အချိန်စီးဆင်းခြင်း
Vol. 94 Ch. 1296
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပေပြီ။ ဝမ်လင်းသည် ကျောက်တံခါးထက်တွင် ထိုင်နေကာ တာအိုရှာဖွေခြင်းနှင့် အလားသဏ္ဌာန်တူသော အခြေအနေ၌ သူသည် ကိုးခုမြောက်ဥပဒေသနောက်သို့ လိုက်လံရှာဖွေနေသည်။
ခြင်သားရဲများသည် ပြန့်ကြဲ၍ ဤဧရိယာကို ခြုံလွှမ်းထားကြသည်။ ခြင်သားရဲဘုရင်ကတော့ ကျောက်တုံးပေါ်ရှိ ဝမ်လင်းဘေးတွင် လှဲလျောင်းနေသည်။ ၎င်း၏ အေးစက်စက်မျက်လုံးတို့ဖြင့် သည်ဧရိယာကို ကြည့်ရှုနေသည်။ ၎င်း၏အကြည့်က ခြင်သားရဲတစ်ကောင်ပေါ်သို့ ကျရောက်သွားတိုင်း ထိုခြင်သားရဲသည် အလွန်အမင်းလေးစားမှုကို ပြသသည်။
ခြင်သားရဲဘုရင်၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်ချိန်တွင်သာ ပြောင်းလဲ၏။ သူ့အကြည့်ထဲ၌ ကြင်နာမှုတစ်ခုတွယ်ငြိကာ ကလေးတစ်ယောက်က သူတို့မိဘကို ခံစားမိသလိုမျိုးပင်။
အမှန်တော့ ခြင်သားရဲဘုရင်၏စိတ်နှလုံးထဲတွင် ဝမ်လင်းကို ၎င်း၏မိဘအဖြစ် မှတ်ယူထားပေသည်။
အပြာရင့်ရောင်ခြင်သားရဲလေးကောင်လည်း ရှိနေကြ၏။ သူတို့က ခြင်သားရဲဘေးတွင် စောင့်ကြပ်၍ ပျံသန်းနေကြသည်။ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်သောာအော်ရာတစ်ခုက ၎င်းတို့ထံမှ ပျံ့လွင့်နေသည်။
ခြင်သားရဲဘုရင်ဦးဆောင်သော ခြင်သားရဲငါးထောင်အုပ်စုမှာ အားကောင်းသောအင်အားစုအဖြစ် ရှိနေသည်။ ခြင်သားရဲများသည် ဝမ်လင်း၏တည်ရှိမှုကို တဖြည်းဖြည်းလက်ခံလာကြသည်။ သို့သော် ထိုအရာက လက်ခံရုံမျှသာ ဖြစ်၏။ ခြင်သားရဲဘုရင် ထွက်သွားသည်နှင့် ထိုလက်ခံမှုမှာ ချက်ခြင်း ပျက်စီးသွားမည်သာ ဖြစ်သည်။
ဟိန်းသံများ ပဲ့တင်ထပ်နေ၏။ ဝမ်လင်းက နေရာတွင်သာ ထိုင်၍ ကျောက်တုံးပေါ်ရှိ ဥပဒေသများကို ခံစားကြည့်နေသည်။ ကျောက်တုံးပေါ်တွင် ဥပဒေသ ရှစ်ခုသာ ရှိ၏။ သို့သော် အချိန်ကြောင့် ကျန်ခဲ့သော အမှတ်အသားက ကိုးခုမြောက်ဥပဒေသအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ပေပြီ။
ပထမရှစ်ခုနှင့်ယှဉ်ပါက ကိုးခုမြောက်ဥပဒေသက အားအကောင်းဆုံး ဖြစ်၏။ ဝမ်လင်းသည် သည်ဥပဒေသအားလုံးကို နားလည်အောင် လုပ်ဖို့ အချိန်မရှိသည့်အတွက် သူက ပထမရှစ်ခုကို လက်လျော့ကာ ကိုးခုမြောက်ကိုသာ ရွေးချယ်ခဲ့ပေသည်။
ဤရှေးဟောင်းကျောက်တံခါးအတွင်းရှိ အထီးကျန်မှုက ထူးဆန်းသောလေပြင်းနှင့် ပူးပေါင်းကာ ဝမ်လင်း၏စိတ်နှလုံးထဲ၌ လှုံ့ဆောက်နေ၏။ သူသည် ကျောက်တံခါးထက်တွင် ထိုင်နေလျက်ဖြင့် သူဟာ ကျောက်တံခါး ဖြစ်လာသကဲ့သို့ ထင်မှတ်ရသည်။ သူက လောကရှိသက်တမ်း၊ ခေါတ်ကာလတို့ ကုန်ဆုံးမှု၊ နှစ်ပေါင်းသောင်းချီက ကောင်းကင်ဖြစ်ပေါ်လာပုံ၊ တောင်တန်းများ မြင့်တက်လာပုံ တို့ကို စောင့်ကြည့်နေ၏။
သူ့စိတ်နှလုံးပါ ရှေးကျလာခဲ့သည်။
သူ့နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံခြင်းသက်တမ်းက ဤကျောက်တံခါးနှင့် ယှဉ်ပါက အမှန်တကယ်ကို မပြောပလောက်တော့ပေ။ သို့ရာတွင် သူ့စိတ်သည် ကျောက်တံခါးနှင့် နစ်မြုပ်နေ၏။ သူက ဖြည်းဖြည်းချင်းဖြင့် သူ့စိတ်နှလုံးထဲရှိ အချိန်တိုက်စားမှု ခံစားချက်ကို ရှာတွေ့နေသည်။
ဝမ်လင်းသည် ကျောက်တံခါးထက်တွင် ထိုင်နေ၏။ သို့သော် သူက အောက်သို့ ငုံ့မကြည့်ဘဲ ထိုအစား သူမျက်လုံးဖွင့်လာချိန်၌ ရှေ့တည့်တည့်သို့သာ ကြည့်သည်။
သူ့အကြည့်က တည်ငြိမ်လှသည်။ သူ့အကြည့်မှာ တည်ငြိမ်သော်လည်း မသိစိတ်က သူ့မြှုပ်နှံ့ထားသော မှတ်ဉာဏ်များကို လှုပ်ခတ်စေရာ အတိတ်ကိုအောက်မေ့မှု အငွေ့အသက်တို့ ပါဝင်နေသည်။
ထိုအခိုက်တွင် သူက ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို တွေ့မြင်၏။ ထိုဂြိုဟ်တွင် အဖေတစ်ယောက်သည် သူ့ကလေးနှင့်အတူ တောင်တန်းနှင့်မြစ်များကို ဖြတ်သန်း၍ လျှောက်လှမ်းနေ၏။ သူတို့က ရယ်မောပြောဆိုလျက် တောင်တန်းအမျိုးမျိုး၊မြစ်အထွေထွေကို လက်ညှိုးထိုးကြ၏။
အဖေက ကလေးဖြစ်သူကို ခေါ်ကာ တစ်တောင်ပြီးတစ်တောင်၊ မြစ်တစ်ခုမှသည် နောက်တစ်ခုစီသို့ ဆက်တိုက် နယ်ချဲ့လွှမ်းမိုးလေ၏။ သူက ထိုကလေးကို ခေါ်ကာ ပင်လယ်ဘေးနားတွင် အော်ဟစ်၏။ သူတို့၏အော်ဟစ်သံက ပင်လယ်တွင် လှိုင်းထန်သွားစေသလား မှတ်ထင်ရသည်။
ဝမ်လင်း၏မျက်လုံးရှေ့တွင် အချိန်ကာလ ပါဝင်သော ထိုမှတ်ဉာဏ်များအားလုံး စီးဆင်းနေသည်။
အခုချိန်တွင် ဝမ်လင်းသည် ကျောက်တံခါးထက်တွင် ထိုင်နေကာ သည်မှတ်ဉာဏ်များကို ပြန်စဉ်းစားလျက် လောကကို ကြည့်ရှုနေသည်။
“တာအိုရှာဖွေခြင်း...အမှန်တော့ ဒါဟာ တာအိုကို သင့်နှလုံးသားထဲ ဆောင်ယူတာပဲ။ ဒါဟာ တာအိုရှာဖွေခြင်းပဲ။ ဉာဏ်အလင်းနဲ့နယ်ပယ်ဆိုတဲ့ဟာတွေကလည်း အတူတူပါပဲ။ သင်ဟာ သင့်နှလုံးသားထဲမှာ နားလည်မှုဉာဏ်အလင်းတစ်ခု ထိန်းသိမ်းထားနိုင်ခဲ့ရင် တဖြည်းဖြည်းနဲ့ ဒါဟာ သင့်ရဲ့တာအိုနဲ့ ပေါင်းစည်းနစ်ဝင်သွားလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဒါဟာ နယ်ပယ်တစ်ခု၊ ဉာဏ်အလင်းတစ်ခု ဖြစ်လာလိမ့်မယ်...”
ဝမ်လင်းသည် သူ့ကိုယ်သူ ပြောနေသလိုပင်။ သူက မျက်လုံးမှိတ်လျက် ခပ်တိုးတိုး ရေရွတ်နေသည်။ သူ့မျက်လုံးက မှိတ်ထားလျက် ရှိသော်လည်း သူသည် လောကကို တွေ့မြင်နေရတုန်းပင်။ ထည်ဝါသောတံခါးချပ်က သည်နှလုံးသားထဲတွင် တည်ရှိနေပေသည်။
ကွာခြားသည်ဟူ၍ သူသည် ကျောက်တံခါးပေါ်တွင် သူ တစ်ဦးတည်း ထိုင်နေတာ မဟုတ်တော့ခြင်းပင်။ သူ့ဘေး၌ ဘယ်တော့မှ ကြီးပြင်းမလာမည့် ကလေးငယ်တစ်ယောက်၏ပုံရိပ်တစ်ခု ရှိလို့နေသည်။ ဖြစ်နိုင်သည်က ဝမ်လင်း၏နှလုံးသားထဲတွင် သူ့သား ဝမ်ပိုင်မှာ အမြဲတမ်း ကလေးတစ်ယောက်အလား။
ဝမ်ပိုင်မှာ အစစ်အမှန်တော့ မဟုတ်ပါ။ သို့သော် ဝမ်လင်းမှတ်ဉာဏ်များကနေ ဖြစ်ပေါ်လာသော ပုံရိပ်ယောင်တစ်ခုတော့ ဖြစ်၏။ သူက ဝမ်လင်းဘေးတွင် ထိုင်နေကာ သူ့ကလေးဘဝအတွင်း သူ့အဖေနှင့် အတူရှိခဲ့သလိုမျိုး အဖော်ပြုပေးနေသည်။ သူက နေထွက်လာတာကို မြင်၏။ သူ့အဖေနှင့်အတူ လောကသည် ပြောင်းလဲလာတာကို စောင့်ကြည့်သည်။ သူသည် သူ့အဖေ၏အထီးကျန်မှုကို အတူရှိနေပေးသည်။
“ဒါတွေအားလုံးသာ ထာဝရ ဖြစ်လာနိုင်ခဲ့ရင် ဖြစ်နိုင်တာက ဘဝမှာ နောင်တတွေ၊ရွေးချယ်စရာတွေ များတော့မှာ မဟုတ်ဘူး...”
ဝမ်လင်း၏စိတ်နှလုံးထဲတွင် သူနှင့်ဝမ်ပိုင်တို့မှာ ကျောက်တံခါးထက်တွင် အတူထိုင်နေကြသည် ဟူ၏။ အစတုန်းက သူတို့အောက်တွင် ခပ်ဝါးဝါးလေဟာနယ်တစ်ခု ရှိခဲ့သည်။ သို့သော် ခုချိန်၌ ၎င်းက လှိုင်းသံများ ပဲ့တင်ထပ်လျက် တဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
ထိုကျောက်တံခါးအောက်တွင် အဆုံးမဲ့ပင်လယ်တစ်ခု ပေါ်လာ၏။
လှိုင်းသံများကသာ လောကတွင် တစ်ခုတည်းသောအသံ ဖြစ်လာခဲ့သည်။ အဝေးတွင်မူ နေမင်းက မြင့်တက်လာကာ လိမ္မော်ရောင်တောက်၍ အဖေနှင့်သားဖြစ်သူတို့အပေါ် ပက်ဖြန်းကာ တောက်ပ၏။
“ချိပ်တံဆိပ်ကနေ နေသာသောညမန္တာန် မွေးဖွားခဲ့တယ်။ အချိန်ဟာ မှတ်ဉာဏ်တွေလိုပဲ စီးဆင်းလို့နေတယ်။ ထာဝရဆိုတာ မရှိနိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ထာဝရဆိုတဲ့ အခိုက်အတန့်ဟာ သင့်ကို ယစ်မူးစေလိမ့်မယ်။ ဒါဟာ သင့်နှလုံးသားကို ကွဲကြေစေလိမ့်မယ်။ သင် ထာဝရပြုံးနေရင်းနဲ့ နိုးထလာချင်တော့မှာ မဟုတ်ဘူး။ သင်ဟာ အိပ်မက်ထဲမှာ ထာဝရဆိုတဲ့ ကာလထဲကို ပျောက်ကွယ်သွားလိမ့်မယ်...”
“ပိုင်အာ...သားအဖေရဲ့ဒုတိယမန္တာန်ကို အချိန်စီးဆင်းခြင်း လို့ အမည်တပ်မယ်။ ဒီနာမည်က ကောင်းမွန်ရဲ့လား...”
အချိန်စီးဆင်းခြင်း။
အချိန်သည် မှတ်ဉာဏ်များကဲ့သို့ စီးဆင်းလေ၏။
အချိန်သည် စီးဆင်းနေခြင်းကြောင့် ၎င်းမှာ ထာဝရ ဖြစ်၏။ သို့ရာတွင် ထာဝရကို ပြိုလဲစေသည့် အားတစ်ခုသာ သက်ရောက်လာခဲ့လျှင် ၎င်းမှာ ကြောက်မက်ဖွယ်အားတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဝမ်လင်းက ဉာဏ်အလင်းကို ဆက်လက် ဆင်ခြင်နေ၏။ အချိန် ကုန်လာနေသည်။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားခဲ့ပေပြီ။ သူသည် ကျောက်တံခါးထက်တွင် ထိုင်နေသည်မှာ ဆယ်ရက်တာ ရှိလာခဲ့ပေပြီ။
ခြင်သားရဲများသည် ဤဧရိယာကို ခြုံလွှမ်းထားဆဲပင်။လေများလည်း တိုက်ခတ်နေဆဲပင်။ သို့သော် လေက ကျောက်တံခါးထံမှ ရှေးကျသောအော်ရာကို ဆောင်ယူသွားနိုင်ခြင်း မရှိသလို ခြင်သားရဲများကြောင့် ဖြစ်ပေါ်နေသော အနီရောင်တိမ်များကိုလည်း မသယ်ဆောင်သွားနိုင်ပေ။
ဆယ်ရက်တာအတွင်း ခြင်သားရဲက နေရာတွင်သာ လှဲလျောင်းနေပြီး ဝမ်လင်းနိုးထလာမည်ကို စောင့်ဆိုင်းနေသည်။
ဆယ်ရက်မြောက်နေ့တွင် မိုးကုပ်စက်ဝန်းထံမှ အလင်းတန်းဆယ်ခုကျော် ပျံသန်းလာနေ၏။ ထိုအလင်းတန်းထဲတွင် ပါရှိသောသူများသည် ပြိုင်ပွဲတွင် မပါဝင်သော အဆင့်ရှစ်ကလန်မှ ပါရမီရှင်များပင်။
လီယွမ်လိုင်က သူတို့ထဲမှ တစ်ယောက် ဖြစ်၏။ သူတို့က လေကောင်းကင်ဘုံနယ်မြေအပြင်ဘက်တွင် ထပ်ရောက်လာမည့် မိတ်ဆွေများကို စောင့်နေကြစဉ် ဝမ်လင်းကို မထင်မှတ်ဘဲ တွေ့ခဲ့ကြ၏။ သူတို့က ခြင်သားရဲအုပ်စုတစ်ခုက ဝမ်လင်းကို ကြိုဆိုကြသည်ကိုလည်း တွေ့မြင်ခဲ့ရာ ထိုအဖြစ်ကြောင့် ကြီးစွာ တုန်လှုပ်ခဲ့ရသေးသည်။
သူတို့၏မိတ်ဆွေများ ရောက်လာသည်နောက် အနည်းငယ် ဆွေးနွေးတိုင်ပင်ကာ ရက်အနည်းငယ်အကြာတွင် လေကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။
သို့ရာတွင် လမ်းတစ်လျှောက်၌ သူတို့သည် ဂရုတစိုက် သတိထား ရှာဖွေသော်လည်း မည်သည့်ခြင်သားရဲကိုမျှ မကြုံခဲ့ရပေ။ တုန်လှုပ်နေရင်းဖြင့် သူတို့က ပို၍ သတိထားလာခဲ့သည်။
သူတို့သည် ရှေ့ဆက်သွားနေလျက် အခုထိ မည်သည့်ခြင်သားရဲကိုမျှ မမြင်ရသေးပေ။ သူတို့က လေကောင်းကင်ဘုံနယ်မြေအကြောင်း သိထားခြင်းကြောင့်သာ မဟုတ်ပါက ဤနေရာတွင် ခြင်သားရဲများဟာ ရှိမှရှိပါ့မလားဟုပင် သံသယ ဝင်မိပေလိမ့်မည်။
မူလတုန်းက သူတို့သည် ခြင်သားရဲများကြောင့် ပြင်ပနယ်မြေတွင်သာ ရွှေ့လျားသွားလာနိုင်ခဲ့ကြ၏။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူတို့က လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းပိုင်းသို့ အခု ဝင်ရောက်လာကြခြင်းပင်။
သူတို့သည် အတွင်းဘက်သို့ သွားလေလေ အရှိန်ပိုလျော့၏။ ဖြည်းဖြည်းချင်းသွားနေရင်း သူတို့ဘေးပတ်ဝန်းကျင်ကို သေချာစူးစမ်းကာ ပို၍ပင် စိတ်ပူပန်ရှုပ်ထွေးလာကြ၏။ သို့ရာတွင် သူတို့၏ရိပ်သိမ်းနိုင်မှုကတော့ အရင်ကထက် အများကြီး ပိုကောင်းမွန်ပေ၏။
ယနေ့တွင် သူတို့ ပျံသန်းနေကြစဉ် လီယွမ်လိုင်၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ တစ်ချိန်တည်းမှာပင် သူ့ဘေးပတ်လည်ရှိ လူတိုင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၍ သူတို့အားလုံး ရပ်တန့်လိုက်ကြသည်။
သူတို့က သည်နေရာတွင် သူတို့၏နတ်ဘုရားအာရုံကို မဖြန့်ကျက်ဝံ့ပေ။ ကောင်းကင်ယံကို ဖုံးလွှမ်းထားဟန်ရသော အနီရောင်တိမ်ထုနှင့် တဝီဝီအသံများက သူတို့၏ဦးရေပြားကို ထုံထိုင်းသွားမိစေသည်။
ဆယ်ရက်လုံးလုံး ပျောက်နေသော ခြင်သားရဲအားလုံးက သူတို့မျက်စိရှေ့ရှိ ဤနေရာတွင် လာရောက်စုစည်းနေသလားဟုပင် ထင်ရလေ၏။
သို့ရာတွင် ထူးဆန်းသည်က အတိတ်တုန်းကဆို ခြင်သားရဲတစ်ကောင် ပေါ်လာသည်နှင့် ချက်ခြင်း ဟိန်းအော်ကာ လိုက်လံတိုက်ခိုက်တတ်၏။ သို့ရာတွင် သည်ခြင်သားရဲများကတော့ သူတို့ကို ကြည့်ပင်မကြည့်ဘဲ ထိုအစား ကျောက်တံခါးပတ်လည်တွင်သာ လှည့်ပတ်လို့နေသည်။
ထိုထူးဆန်းသောမြင်ကွင်းက သူတို့ကို နောက်ဆုတ်နေရာကနေ ရပ်တန့်သွားစေသည်။ သူတို့အားလုံးက သတိထားနေကာ တစ်ခုခုမှားသည်နှင့် ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားကြသည်။
“ဒီခြင်သားရဲတွေက ဝန်းရံပေးနေတာလား...” သူတို့ထဲမှ တစ်ယောက်သည် အနီရောင်တိမ်တိုက် ဝါ ခြင်သားရဲများ ဝန်းရံထားသော ကျောက်တံခါးကြီးကို ဖျပ်ခနဲ မြင်လိုက်ရာ ပင့်သက်ရှိုက်မိသွားသည်။
ဝတ်စုံနက်နှင့်လူငယ်က ခပ်တိုးတိုး ပြောလာသည်။ “ဒီနေရာထိ ရောက်လာနိုင်တဲ့ ငါတို့ကလန်ရဲ့ အကြီးအကဲတွေလည်း ဒီကျောက်တံခါးကို တွေ့မြင်ဖူးခဲ့မှာပဲ။ ဒီတံခါးရဲ့ပုံစံအရ ဒီကျောက်တံခါးဟာ ကောင်းကင်ဘုံနယ်မြေမပျက်စီးခင်က အရေးကြီးလှတဲ့ ယဇ်ပလ္လင်တစ်ခု ဖြစ်မယ်...”
“ကျောက်တံခါးပေါ်မှာ လူတစ်ယောက် ရှိနေတယ်...” လီယွမ်လိုင်က သည်လူစုတွင် ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်သည်။ သူက ခြင်သားရဲထောင်ချီကို ဖြတ်၍ ကျောက်တံခါးထက်တွင် ထိုင်နေသောပုံရိပ်တစ်ခုကို ခပ်ရေးရေး လှမ်းမြင်သည်။
သူ ထိုသို့ ဆိုလိုက်သည့်အခါ လူတိုင်း၏စိတ်မှာ တုန်ယင်သွား၏။ သူတို့အားလုံး မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်ကြသည်။ သူတို့အားလုံးက အာရုံစိုက်၍ ကြည့်လိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ကျောက်တံခါးပေါ်တွင် ထိုင်နေသောဝမ်လင်းကို ခပ်ရေးရေး တွေ့မြင်လာကြသည်။
“အဲ့နေရာမှာ တကယ့်ကို လူတစ်ယောက် ထိုင်နေတာပဲ…”
“ခြင်သားရဲတွေ ဝန်းရံထားတဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ် ကျင့်ကြံနေနိုင်တဲ့သူက ဘယ်သူများလဲ…”
“ပိုခြောက်ချားစရာ ကောင်းတာက ဒီခြင်သားရဲတွေဟာ ဒီလူ့ကို မတိုက်ခိုက်ကြဘူး။ အဲ့အစား စောင့်ကြပ်ပေးနေတဲ့ပုံ ပေါက်နေတယ်…”
“ဒါ မဖြစ်နိုင်ဘူး။ ခြင်သားရဲတွေကို ယဉ်ပါးအောင်လုပ်ဖို့က မဖြစ်နိုင်ဘူး။ ငါတို့ ကျင့်ကြံသူတွေဟာ ဒီခြင်သားရဲတွေနဲ့ ဆုံတိုင်း အသေအရှင် တိုက်ခိုက်ကြရတော့တာပဲ မဟုတ်လား။ သူတို့က ဘယ်လိုကြောင့် လူတစ်ယောက်ကို စောင့်ကြပ်ပေးနေရတာလဲ…”
ထိုအခိုက်အတန့်တွင် သူတို့စိတ်နှလုံးမှာ တုန်လှုပ်ကြရ၏။ သူတို့သည် သူတို့မြင်ရသည့်အပေါ် မယုံကြည်နိုင် ဖြစ်ရ၏။ ကြောက်လန့်မိရ၏။
လီယွမ်လိုင်က သူ့စိတ်နှလုံးထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ကာ ခပ်တိုးတိုး ပြောသည်။ “လေကောင်းကင်ဘုံနယ်မြေ အပြင်ဘက်မှာ တွေ့ခဲ့ရတဲ့ အဖြူရောင်ဝတ်စုံနဲ့ကျင့်ကြံသူကို မမေ့လိုက်ကြနဲ့။ မင်းတို့ သေချာကြည့်ရင် ထိုင်နေတဲ့သူရဲ့ ဝတ်စုံဟာ အဖြူရောင် ဖြစ်နေတာကို မြင်နိုင်လိမ့်မယ်…”
“ခြင်သားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်တဲ့သူ ရှိနေတာပဲ။ ဒီကိစ္စက…” ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံး တိတ်ဆိတ်ငြိမ်သက်ကုန်၏။ နောက်ကျမှ ရောက်လာသောသူများသည် ဝမ်လင်းကို မတွေ့ခဲ့ဖူးချေ။ သူတို့က အရင်ရောက်သူများထံမှသာ ဝမ်လင်းအကြောင်းကို ကြားခဲ့ရ၏။ အစက သူတို့သည် ထိုအချက်ကို မယုံကြည်ခဲ့ကြပေ။ သို့သော် ခုချိန်၌ သူတို့တွင် ယုံကြည်ဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူတို့စိတ်ထဲရှိ တုန်လှုပ်မှုမှာ အခြားသူများထက် အဆများစွာ ပိုနေတော့သည်။
***