာ မူလနံရံဟောင်းမှ ကွာကျနေသော အကြေးခွံများကို အတော်များများ ခွာထုတ် ပြီးစီးနေပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။ နောက်ထပ် လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် နံရံပေါ်သို့ ရေအနည်းငယ် ဖျန်းဆွတ်ကာ အင်္ဂတေ ပြန်လည် ကိုင်တွယ်ရမည် ဖြစ်ပြီး ထို့နောက်တွင်မူ ထုံးဖြူ သုတ်လိမ်းရမည် ဖြစ်ပေသည်။

ဘေးပတ်ဝန်းကျင်သို့ ဝှေ့ယမ်း ကြည့်ရှုလိုက်ရာ ပြတင်းပေါက်များမှာ အိုမင်းဟောင်းနွမ်း နေပြီး တစ်ချပ်ဆိုလျှင် ပြုတ်ကျလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် နေ့လယ်ပိုင်းတွင် ဆရာမုန့် ပြန်ရောက်လာပါက သေချာစွာ မှာကြား၍ ဤအခန်း၏ တံခါးနှင့် ပြတင်းပေါက်အားလုံးကို အသစ်လဲလှယ် ခိုင်းရမည်ဟု စဉ်းစားမိသည်။ မည်သို့ပင် ဆိုစေကာမူ ယန်ရှောင်ကျွမ်းသည် မိန်းကလေး တစ်ဦးတည်း နေထိုင်ရမည် ဖြစ်သဖြင့် ဘေးအန္တရာယ် ကင်းရှင်းစေရန် တံခါးနှင့် ပြတင်းပေါက်များ ခိုင်ခံ့ လုံခြုံဖို့ရန် လွန်စွာ အရေးကြီးလှပေသည်။

ဤတံခါးနှင့် ပြတင်းပေါက်အသစ်များအတွက် ကုန်ကျမည့် စရိတ်ကိုမူ ကဏ္ဍ သီးသန့်ခွဲ၍ ထပ်မံပေးဆောင် ရမည်မှာ သေချာလှသည်။ ကာယလုပ်အားရှင် ပန်းရံဆရာများကို အနစ်နာခံစေ၍ မဖြစ်နိုင်ပေ။

ထိုအခြေအနေများကို လေ့လာဆန်းစစ် နေစဉ်မှာပင် ယန်ပုကွေ့ ရောက်ရှိလာပြီး အပြင်ဘက်မှ နေ၍ လှမ်းမေးမြန်း လိုက်သည်။

“ချုံးဇီ... ပြန်ရောက်နေတာလား”

ယန်ချုံးက အပြင်သို့ အလျင်အမြန် ထွက်လာကာ မေးလိုက်လေသည်။

“စန်းတာ့ယဲ့... ဘာကိစ္စရှိလို့လဲ”

ယန်ပုကွေ့က အားနာ တွန့်ဆုတ်နေသော မျက်နှာပေးဖြင့် ပြောရှာသည်။

“ချုံးဇီရေ... စန်းတာ့ယဲ့က မင်းကို ထပ်ပြီး အကူအညီ တောင်းရဦးမယ်ကွာ။ မင်းကို ခဏခဏ ဒုက္ခပေးနေရလို့ အားတော့ တကယ် နာပါတယ်။ ဒါပေမဲ့လည်း တခြား နည်းလမ်းမှ မရှိတော့တာ။ ဒီတစ်ခေါက်လည်း မင်းကိုပဲ အားကိုးရတော့မှာပဲ”

ယန်ချုံးက ပြန်လည် နှစ်သိမ့်လိုက်သည်။

“စန်းတာ့ယဲ့ကလည်း ဘာတွေ အားနာစရာ ရှိလို့လဲ။ ကျွန်တော်တို့တွေက ခြံဝင်း တစ်ခုတည်းမှာ အတူတူနေပြီး နေ့တိုင်း မျက်နှာချင်းဆိုင် တွေ့နေရတဲ့ သူတွေပဲဟာ။ ကိစ္စရှိရင် ပွင့်ပွင့်လင်းလင်း ပြောရုံပဲလေ။ ဒီလောက်အထိ အားနာ မနေပါနဲ့”

ထိုအခါမှ ယန်ပုကွေ့လည်း စကားစကို ဖွင့်ဟ လာတော့သည်။

“ဒီလိုကွ ချုံးဇီရဲ့... ကျဲချန်က မင်းရဲ့ ကူညီစောင်မမှုကြောင့် သံမဏိစက်ရုံမှာ အလုပ်သမား ဖြစ်သွားပြီ မဟုတ်လား။ သူ့ကောင်မလေးနဲ့လည်း အဆင်ပြေပြေ ဆက်ရှိနေတာ ဆိုတော့ ငါနဲ့ မင်း အဒေါ်သုံးနဲ့က စေ့စပ်ပွဲကို စောစောလေး စီစဉ်လိုက်ဖို့ တိုင်ပင်မိကြလို့ပါ။ ပြီးရင် မင်္ဂလာပွဲကိုပါ တစ်ခါတည်း စောစောစီးစီး ကျင်းပပေးလိုက်ရင် ငါလည်း သူ့အတွက် ရင်အေးရတာပေါ့ကွာ”

ယန်ချုံးက ခေါင်းညိတ် ထောက်ခံရင်း ပြောသည်။

“ဦးလေးပြောတာ မှန်ပါတယ်။ အစ်ကိုကျဲချန်လည်း အိမ်ထောင်ပြုသင့်တဲ့ အရွယ် ရောက်နေပြီပဲဥစ္စာ။ ဒါဆိုရင်တော့ ကျွန်တော်ကပဲ ကြိုပြီး ဂုဏ်ပြုပါတယ် ဦးလေး”

ယန်ပုကွေ့က ဆိုသည်။

“စေ့စပ်ပွဲ ဆိုတော့လည်း မိန်းကလေးဘက်က မိဘတွေကို အိမ်ဖိတ်ပြီး အခြေအနေ လာကြည့်ခိုင်းရမယ်လေ။ ပြီးရင် မိသားစုနှစ်စု အတူတူ ထမင်းစားကြရမှာ။ အဲဒါကို ကျဲချန်က ဒီထမင်းစားပွဲကို သေသေသပ်သပ်နဲ့ မျက်နှာ ပွင့်လန်းအောင် လုပ်ချင်တယ်တဲ့။ အနည်းဆုံးတော့ အသားဟင်း နှစ်ခွက်လောက် ပါမှ ဖြစ်မယ်။ မဟုတ်ရင် မိန်းကလေးဘက်က မိဘတွေက ငါတို့ကို ကပ်စေးနှဲတယ်လို့ ထင်ပြီး သဘောမတူဘဲ နေရင် ဒုက္ခလှလိမ့်မယ်လို့ ပြောနေလို့ကွာ”

ယန်ချုံးက စိတ်ထဲမှ ကျိတ်၍ ကျီစယ် တွေးတောလိုက်မိသည်။

‘သူတစ်ပါး ထင်မြင်မှာကို ပူနေတာထက်... ဦးလေးကိုယ်တိုင်က ကပ်စေးနှဲလွန်း နေတာကိုရော မရိပ်မိဘူးလား မသိဘူး...’

သို့သော် ထိုအတွင်းစိတ်ကို ဖုံးကွယ်လျက် မျက်နှာထက်၌ အပြုံးတစ်ခု ဆင်မြန်းကာ ပြန်ပြောလိုက်သည်။

“ကျဲချန် ပြောတာလည်း ဟုတ်တာပဲ။ တစ်သက်မှာ တစ်ခါပဲ ရှိတဲ့ အရေးကြီးကိစ္စကို ဒီအသားဟင်း နှစ်ခွက်လောက်နဲ့တော့ အထိခိုက် မခံနိုင်ပါဘူး”

ယန်ပုကွေ့က ဆိုလေသည်။

“သဘောတရားကတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ ပြဿနာက အဲဒီအသားကို ဘယ်က သွားရှာရမလဲ ဆိုတာပဲကွာ။ အခုက လကုန်ပိုင်း ဖြစ်နေတာက တစ်ကြောင်း… ဘယ်သူ့ဆီမှာမှလည်း အသားဝယ်ခွင့် လက်မှတ်က ကျန်တော့တာ မဟုတ်ဘူး။ လက်မှတ်ရှိရင်တောင် အသားရဖို့က ခဲယဉ်းလှတာ။ ဒါကြောင့် ငါက စဉ်းစားမိတာ... ချုံးဇီ မင်းက စက်ရုံအတွက် အမဲလိုက်ပြီး အသားတွေ ရှာဖွေပေးနေတာမလား။ မင်းအတွက် အခက်အခဲ မရှိဘူးဆိုရင် စန်းတာ့ယဲ့အတွက် ယုန်တစ်ကောင် ဖြစ်ဖြစ် တောကြက်တစ်ကောင် ဖြစ်ဖြစ် ချန်ပေးလို့ ရမလားလို့ပါ။ ဒါဆိုရင် ပြဿနာ အားလုံး ပြေလည်သွားပြီလေ”

ထိုသို့ ပြောပြီး စိတ်အားထက်သန်စွာ မျှော်လင့်နေတော့သည်။

ထို့နောက် သူက ချက်ချင်းပင် စကားထပ်မံ ဖြည့်စွက်လိုက်သေးသည်။

“သေချာတာပေါ့ ချုံးဇီရယ်... စိတ်ချပါ။ ငွေ ဘယ်လောက်ကျကျ စန်းတာ့ယဲ့ ပေးပါ့မယ်။ မင်းကို လုံးဝ အနစ်နာ မခံစေရပါဘူး”

ယန်ချုံးက ပြောပြီး မေးလိုက်လေသည်။

“ဟားဟား... ဒီကိစ္စလေးများ ဦးလေးရယ် ပြဿနာ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ယုန်တွေ၊ တောကြက်တွေက ကျွန်တော်ကိုယ်တိုင် သွားပစ်တာပဲဥစ္စာ။ စက်ရုံကို သွင်းတဲ့ အထဲက တစ်ကောင်စ၊ နှစ်ကောင်စ လျော့သွားလည်း ဘာမှ အရေးမကြီးပါဘူး။ ဒါနဲ့ နေ့ရက်ကိုရော သတ်မှတ်ပြီးပြီလား”

ယန်ပုကွေ့က ဝမ်းသာအားရဖြင့် အလျင်အမြန် ပြန်ဖြေသည်။

“သတ်မှတ်ပြီးပြီကွ... သန်ဘက်ခါလေ။ သန်ဘက်ခါကျရင် ယွီလိတို့ မိသားစု တစ်စုလုံး လာကြမှာ”

ယန်ချုံးက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

“ကောင်းပါပြီ စန်းတာ့ယဲ့… ကျွန်တော် အမှတ်အသား ပြုထားလိုက်ပါ့မယ်။ မနက်ဖြန် နေ့လယ်ပိုင်းလောက်... အလွန်ဆုံး နောက်ကျရင်တောင် ညဦးပိုင်းပေါ့။ ပစ္စည်းတွေ လာပို့ပေးပါ့မယ်။ ဦးလေးတို့ ကိစ္စကို မနှောင့်နှေးစေရပါဘူးလို့ အာမခံပါတယ်”

ယန်ပုကွေ့၏ မျက်နှာ တစ်ခုလုံးမှာ ဝမ်းသာအားရ အပြုံးပန်းများ ပွင့်လန်းသွားတော့သည်။

“ဒါဆိုရင်တော့ တကယ် ကျေးဇူးတင်ပါတယ် ချုံးဇီရယ်။ စန်းတာ့ယဲ့ သိပြီးသားပါ... မင်းက အလုပ်လုပ်ရင် သေသပ်သလို ခြံဝင်းထဲက တချို့လူတွေထက်လည်း အများကြီး သဘောထားကြီး စိတ်ထားတတ်ပါတယ်။ ကောင်းပြီလေ... ဒါဆို ငါ မင်းကိုပဲ လုံးလုံးလျားလျား အပ်လိုက်ပြီနော်”

ယန်ချုံးက ပြန်ပြောလေသည်။

“အားမနာပါနဲ့ ဦးလေးရယ်”

ထိုကဲ့သို့ ပြန်ပြောရင်း တစ်စုံတစ်ခုကို သတိရသွားကာ မေးမြန်းလိုက်သည်။

“ဒါနဲ့ စန်းတာ့ယဲ့... မေးဖို့ မေ့နေလို့ အစ်ကိုကျဲချန် အခု စက်ရုံမှာ အလုပ်ဆင်းရတာ အဆင်ပြေရဲ့လား”

ယန်ပုကွေ့က ခေါင်းကို တဆတ်ဆတ် ညိတ်လျက် ဆိုသည်။

“ကောင်းတာပေါ့ကွာ... သံမဏိစက်ရုံလို နိုင်ငံပိုင် စက်ရုံကြီးမျိုးမှာ မင်းရဲ့ ကျေးဇူးကြောင့်သာ သူ ဝင်ခွင့်ရခဲ့တာလေ။ မကောင်းဘဲ နေပါ့မလား”

ထို့နောက် ယန်ချုံးအနားသို့ တိုးကပ်၍ အသံကို နှိမ့်ချလိုက်ပြီး ငြီးတွားလေသည်။

“ဒါပေမဲ့ ကံမကောင်းချင်တော့ လောင်ယီရဲ့ လက်အောက်ကို ခွဲဝေချထား ခံရတာကွ။ ကျဲချန် ပြောပြတာတော့ အဲဒီ လောင်ယီက စိတ်သဘောထား သိပ်မကြီးဘူးတဲ့။ သူ့ကို ဂရုမစိုက်တဲ့အပြင် ဟိုဟာ လုပ်ခိုင်း… ဒီဟာ လုပ်ခိုင်းနဲ့ အမြဲတမ်း ခိုင်းစေနေတာပဲတဲ့။ ပြီးတော့ နည်းပညာပိုင်းတွေကိုလည်း ဘာမှ သင်မပေးဘူး။ ပြောနေစရာတောင် မလိုပါဘူးကွာ... ဒီလောင်ယီက ငါ့အပေါ် ရန်ငြိုးထားနေတာ သေချာတယ်။ ဟူး... မင်း စဉ်းစားကြည့်စမ်းပါဦး... လောင်ယီက ဘယ်လိုဖြစ်လို့ စိတ်ထား ဒီလောက်တောင် ကျဉ်းမြောင်းရတာလဲ။ သူက ဒီခြံဝင်းထဲမှာ ဦးလေးကြီး တစ်ယောက် ဖြစ်နေတာကိုတောင်မှကွာ”

ထို့နောက် သူက ဆက်လက်၍ ဆိုလေတော့သည်။

“အမှန်အတိုင်း ပြောရရင်တော့... မင်းက အသက် အရမ်း မငယ်ဘူးဆိုရင် မင်းရဲ့ ဒီလို စိတ်သဘောထား ပြည့်ဝမှု အလုပ်လုပ်ပုံ သေသပ်မှုတွေနဲ့ ဆိုရင် ဒီခြံဝင်းရဲ့ ဦးလေးကြီး နေရာအတွက် မင်းက အသင့်တော်ဆုံးလူလို့ ငါတောင် ထင်မိတယ်ကွာ”

All Chapters