အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) - နောက်ဆို နင့်အိမ်မှာပဲ ငါနေတော့မယ်
ယန်ချုံးသည် မိမိဆိုခဲ့သည့် အတိုင်းပင် လက်တွေ့ ပြုလုပ်လေသည်။ ကျောင်းပိတ်ရက် ဖြစ်သဖြင့် အိမ်သို့ ပြန်လာသော ဟယ်ယွီရွှေကို ဧည့်ခံကျွေးမွေးရန် အတွက် ညစာစားပွဲတွင် ဟင်းအမယ် စုံလင်စွာကို စေတနာအပြည့်ဖြင့် ချက်ပြုတ်ပြင်ဆင် ပေးခဲ့သည်။
ဝက်အူနီချက်၊ ကြက်စွပ်ပြုတ်နှင့် ပဲဝါဖြင့် ချက်ထားသော ဝက်ခြေထောက် စွပ်ပြုတ် စသည့် အာဟာရ ပြည့်ဝလှသော ဟင်းလျာများကို စားပွဲပေါ်သို့ တစ်ခုပြီး တစ်ခု ချလိုက်သောအခါ ဟယ်ယွီရွှေမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားရလေသည်။
“အစ်ကိုချုံးဇီ... အစ်ကိုက ရှေ့ဆက် အသက်မရှင်တော့ဘူးလား။ ဘာလို့ ဒီလောက်ကောင်းတဲ့ ဟင်းတွေ အများကြီး ချက်ထားရတာလဲ။ ပိုက်ဆံတွေ အများကြီး ကုန်သွားဦးမယ်”
ဟယ်ယွီရွှေက သရေတံတွေးကို ခိုးမြိုချရင်း စိုးရိမ်တကြီး မေးမြန်းလေသည်။
ယန်ချုံးက သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးကာ ပြောသည်။
“မပူပါနဲ့ ဒါတွေက တစ်ပြားမှ မကုန်ပါဘူး။ စိတ်ကြိုက်သာ စားစမ်းပါ။ မင်း စားရုံနဲ့တော့ အစ်ကို မွဲမသွားပါဘူး”
ဟယ်ယွီရွှေက မယုံကြည်နိုင်ဟန်ဖြင့် မျက်နှာပျက်သွားပြီး ဆိုလေသည်။
“တစ်ပြားမှ မကုန်ဘူး ဟုတ်လား။ ဘယ်သူ့ကို လာလိမ်နေတာလဲ။ တခြားဟာတွေ ထားလိုက်ပါဦး… ဒီကြက်တစ်ကောင်တည်းကိုတင် ပိုက်ဆံအများကြီး ပေးဝယ်ရမှာ။ ပြီးတော့ ဒီဝက်အူတွေ၊ ဝက်ခြေထောက်တွေကလည်း...”
ယန်ရှောင်ကျွမ်းက ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလေသည်။
“နင် စိတ်ချ လက်ချသာ စားစမ်းပါ။ အစ်ကိုကြီးက နင့်ကို မလိမ်ပါဘူး။ ဒါတွေအတွက် သူ တကယ် တစ်ပြားမှ မကုန်ခဲ့တာ”
ဟယ်ယွီရွှေ တစ်ယောက် ဝေခွဲမရ နားမလည်နိုင် ဖြစ်နေစဉ် ယန်ရှောင်ကျွမ်းက ဆက်လက်၍ ရှင်းပြလေသည်။
“နင် မသိသေးဘူးမလား။ ဒါတွေအကုန်လုံးက အစ်ကိုကြီး တောင်ပေါ်တက်ပြီး အမဲလိုက်လို့ ရလာတာတွေလေ။ တောကြက်တွေ၊ တောဝက်တွေပေါ့။ ငါဆိုရင် ဒီရက်ပိုင်း နေ့တိုင်း စားနေရတာ”
“အစ်ကိုက တောကြက်တွေ၊ တောဝက်တွေပါ ပစ်တတ်တာလား”
ဟယ်ယွီရွှေ၏ မျက်နှာအထက်တွင် အံ့ဩတုန်လှုပ်မှုများ အတိုင်းထက်အလွန် ဖြစ်ပေါ်နေလေသည်။ အိမ်နှင့် တစ်လခန့် ကင်းကွာနေစဉ်အတွင်း ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ လည်းကောင်း မိမိ သိရှိထားခဲ့သမျှနှင့် လုံးဝ ခြားနားသွားပြီ ဖြစ်ကြောင်းကို လည်းကောင်း သူမ ပိုမို ခံစားလိုက် ရလေသည်။
ယန်ချုံးက ခေါင်းညိတ် ထောက်ခံရင်း ပြောသည်။
“ဟုတ်တယ်… အတိအကျ ပြောရရင်တော့ စက်ရုံအတွက် အမဲလိုက်ပေးတာပေါ့။ ရလာတာတွေကို စက်ရုံကို ပြန်ရောင်းရတယ်။ မဟုတ်ရင် အစ်ကိုနဲ့ နင့်မရီး သံမဏိစက်ရုံမှာ ဘယ်လိုလုပ် အလုပ်ဝင်နိုင်ပါ့မလဲ။ ဒီအရည်အချင်းလေးကို အားကိုးလိုက်ရတာပေါ့”
ဟယ်ယွီရွှေမှာ ဆွံ့အ သွားရပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။ အတိတ်ကာလက အစ်ကိုချုံးဇီတွင် ဤမျှ ထူးခြားသော အမဲလိုက်စွမ်းရည် ရှိသည်ကို မိမိ အဘယ်ကြောင့် မသိရှိခဲ့ရပါသနည်းဟု ရင်ထဲမှ ရေရွတ်မိလေသည်။
သို့သော်လည်း လက်ရှိ အချိန်တွင် ထိုအရာများကို တွေးတောနေခြင်းက အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။ မြိန်ရှက်ဖွယ် အသားဟင်းလျာများစွာ စားပွဲပေါ်တွင် တည်ခင်းထားပြီးပြီ ဖြစ်ရာ ယခုအချိန်တွင် သူမ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အလုပ်မှာ စားသုံးရန်သာ ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုကို အားမနာတမ်း အဝအပြဲ စားသောက်ရန်သာ ဖြစ်တော့သည်။
ဟယ်ယွီရွှေသည် မိမိ၏ တစ်သက်တာတွင် ယခုမျှ များပြားလှသော အသားဟင်းများကို မစားသုံးခဲ့ဖူးချေ။ အထူးသဖြင့် လွန်ခဲ့သော နှစ်နှစ်တာအတွင်း အစ်ကိုဖြစ်သူ ရှာကျူးသည် ချင်ဟွိုင်ရူ၏ ညှို့ငင်ဖမ်းစားမှု အောက်သို့ ကျရောက်နေခဲ့သဖြင့် ကောင်းနိုးရာရာ ကောင်းပေ့ဆိုသည့် အရာမှန်သမျှကို ချင်ဟွိုင်ရူထံသို့သာ ပုံအောပေးအပ် နေခဲ့ပြီး သွေးသားရင်းချာ ဖြစ်သော ညီမငယ်ကိုမူ လုံးဝပင် လျစ်လျူရှု မေ့လျော့ထားခဲ့လေသည်။
အစိုးရမှ သတ်မှတ်ပေးထားသော ရိက္ခာခွဲတမ်းလေးကိုပင် ကျားမိသားစုထံသို့ တိတ်တဆိတ် သွားရောက်ထောက်ပံ့ ပေးနေခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ဟယ်ယွီရွှေသည် ယခုကဲ့သို့ အဆမတန် ပိန်ချုံးခြောက်ကပ် နေလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ပင် ဟယ်ယွီရွှေသည် ဦးခေါင်းကို အောက်သို့ စိုက်ကာ အငမ်းမရ မြိန်ရည်ယှက်ရည် စားသောက်တော့သည်။ သူမသည် စားသောက်ရင်းနှင့်လည်း လေသံ ဗလုံးဗထွေးဖြင့် ဆိုလေသည်။
“ကောင်းလိုက်တာ အစ်ကိုရာ မရီး... ဒီအသားက တကယ် အရသာရှိတာပဲ။ အစ်ကိုတို့သာ ငါရဲ့ အစ်ကိုအရင်းတွေ ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒါဆိုရင် ငါ နေ့တိုင်း ဒီကို လာစားလို့ရတာပေါ့”
ထိုမြင်ကွင်းကို ကြည့်ရှုရင်း ယွီရှို့၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာရသည်။ ယန်ချုံးနှင့် ပထမဆုံး ဆုံတွေ့စဉ်က မိမိကိုယ်မိမိ ပြန်လည် အမှတ်ရသွားမိသောကြောင့် ဖြစ်သည်။ ထိုစဉ်အခါက သူမ၏ အဖြစ်သဏ္ဌာန်သည်လည်း ယခု ယွီရွှေ၏ ပုံစံအတိုင်းပင် ဖြစ်ခဲ့ဖူးပေသည်။
သို့သော် ကွာခြားသည်မှာ ထိုစဉ်က သူမ၏ အနားတွင် မည်သည့် ဆွေမျိုးသားချင်းမျှ မရှိဘဲ လမ်းဘေးတွင် ဆာလောင်မွတ်သိပ်စွာ တောင်းရမ်း စားသောက်နေရသော သူတောင်းစားမလေး တစ်ဦးသာ ဖြစ်ခဲ့သည်။ ယွီရွှေ၌မူ အနီးအပါးတွင် အစ်ကိုအရင်း တစ်ယောက် ရှိနေသေးသည် မဟုတ်ပါလော။
ဤ ရှာကျူး ဆိုသော လူမှာ သာမန်အချိန်များတွင် လူကြီးလူကောင်းသဖွယ် လူရာဝင်လှသော်လည်း အဘယ်ကြောင့် မိန်းမတစ်ဦး၏ လှည့်စားခြင်းကို ခံရကာ ချင်ဟွိုင်ရူ၏ တွင်းတူး ချောက်ချမှု အောက်၌ မိမိ၏ ညီမအရင်းကိုပင် ရက်စက်စွာ ပစ်ပယ်ထားနိုင်ရသနည်း။
ယွီရှို့ ရင်ထဲတွင် တွေးတောမိလေသည်။
သူတို့ မိသားစု ပျော်ရွှင်စွာ စားသောက်နေကြစဉ်မှာပင် ရှာကျူး ရောက်ရှိလာပြီး တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်လေသည်။
“ချုံးဇီရေ... ငါ့ညီမ ယွီရွှေ ကျောင်းပိတ်လို့ ပြန်လာတယ် ကြားတယ်။ အိမ်မှာလည်း လူ မရှိတာနဲ့ မင်းဆီမှာများ ရောက်နေမလားလို့”
အိမ်တွင်းသို့ လှမ်းဝင်လာသည်နှင့် တစ်ပြိုင်နက် အငမ်းမရ စားသောက်နေသော ယွီရွှေကို မြင်တွေ့သွားသဖြင့် ရှာကျူးမှာ ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားရလေသည်။ သူက ညီမဖြစ်သူအား ဆူပူကြိမ်းမောင်း လိုက်သည်။
“နင့်နှယ် ကောင်မလေးရယ်... ပြန်ရောက်တာနဲ့ အိမ်မှာ မနေဘဲ ချုံးဇီအိမ်ကို ဘာလာလုပ်တာလဲ။ ပြီးတော့ အငမ်းမရ ဝင်စားနေသေးတယ်။ သူများတွေ ကဲ့ရဲ့လှောင်ပြောင်မှာကို မကြောက်ဘူးလား”
ဟယ်ယွီရွှေက ခေါင်းမော့၍ စူးစိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းအထက်တွင် ဆီများ ပေကျံနေသည်ကိုပင် သုတ်သင်ရန် သတိမရဘဲ မကျေမနပ် ပြန်လည်အော်ဟစ် လိုက်လေသည်။
“အစ်ကိုချုံးဇီအိမ် မလာလို့ ဘယ်သွားရမှာလဲ။ အစ်ကိုကမှ ငါ့ကို ဂရုမစိုက်တာ။ အစ်ကိုချုံးဇီကမှ ငါ့ကို သနားပြီး အရသာရှိတဲ့ ဟင်းတွေ အများကြီး ချက်ကျွေးတာ”
ရှာကျူးမှာ ဆွံ့အအမ်းအမ်း ဖြစ်သွားရရှာသည်။ သူသည် စားပွဲထက်ရှိ ဆွဲဆောင်မှု ရှိလှသော ဟင်းလျာ အဖြာဖြာကို ငေးမောကြည့်ရှုရင်း ညည်းတွားလိုက်သည်။
“ချုံးဇီ... မင်းရဲ့ နေထိုင် စားသောက်မှုကလည်း မဆိုးလှပါလား”
ယန်ချုံးက မတ်တပ်ထရပ်ကာ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်လေသည်။
“ယွီရွှေနဲ့ မတွေ့ရတာ တစ်လလောက် ရှိပြီဆိုတော့လေ... ကျွန်တော့်ဆီမှာ ဟင်းကောင်းလေးတွေ ချက်ထားတာနဲ့ သူ့ကို လာစားခိုင်းလိုက်တာ။ အစ်ကိုကျူးဇီလည်း ဝင်ထိုင်ပြီး နည်းနည်းလောက် စားသွားပါလား”
ရှာကျူးမှာ အဘယ်ကဲ့သို့ ဝင်ရောက် စားသောက်ဝံ့ပါမည်နည်း။ သူသည် လက်ကို အလျင်အမြန် ယမ်းခါပြရင်း ငြင်းပယ်လိုက်သည်။
“နေပါစေ… နေပါစေ။ မင်းတို့ပဲ စားကြပါ။ ချုံးဇီ... မင်းကတော့ သူ့ကို သိပ်အလိုလိုက်တာပဲ”
ဟယ်ယွီရွှေက နှာခေါင်းရှုံ့ကာ မကျေမနပ် ရန်တွေ့လေသည်။
“ဟွန်း... အစ်ကိုက ငါ့ကို ဂရုမစိုက်ဘူး။အစ်ကိုချုံးဇီက ငါ့ကို ကောင်းကောင်း ဆက်ဆံတာတောင် မရဘူးလား။ ငါ့ကို ငတ်သေအောင် ထားမှ အစ်ကိုက ကျေနပ်မှာလား”
ရှာကျူးသည် ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ပြန်လည် အော်ဟစ်လိုက်သည်။
“ယွီရွှေ... နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက နင့်ကို ဘယ်တုန်းက ဂရုမစိုက်လို့လဲ။ ငါသာ နင့်ကို ပစ်ထားခဲ့ရင် နင် အခုလို အရွယ်ရောက်လာပါ့မလား”
ယွီရွှေကလည်း အားမနာတမ်း ပြန်လည် တုံ့ပြန်သည်။
“အဲဒါ အရင်ကလေ… အခုတော့ အစ်ကို့စိတ်ထဲမှာ ချင်ဟွိုင်ရူ တစ်ယောက်ပဲ ရှိတော့တာ။ အိမ်က ပစ္စည်းတွေ အကုန်လုံး သူများဆီကိုချည်း သွားပေးနေတာ။ ငါ ဘာလိုလဲဆိုတာ တစ်ခါလေးတောင် လှည့်မမေးဘူး။ အစ်ကိုရာ... ငါ စဉ်းစားလို့ကို မရဘူး။ အစ်ကို့ဘာသာ မိန်းမတစ်ယောက် ယူလိုက်ရင် မကောင်းဘူးလား။ ဘာလို့ သူများမိန်းမကို သွားပြီး အကောင်းဇာတ် ခင်းနေရတာလဲ”
ရှာကျူး၏ မျက်နှာမှာ ပိုမို နီမြန်းအုံ့မှိုင်း လာရသည်။ မိမိ၏ ညီမအရင်းဖြစ်သူက သူစိမ်းများ၏ ရှေ့မှောက်တွင် ဤကဲ့သို့ အရှက်ခွဲ အပြစ်တင်နေသဖြင့် သူသည် ရှက်ကိုးရှက်ကန်း ဖြစ်ကာ မျက်နှာထားစရာ နေရာပင် မရှိတော့ချေ။
ယန်ချုံးက အခြေအနေကို ကြည့်ကာ ကြားထဲမှ ဝင်ရောက်ဖျန်ဖြေ ပေးရလေသည်။
“ယွီရွှေ… အဲဒီလိုတော့ မပြောပါနဲ့။ နင့်အစ်ကို ဒီနှစ်တွေတစ်လျှောက်လုံး နင့်ကို ပင်ပင်ပန်းပန်းနဲ့ လုပ်ကျွေးပြုစု လာရတာ လွယ်တယ် မှတ်နေလား”
ဟယ်ယွီရွှေသည် ဆက်လက်၍ အငြင်းမပွားတော့သော်လည်း နှုတ်ခမ်းကို စူယောင်လျက် တိုးတိုးတိတ်တိတ် ညည်းတွားနေဆဲ ဖြစ်သည်။
“အဲဒါ အရင်ကလေ… အခုတော့ ငါ့အစ်ကိုက ငါ သေသေရှင်ရှင် လုံးဝ ဂရုမစိုက်တော့ဘူး။ သူ အရေးလုပ်နေတာ ချင်ဟွိုင်ရူ တစ်ယောက်တည်းကိုပဲ”
ရှာကျူးသည်လည်း အရှက်ရလွန်းသဖြင့် ဆက်မနေဝံ့တော့ဘဲ ချက်ချင်းပင် အိမ်ထဲမှ လှည့်ထွက်သွားလေတော့သည်။
ယန်ချုံးက စိတ်ပျက် လက်ပျက်ဖြင့် ဦးခေါင်းကို ခါယမ်းလိုက်ရင်း ဆိုသည်။
“ယွီရွှေ... နင့်အစ်ကို့ကို လူပုံအလယ် ဒီလောက်အထိ အရှက်မခွဲသင့်ဘူး”
ယွီရွှေက မကျေမနပ်ဖြင့် ပြန်ပြောလေသည်။
“ငါပြောတာ မှားလို့လား။ သူ့ဦးနှောက် ဘာဖြစ်သွားလဲ ငါမသိတော့ဘူး။ ချင်ဟွိုင်ရူ ညှို့တာကို ဘယ်လိုများ ခံလိုက်ရတာလဲ။ အရူးတောင် သိနိုင်တယ်။ အခု ချင်ဟွိုင်ရူနဲ့ ကျားမိသားစုက သူ့ကို အသုံးချနေတာလေ။ သူကသာ တုံးအအနဲ့ တစ်နေကုန် အိမ်က ပစ္စည်းတွေကို သူများလက်ထဲ ထိုးထည့်ပေးနေတာ။ သူများမိန်းမနဲ့ ကလေးတွေကို လိုက်လုပ်ကျွေးနေပြီး ကိုယ်တိုင်က အသက် သုံးဆယ်နီးပါး ရှိနေပြီ။ ရည်းစားတောင် တစ်ယောက်မှ မရှိသေးဘူး”
ယွီရှို့ကလည်း စိုးရိမ်ပူပန်သော လေသံဖြင့် ဝင်ရောက် အကြံပြုသည်။
“အစ်ကိုချုံးဇီ... အစ်ကို အခွင့်အရေးရရင် အစ်ကိုကျူးဇီကို အကြံပေး စကားပြောလိုက်ပါဦး။ အဲဒီမိသားစုနဲ့ ဝေးဝေးနေခိုင်းလိုက်ပါ။ မဟုတ်ရင် သူက သူများမိန်းမနဲ့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာ အပြင်လူတွေက အတင်းအဖျင်း ပြောကြမှာပဲ။ ပြီးတော့ ဘယ်အိမ်က ကောင်မလေးက ဒီလိုလူမျိုးကို လင်ယောက်ျားအဖြစ် ယူချင်မှာလဲ”
ယန်ချုံးက ခေါင်းညိတ် လက်ခံရင်း ဆိုသည်။
“ကောင်းပါပြီ ငါ အတတ်နိုင်ဆုံးတော့ ပြောကြည့်ပါ့မယ်။ ဒါပေမယ့် အစ်ကိုကျူးဇီက ငါ့စကားကို နားထောင်ချင်မှ နားထောင်မှာနော်”
ယွီရွှေက ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
“သူသာ အစ်ကို့စကားကို နားမထောင်ရင် နောက်ဆို သူ့ကို အစ်ကိုလို့တောင် မခေါ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အခု သူ့ရင်ထဲမှာ ငါဆိုတဲ့ ညီမလေးတောင်မှ မရှိတော့တာပဲဥစ္စာ”
ထိုသို့ ပြောဆိုရင်း သူမသည် ယန်ချုံးအား မျှော်လင့်ချက် အပြည့်ဖြင့် မော့ကြည့်ကာ မေးမြန်းလိုက်သည်။
“အစ်ကို... အဲဒီအခါကျရင် အစ်ကို့အိမ်ကို ပြောင်းလာပြီး နေတော့မယ်။ အစ်ကိုကပဲ ငါရဲ့ အစ်ကိုအရင်းပဲ။ ငါ့ကို လက်ခံမှာလား ဟင်”
ယန်ရှောင်ကျွမ်းကလည်း ဝမ်းသာအားရ ဝင်ရောက် ပြောဆိုသည်။
“အဲဒီအခါကျရင် ငါတို့နှစ်ယောက် တစ်ခန်းတည်း အတူတူ နေကြတာပေါ့”
ယန်ချုံးက ပြုံးလျက် ချော့မော့ပြောဆို လိုက်သည်။
“မနောက်စမ်းပါနဲ့… အဲဒါ နင်ရဲ့ အစ်ကိုအရင်းကြီးပါ။ တစ်ခုခုဆို အဆက်အသွယ် ဖြတ်ဖို့ချည်း မတွေးပါနဲ့။ အရိုးကွဲပေမဲ့ အရေမပြတ်ဘူး ဆိုရိုး ရှိတယ်မလား။ နင့်အစ်ကိုက တကယ်တော့ လူကောင်းပါ။ အခုက သရဲပူးသလိုမျိုး စိတ်အမှောင်ဖုံးနေလို့ပါ။ သူ့ကို သဘောပေါက် နားလည်အောင် လုပ်ပေးနိုင်ရင် အဆင်ပြေသွားမှာပါ”
သူတို့တစ်စုသည် စားသောက်ရင်း စကားစမြည် ပြောဆိုရင်းဖြင့် ညစာ စားပွဲလေးမှာ အလွန်ပင် စည်ကားသိုက်မြိုက် နေလေသည်။
ညစာ စားပွဲ ပြီးမြောက်သွားသော်လည်း ယွီရွှေသည် ချက်ချင်း ပြန်မသွားသေးဘဲ ယန်ရှောင်ကျွမ်းနှင့်အတူ ညဉ့်နက်သည်အထိ ပျော်ရွှင်စွာ ဆက်လက် ဆော့ကစားနေခဲ့သည်။ ယွီရှို့နှင့် ယန်ချုံးတို့ ဇနီးမောင်နှံ အိပ်စက် အနားယူတော့မည့် အခြင်းအရာကို မြင်တွေ့ရမှသာလျှင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မိမိအိမ်သို့ ပြန်သွားလေတော့သည်။
တစ်ဖက်တွင်လည်း ယွီရှို့သည် ညစာ စားပြီးနောက် ယန်ချုံး၏ တိုက်တွန်း ဆော်ဩမှုကြောင့် ခါးသက်လှသော တရုတ်တိုင်းရင်း ဆေးရည် တစ်ပန်းကန်လုံးကို သောက်သုံးခဲ့ရရှာသည်။ ဤဆေးရည်မှာ မည်းနက်စိုပြေပြီး အလွန်တရာ ခါးလှသဖြင့် ယွီရှို့မှာ အကြိမ်ကြိမ် ပျို့အန်မတတ် ဖြစ်ခဲ့ရသော်လည်း ဆေးအာနိသင် ပျက်ပြယ်မည် စိုးသောကြောင့် နောက်ဆုံးတွင် အောင့်အီးကာ မြိုချလိုက်ရလေသည်။
“အစ်ကိုရယ်... ဒီဆေးက သောက်ရတာ တကယ် ဆိုးလွန်းတယ်။ နောက်ဆို မသောက်ဘဲ နေလို့ မရဘူးလားဟင်”
သူမသည် နှာခေါင်းကို ပိတ်၍ ဆေးရည် ပန်းကန်ကို မော့သောက်ပြီးနောက် မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ယန်ချုံးအား အသနားခံသကဲ့သို့ မေးမြန်းလိုက်သည်။
ယန်ချုံးက ခေါင်းညိတ် ပြုံးရယ်ရင်း ဆိုသည်။
“ရပါတယ် ဒါပေမယ့် တစ်ပတ်လောက်တော့ ဆက်တိုက် သောက်ရဦးမယ်”
ယွီရှို့မှာ မှင်တက်မိသွားပြီး မေးလေသည်။
“ဘယ်လို... တစ်ပတ်တောင် ဆက်သောက်ရဦးမှာလား။ ဘာဖြစ်လို့လဲဟင်”
“ဘာလို့လဲဆိုတော့ တစ်ပတ်ဆက်တိုက် သောက်ပြီးရင် ညီမရဲ့ ခန္ဓာကိုယ်က လုံးဝ ပုံမှန် ပြန်ဖြစ်သွားမှာ မို့လို့လေ။ အဲဒီအချိန်ကျရင် ဘာဆေးရည်မှ ဆက်သောက်စရာ မလိုတော့ဘူး”
ယန်ချုံးက ထိုသို့ ပြောပြီးနောက် ဘေးနားတွင် မျက်မှောင်ကျုံ့ကာ မရီးဖြစ်သူ ကိုယ်စား ခံစားရ ခက်နေသော ယန်ရှောင်ကျွမ်းထံသို့ လှည့်ကြည့်ကာ ဆက်လက်၍ ဆိုလေသည်။
“မင်းကို ဆေးကုပေးပြီးရင်တော့ ရှောင်ကျွမ်း အလှည့်ရောက်ပြီ”
ယန်ရှောင်ကျွမ်းလည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ထိတ်လန့် အံ့အားသင့် သွားရရှာသည်။
“အောင်မလေး... ညီမလည်း အဲဒီ ခါးတူးနေတဲ့ ဆေးရည်ကြီးကို သောက်ရမှာလား”