အခန်း ၄၃၂
Vol. 44 Ch. 432
အခန်း ၄၃၂။ သူ ဘာလုပ်ချင်နေတာလဲ ခြင်္သေ့ဘုရင်က အပွတ်သပ်ခံဖို့ ကိုယ်တိုင် လာရောက်တာလား
[တာဝန် ပြီးမြောက်ပါပြီ ဆုလာဘ်အဖြစ် ခြင်္သေ့ဘုရင်၏ ခင်မင်ရင်းနှီးမှုကို ရရှိပါသည်]
[ခြင်္သေ့ဘုရင်က ပိုင်ရှင်အပေါ် ခင်မင်ရင်းနှီးမှုကို ပြသနေပါသည်]
[ရှားပါးအဆင့် ရတနာရှာဖွေရေး တာဝန် ပြီးမြောက်မှု အခြေအနေ ၃/၂ ]
စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့လေသည်။
ရွှီယန်က ခြင်္သေ့မအား သားဖွားပေးပြီးနောက် ခြင်္သေ့ဘုရင်၏ နှစ်သက်မှုကို ရရှိသွားခဲ့လေသည်။
တစ်ပါတည်း ရှားပါးအဆင့် ရတနာရှာဖွေရေး တာဝန်၏ ပြီးမြောက်မှု အခြေအနေကိုပါ မြှင့်တင်နိုင်ခဲ့လေသည်။
ဤသည်က ကောင်းမွန်သော ကိစ္စရပ်တစ်ခု ပင်ဖြစ်သည်။
ရွှီယန်က ခြင်္သေ့ဘုရင်ကို ကြည့်လိုက်သည်။
ထိုအကောင်က အသန်စွမ်းဆုံးနှင့် အမွေးအမျှင် အထူထပ်ဆုံး ခြင်္သေ့ထီးကြီး ပင်ဖြစ်သည်။
ခြင်္သေ့ထီးကြီးက ဖိအားပေးနိုင်စွမ်း အထူးပြင်းထန်သလို ကြည့်ရသည်မှာလည်း အလွန် လှပခန့်ညားလေသည်။
ခြင်္သေ့ဘုရင် အဆင့်သို့ ရောက်ရှိနိုင်သော ခြင်္သေ့ထီးများက များသောအားဖြင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အထူးကောင်းမွန်ကြလေသည်။
ဤအချိန်တွင် ခြင်္သေ့ဘုရင်က အားနည်းနေသော ခြင်္သေ့မနှင့် ခေါင်းချင်းပွတ်သီးပွတ်သပ် လုပ်ကာ နှုတ်ဆက်လိုက်လေသည်။
ထို့နောက် ရွှီယန် ရှိရာဘက်သို့ လှမ်းကြည့်လာလေသည်။
ဒရုန်းကင်မရာက နေရာရှိ အခြေအနေများကို မှတ်တမ်းတင် ရိုက်ကူးနေလေသည်။
ခရီးသွားများနှင့် ဓာတ်ပုံဆရာများ အားလုံးက ကားပေါ်တွင် ရှိနေကြပြီး ကင်မရာ သို့မဟုတ် ဖုန်းများကို ကိုင်ဆောင်ကာ မြင်ကွင်းကို ရိုက်ကူးနေကြလေသည်။
ခြင်္သေ့အုပ်ကြီးက အတူတကွ စုဝေးနေကြရာ မည်သူကမျှ အနားမကပ်ရဲကြချေ။
ဤဘက်ရှိ ဝန်ထမ်းများပင် အနည်းငယ် စိုးရိမ်ထိတ်လန့် နေကြလေသည်။
ထိုစဉ်မှာပင် ခြင်္သေ့ဘုရင်က လမ်းကြမ်းမောင်းယာဉ်များ ရှိရာဘက်သို့ ရုတ်တရက် လျှောက်လာခဲ့လေသည်။
သူ့ခြေလှမ်းများက အလွန် နှေးကွေးလေသည်။
သံမဏိများဖြင့် ဖွဲ့စည်းထားသော လမ်းကြမ်းမောင်းယာဉ် ငါးစီး ခြောက်စီးနှင့် ကားပေါ်ရှိ ခြေနှစ်ချောင်း သတ္တဝါများကို ရင်ဆိုင်ရသော်လည်း ၎င်းက အနည်းငယ်မျှပင် ဂရုစိုက်ပုံ မရချေ။
"သူ လာနေပြီ..."
"သူ ဘာလုပ်ချင်လို့လဲ..."
ခရီးသွား အချို့မှာ ချက်ချင်းပင် စိုးရိမ်ထိတ်လန့် သွားကြလေသည်။
ယခုခေတ် လူသားများနှင့် ခြင်္သေ့များက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေကြလေပြီ။ ခြင်္သေ့များ ကလည်း လူသားများကို ပြဿနာမရှာလျှင် လူသားများ ကလည်း သူတို့ကို ပြဿနာမရှာကြောင်း သိရှိထားကြလေသည်။
အချင်းချင်း ကျူးကျော်တိုက်ခိုက်ခြင်း မပြုကြချေ။
သို့သော် ဤကဲ့သို့ လူအုပ်ကြီးဆီသို့ တိုက်ရိုက် လျှောက်လာခြင်းက လူများကို အတော်လေး အံ့အားသင့် သွားစေလေသည်။
ရွှီယန်ကတော့ တည်ငြိမ်နေလေသည်။ သူက ခြင်္သေ့ဘုရင်၏ နှစ်သက်မှုကို ရရှိထားကြောင်း သိရှိထားသောကြောင့် ပင်ဖြစ်သည်။
တောနက်ထဲမှ အရှေ့မြောက်ကျား တောင်စောင့်နတ်လေး အတိုင်း ပင်ဖြစ်သည်။
ဤခြင်္သေ့ကလည်း သူ့သူငယ်ချင်း ဖြစ်နေလေပြီ။
ခြင်္သေ့ အနားသို့ အရမ်းကပ်လာပါက လူများ ကြောက်လန့်သွားမည်ကို ရွှီယန် စိုးရိမ်မိသဖြင့် ဆေးသေတ္တာကို ကားပေါ်တွင် တင်ထားခဲ့ပြီး အရှေ့သို့ လျှောက်သွားလိုက်လေသည်။
ရွှီယန် အရှေ့သို့ လျှောက်သွားသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြရပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများမှာ ပို၍ပင် မှင်တက်သွားကြရလေသည်။
အားလုံးက ရွှီယန်၏ လှုပ်ရှားမှုကို မယုံကြည်နိုင်စွာ ကြည့်ရှုနေကြလေသည်။
ကွန်မန့်စာသားများက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
[လခွမ်း လောင်ရွှီ ဘာလုပ်မလို့လဲ]
[ပြန်လာခဲ့ အဲဒါ ခြင်္သေ့ကြီး]
[အဲဒီလို တိုက်ရိုက်ကြီး သွားရတာလား]
[အစ်ကိုယန် မင်းကို ခုန်အုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ]
ပတ်ဝန်းကျင်ရှိ လူအချို့ ကလည်း အော်ဟစ်လိုက်ကြသည်။
"ဟေး... ပြန်လာခဲ့..."
သို့သော် ရွှီယန်က ဤအသံများကို လုံးဝ ဂရုမစိုက်ဘဲ အရှေ့သို့ ခြေခုနစ်လှမ်း ရှစ်လှမ်းခန့် လျှောက်သွားပြီးနောက် ထိုနေရာတွင်ပင် ရပ်တန့်လိုက်လေသည်။
ထို့နောက် အားလုံး၏ အံ့သြတုန်လှုပ်နေသော အကြည့်များ အောက်တွင် ရွှီယန်က သူ၏ ညာလက်ကို ဆန့်ထုတ်ကာ အရှေ့သို့ ပွတ်သပ်မည့် ဟန်ပန်ကို ပြုလုပ်လိုက်လေသည်။
အားလုံးမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။
နေရာရှိ ခရီးသွားများက ပါးစပ်ကို အုပ်ထားကာ ကြောက်ရွံ့ထိတ်လန့်သော မျက်နှာပေးများဖြင့် ဖုန်းများကို ကိုင်ဆောင်ကာ ဤမြင်ကွင်းကို မှတ်တမ်းတင် ရိုက်ကူးနေကြလေသည်။
သူတို့ ခြင်္သေ့ အနားသို့ ကပ်ရဲသည်မှာ ကားပေါ်တွင် ရှိနေ၍သာ ဖြစ်လေသည်။
ထို့အပြင် များသောအားဖြင့် ခြင်္သေ့မ အနားသို့သာ ကပ်ရဲကြပြီး ခြင်္သေ့မက နှိုင်းယှဉ်ချက်အရ ပို၍ ဘေးကင်း လုံခြုံမှု ရှိလေသည်။
ယခု မျက်စိရှေ့တွင် ရောက်နေသည်က ခွန်အားကြီးမားသော ခြင်္သေ့ထီးကြီး ပင်ဖြစ်သည်။
မည်သူက မကြောက်ဘဲ နေမည်နည်း။
"သူ ဘာလုပ်ချင်နေတာလဲ... ခြင်္သေ့ကို ပွတ်သပ်ချင်တာလား..."
"ခုန်အုပ်ခံရရင် ဘယ်လိုလုပ်မလဲ..."
ခရီးသွား အချို့က ဆက်တိုက် အော်ဟစ် နေကြလေသည်။
ဝန်ထမ်းများ ကလည်း အထူးပင် ကြောက်ရွံ့ ထိတ်လန့် နေကြလေသည်။
ထို့နောက် ဤလူများ၏ ထိတ်လန့်နေသော အကြည့်များ အောက်တွင် ခြင်္သေ့က ရွှီယန်၏ အရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။
၎င်းက ရွှီယန် ဆန့်ထုတ်ထားသော လက်ကို ကြည့်လိုက်ပြီး ခေါင်းကို စောင်းကာ ကြီးမားသော ခေါင်းကြီးဖြင့် တိုးဝှေ့ ပွတ်သီးပွတ်သပ် လုပ်လာလေသည်။
မြင်ကွင်းက ဤအခိုက်အတန့်တွင် ရပ်တန့်သွားသည့်အလား ပင်ဖြစ်သည်။
နိုင်ငံခြားသား အချို့မှာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မျက်လုံးပြူးကာ တီးတိုး ရေရွတ်လိုက်ကြလေသည်။
"ဝေါ့သဖက်..."
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများ အားလုံး ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားကြပြီး ဘာပြောရမှန်းပင် မသိတော့လောက်အောင် အံ့သြတုန်လှုပ် သွားကြရလေသည်။
ခြင်္သေ့က ရွှီယန်၏ အရှေ့တွင် အနည်းငယ်မျှပင် တိုက်ခိုက်လိုသော ဟန်ပန် မရှိဘဲ ခင်မင်ရင်းနှီးသော အရိပ်အယောင်များကိုသာ ပြသနေလေသည်။
ရွှီယန်က အခြေအနေ အတိုင်း ခြင်္သေ့၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။
လည်ပင်းပေါ်ရှိ လည်ဆံမွေးများကိုပါ ပွတ်သပ်ပေးလိုက်လေသည်။
ဤအကောင်ကြီး၏ ခန္ဓာကိုယ်က တကယ်ကို တောင့်တင်း သန်စွမ်းလှပေသည်။
ရွှီယန် ပွတ်သပ်ပေးနေသည်ကို မြင်သောအခါ ခြင်္သေ့က အလိုက်သင့်ပင် မြေပြင်ပေါ်သို့ လှဲလျောင်း လိုက်တော့သည်။
ရွှီယန် လည်း ဆောင့်ကြောင့်ထိုင်ချကာ ဆက်လက် ပွတ်သပ် ပေးနေလိုက်လေသည်။
ပတ်ဝန်းကျင်ရှိ လူများမှာ ကျောက်ရုပ်များ အတိုင်း မလှုပ်မယှက် ဖြစ်နေကြဆဲ ပင်ဖြစ်သည်။
အားလုံးက ဘာဖြစ်သွားမှန်း ချက်ချင်း နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကွန်မန့်စာသားများက ပေါက်ကွဲ ထွက်လာခဲ့လေပြီ။
[မဟုတ်ဘူးလေ အာဖရိကမှာတောင် ဒီလိုမျိုး လုပ်နိုင်တာလား]
[ခြင်္သေ့က ဒီလောက် သဘောကောင်းတာလား ဒါက မြက်ခင်းပြင် ရဲ့ အစ်ကိုကြီး ဟုတ်သေးရဲ့လား]
[လောင်ရွှီ ရဲ့ ဆွဲဆောင်မှုက အာဖရိက အထိတောင် ရောက်သွားပြီပဲ]
[ဒါက သူ့ရဲ့ ပုံမှန် လုပ်ရပ်ပဲ မဟုတ်ဘူးလား]
[ငါက ခုနက သူ ခြင်္သေ့ရဲ့ ခုန်အုပ်တာ ခံရတော့မယ်လို့ ထင်နေတာ ခြင်္သေ့က သူ့ရှေ့မှာ ချွဲနေလိမ့်မယ်လို့ တွေးတောင် မတွေးထားခဲ့ဘူး]
အင်တာနက်သုံးစွဲသူများက ကြည့်လေလေ ပို၍ စိတ်လှုပ်ရှား လာလေလေ ပင်ဖြစ်သည်။
ဤအချိန်တွင် ရွှီယန်က စတင် ရှင်းပြလိုက်လေသည်။
"ကျွန်တော် က ကြောင်မျိုးနွယ် တိရစ္ဆာန် တွေနဲ့ ထိတွေ့ဆက်ဆံရတာ များတယ်... ခုနက ဒီခြင်္သေ့ ကျွန်တော့်ကို ကြည့်တဲ့ အကြည့်က သိသာစွာကို သဘောကောင်းတဲ့ အကြည့်မျိုးပါ..."
"ကျွန်တော့်ကို အပေါင်းအသင်း တစ်ယောက်လို သဘောထားနေတာပါ..."
"အဲဒါကြောင့် ကျွန်တော် ဒီလို သွားလုပ်ရဲတာပါ..."
"အားလုံး ကတော့ လွယ်လွယ်နဲ့ သွားမစမ်းကြည့်ပါနဲ့... တောရိုင်း ခြင်္သေ့ တွေနဲ့ တွေ့ရင် ခပ်ဝေးဝေး ကပဲ နေကြပါ..."
"မဟုတ်ရင် အရမ်း အန္တရာယ် များပါတယ်..."
သူ၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများက အသီးသီး မှတ်ချက်ပေး လာကြလေသည်။
[လောင်ရွှီ ငါတို့က မအပါဘူး ဘယ်သူကများ တောရိုင်း ခြင်္သေ့ အနားကို သွားကပ်ရဲမှာလဲ]
[ဒီလိုက်ဖ်လွှင့်တဲ့သူ က အရမ်း စေတနာ ကောင်းတာပဲ ငါတို့အတွက်ပါ စဉ်းစားပေးသေးတယ်]
[ဟားဟားဟား တောရိုင်း ခြင်္သေ့ အနား ငါတို့ ကပ်သွားမှာကို တကယ်ကြီး စိုးရိမ်နေတာလား]
တိုက်ရိုက်ထုတ်လွှင့်မှု လေထုက အလွန် စည်ကားသိုက်မြိုက် နေလေသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ကလည်း တဖြည်းဖြည်း သတိပြန်ဝင် လာကြလေသည်။
သူတို့က ဖုန်းများကို ထုတ်ယူကာ ဤမြင်ကွင်းကို မှတ်တမ်းတင် ရိုက်ကူးနေကြလေသည်။
လူတစ်ယောက်က အံ့သြတကြီး အော်ဟစ်လိုက်လေသည်။
"သူက ဟိုနာမည်ကြီးနေတဲ့ တရုတ် လိုက်ဖ်လွှင့်သူ မဟုတ်လား... သူ့ကို ကျွန်တော် မှတ်မိတယ်... တရုတ် စွန့်စားသွားလာသူ လေ..."
"သူပဲလား... ကျား တွေ ကျားသစ် တွေ မွေးထားတယ် ဆိုတဲ့ တစ်ယောက် မဟုတ်လား..."
"တကယ်ကို မယုံနိုင်စရာပဲ... ဒီလိုလူမျိုးကို ပထမဆုံး မြင်ဖူးတာပဲ..."
"လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်း တရုတ်ပြည် က လူတွေဆီမှာ တစ်ခုခု ထူးခြားတဲ့ စွမ်းအင်တွေ ရှိနေတာ သေချာတယ်..."
ရွှီယန်က ခြင်္သေ့၏ မျက်နှာကြီးကို ပွတ်သပ်လိုက်ရာ မျက်နှာပေါ်ရှိ အမွေးများက အတော်လေး ကြမ်းတမ်းကြောင်း ခံစားလိုက်ရလေသည်။
ဘေးနားတွင် အခြား ခြင်္သေ့ထီး တစ်ကောင်နှင့် ခြင်္သေ့မ သုံးကောင် ရှိနေသေးပြီး အားလုံးက ဤဘက်သို့ ကြည့်ရှုနေကြလေသည်။
ခြင်္သေ့ပေါက်လေးများ၏ အခြေအနေက အတော်လေး ကောင်းမွန်ပြီး အားလုံး ကျန်းမာစွာ အသက်ရှင် နေကြလေသည်။
ရွှီယန် လည်း ယခုအခါ မြက်ခင်းပြင်တွင် နောက်လိုက်ငယ်သားများ ရရှိသွားပြီ ဟု ဆိုရမည် ဖြစ်လေသည်။
သူက ခြင်္သေ့နှင့် အချိန်အတန်ကြာ ဆော့ကစား နေလိုက်လေသည်။
ထို့နောက် ခြင်္သေ့ကြီး က မတ်တတ်ရပ်ကာ ရွှီယန်ကို နှုတ်ဆက်လိုက်ပြီး ၎င်း၏ မျိုးနွယ်စုကို ကာကွယ်ရန် ပြန်လည် ထွက်ခွာ သွားတော့သည်။
ခြင်္သေ့မ ကလည်း ရွှီယန်ကို အလွန် နူးညံ့သိမ်မွေ့သော မျက်လုံးများဖြင့် ကြည့်ရှု နေလေသည်။
ရွှီယန် အနေဖြင့် ယခု ခြင်္သေ့မကို သွားရောက် ပွတ်သပ်မည် ဆိုပါကလည်း ပြဿနာ ရှိမည် မဟုတ်ကြောင်း ခန့်မှန်းရလေသည်။
မည်သို့ပင်ဖြစ်စေ ခြင်္သေ့ဘုရင်၏ အသိအမှတ်ပြုခြင်းကို ခံရပြီဖြစ်ရာ ခြင်္သေ့အုပ်ကြီးက သူ့ကို တိုက်ခိုက်တော့မည် မဟုတ်ချေ။
ရွှီယန်က အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရလေသည်။
စနစ် ရှိနေခြင်းကြောင့် တောရိုင်းထဲရှိ အတွေ့အကြုံများက တကယ်ကို အရောင်အသွေး စုံလင်လှပေသည်။
ဤဗီဒီယိုများက အင်တာနက်ပေါ်တွင် အလျင်အမြန် ပြန့်နှံ့ သွားခဲ့လေသည်။
ပြည်တွင်းရှိ လူများက ရွှီယန်၏ အံ့မခန်း လုပ်ရပ်များကို မြင်သောအခါ ထပ်မံ၍ အံ့သြချီးကျူး ကြရပြန်လေသည်။
ရွှီယန်က ယခုအခါ ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦး ဖြစ်နေပြီဟု မဆိုနိုင်ပါလော။ ပြည်သူလူထု ကြားတွင် လူသိများမှု မြင့်မားသလို ရေပန်းစားမှု ကလည်း အလွန် မြင့်မားကာ တကယ့်ကို အစစ်အမှန် တိုက်ရိုက်ထုတ်လွှင့်သူကြီး တစ်ဦး ပင်ဖြစ်သည်။
ထို့အပြင် ရွှီယန် ကိုယ်တိုင်က အင်တာနက်ကို ထိုမျှလောက် အသုံးမပြုသလို အခြား ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်သူ များနှင့်လည်း အပြန်အလှန် ဆက်သွယ်မှု မရှိဘဲ ကိုယ့်ဘာသာကိုယ် နေထိုင်တတ်သူ ပင်ဖြစ်သည်။
ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သာ ဤသို့ ပြုမူနေထိုင်မည် ဆိုပါက အေဂျင်စီများနှင့် ထိပ်တန်း နာမည်ကြီးများက နည်းလမ်းပေါင်းစုံ သုံး၍ အစောကြီး ကတည်းက ဖျက်ဆီးပစ်လိုက်ကြပြီ ဖြစ်လေသည်။
သို့သော် ရွှီယန် ထံတွင် မည်သည့် အပြစ်အနာအဆာမျှ မရှိသလို တိုက်ရိုက်ထုတ်လွှင့်ချိန် မှလွဲ၍ မျက်နှာပြလေ့ မရှိသဖြင့် တကယ်ကို အပြစ်ရှာစရာ လုံးဝ မရှိချေ။
ဤတစ်ကြိမ်တွင်တော့ ရွှီယန်က နိုင်ငံခြား အင်တာနက် စာမျက်နှာများတွင်ပါ အတော်လေး နာမည်ကြီး သွားခဲ့လေသည်။
သေချာသည် ကတော့ နိုင်ငံခြား အင်တာနက်သုံးစွဲသူ အတော်များများက ဤသည်မှာ ရွှီယန် ခြင်္သေ့များနှင့် ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံခြင်း ဖြစ်သည် ဟူသောအချက်ကို မယုံကြည်ကြချေ။
လူအများအပြားက ရွှီယန်သည် အာဖရိက မြက်ခင်းပြင်ကြီးမှ တိရစ္ဆာန် ဆရာဝန် တစ်ဦး ဖြစ်ပြီး ထို့ကြောင့်သာ ခြင်္သေ့မကို သားဖွားပေးနိုင်ခဲ့ခြင်း ဖြစ်ကာ ခြင်္သေ့ထီးများနှင့်လည်း ရင်းနှီးကျွမ်းဝင် နေခြင်း ဖြစ်သည် ဟု ပြောဆိုနေကြလေသည်။
ဤသို့ ဆိုမှသာ ယုတ္တိရှိမည် ဖြစ်လေသည်။
ရွှီယန်တွင် နိုင်ငံခြား အင်တာနက် အကောင့် လုံးဝ မရှိသလို ရှင်းပြလိုစိတ်လည်း မရှိချေ။
အားလုံးကို ကိုယ့်ဘာသာကိုယ် ဆွေးနွေး ငြင်းခုံ ခွင့်ပြုထားလိုက်လေသည်။
နိုင်ငံခြား အင်တာနက် စာမျက်နှာများတွင် သူ၏ ဗီဒီယိုများ အတော်များများ ရှိနေပြီး အငြင်းပွားမှုများ ရှိလာမှသာ အာရုံစိုက်လာသူများ ပိုမို များပြားလာမည် ဖြစ်ကာ သူ့ကိုလည်း ပိုမို နားလည် သဘောပေါက် လာကြမည် ဖြစ်လေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ရွှီယန်က ခြင်္သေ့ မိသားစု၏ ဘေးနားတွင် ရှိနေလေသည်။
အချိန်သိပ်မကြာခင်မှာပင် သူက သတ္တိပိုကောင်းလာပြီး လျှောက်သွားကာ ကျန်းမာနေသော ခြင်္သေ့မ တစ်ကောင်ကိုပါ ပွတ်သပ် လိုက်သေးလေသည်။
ခြင်္သေ့မ က ရွှီယန် ပွတ်သပ်ပေးသည်ကို ငြိမ်ခံနေပြီး အနည်းငယ်မျှပင် မငြင်းဆန်ချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ လေထုက ပြန်လည် ကောင်းမွန်လာခဲ့ပြီး အင်တာနက်သုံးစွဲသူ အချို့က မနေနိုင်ဘဲ နောက်ပြောင် လိုက်ကြလေသည်။
[ဟားဟားဟား လောင်ရွှီ က သူများ ပိုင်နက်ထဲ ပြေးသွားပြီး သူများ မိန်းမကို သွားပွတ်သပ်နေတာ လွန်လွန်းနေပြီ မဟုတ်လား]
[ခြင်္သေ့ထီး ကိုက်မှာကိုလည်း မကြောက်ဘူးလား]
[ခြင်္သေ့မ ကလည်း ချစ်စရာ ကောင်းတယ်နော်]
[လောင်ရွှီ က ဒီလိုနဲ့ပဲ ခြင်္သေ့ မိသားစု ထဲကို ဝင်သွားပြီလား]
အခြား ခြင်္သေ့ထီး တစ်ကောင်ကို သွားရောက် ပြဿနာမရှာရဲ သည်မှလွဲ၍ ကျန်သော ခြင်္သေ့များ အားလုံးက အတော်လေး ခင်မင်ရင်းနှီးမှု ရှိသည်ဟု ရွှီယန် ခံစားရလေသည်။
သူ တစ်ယောက်တည်းသာ ဤသို့ ပြုလုပ်ရဲပြီး အခြားသူများကတော့ ကြည့်ရုံ သက်သက်သာ ဖြစ်လေသည်။
ခရီးသွားများမှာ လုံးဝ အနားမကပ်ရဲကြချေ။
ဤအချိန်တွင် ရွှီယန်က အားနည်းနေသော ခြင်္သေ့မကို တစ်ချက် ကြည့်လိုက်ပြန်သည်။
၎င်း၏ အခြေအနေက အတော်လေး ပြန်လည် ကောင်းမွန်နေပြီ ဖြစ်လေသည်။
ရိုင်းစိုင်းကြမ်းတမ်းသော သဘာဝ ပတ်ဝန်းကျင်က အတော်လေး ဆိုးရွားသဖြင့် အသက်ရှင် နေထိုင်နိုင်သော တိရစ္ဆာန်များ အားလုံးက အကောင်းဆုံး မျိုးရိုးဗီဇများ ရှိကြပြီး အသက်ရှင်သန်လိုစိတ် အလွန် ပြင်းထန်ကြလေသည်။
"ကြည့်ရတာ အခြေအနေ တည်ငြိမ်သွားပြီ... ခြင်္သေ့ပေါက်လေး တွေလည်း အသက်ရှင်နေတယ်..."
"နောက်ပိုင်း ဆိုရင်တော့ အများကြီး ဝင်စွက်ဖက်စရာ မလိုတော့ဘူး..."
"ခြင်္သေ့အုပ် က ဒီကိစ္စတွေကို သေချာ ဖြေရှင်းသွားလိမ့်မယ်..."
ရွှီယန်က ခြင်္သေ့အုပ်ကို ကြည့်ရင်း အားလုံးကို ရှင်းပြလိုက်လေသည်။
ခြင်္သေ့ဘုရင်က ဩဇာအာဏာ အပြည့်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးနေလေသည်။
အဓိကအားဖြင့် ဟိုင်အီနာများ ရှိရာ အရပ်ကို ကြည့်ရှုနေခြင်း ပင်ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး ကိုတော့ သူက အဖက်လုပ်ရန်ပင် ပျင်းရိနေလေသည်။
ဟိုင်အီနာများ မရှိတော့ကြောင်း သေချာသွားသောအခါမှသာ ၎င်းတို့ စိတ်အေးသွားကြတော့သည်။
ခြင်္သေ့များက ကလေးမွေးထားသော ခြင်္သေ့မကို အချိန်အတန်ကြာ စောင့်ရှောက်ရဦးမည်ဟု ခန့်မှန်းရပြီး ကလေး အနည်းငယ် ကြီးပြင်းလာသည် အထိ စောင့်ရှောက်ကြမည် ဖြစ်လေသည်။
ခြင်္သေ့ပေါက်လေးများ ပြေးလွှားနိုင်လာသော အခါတွင်တော့ ခုန်ဆွခုန်ဆွဖြင့် ချစ်စရာကောင်းသော အကောင်လေးများ ဖြစ်လာကြမည် ဖြစ်လေသည်။
ယနေ့ နေ့တစ်ဝက်လုံးတွင် အထူးတလည် ဘာမှ မရှိဘဲ ခြင်္သေ့များကို ကြည့်ရှုရုံ သက်သက်သာ ဖြစ်လေသည်။
ခြင်္သေ့ဘုရင် က တစ်ခါတစ်ရံ အနားသို့ လာရောက်ကာ ရွှီယန်ကို နှုတ်ဆက်တတ်ပြီး ရွှီယန်ကို အကြောဆန့်ပေးရန် တောင်းဆိုတတ်လေသည်။
ချန်ပိုင်တောင်တန်းမှ သီးသန့်ဖြစ်သော ကြောင်ပွတ်သပ်သည့် လက်ဟန်များက ခြင်္သေ့ဘုရင်ကို လုံးဝ ကျေနပ်သွားစေမည် ဖြစ်လေသည်။
အာဖရိက မြက်ခင်းပြင် က တကယ်ကို ပျော်ရွှင်စရာ ကောင်းလှပေသည်။
ပထမနေ့တွင် ချီတာကျားသစ်ကို ပွတ်သပ်နိုင်ခဲ့လေသည်။
ဒုတိယနေ့တွင် ခြင်္သေ့ကို ပွတ်သပ်နိုင်ခဲ့လေသည်။
နောက်ပိုင်းဆိုလျှင် ဆင်ကိုပါ ပွတ်သပ်ရတော့မည် ဖြစ်လေသည်။
သို့သော် ဆင်၏ အရေပြားက အလွန် ကြမ်းတမ်းပြီး အာဖရိက တောဆင်ရိုင်းများ၏ စရိုက်က အလွန် ကြမ်းတမ်းကာ အစွယ်များ ကလည်း ရှည်လျားလှသဖြင့် ရွှီယန် အနေဖြင့် လောလောဆယ်တွင် ဆင်ကို သွားရောက် ပွတ်သပ်ရန် အစီအစဉ် မရှိသေးချေ။
တာဝန်များ ရှိလာမှသာ ဆက်လက် စဉ်းစားရမည် ဖြစ်လေသည်။
ယခုလက်ရှိ ရှားပါးအဆင့် ရတနာရှာဖွေရေး တာဝန် အတွက် မျိုးနွယ်စု ခေါင်းဆောင် တစ်ကောင်၏ နှစ်သက်မှုကို ရရှိရန်သာ လိုအပ်တော့လေသည်။
ရွှီယန်က အချိန်အတန်ကြာ စဉ်းစား တွက်ချက်နေလိုက်သည်။ သူကိုယ်တိုင် သွားရောက်ပြီး မျိုးနွယ်စု ခေါင်းဆောင်နှင့် ဆက်ဆံရေး တည်ဆောက်ရန် ဆိုသည်မှာ အလွန် ခက်ခဲလွန်းပြီး လုံးဝ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။
ရတနာရှာဖွေရေး တာဝန်ကိုသာ အားကိုးရမည် ဖြစ်လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရတနာရှာဖွေရေး အကြိမ်အရေအတွက် (၁၁) ကြိမ် ကျန်ရှိနေသေးလေသည်။
သာမန် ရတနာရှာဖွေရေး တာဝန် အနည်းငယ်ကို လုပ်ဆောင်လိုက်ပါက ရှားပါးအဆင့် တာဝန်ကိုပါ တစ်ပါတည်း ပြီးမြောက်သွားနိုင်ပြီး အရာအားလုံး အဆင်ပြေ သွားနိုင်လေသည်။
"ခြင်္သေ့ တွေကို ကြည့်တာ တော်တော်လေး လုံလောက်ပြီ... တခြား နေရာတွေ ဆက်သွား ကြည့်ရအောင်..."
"ဘယ်လိုပဲဖြစ်ဖြစ် လိုက်ဖ်လွှင့်နေတာ ဆိုတော့ တစ်နေ့လုံး ခြင်္သေ့ တွေကိုချည်းပဲ ကြည့်နေလို့ မဖြစ်ဘူးလေ..."
"အရှေ့ကို ဆက်သွားရမယ်..."
ရွှီယန်က ခြင်္သေ့၏ တင်ပါးကို ပုတ်ကာ သူတို့ကို နှုတ်ဆက်လိုက်လေသည်။
သူက လမ်းကြမ်းမောင်းယာဉ် ပေါ်သို့ ပြန်တက်လိုက်ပြီး သတ်မှတ်ထားသော လမ်းကြောင်း အတိုင်း အရှေ့သို့ ဆက်လက် ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
ကားအမြန်နှုန်း က မမြန်ဆန်သဖြင့် ဒရုန်းကင်မရာ ကလည်း အပြည့်အဝ လိုက်ပါနိုင်လေသည်။
ခြင်္သေ့အုပ်နှင့် လူအုပ်ကြီးက သူ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်လံ ကြည့်ရှုနေကြလေသည်။
ရွှီယန် ထွက်ခွာသွားချိန်တွင် လူအများအပြားက ဖုန်းများကို ကိုင်ကာ ခြင်္သေ့များကို မရိုက်ကူးတော့ဘဲ ရွှီယန်ကိုသာ ရိုက်ကူးနေကြလေသည်။
အမှန်အတိုင်း ပြောရမည် ဆိုလျှင် ဤကဲ့သို့သော လူသားမျိုးက ခြင်္သေ့များ ထက်ပင် ပို၍ ရှားပါးလှပေသည်။
ခြင်္သေ့များကို မြက်ခင်းပြင်ကြီး ဆီသို့ ရောက်ရှိလာပါက မြင်တွေ့နိုင်လေသည်။
သို့သော် ရွှီယန်နှင့် ဆုံတွေ့ခွင့် ရရန် ဆိုသည်မှာတော့ ကံတရား အပေါ်တွင်သာ အပြည့်အဝ မူတည်နေတော့လေသည်။