အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) - ညကျရင် အစ်ကို မင်းကို အားရှိအောင် လုပ်ပေးမယ်
ယန်ချုံးသည် ယန်ပုကွေ့၏ စကားများကို အရေးတယူ သိပ်မလုပ်လှပေ။ အလျဉ်းသင့်သလို စကားအနည်းငယ် ဖောင်ဖွဲ့နေစဉ်မှာပင် ဟိုဘက်ဆီမှ ယန်ရှောင်ကျွမ်းက လှမ်းခေါ်လိုက်သည်။
“အစ်ကိုကြီး... ထမင်း လာစားတော့လေ”
ယန်ချုံးက ပြန်ထူးလိုက်သည်နှင့် ယန်ပုကွေ့က အလိုက်တသိဖြင့် သုတ်သုတ်ပျာပျာ ထွက်သွားလေသည်။
“ချုံးဇီ ထမင်း မစားရသေးဘူးပဲ။ ကဲ... ဒါဆိုလည်း မင်းကို မနှောင့်ယှက်တော့ပါဘူးကွာ”
ယန်ချုံး အိမ်ထဲသို့ ပြန်လှည့်ဝင်ရန် ပြင်လိုက်စဉ်မှာပင် စာအုပ်အိတ် အကြီးကြီးကို လွယ်ထားသည့် ပိန်ပိန်ပါးပါး မိန်းကလေး တစ်ဦး ခြံဝင်းထဲသို့ ဝင်လာသည်အား ရုတ်ခြည်း မြင်တွေ့လိုက်ရ၏။
ထိုမိန်းကလေးသည် အသက် ၁၆၊ ၁၇ နှစ်ခန့်သာ ရှိမည် ထင်ရသော်လည်း အရပ်ကမူ အတော်လေး မြင့်မားလေသည်။ သို့သော်ငြား သူမ၏ မျက်နှာလေးမှာ အဝါရောင်သန်းကာ ပိန်ချုံးနေပြီး သွေးရောင် တစ်စက်မျှပင် မရှိပေ။ လေပြင်း တစ်ချက် ဝှေ့လိုက်လျှင်ပင် လွင့်ပါသွား နိုင်မည့်အလား ထင်မှတ်ရ၏။
ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမသည် ယန်ရှောင်ကျွမ်းအား စူးစမ်းချင်စိတ်ဖြင့် တစ်ချက်မျှ အကဲခတ်လိုက်ရာ သူမ၏ မျက်ဝန်းအိမ်ထဲတွင် သံသယရိပ်အချို့ ကိန်းအောင်းနေသည်။ ယန်ရှောင်ကျွမ်းကလည်း သူမကို အပြန်အလှန် စိုက်ကြည့်နေမိသည်။
မိန်းကလေးသည် ခေါင်းကို ငဲ့စောင်းကြည့်လိုက်ရာ ယန်ချုံးကို မြင်သွားပြီး ပြုံးရွှင်စွာဖြင့် လှမ်းခေါ်လိုက်သည်။
“အစ်ကိုချုံးဇီ...”
ယန်ချုံး တစ်ယောက် ယခုမှပင် သတိဝင်သွားလေသည်။ ထိုသူမှာ ရှာကျူး၏ ညီမဖြစ်သူ ဟယ်ယွီရွှေပင် မဟုတ်ပါလော။ သူ ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည့် အချိန်မှစ၍ ဟယ်ယွီရွှေနှင့် တစ်ခါမျှ မဆုံဖူးခဲ့သော်ငြား သူ့မှတ်ဉာဏ်များထဲတွင်မူ သူမနှင့် ပတ်သက်သည့် အမှတ်အသားများက ရှင်းလင်းစွာ တည်ရှိနေဆဲဖြစ်သည်။
ရှာကျူးတို့၏ မိခင်မှာ စောစီးစွာပင် ကွယ်လွန်သွားခဲ့ပြီး ဖခင်ဖြစ်သူ ဟယ်တာ့ချင်းကလည်း မုဆိုးမပိုင် နှင့်အတူ ထွက်ပြေးသွားခဲ့လေရာ သူတို့ မောင်နှမ နှစ်ဦးတည်းသာ အချင်းချင်း ဖေးမကူညီရင်း ဘဝကို ရုန်းကန်ခဲ့ကြရသည်။
ရှာကျူးသည် သူ၏ ညီမလေးအပေါ် အလွန်တရာ မေတ္တာထားကာ ဂရုတစိုက် ကျွေးမွေးပြုစု ပျိုးထောင်ခဲ့သည့်အပြင် ပညာလည်း သင်ကြားပေးခဲ့သည်။ ဟယ်ယွီရွှေကလည်း အားကိုးရသည့် ကလေးပီပီ စာပေ ပညာကို ကြိုးကြိုးစားစား သင်ယူခဲ့ရာ ယခုဆိုလျှင် အထက်တန်း ကျောင်းအထိပင် တက်ရောက်နေနိုင်ပြီ ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ရှာကျူးသည် အကြောင်းအရင်း မည်မည်ရရ မရှိဘဲ ကျားတုန်းရွှီ၏ ဇနီးဖြစ်သူ ချင်ဟွိုင်ရူအပေါ်တွင် စွဲလမ်းနစ်မွန်း သွားခဲ့လေသည်။ ထိုအချိန်မှစ၍ ကျားမိသားစု၏ လှည့်ဖြား အသုံးချခြင်းကို ခံခဲ့ရပြီး ချင်ဟွိုင်ရူ၏ ညှို့ငင်ဖမ်းစားမှု အောက်တွင် မိန်းမောတွေဝေကာ အမှားအမှန် မခွဲခြားနိုင်တော့ပေ။ မူလက စက်ရုံမှနေ၍ ဟယ်ယွီရွှေအတွက် သယ်လာပေးနေကျ ထမင်းချိုင့်များကို ချင်ဟွိုင်ရူအား ပေးအပ်ခဲ့ရုံသာမက ချင်ဟွိုင်ရူက မကြာခဏ ငွေကြေးလာရောက် ချေးငှားသည်ကိုလည်း ကြည်ဖြူစွာ ပေးအပ်ခဲ့ရာ မိသားစု ပိုင်ဆိုင်မှု အားလုံးနီးပါးကို ကျားမိသားစုက အကုန်အစင် ခြစ်ကုတ်ယူငင် သွားသည်အထိပင် အသိတရား မကပ်နိုင်ဘဲ ဖြစ်နေခဲ့သည်။
ဤအဖြစ်အပျက်များကို ဟယ်ယွီရွှေ သိရှိသွားသောအခါ အလွန်အမင်း ဒေါသထွက်ခဲ့ရသည်။ အစ်ကိုဖြစ်သူကို အကြိမ်ကြိမ် အဖန်ဖန် ဖျောင်းဖျ ပြောဆိုခဲ့သော်လည်း နားမဝင်ခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် သူမအနေဖြင့် မျက်စိနောက် သက်သာစေရန် ဒေါသအလျောက် အိမ်ပေါ်မှ ဆင်းကာ ကျောင်းအိပ် ကျောင်းစားအဖြစ် သွားရောက် နေထိုင်ခဲ့တော့သည်။
“အို... ဒါ ယွီရွှေ မဟုတ်လား။ ဘာလို့ ပြန်လာတာလဲ… ဆောင်းရာသီ ကျောင်းပိတ်ရက်မို့လို့လား”
ယန်ချုံးက အံ့ဩတကြီး မေးလိုက်သည်။
“ဟုတ်တယ် အစ်ကို… ကျွန်မတို့ကျောင်း ဆောင်းရာသီ ပိတ်သွားပြီ။ အစ်ကိုချုံးဇီ... ကျွန်မကို သတိရသေးရဲ့လား”
ဟယ်ယွီရွှေသည် ဝမ်းသာအားရဖြင့် ခေါင်းညိတ်ပြရင်း ပြန်ဖြေသည်။ ဟယ်ယွီရွှေသည် ယန်ချုံးထက် အသက်အနည်းငယ် ငယ်ရွယ်သော်ငြား ငယ်စဉ်ကတည်းက သူ့နောက်သို့ တကောက်ကောက် လိုက်ကာ ကစားခဲ့ဖူးသူ ဖြစ်၍ သူနှင့် စကားပြောဆိုရာတွင် အစိမ်းသက်သက် ဖြစ်မနေခဲ့ပေ။
“သတိရတာပေါ့။ ငါ့ညီမလေး ယွီရွှေကို မလွဲဧကန် သတိရတာပေါ့”
ယန်ချုံးက အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်သည်။ ထိုစကားကြောင့် ဟယ်ယွီရွှေက တခိခိ ရယ်မောလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ယန်ရှောင်ကျွမ်း ရှိရာဘက်သို့ မေးငေါ့ပြကာ စပ်စုလိုက်သည်။
“အစ်ကို... ဟိုက ဘယ်သူလဲ။ အရင်က မမြင်ဖူးပါလား”
“မင်းကို မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ လာပါဦး ရှောင်ကျွမ်းရဲ့… မင်းတို့နှစ်ယောက် မိတ်ဆက်ထားကြဦးလေ”
ယန်ချုံးက ပြောလိုက်သည်။ သူတို့နှစ်ဦးကို အကဲခတ်နေသည်မှာ အတော်အတန်ကြာပြီ ဖြစ်သော ယန်ရှောင်ကျွမ်းမှာ လှမ်းခေါ်သံ ကြားသည်နှင့် တစ်ပြိုင်နက် ပြန်ထူးရင်း အနီးသို့ ပြေးလာခဲ့သည်။
“ဟုတ်... အစ်ကိုကြီး”
ယန်ချုံးက ကောင်မလေး နှစ်ဦးကို သူ့အနီးသို့ ဆွဲယူလိုက်ပြီး ဘယ်ဘက် လက်ဖြင့် ဟယ်ယွီရွှေ၏ ပခုံးကို ဖက်ကာ ညာဘက် လက်ဖြင့် ယန်ရှောင်ကျွမ်းကို ဖက်ထားလိုက်သည်။
“မင်းတို့နှစ်ယောက်စလုံးက ငါ့ညီမတွေချည်းပဲ။ ဒါက ယွီရွှေတဲ့… မြောက်ဘက် အိမ်က အစ်ကိုကျူးဇီရဲ့ ညီမလေ။ ယွီရွှေ... ဒါကတော့ ရှောင်ကျွမ်း… ငါ့ဒုတိယဘကြီးအိမ်က ကလေးပေါ့”
စကားစကို အဆုံးသတ်လိုက်ရင်း ယန်ချုံးသည် ခေါင်းကို ငဲ့ကာ ဝယ်ထားခါစ အိမ်အသစ်လေးဆီသို့ လက်ညှိုးထိုးပြ လိုက်သည်။
“ဒါနဲ့... ဒီအိမ်လေးကို အစ်ကို အခုလေးတင်ပဲ ဝယ်လိုက်တာ။ အကုန် ရှင်းလင်းပြီးသွားရင် ရှောင်ကျွမ်းက ဒီမှာ နေလိမ့်မယ်။ မင်းတို့နှစ်ယောက် အိမ်နီးနားချင်းတွေ ဖြစ်သွားကြပြီပေါ့”
ယန်ရှောင်ကျွမ်းက အပြုံးလေးဖြင့် ဝင်ပြောလေသည်။
“မမယွီရွှေ ဆိုတာလား။ လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်ကိုကြီးက မမအကြောင်း ခဏခဏ ပြောနေတာ။ မမ ကျောင်းပိတ်တော့မယ်။ ကျောင်းပိတ်ရင် သမီးနဲ့ အတူတူ ကစားပေးမဲ့သူ ရှိပြီတဲ့။ မဟုတ်ရင် အစ်ကိုကြီးနဲ့ မရီးက အလုပ်သွားကြတော့ အိမ်မှာ သမီးတစ်ယောက်တည်း ကျန်ခဲ့ပြီး ပျင်းစရာကြီးလေ”
ထိုစကားကြောင့် ဟယ်ယွီရွှေမှာ အံ့ဩမှင်သက် သွားရပြီး ယန်ချုံးအား မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်လေသည်။
“အစ်ကိုချုံးဇီ... ညီမမှာ မရီး ဘယ်တုန်းက ရသွားတာလဲ။ ညီမကို ဘာလို့ အသိမပေးတာလဲ”
“လွန်ခဲ့တဲ့ ရက်ပိုင်းတင်ကပဲလေ။ မင်း ကျောင်းတက်နေလို့ မသိတာ နေမှာပါ။ ပြီးတော့ ငါလည်း ဧည့်ခံပွဲ မလုပ်ဖြစ်ပါဘူးကွာ။ မင်း မရီးနဲ့အတူ ထမင်း တစ်နပ်ပဲ သီးသန့် အတူ စားလိုက်တာပါ”
ယန်ချုံးက ရှင်းပြလိုက်သည်။
“ဒါဆို မရီးက ဘယ်လို ပုံစံလဲ။ လှလားဟင်”
ဟယ်ယွီရွှေသည် စိတ်လှုပ်ရှားစွာဖြင့် ဆက်၍ မေးမြန်းလိုက်သည်။ ယန်ချုံး ပြန်မဖြေရသေးမှီ ယန်ရှောင်ကျွမ်းက စကားဖြတ်လုကာ ပြောလိုက်လေသည်။
“လှတာပေါ့။ ညီမတို့ မရီးက ဒီခြံဝင်းထဲမှာ အလှဆုံးပဲ။ ဘယ်သူမှ ယှဉ်လို့ မရဘူး”
“တကယ်လား။ ဒါဆို သူ ဘယ်မှာလဲ။ ညီမရဲ့ မရီးအသစ်ကို မြန်မြန် သွားကြည့်ပါရစေဦး”
ယန်ရှောင်ကျွမ်း၏ အမွှမ်းတင် စကားများကို ကြားလိုက်ရသောအခါ ဟယ်ယွီရွှေ၏ ရင်ထဲ၌ စူးစမ်းလို စိတ်များ တဖွားဖွား ပေါ်ပေါက်လာပြီး တစ်ခါမျှ မဆုံဖူးသေးသော မရီးအသစ်အား ယခု ချက်ချင်းပင် မြင်တွေ့ချင် စိတ်များ တားမနိုင် ဆီးမရ ဖြစ်လာတော့သည်။
“အခုတော့ မတွေ့နိုင်သေးဘူးလေ။ မရီးက အလုပ်သွားတယ်။ ညကျမှ ပြန်လာမှာ”
“ဪ...”
ဟယ်ယွီရွှေက ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ထပ်မံမေးမြန်း လိုက်ပြန်သည်။
“ဒါနဲ့... အစ်ကိုနဲ့ မရီး နှစ်ယောက်စလုံး အလုပ်သွားတယ်လို့ ပြောတာလား။ အစ်ကိုလည်း အလုပ်ရသွားပြီလားဟင်။ ဘယ်မှာ လုပ်တာလဲ။ ကျွန်မ ကျောင်းကနေ တစ်လလောက် မပြန်လာတာနဲ့တင် ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရတယ်။ ဘာလို့ အားလုံးက အရင်နဲ့ မတူတော့တာလဲ”
ထိုအခါ ယန်ချုံးက ပြုံးရွှင်စွာဖြင့် ရှင်းပြလေသည်။
“ဟုတ်တယ်။ ဒီရက်ပိုင်းအတွင်း အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်ခဲ့လို့ မင်းအတွက်တော့ အကုန်လုံး ပြောင်းလဲသွားသလို ခံစားရမှာပေါ့။ အခု အစ်ကိုနဲ့ မရီးက သံမဏိစက်ရုံမှာ အလုပ်လုပ်နေကြတယ်။ အစ်ကိုက ဝယ်ယူရေးဌာနမှာ… မင်း မရီးက စာရင်းအင်းဌာနမှာလေ”
“ဝါး... ဒါဆို အကောင်းကြီးပေါ့။ အစ်ကိုတို့ နှစ်ယောက်စလုံး အလုပ်ရှိနေတော့ နောင်ဆို ဝမ်းမဝမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့”
ယန်ချုံးက အသာတကြည် ခေါင်းညိတ်လိုက်ပြီးနောက် ဟယ်ယွီရွှေ၏ မျက်နှာလေးကို အကဲခတ်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။
“ငါ့ကို ဝမ်းမဝမှာ စိုးရိမ် မနေပါနဲ့ မင်းကိုယ်မင်းလည်း ကြည့်ဦး။ အခု ဘယ်လောက်တောင် ပိန်သွားလဲ။ မျက်နှာကလည်း ဝါကြောကြောနဲ့။ ဒီလိုလုပ်... ဒီည အစ်ကို့ဆီမှာပဲ ထမင်းလာစား။ အစ်ကို မင်းအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ကျွေးပြီး အားဖြည့်ပေးမယ်”
ဝမ်းသာအားရ ဖြစ်သွားသော ဟယ်ယွီရွှေက ခေါင်းကို တဆက်ဆက် ညိတ်ပြရင်း ပြောလိုက်သည်။
“ကောင်းပါပြီ အစ်ကိုချုံးဇီ… ညကျရင် ညီမ မပျက်မကွက် လာခဲ့ပါ့မယ်”
နေဝင်ဆည်းဆာ အလုပ်ဆင်းချိန်သို့ ရောက်သောအခါ ဟယ်ယွီရွှေ တစ်ယောက် နောက်ဆုံးတွင် ယွီရှို့နှင့် တွေ့ဆုံခွင့် ရခဲ့လေပြီ။ သူမသည် ယွီရှို့၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မစိနိုင်တော့ချေ။
“မရီး... ဒီနေ့ မွန်းလွဲပိုင်းက ရှောင်ကျွမ်း ကြွားနေတယ်လို့ ညီမ ထင်မိသေးတာ။ မရီးအသစ်က ဘယ်လောက်တောင် လှလို့လဲပေါ့။ သူက အရမ်းကို အမွှမ်းတင်နေတာကိုး။ ဒါပေမဲ့ မရီးကို တကယ် မြင်လိုက်ရတော့မှ သူ ပြောတာထက်တောင် အများကြီး ပိုလှနေတာပဲ။ ဒီခြံဝင်းတင် မကဘူး… ဒီလမ်းမ တစ်ခုလုံးမှာတောင် မရီးထက် လှတဲ့သူ ရှာတွေ့မှာ မဟုတ်ဘူး”
“ဟုတ်တယ်မို့လား… ဒီလမ်းမ တစ်ခုလုံးမှာ ညီမတို့ မရီးထက် လှတဲ့သူ ဘယ်သူမှ မရှိဘူး”
ထိုစကားများကြောင့် ယွီရှို့၏ မျက်နှာ နုနုလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားလေသည်။
“မင်းတို့ ကောင်မလေး နှစ်ယောက်ကတော့လေ… နှုတ်ချိုလိုက်တာ ပျားရည်သုတ်ထားတဲ့ အတိုင်းပဲ။ လူကို အရမ်း မြှောက်ပေးလွန်းလို့ ချောက်ထဲကျတော့မယ်”
ထိုသို့ပြောရင်း ယွီရှို့က နှာခေါင်းကို တွန့်ရှုံ့ကာ အနံ့ခံလိုက်သည်။
“ဒါ... ဘာအနံ့လဲ။ ဆေးနံ့လိုမျိုးကြီးပါလား”
ယန်ရှောင်ကျွမ်းက စကားသွက်သွက်ဖြင့် ဝင်၍ ဖြေရှင်းပေးသည်။
“မရီး... အစ်ကိုကြီးက မရီးအတွက် ဆေးကျိုပေးနေတာလေ။ မရီးက အားနည်းလို့ ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာအောင် ဆေးတချို့ ကျိုပေးနေတာတဲ့”
“တကယ်လား”
ထိုသို့ ရေရွတ်လျက် ယွီရှို့သည် မီးဖိုချောင်အတွင်းသို့ လျှောက်ဝင်သွားရာ မီးဖိုခုံပေါ်ရှိ မီးဖို နှစ်ခုစလုံးတွင် မီးများ တောက်လောင်နေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ မီးဖိုတစ်ခုပေါ်တွင်မူ ဆန်ပြုတ်အိုး တစ်လုံး တည်ထားပြီး အခြား မီးဖိုတစ်ခုပေါ်၌ ဆေးအိုး တစ်လုံးကို တည်ထားကာ ယန်ချုံးကိုယ်တိုင် ဆေးကျိုနေခြင်း ဖြစ်လေသည်။
“အစ်ကို... ညီမ ခန္ဓာကိုယ်က အရင်ကထက် အများကြီး ကောင်းလာပြီလို့ ခံစားနေရတာကို ဘာလို့ ဆေးသောက်နေရဦးမှာလဲ။ တရုတ်တိုင်းရင်းဆေးက အရမ်းခါးတာ ညီမ မသောက်ချင်ဘူး”
ယွီရှို့က မျက်နှာငယ်လေးဖြင့် ညည်းတွားရှာသည်။ ထိုအခါ ယန်ချုံးက သူမအား ချော့မော့ ပြောဆိုလေသည်။
“မင်း ခန္ဓာကိုယ်က အရင်ကထက် အများကြီး ကောင်းလာတာ မှန်ပေမဲ့ တချို့သော အားနည်းချက်တွေကျတော့ အစားအစာနဲ့တင် ပြန်ဖြည့်ဖို့ ခက်ခဲတယ်လေ။ အစ်ကို မင်းအတွက် ဆေးတချို့ စပ်ပေးထားတာမို့လို့ သောက်လိုက်ရင် သက်သာသွားမှာပါ။ ပြီးတော့ စိတ်ချ... ဒီဆေးက မခါးပါဘူး။ မျက်နှာကြီး ရှုံ့မဲ့ မနေပါနဲ့ဦး”
ယွီရှို့က နှုတ်ခမ်းလေး စူကာ သဘောတူလိုက်သည်။
“ကောင်းပါပြီ... အစ်ကို့သဘောအတိုင်းပါပဲ။ ဒါနဲ့ ညကျရင် ဘာဟင်းတွေ စားကြမှာလဲ”
ယန်ချုံးက ဟင်းစဉ်တုံးဆီသို့ လက်ညှိုးထိုးပြရင်း ရှင်းပြလိုက်သည်။
“ဒီည ယွီရွှေက ဒီမှာ ထမင်းလာစားမှာလေ။ အဲဒါကြောင့် တို့တွေ စားကောင်းသောက်ဖွယ်လေးတွေ ပိုလုပ်ပြီး ဒီကောင်မလေးကို အားရှိအောင် ကျွေးရမယ်။ ကြည့်ပါဦး... ဘယ်လောက်တောင် ပိန်သွားလဲ မသိဘူး”
ယွီရှို့က လှမ်း၍ အကဲခတ်လိုက်ရာ ဟင်းစဉ်တုံးပေါ်တွင် ချက်ပြုတ်ရန် နယ်ဖတ်ထားပြီးသား ဖြစ်သော ဝက်အူမကြီးနှင့် ဝက်လက်များကို မြင်တွေ့လိုက်ရပြီး ၎င်းတို့ဘေးတွင်မူ ခုတ်ထစ်ပိုင်းဖြတ် ထားသည့် တောကြက်တစ်ကောင် အသင့်ရှိနေသည်အား မြင်တွေ့လိုက်ရလေတော့သည်။