ကိုးခုမြောက်ဥပဒေသ
Vol. 94 Ch. 1295
ကောင်းကင်က ပြာလင်၍ ခပ်ဖျော့ဖျော့အလင်းက မြေပြင်ထက်တွင် ပြန့်ကျဲလို့နေသည်။ လောကသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လျက်၊ လှပသော ကောင်းကင်ဘုံသားရဲများ ကောင်းကင်အနှံ့တွင် ပျံဝဲပျံသန်းလို့နေသည်။
မရေမတွက်နိုင်သော ကောင်းကင်ဘုံသားများသည် ကောင်းကင်တစ်ခွင်တွင် ပျံသန်းလျက်၊ တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုနေကြလျက် ရှိရာ လောကတစ်ခွင်သည် အေးငြိမ်းလှသည်။ သူတို့က ရယ်မော၍ တစ်ခုခုကို ပြောဆိုနေကြသည်။
မြေကမ္ဘာထက်တွင်လည်း မိုးထိမြင့်တောင်ကြီးများ၊ ကုန်းမြေအနှံ သွယ်ဝိုက်စီးဆင်းနေသော မြစ်များနှင့် ပြည့်နှက်လျက်ရှိ၏။ ကုန်းမြေတစ်ခွင်လည်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်လို့နေသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သင်သည် ဤဧရိယာကို ခြုံလွှမ်းထားသောမြူလွှာတစ်ခုကိုမြင်တွေ့နိုင်မည်။ သည်နေရာမှာ လှပလေ၏။
မြေပြင်ထက်တွင်လည်း ကောင်းကင်ဘုံသားမြောက်များစွာ ထိုင်လျက် အစီအရင်တစ်ခုကို ပြုလုပ်နေကြဟန် တူသည်။ ထိုအစီအရင်က ကီလိုမီတာသောင်းချီ ပြန့်ကား တည်ရှိပြီး မရေမတွက်နိုင်သောကောင်းကင်ဘုံသားများလည်း ရှိနေကြသည်။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ဆန္ဒအရ ကောင်းကင်ဘုံဂိတ်တံခါးကို ပြင်ဆင်ရမယ်။ အစစ်အမှန် ရှေးဟောင်းကောင်းကင်ဘုံသားတွေကို ကြိုဆိုရမယ်…”
အမိန့်သံတစ်ခု ကောင်းကင်အနှံ့တွင် ပဲ့တင်ထပ်လာ၍ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သည်။
ထိုစကားသံ ဆုံးသွားသည့်အခါ အစီအရင်အတွင်းရှိ ကောင်းကင်ဘုံသားများသည် သူတို့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အစီအရင်ထဲသို့ ပို့လွှတ်ကြသည်။ ထိုအဖြစ်က မြေကြီးထုကို တုန်ဟည်းစေသည်။
အရာအားလုံးမှာ စတင်၍ တွန့်ခေါက်လာ၏။ ခွန်အားပြည့်လှိုင်းဂယက်တစ်ခု ဖြည်းဖြည်းချင်း စတင် ပျံ့နှံ့သည်။ ထိုလှိုင်းဂယက်များ ပျံ့နှံ့ချိန်တွင် သိပ်သည်းသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် တောင်များ၊မြစ်များထံကနေ ထွက်ပေါ်လာကြသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက လှိုင်းဂယက်ထဲသို့ ဝင်ရောက်၍ ၎င်းကို ပိုဝေးဝေးသို့ ပျံ့လွင့်စေသည်။
“ကောင်းကင်ဘုံတံခါးရဲ့ ဘယ်ဘက်ခြမ်း ဖြစ်ပေါ်ဖို့ အရှေ့ဘက်က တောင်တစ်လုံးကို ယူဆောင်ပါ…”
ထိုအသံ ထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သောကောင်းကင်ဘုံသားများသည် တစ်ပြိုင်နက်တည်းလိုလို မန္တာန်များ ရွတ်ဆိုကြသည်။ အရှေ့ဘက်အရပ်မှ မိုးထိမြင့်မားသောတောင်တစ်လုံးက ရုတ်တရက် ပြိုလဲပျက်စီး၏။ ထိုတောင်သည် လေထဲတွင် လွင့်လျက် ကြွေမွနေရင်း ပျံသန်းသည်။
၎င်းသည် ရှေ့သို့ ရွှေ့လျားနေရင်း ဆက်လက် ပျက်စီးကာ မြေပြင်ထက်တွင် လေးထောင့်တိုင်တစ်လုံးအဖြစ် ပြောင်းကာ ကျဆင်းလေ၏။
မြေပြင်ထုသည် တုန်ခါ၍ အသံသည် နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။
“ကောင်းကင်ဘုံတံခါးရဲ့ ညာဘက်ခြမ်း ဖြစ်ပေါ်စေဖို့ အနောက်ဘက်ခြမ်းကတောင်တစ်လုံးကို ယူဆောင်ပါ…”
အနောက်ဘက်ရှိ မြင့်မားလှသောတောင်တစ်လုံးလည်း ရွှေ့လျားလာကာ မြေပြင်ထက်တွင် လေးထောင့်တိုင်လုံးအဖြစ် ပြောင်း၍ ကျဆင်းသည်။
“ကောင်းကင်ဘုံတံခါးရဲ့ အထက်ပိုင်း ဖြစ်ပေါ်စေဖို့ တောင်ဘက်ခြမ်းရဲ့ တောင်တန်းကို ယူဆောင်ပါ…”
ဤကောင်းကင်ဘုံနယ်မြေ၏ တောင်ဘက်ခြမ်းတွင် နဂါးနှင့်တူသော တောင်တန်းတစ်ခု ရှိ၏။ ထိုအသံ ထွက်ပေါ်လာသည့်အခါ ယင်းတောင်တန်းသည် တုန်ခါကာ လေထဲသို့ မြောက်တက်၍ ပျံသန်းလာသည်။
ထိုတောင်တန်းသည် တဖြည်းဖြည်းချင်း ပျက်စီးကာ စောနကတိုင်လုံးနှစ်ခု၏ ထိပ်ဖျားသို့ ကျဆင်းသည်။
အသံသည် ထပ်မံ ပေါ်လာ၏။ “ကောင်းကင်ဘုံတံခါးကို ပြုလုပ်ဖို့အတွက် မြောက်အရပ်ကုန်းမြေကို ယူဆောင်ပါ…”
မြောက်အရပ်ကောင်းကင်ဘုံနယ်မြေသည် အပြင်းအထန် တုန်ယင်ကာ အက်ကြောင်းများ ပေါ်လာသည်။ မြေပြင်ထုသည် တုန်ခါ၍ လေးထောင့်မြေပြင်ပိုင်းအဖြစ် ခွဲခြမ်းသည်။
မြေကြီးထု၏ လေးထောင့်ပုံအစိတ်အပိုင်းသည် ဖြည်းဖြည်းချင်း ပျံသန်းတက်လာကာ တိုင်လုံးသုံးလုံးအတွင်းရှိ တံခါးချပ်ကြီးဖြစ်လာသည့်အထိ ကျုံ့ဝင်လာခဲ့သည်။
“ကောင်းကင်ဘုံသားတွေ စတေးပါ…”
ထိုတံခါး ပြီးပြည့်စုံသွားသည်နှင့် ကောင်းကင်ဘုံသားအားလုံးနီးပါးသည် မြေကမ္ဘာအက်ကွဲစေလောက်မည့်အသံမျိုးကို ထုတ်ဖော်ကြသည်။ တစ်ချိန်တည်းမှာ စုစည်းမိနေသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် တံခါးထံသို့ တရဟော တိုးဝင်လာကြသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ လှိုင်းဂယက်များ ကြုံ့လာလျက် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များစွာသည် တံခါးထဲသို့ စီးဝင်သည်။ ထိုအခါ ဤတံခါးသည် ကောင်းကင်ဘုံတံခါး ဖြစ်လာသည်။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက အမိန့်ပေးခဲ့တယ်။ ဒီကောင်းကင်ဘုံတံခါး ပွင်ဟလာတဲ့အခါကျရင် ကောင်းကင်ဘုံနယ်ပယ် ဆင်းသက်လာလိမ့်မယ်…”
မြင်ကွင်းမှာ နောက်တဖန် ပြောင်းလဲသွားခဲ့သည်။ အချိန်များစွာ ကုန်လွန်လာခဲ့ပြီးဟန် တူ၏။ ကောင်းကင်ဘုံနယ်မြေသည် ကောင်းကင်ဘုံနယ်မြေအဖြစ် ရှိနေဆဲ။ သို့သော် ၎င်းသည် အရင်ကလို သာယာပျော်မွေ့ဖွယ်မျိုး မဟုတ်တော့ပေ။ ကောင်းကင်ဘုံနယ်မြေအနှံ့တွင် သွေးများလွှမ်း၍ သွေးဆာသောအော်ဟစ်သံများ ပဲ့တင်ထပ်သည်။ မြေပြင်သည် တုန်ခါ၍ ဆက်တိုက် အက်ကွဲသည်။
ကောင်းကင်သည် ရေထဲသို့ မင်လောင်းချလိုက်သကဲ့သို့ ညစ်ထေးနက်မှောင်လာခဲ့သည်။ အကွာအဝေးတစ်ခုတွင် ကောင်းကင်ဘုံသားဆယ့်နှစ်ယောက်လောက် ပျံသန်းလာနေကြ၏။ သို့သော် ထိုအုပ်စုထဲမှ သုံးယောက်သည် ရုတ်တရက် တုန်ယင်၏။ ထို့နောက် သူတို့၏ခန္ဓာကိုယ် အသွေးအသားများအဖြစ် ပေါက်ကွဲထွက်၍ မြေပြင်ထက်သို့ စီးကျသည်။
နာကျင်ထိတ်လန့်ဖွယ်အော်သံများ ဆက်တိုက် ပဲ့တင်ထပ်သည်။
ထိုကောင်းကင်ဘုံသားများက ရုန်းကန်ကာ တံခါးထံသို့ သွားရောက်မည့်လမ်းရှိ မြေပြင်ထက်တွင် ဒူးထောက်ချသည်။ သူတို့ထဲမှ တစ်ယောက်က တံခါးကို လှမ်းအော်ဟစ်၏။ သူ့အသံက ဗလောင်းဗလဲ ဖြစ်နေကာ ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည်။
“ကောင်းကင်ဘုံဂိတ်တံခါး တည်ဆောက်ထားခဲ့တာ နှစ်ပေါင်း လေးသောင်းကြာခဲ့ပြီ။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ စစ်မှန်တဲ့ကောင်းကင်ဘုံသားဟာ ဘာကြောင့် ရောက်မလာခဲ့ရသေးတာလဲ…”
သည်ဧရာမကျောက်တံခါးကတော့ တည်ဆောက်ခဲ့ချိန်ကအတိုင်းရှိ၍ ဘာမှ ပြောင်းလဲမသွားပေ။ ကုန်းမြေကြောင့် ဖြစ်ပေါ်သော တံခါးသည် အပွင့်အဟမရှိဘဲ ပိတ်ဆို့လျက်သာ ရှိနေသည်။
ထိုအော်သံ ထွက်ပေါ်လာသည့်အခါ မြေပြင်ထက်ရှိ ဒူးထောက်နေသော ကောင်းကင်ဘုံသားများထဲမှ အချို့သည် တုန်ယင်၏။ သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်သည်။ နောက်တွင် သူတို့၏ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်ကာ သွေးများဟာ ပန်းထွက်၍ ကျန်သည့်သူများပေါ်သို့ ပြန့်ကြဲကုန်သည်။ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတည်း။
“အတိတ်တုန်းက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ လေကောင်းကင်ဘုံနယ်မြေအနေနဲ့ ကြီးမားတဲ့ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ သတင်းစကားတစ်ခု ချန်ထားခဲ့တယ်။ ဒီကပ်ဘေးကို ခုခံနိုင်ဖို့အတွက် ငါတို့ဟာ ဒီကောင်းကင်ဘုံတံခါးကို တည်ဆောက်ခဲ့တယ်။ ခု ဒီကပ်ဘေး ရောက်လာခဲ့ပြီ။ ဘာကြောင့် ရှေးဟောင်းကောင်းကင်ဘုံသားတွေက ငါတို့ကို ကယ်တင်ပေးဖို့ ရောက်မလာကြသေးတာလဲ…”
ကောင်းကင်ဘုံသားရာချီသည် မိုးကုပ်စက်ဝန်းထက်တွင် ပေါ်လာကြ၏။ သူတို့ထဲမှ အများစုသည် မသေခင် မြေပြင်ထက်တွင် ဒူးထောက်ခဲ့ကြ၏။ ပိုပိုများပြားသော ကောင်းကင်ဘုံသားများ ရောက်လာကြသည်။ သူတို့အားလုံးမှာ တံခါးကို ကြည့်၍ လက်မခံနိုင်စွာ အော်ဟစ်ကြလေသည်။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက ငါတို့ကို မကယ်တင်ပေးမှတော့ ငါတို့ဟာ ငါတို့ကိုယ်ငါတို့ ကယ်တင်ရမယ်။ ငါ သေရမယ်ဆိုရင်တောင် ဒီကောင်းကင်ဘုံနယ်မြေမှာပဲ သေဆုံးမယ်…”
ကောင်းကင်ဘုံသားတစ်ယောက်သည် ဒူးထောက်နေရာကနေ ရုတ်တရက် မတ်တပ်ထရပ်ကာ ကောင်းကင်ထက်သို့ ရူးသွပ်စွာ ပျံတက်သည်။ သို့ရာတွင် သူ့ကို စောင့်ဆိုင်းနေသည်မှာ ပေါက်ကွဲမှုသာ ဖြစ်သည်။
သူ့အသွေးအသားများသည် မြေပြင်ထက်သို့ ပြန့်ကြဲကုန်၏။ အချို့ဆို တံခါးပေါ်သို့ ကျရောက်သည်။ သို့ရာတွင် တံခါး၏အရွယ်အစားနှင့် ယှဉ်ပါက ပြန့်ကြဲသွားသောသွေးများသည် နည်းပါးသေးငယ်လွန်းလှသည်။
ပိုပိုများပြားသောသွေးများ မြေပြင်ထက်ရှိ ကောင်းကင်ဘုံသားအပေါ်သို့ ကျဆင်းလာသည်။ သူတို့အားလုံးက ခေါင်းမော့လာ၏။ သူတို့၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာကာ ကောင်းကင်ထက်သို့ ပျံသန်းတက်ကြလေသည်။
“ငါသေရမယ်ဆိုရင်တောင် ငါဟာ ဒီကောင်းကင်ဘုံနယ်မြေမှာပဲ သေမယ်…”
ကောင်းကင်ဘုံသားများသည် လေထဲသို့ ပျံတက်လာကြရင်း တုန်ဟည်းသံများ မြည်ဟိန်းသည်။ ကောင်းကင်ဘုံသား တစ်ယောက်ပြီးတစ်ယောက်သည် ပေါက်ကွဲကုန်၏။ သူတို့ထဲမှ မည်သူကမျှ သည်ဆန်းကြယ်သောအားကို ခုခံနိုင်ဖို့ အခွင့်အရေး မရှိကြပေ။
ကျောက်တံခါးပေါ်သို့ သွေးများ ပိုဖိတ်ဆင်ကျလာ၏။ သွေးကွက်များသည် ခြောက်ခြားဖွယ်အငွေ့အသက်ကို ပေးစွမ်းလို့နေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ နက်မှောင်မှုက စတင် လှုပ်ရှားလာ၏။ ထိုနက်မှောင်မှုက ချက်ခြင်းပင် စုဝေးသည်။ ကောင်းကင်ထက်ကနေ ဧရာမအနက်ရောင်လက်ချောင်းကြီးတစ်ခု ပေါ်လာကာ ကောင်းကင်တုန်လှုပ်စေမည့်ခွန်အားနှင့်အတူ ကျောက်တံခါးထံသို့ ထိုးစိုက်ချသည်။
ထိုလက်ချောင်းက အလွန်အမင်းကြီးမားလွန်း၏။ ထိုလက်ချောင်းနှင့် ထိမိသည့်ကျင့်ကြံသူတိုင်း သေဆုံးရမည်သာ။ သိပ်မကြာခင်တွင် ထိုလက်ချောင်းသ်ည ကောင်းကင်ထက်ရှိ အမှောင်ထုအားလုံးကို စုစည်းပြီးခဲ့သည်။ လက်ချောင်းထိပ်က ကုန်းမြေတစ်ခုဖြင့် ပြုလုပ်ထားသော တံခါးနှင့် ထိပ်တိုက်တွေ့လေသည်။
ဝုန်း…ဝုန်း…ဝုန်း…။
တဝုန်းဝုန်းအသံများ လောကတွင် ပြည့်နှက်၏။ လက်ချောင်း၏ခွန်အားအောက်တွင် တံခါးပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ထို့နောက် ၎င်းတံခါးသည် ရုတ်တရက် ပျက်စီးသွားလေ၏။
၎င်းသည် တစစီ ဖြစ်သွားသည်။
ထိုအခိုက်အတန့်၌ မြေပြင်ထုမှာ တုန်ခါ၍ တံခါးကဲ့သို့ပင် မြေကြီးများမှာ စတင်၍ အက်ကွဲလာ၏။ ကောင်းကင်ဘုံနယ်မြေ၏အစွန်းပိုင်း၌ ကုန်းမြေအစိတ်အပိုင်းဆယ်ခုကျော်မှာ စုတ်ပြဲသွားလေသည်။
ထိုကဲ့သို့ ဆက်တိုက်ပျက်စီးပြိုလဲမှုအာက်တွင် ကောင်းကင်ဘုံနယ်မြေသည် ပျက်စီးလာခဲ့ပေပြီ။
မြေပြင်ထုက တုန်ခါ၍ မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ် ကွဲထွက်သည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ကောင်းကင်ဘုံနယ်မြေသည် အပျက်အစီးပံဒ ဖြစ်သည်။ သို့သော် ပျက်စီးပြိုပျက်မှုက ရပ်တန့်မသွားသည့်အပြင် ပို ပြင်းထန်လာခဲ့သည်။
အဖျက်အစီးအော်ရာတစ်ခု ပျံ့နှံ့လာကာ သက်ရှိဖြစ်တည်မှုအားလုံးကို ခြေမွသည်။
အချိန်အတန်ကြာပြီးနောက် မြေပြင်ထုသည် တုန်ခါနေခြင်းကနေ ရပ်တန့်သွား၏။ ပျက်စီးသွားသောကောင်းကင်ဘုံနယ်မြေမှာ ငြိမ်သက်တိတ်ဆိတ်သွား၏။ မည်သည့်အသံမျှ ထွက်ပေါ်လာတာ မရှိတော့ပေ။ ကောင်းကင်ထက်ရှိ အမှောင်ထုက ဖြည်းဖြည်းချင်းဖြင့် ပျောက်ကွယ်သွားတော့သည်။ တံခါးထံသို့ ဦးတည်သည့် ဧရာမတံခါးသို့သွားရာလမ်းကြောင်းလည်း ဆုံးရှုံးကာ မီးတောက်များသာ ကျန်ခဲ့လေ၏။ ထိုတံခါးက နေရာတွင်သာ မားမားရပ်၍ မလှုပ်မယှက် ဖြစ်သည်။
ထိုမြင်ကွင်းသည် ထပ်မံ ပြောင်းလဲသွားသည်။ အချိန်မည်မျှ ကုန်သွားမှန်းမသိပြီးနောက် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဧရာမအဟကြောင်းကြီးတစ်ခု ပေါ်လာသည်။ ထိုအဟက ပေတစ်သိန်းလောက်ထိ ကျယ်ပြောကာ တစ္ဆေအလင်းတစ်ခုကို ပေးစွမ်းသည်။ လူတစ်ယောက်သည် ၎င်းမှာ အခြားတစ်ဖက်ရှိ ကြယ်အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟု ခပ်ရေးရေး မြင်နိုင်ပေလိမ့်မည်။ ထိုနေရာတွင် ခရမ်းရောင်ဂြိုဟ်တစ်ခု ရှိနေ၏။ ထိုဂြိုဟ်ပေါ်တွင် ကြမ်းကြုတ်သောသားရဲများစွာ ပြည့်နှက်နေသည်။ ထိုသားရဲတို့၏ မျက်စိအဖမ်းစားနိုင်ဆုံး အစိတ်အပိုင်းက သူတို့၏ပါးစပ်ကြီးများပင်။
သူတို့က အဟအက်ကြောင်းထဲသို့ တရကြမ်းတိုးဝင်ကာ လေကောင်းကင်ဘုံနယ်မြေတွင် ပေါ်လာကြသည်။
တုန်ခါမှုကြောင့် ဝမ်လင်းသည် နိုးထလာ၏။ သူက ဧရာမကျောက်တံခါးကို ကြည့်သည်။ စောနက သူသည် ကျောက်တံခါးနှင့်ပေါင်းစပ်ကာ ၎င်း၏ဖြစ်ပေါ်လာပုံ အဖြစ်သနစ်မှတ်ဉာဏ်များကို တွေ့မြင်ခဲ့ရခြင်းပင်။ ဝမ်လင်းက ကောင်းကင်ထက်သို့ ပျံတက်၏။ သူ့မျက်လုံးတို့က တလက်လက် ဖြစ်နေသည်။ သူက ကျောက်တံခါးထိပ်သို့ ရောက်လာပြီးနောက် ထိုင်ချလိုက်သည်။
ထိုအနေအထားကနေ သူသည် လေကောင်းကင်ဘုံနယ်မြေကို အထက်စီးမှ ကြည့်မြင်နိုင်၏။ သည်နေရာရှိ လေများက ပိုကြမ်း၏။ သူ့ခန္ဓာကိုယ်ကို ဓားသွားများဖြင့် ထိုးစွနေသည့်အလား။ သူ့အဝတ်အစားတို့မှ တဖျပ်ဖျပ် ဖြစ်လို့နေသည်။
အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ့ကိုယ်သူ ကျောက်တံခါး၏ခွန်အားကို ခံစားရစဉ်အတွင်း ထူးဆန်းသောအခြေအနေထဲသို့ ပြန်ဈာန်ဝင်စားလိုက်သည်။ သည်တစ်ကြိမ်၌ သူက တံခါးနှင့် ပေါင်းစည်းကာ သူ့စိတ်ထဲတွင် ခပ်ဝါးဝါးတံခါးချပ်တစ်ခု ပေါ်လာသည်။
သူက ဤတံခါးကို သူ့နှလုံးသားဖြင့် ဖမ်းဆုပ်ခဲ့သည့်အတွက်ကြောင့် ၎င်းကို သူနှင့်အတူ ယူဆောင်နိုင်ပေသည်။
သို့သော်ငြားလည်း သူ့နှလုံးသားထဲရှိ တံခါးက ရှင်းလင်းပြတ်သားခြင်း မရှိဘဲ ဝေဝါးနေကာ ပုံစံအသွင် တိတိပပ ဖြစ်ပေါ်မနေပေ။ ဝမ်လင်းက ထိုတံခါးပတ်လည်ရှိ ထူးဆန်းသောအားရှစ်မျိုးကို ဖြည်းဖြည်းချင်း ခံစားမိသည်။ ထိုအားရှစ်ခုက သည်တံခါးကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရအောင် သူ့ကို ဟန့်တားထားခြင်းပင်။
ထိုကျောက်တံခါးသည် ဝမ်လင်း ပင်လယ်ဘေးရှိ တောင်အငူစွန်းတွင် ဉာဏ်အလင်းရခဲ့ချိန်ကနှင့် ခြားနားပေသည်။ အတိတ်တုန်းက ဥပဒေသတစ်ခုသာ ရှိခဲ့၏။ ထို့ကြောင့် သူ ရွေးချယ်စရာ မလိုခဲ့ပေ။
သို့ရာတွင် ခုချိန်တွင်မူ ကွာခြားခဲ့ပေပြီ။ ဝမ်လင်းက မတူညီသောအားရှစ်မျိုးသည် ကွဲပြားသောဥပဒေသများဟု ခံစားမိသည်။ သူသာ ၎င်းတို့ကို ယူဆောင်လိုပါက သည်နေရာတွင် နှစ်ပေါင်းများစွာ မနေဘဲ ကျောက်တံခါးအသွင်ကို ဖြစ်ပေါ်စေနိုင်လိမ့်မည် မဟုတ်ပေ။ သို့တည်းမဟုတ် သူသာ မသေခဲ့ဘဲ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်နိုင်ခဲ့ပါက သူသည် ယူဆောင်နိုင်မည့် အခွင့်အရေး ရှိနိုင်သေးသည်။
ဝမ်လင်းက ထိုလမ်းကြောင်းကို ရွေးချယ်မည် မဟုတ်မှာ သိသာသည်။ သူ့စိတ်က သူ သတိပြုမိသော ဥပဒေသရှစ်ခုကို ရှာဖွေ၏။ ထိုအခါ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သည်။
“ဒီဥပဒေသရှစ်ခုအပြင် နောက်ထပ် ဥပဒေသတစ်ခု ရှိနေသေးတယ်....”
ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်ကာ သူ့အောက်ရှိ ကျောက်တံခါးကို စူးစိုက် ကြည့်သည်။
ထိုတံခါးထက်တွင် အချိန်တိုက်စားမှု ရှိနေ၏။ တစ်စုံတစ်ယောက်သည် လုံလောက်အောင် ရှည်ကြာလွန်းစွာ နေထိုင်ခဲ့ပါက ဤကဲ့သို့သောအော်ရာတစ်ခု ပေါ်လာမည်မှာ သဘာဝပင် မဟုတ်လား။ ထိုအော်ရာသည် အချို့ရှေးဟောင်းကျင့်ကြံခြင်းဂြိုဟ်များထက်ပင် ပို၍ ရှေးကျကာ အားကောင်းနေ၏။
သို့ရာတွင် အချို့အမည်မသိအကြောင်းရင်းများကြောင့် ကျောက်တံခါးပေါ်ရှိ အချိန်အမှတ်အသားသည် ပြောင်းလဲမှုတစ်ခု ရှိနှင့်ခဲ့သည်။ ၎င်းမှာ ကျင့်ကြံသူတစ်ယောက်၏ နယ်ပယ်ဆင့်ကဲတိုးတက်မှုနှင့် အလားသဏ္ဌာန်တူသည်။ ၎င်းက အချိန် ကနေ ထာဝရ ကို ဆင့်ကဲ တိုးတက်ခဲ့ခြင်းတည်း။
အချိန်နှင့်ထာဝရသည် ရင်းမြစ်တူ၏။ သို့သော် လုံးဝကွာခြားသောအဆင့်နှစ်ခု ဖြစ်ပေသည်။
***