← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း (၁၁၁)

ချန်ကောဟွားက စကားပြောဆိုပြီးသွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်းသည် ချန်ကောဟွား၏စကားများကြောင့် အလွန်အမင်း တုန်လှုပ်အံ့သြသွားခဲ့ကြသည်။

ချင်ဟွိုင်ယွီအား ချင်ကျင်းယွီအတွက် အစေခံလုပ်ခိုင်းခြင်းမှာ တောင်းဆိုချက်တစ်ခု ပြုလုပ်နေခြင်း မဟုတ်ပေ။ လူအများရှေ့တွင် ချင်ဟွိုင်ယွီအား မျက်နှာပြောင်တိုက်ကာ လှောင်ပြောင်သရော်နေခြင်းသာ ဖြစ်သည်။ သူမအား မျက်နှာချင်းဆိုင် ဖိနပ်စုတ်တစ်ရံဟု ပြောရုံသာမက အစေခံသာ လုပ်နိုင်သော ဖိနပ်စုတ်တစ်ရံဟုပါ ဆိုလိုက်ခြင်းဖြစ်သည်။

လျိုဟိုင်ကျုံးသည် ချန်ကောဟွားကို ကြက်သေသေလျက် ကြည့်နေသည်။သူ၏ရင်ထဲ၌ နောက်ကျမှဖြစ်ပေါ်လာသော ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုကိုသာ ခံစားလိုက်ရသည်။ အကြောင်းမူကား သူနားလည်ထားသည့် အချက်တစ်ချက်မှာ ချန်ကောဟွားသည် အရှုံးမခံလိုသော ထိုချန်ကောဟွားပင် ဖြစ်နေသေးကြောင်းပင် ဖြစ်သည်။ အခြေခံအားဖြင့် ပြောင်းလဲသွားခြင်း မရှိပေ။

သူ့ကို ဆွမိသော ချင်ဟွိုင်ယွီ၏ ဇာတ်သိမ်းမှာ ဤမျှလောက် သနားစရာကောင်းနေလျှင် မိမိကိုယ်တိုင်က သူ့ရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်ရလောက်သည်။

ရီကျုံးဟိုင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ချန်ကောဟွားက ချင်ဟွိုင်ယွီကို ဖိနှိပ်ခြင်းသည် ယခင်က ကျားမိသားစုအား ခြံဝင်းကြီးထဲမှ နှင်ထုတ်ခဲ့သည့် စဉ်းစားတွေးခေါ်မှု လမ်းကြောင်းမှာ မမှားယွင်းကြောင်းကို ဖော်ပြနေသည်။ မမှားယွင်းရုံသာမက ဤကိစ္စကို အမြန်ဆုံး ပြီးပြတ်အောင် လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ဤသို့လုပ်ဆောင်မှသာလျှင် ချန်ကောဟွားအား ကျေနပ်စေနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် ချင်ဟွိုင်ယွီ၏ မျက်နှာသည် ရှက်ရွံ့ဒေါသထွက်မှုကြောင့် ရဲရဲနီသွားခဲ့ပြီးနောက် ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

"ချန်ကောဟွား ဘာအကြောင်းကြောင့် ငါက နင့်ချန်မိသားစုဆီမှာ အစေခံ သွားလုပ်ရမှာလဲ"

"အမှန်တရားတွေကို ဘေးဖယ်ထားလိုက်ရင်တောင် အဲ့ဒီတုန်းက စုံတွဲ‌ေတွ့ခဲ့တဲ့ ကိစ္စမှာ နင့်ဘက်က အမှားနည်းနည်းလေးတောင် မရှိဘူးလား"

"အဲ့ဒီတုန်းက နင့်ဘက်က အခြေအနေတွေ မပြည့်စုံခဲ့လို့သာ မဟုတ်ရင် ခြံဝင်းထဲက အငွေ့အသက်တွေက ဘယ်လိုလုပ် ဒီလိုပုံစံမျိုး ပြောင်းလဲသွားမှာလဲ"

ချင်ဟွိုင်ယွီသည် အလွန်အမင်း ဒေါသထွက်နေသည်။ သူမ၏ အမြင်တွင် ထိုစဉ်က ချန်ကောဟွားသည် သူမကို အစွမ်းကုန် မျက်နှာချိုသွေးခဲ့ပြီး သူမအား ချန်မိသားစု၏ တံခါးပေါက်အတွင်းသို့ ဝင်ရောက်လာစေရန် အလွန်ဆန္ဒရှိ‌နေခဲ့သည်။ ထိုအချိန်က ချန်မိသားစုကို ငြင်းပယ်ခဲ့ပြီး ယခုအခါ သူမကို ချန်မိသားစုတွင် အစေခံ သွားလုပ်ခိုင်းနေသည်။ ဤသည်ကို ချင်ဟွိုင်ယွီက မည်သို့လက်ခံနိုင်မည်နည်း။

ပထမအချက်မှာ စိတ်ထဲတွင် ကျော်ဖြတ်၍ မရနိုင်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ဤမျှ များပြားသော လူများက ကြည့်နေသောကြောင့် သူမအနေဖြင့် ပို၍ပင် သဘောတူနိုင်မည် မဟုတ်ပေ။ ဤနေရာသည် ခြံဝင်းကြီး ဖြစ်ကြောင်းကို သိထားရပေမည်။ အကယ်၍ သဘောတူလိုက်ပါက သူမသည် နောင်တွင် ထိုလူများကို မည်သို့ မျက်နှာပြဝံ့မည်နည်း။

လူတိုင်း၏ လက်ဖက်ရည်သောက် ထမင်းစားပြီးနောက် ပြောစရာ ဟာသကြီးတစ်ခု အမှန်တကယ် ဖြစ်သွားပေလိမ့်မည်။

ထိုစဉ်က ချန်ကောဟွားကို အထင်သေးခဲ့ပြီး ယခုအခါ ချန်ကောဟွားအတွက် အစေခံလုပ်ရန်သာ ထိုက်တန်သည်ဟူသော စကားများကို ပြောကြပေလိမ့်မည်။

ကောင်းမွန်သော ဘဝရှိနေလျက်နှင့် မယူဘဲ ကျားမိသားစုက အဘွားအိုနှင့် မသန်မစွမ်း သားဖြစ်သူတို့အတွက် အစေခံ ကျွန်အဖြစ် ခံယူနေရသည်ဟူသော စကားများလည်း ပြောထွက်လာနိုင်သည်။

ထိုကောလာဟလ စကားများကို ချင်ဟွိုင်ယွီက တွေးကြည့်လိုက်ရုံမျှဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း ခံစားလိုက်ရသည်။ ထို့အတွက်ကြောင့် သူမသည် အမျိုးသမီးများ အကျွမ်းကျင်ဆုံးဖြစ်သော စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်၏။ ၎င်းမှာ အကြောင်းပြချက်မရှိ ပြဿနာရှာကာ စတင်၍ လက်သီးပုန်းထိုးခြင်းပင် ဖြစ်သည်။

"ချင်ဟွိုင်ယွီ မင်း ပါးစပ်ပိတ်ထားစမ်း"

"ငါတော့ မြင်လာပြီ…မင်းလိုမိန်းမက တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်"

"သားဖြစ်သူက အခု လူငယ်ထိန်းသိမ်းရေးစခန်းမှာ ရှိနေတာကို မင်းက အမေတစ်ယောက်အနေနဲ့ ဂရုမစိုက်တော့ဘူးလား"

"ငါ့အမေ အခု ဒုက္ခဆင်းရဲခံစားနေရတာကလည်း မင်းမကောင်းလို့၊သားကို သေချာမဆုံးမနိုင်လို့ မဟုတ်ဘူးလား"

"အခုကျတော့ အပြစ်တွေကို ကောဟွားအပေါ် လွှဲချနေသေးတယ်၊ ငါ မင်းကို ပါးတစ်ချက်တည်းနဲ့ သေအောင် ရိုက်သတ်လိုက်မယ်ဆိုတာ ယုံလား"

ထိုစကားကို ကြားသောအခါ ကျားတုန်းရွှီသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြီး မတ်တပ်ထကာ လက်မောင်းကိုလွှဲ၍ ချင်ဟွိုင်ယွီအား ပါးနှစ်ချက်ခန့် ရိုက်ချင်စိတ်များပင် ပေါက်လာသည်။

ကောင်းလိုက်တဲ့ ချင်ဟွိုင်ယွီ မင်း တကယ်ကို သေသင့်နေပြီ…

ထိုမြင်ကွင်း ထွက်ပေါ်လာပြီးနောက် ယခုလေးတင် ကြက်သေ သေသွားသော ချင်ကျင်းယွီသည်လည်း ကိစ္စရပ်များ၏ အကြောင်းရင်းကို နားလည်သဘောပေါက်သွားသည်။

ကျားမိသားစုက ကောဟွားအား ကိစ္စတစ်ခု လုပ်ဆောင်ပေးရန် အကူအညီတောင်းခံခဲ့ပြီးနောက် ကောဟွားက အကြောင်းပြချက်တစ်ခုဖြင့် မိမိအတွက် မကောင်းသော အငြိုးအာဃာတများကို ဖယ်ရှားပေးခဲ့ခြင်းသာ ဖြစ်ရမည်။ သို့သော် ဤသည်မှာ ချင်ဟွိုင်ယွီ၏ သူတစ်ပါးအား အကူအညီတောင်းခံသည့် သဘောထားပင် ဖြစ်သည်။

ချင်ကျင်းယွီသည် တွေးလေလေ ဒေါသထွက်လေလေပင် ဖြစ်လာသည်။

ဤသို့ ဒေါသထွက်ရခြင်းမှာ ချန်ကောဟွား မအောင်မြင်သေးချိန်က ချင်ဟွိုင်ယွီသည် သူမ၏ အရှေ့တွင် ကြွားဝါမှု အနည်းငယ်မျှသာ ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ အတင်းပြောတတ်သော မိန်းမတချို့ကိုပါ ခေါ်ဆောင်ကာ သူမက အရည်အချင်းမရှိသော ယောက်ျားကို ရွေးချယ်သည်ဟု ခနဲ့တဲ့တဲ့ ပြောဆိုခဲ့ခြင်းကြောင့်လည်းပါသည်။ ထို့ထက်ပို၍ ချန်ကောဟွား အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူမ ချင်ကျင်းယွီသည် ဤတစ်သက်တွင် ချန်ကောဟွား တစ်ယောက်အတွက်သာ အသက်ရှင်ရန် စောစီးစွာ ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ချင်ဟွိုင်ယွီ၏ စော်ကားမှုနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် လက်ရှိ ချင်ဟွိုင်ယွီအား ဖိနှိပ်နိုင်မည့် အခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

ဤခြံဝင်းကြီးတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက်တွင်မူ သူမ၏ ဉာဏ်ရည်ဉာဏ်သွေးသည်လည်း အလွန်လျင်မြန်စွာ တိုးတက်လာသည်။ မည်သို့ စကားပြောဆိုလျှင် ချင်ဟွိုင်ယွီက ပို၍ကြီးမားသော နာကျင်မှု ဖြစ်စေမည်ကို သိရှိနေသည်။ သူမ၏ မျက်ခုံးနှင့် မျက်လုံးများ တွန့်ကွေးသွားသည်ကိုသာ မြင်လိုက်ရပြီး ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

"ချင်ဟွိုင်ယွီ ငါတို့ချန်မိသားစုဆီမှာ အစေခံလာလုပ်ရတာကို နင် မကျေမနပ် မဖြစ်နေနဲ့"

"ငါ နင့်ကို ပြောပြမယ်၊ ငါတို့ချန်မိသားစုထဲကို ဝင်ပြီး အစေခံလုပ်နိုင်တာက နင့်တစ်သက်တာ ကျင့်ကြံလာခဲ့တဲ့ ကံကောင်းမှုပဲ"

"နင့်ရဲ့ အရည်အချင်းနဲ့ အမြင်အရဆိုရင် ဒီတစ်သက်မှာ အရည်အချင်းရှိတဲ့ လူတွေနဲ့ ထိတွေ့ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"အခု ချန်မိသားစုမှာ အစေခံ ဝင်လုပ်နိုင်တာက သေချာပေါက် နင့်တစ်သက်တာ ဗဟုသုတ တိုးပွားစေမယ့် အခွင့်အရေးပဲ"

"ပြီးတော့ ငါကလည်း နင့်ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး"

"နင်က နေ့တိုင်း ကြမ်းတိုက်၊ ပန်းကန်ဆေး ၊အဝတ်လှန်း ၊စောင်လှန်းပြီး သန့်ရှင်းရေးလုပ်ပေးရုံနဲ့တင်...အဆင်ပြေသွားပါပြီ"

ချင်ကျင်းယွီသည် ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း ရင်ထဲတွင်မူ ပျားရည်စားလိုက်ရသကဲ့သို့ ချိုမြိန်နေသည်။

သူမ ခြံဝင်းကြီးထဲသို့ ဝင်ရောက်လာချိန်တွင် ချင်ဟွိုင်ယွီက သူမသည် ဤတစ်သက်၌ အစေခံဘဝဖြင့်သာ ဖြတ်သန်းရလိမ့်မည်ဟု ပြောဆိုမှုများ မနည်းမနော ရှိခဲ့ကြောင်းကို သိထားရမည် ဖြစ်သည်။

ယခုလေးတင် သူမပြောခဲ့သော စကားများမှာလည်း အခြေခံအားဖြင့် ထိုစဉ်က ချင်ဟွိုင်ယွီက သူမအား ပြောဆိုခဲ့သည့် စကားများပင် ဖြစ်သည်။ သူမသည် အစေခံသာဖြစ်ရမည့် ကံကြမ္မာရှိသည်ဟု ပြောဆိုခံခဲ့ရသည်။

သို့သော် ယခုအခါတွင် ချင်ကျင်းယွီသည် ဤစကားများအားလုံးကို ချင်ဟွိုင်ယွီထံသို့ မူလအတိုင်း တသွေမတိမ်း ပြန်လည်ပေးအပ်လိုက်သည်။

ချင်ဟွိုင်ယွီ မည်မျှလောက် ခံစားရခက်နေမည်ကို တွေးကြည့်၍ ရနိုင်သည်။ သို့မဟုတ်ပါက ယခုအချိန်တွင် ချင်ဟွိုင်ယွီ၏ မျက်နှာသည် ပို၍ မည်းမှောင်လာမည် မဟုတ်ပေ။

သို့သော် သူမတွင် ပြန်လည်ချေပရန် မည်သည့်စွမ်းရည်မျှ မရှိခဲ့ပေ။ ဤသည်မှာ ကျားတုန်းရွှီ၏ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းမှုကြောင့်သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ သူမ၏ စိတ်ထဲတွင် ချင်ကျင်းယွီအား မကျေမနပ်ဖြစ်စေမည်ကို ကြောက်ရွံ့နေခြင်းပင် ဖြစ်သည်။

ချန်ကောဟွားက မိန်းမများကို ရိုက်နှက်သည်ကို တစ်ခါမျှ မမြင်ဖူးပေ။အကယ်၍ ချင်ကျင်းယွီကိုသာ လက်ပါမိမည်ဆိုပါက ပါးရိုက်ခံခဲ့ရသော ရှားကျူး၏ အဖြစ်သည် သေချာပေါက် သူမ၏ ဇာတ်သိမ်းပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူမတို့ ကျားမိသားစုသည် ချန်မိသားစုထံမှ အကူအညီ တောင်းခံရန် ရှိနေသေးသည်။ ထို့ကြောင့် ချင်ဟွိုင်ယွီသည် လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ မျက်နှာတစ်ခုလုံး အရှက်ရမှုများဖြင့် မူလနေရာတွင်သာ ရပ်နေခဲ့ပြီး ချင်ကျင်းယွီနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ရန် မဝံ့မရဲ ဖြစ်နေသည်။

သို့သော် ရဲစခန်းရှိ ပန့်ကန့်နှင့် ကျားကျန်းရှီတို့အတွက်ကြောင့် ဟုတ်မဟုတ်ကိုမူ မသိရပေ။ သူမသည် နောက်ဆုံးတွင် ပြောလိုက်၏။

"ကောင်းပြီလေ နင်တို့ ချန်မိသားစုအတွက် သန့်ရှင်းရေးလုပ်ပေးတယ်လို့ပဲ သဘောထားလိုက်မယ်၊ ငါ သဘောတူတယ်၊ ဒါပေမဲ့ နင်တို့က ငါတို့ ကျားမိသားစုကို ကူညီပေးနိုင်ဖို့ပဲ လိုတယ်"

ချင်ဟွိုင်ယွီ၏ သဘောတူညီမှု ထွက်လာသည်နှင့်အမျှ ရီကျုံးဟိုင်သည်လည်း ကိစ္စရပ်များ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လူအများအား ထိုနေရာမှ အသီးသီး ထွက်ခွာသွားကြရန် အော်ဟစ်ပြောဆိုလိုက်သည်။

အိမ်နီးချင်းများသည်လည်း အတင်းအဖျင်းများ သယ်ဆောင်ကာ မိမိတို့၏ အိမ်ခန်းအသီးသီးသို့ ပြန်သွားကြပြီး စတင် ဆွေးနွေးပြောဆိုကြတော့သည်။

ချန်ကောဟွားကမူ ချင်ဟွိုင်ယွီအတွက် အစီအစဉ်ချမှတ်ပေးလိုက်သည်။။၎င်းမှာ မည်သို့ပင်ဖြစ်စေ ပရိဘောဂများကို အရှေ့ဘက်ခြံဝင်းရှိ အိမ်ကြီးထဲသို့ ကူညီသယ်ဆောင်ပေးရန် ဖြစ်သည်။ ထို့နောက် မနက်ဖြန်တွင် ချန်မိသားစုထံသို့ လာရောက် သတင်းပို့ရန်ပင် ဖြစ်သည်။

ချင်ဟွိုင်ယွီသည် အားအင်ကုန်ခမ်းစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လက်ခံကြောင်း အသံတစ်ချက် ထွက်လိုက်သည်။ ကျားတုန်းရွှီသည် ထိုအချိန်မှသာ သက်ပြင်းချလိုက်နိုင်သည်။

သူအကြောက်ဆုံးမှာ ချင်ဟွိုင်ယွီက ဒေါသမထိန်းနိုင်ဘဲ စိတ်လိုက်မာန်ပါဖြင့် အမှားလုပ်မိပြီး ချန်ကောဟွား၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားစေမည်ကိုပင် ဖြစ်သည်။

ယခုအခါ ချင်ဟွိုင်ယွီက သဘောတူလိုက်ပြီဖြစ်ရာ ပန့်ကန့်နှင့် ကျားကျန်းရှီတို့အတွက် နောက်ဆုံးတွင် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။ သေချာသည်မှာ ဤသည်က ကျားတုန်းရွှီ တစ်ယောက်တည်း၏ ထင်မြင်ယူဆချက်သာ ဖြစ်သည်။

ချန်ကောဟွားက ပန့်ကန့်နှင့် ကျားကျန်းရှီဟူသော ထိုပြဿနာကောင် နှစ်ကောင်ကို ကူညီပေးရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ချန်ကောဟွားသည် ကူညီပေးမည် မဟုတ်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် စကားတစ်ခွန်းပင် ဆိုလာဦးမည်ဖြစ်သည်။

မင်းတို့ ကျားမိသားစုကို ကူညီရမယ်ဟုတ်လား… မစင်သာ သွားစားလိုက် ကျားတုန်းရွှီ…

ထိုစဉ်က ချင်ကျင်းယွီအား ချန်ကောဟွားက သူ၏ ရင်တွင်းစကားများကို ထုတ်မပြောခဲ့ချေ။

မည်သို့ ကူညီရမည်ဟူသော ကိစ္စနှင့် ပတ်သက်၍မူ အချိန်ကျလာပါက ဒေါသပြေစေရန်အတွက်သာလျှင် လှည့်စားကျော်ဖြတ်လိုက်ရုံဖြင့် ပြီးသွားမည်သာ ဖြစ်သည်။

ဤကိစ္စရပ်တွင် ကျားတုန်းရွှီနှင့် ချင်ဟွိုင်ယွီတို့အနက် တစ်ယောက်က သက်ပြင်းချနိုင်ခဲ့ပြီး အခြားတစ်ယောက်မှာ ရင်ထဲ၌ အကူအညီမဲ့မှုများ ပြည့်နှက်နေသည်ဟု ဆိုရပေမည်။ ထိုအခါ ရှားကျူးမှာမူ အစမှအဆုံးတိုင် ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ပါးတစ်ချက် ရိုက်ခံလိုက်ရသည်ကို မဆိုထားနှင့် ယခုအခါ သူ ရယူလိုသော်လည်း မရနိုင်ခဲ့သော နတ်သမီးလေးသည် ချန်ကောဟွားအတွက် အစေခံ သွားလုပ်ရတော့မည်။ အကယ်၍ ချင်ဟွိုင်ယွီက ချန်မိသားစုအတွက် အစေခံလုပ်ရန်သာ ထိုက်တန်သည်ဆိုလျှင် သူ ဟယ်ယွီကျူးသည် မည်သည့်အရာ ဖြစ်နေမည်နည်း။

ချန်ကောဟွားနှင့် ကျော်လွှား၍ မရနိုင်သော ကွာဟချက်ကို သတိပြုမိသွားပြီးနောက် ရှားကျူး၏ ရင်ထဲတွင် အလွန်အမင်း ခံစားရခက်နေသည်။ ဤသို့ ခံစားရခက်သော အတိုင်းအတာသည် ချန်ကောဟွားက သူ့အား ပါးရိုက်သည်ထက်ပင် ပို၍ ပြင်းထန်နေသေးသည်။

"ရှားကျူး ပရိဘောဂတွေက အရမ်းလေးလို့ နင် ငါ့ကို ကူညီပေးလို့ ရမလား"

ချင်ဟွိုင်ယွီ၏ အသံ ထွက်ပေါ်လာသည်။ ထိုစကားကို ကြားသောအခါ ဟယ်ယွီကျူး၏ စိတ်အခြေအနေသည် ချက်ချင်းပင် ပေါက်ကွဲသွားသည်။

သူကိုယ်တိုင် ချန်ကောဟွား၏ ရိုက်နှက်မှုကို ခံရသည်ကို မဆိုထားနှင့် သူ၏ ချန်မိသားစုကိုပါ ကူညီပေးရဦးမည်၊

အကုသိုလ်များလွန်းလိုက်တာ

ရှားကျူးသည် ရင်ထဲမှနေ၍ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ သို့သော် သူသည် ချင်ဟွိုင်ယွီ၏ အပြတ်အသတ် ချုပ်ကိုင်မှုကို ခံထားရသဖြင့် ဤသို့ နူးညံ့ပျော့ပျောင်းသော အမူအရာ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှားကျူးတွင် မည်သည့် ဒေါသမျှ မရှိတော့ပေ။

နောက်ဆုံးတွင်မူ ရှားကျူးသည် နီရဲရောင်ရမ်းနေသော မျက်နှာကို အုပ်ကာ ကူညီပေးရန်သာ သွားနိုင်တော့သည်။

All Chapters