အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း ၁၁၂
ချင်ဟွိုင်ယွီသည် နှုတ်ခမ်းကိုစေ့ကာ ပရိဘောဂများကို အားအင်ကုန်ခမ်းစွာဖြင့် ကြည့်နေသည်။ ထိုသစ်သားပရိဘောဂများသည် တန်ဖိုးကြီးမားသော သစ်သားဖြင့် ပြုလုပ်ထားကြောင်း သူမ သဘာဝကျစွာပင် မသိရှိချေ။ သို့သော် ချန်ကောဟွားက ဤပရိဘောဂများကို လိုချင်ကြောင်း ရှင်းလင်းပြတ်သားစွာ တောင်းဆိုခဲ့သည်။
ထို့အပြင် သူမကဲ့သို့ မိန်းမသားတစ်ယောက်အနေဖြင့် အားလုံးကို မသယ်မပိုးနိုင်ချေ။ ထိုအတွက်ကြောင့် ချန်ကောဟွားက သူမအား လက်စားချေခြင်းဖြစ်သည်ဟု သူမ ခံစားလိုက်ရသည်။ ထိုနှစ်က သူ့ကို လက်မထပ်ခဲ့ခြင်းကြောင့်သာ ချန်ကောဟွားက ယခုကဲ့သို့ သွယ်ဝိုက်သောနည်းဖြင့် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ချင်ဟွိုင်ယွီက ဤသို့တွေးမိလေလေ ရင်ထဲတွင် ပို၍နာကြည်းဝမ်းနည်းလာလေလေ ဖြစ်သည်။သူမက ရုတ်တရက် တသိမ့်သိမ့်ဖြင့် ရှိုက်ငင်ငိုကြွေးလိုက်သည်။ ခြံဝင်းထဲရှိ မည်သူမဆို သူမအား ပစ်မှတ်ထား အနိုင်ကျင့်နေသကဲ့သို့ပင် ခံစားရသည်။
ထိုအချိန်တွင် ဟယ်ယွီကျူးက ချင်ဟွိုင်ယွီ၏ တိုးညှင်းသော ရှိုက်သံကို ကြားလိုက်ရသည်။ ခဲယဉ်းစွာ ခိုင်မာအောင်ထားသော စိတ်ထားမှာ ပျော့ပျောင်းသွားလေတော့သည်။
"ဟွိုင်ယွီ မင်း မငိုပါနဲ့၊ ငါ…ငါက မင်းကို မကူညီဘူးလို့ ပြောနေတာမှ မဟုတ်တာ၊ ဒီလိုလုပ်… ငါက ခွန်အားကြီးတယ် ဒီပရိဘောဂတွေကို ထားလိုက်… ငါပဲ သယ်ပေးမယ်"
ရှားကျူးက ကူညီပေးရန် အလျင်အမြန် သဘောတူလိုက်သည်။ ဤသို့ ပြောဆိုလိုက်မှသာ ချင်ဟွိုင်ယွီ၏ စိတ်အခြေအနေမှာ အနည်းငယ် ကောင်းမွန်သွားသည်။
"ရှားကျူး ကျေးဇူးတင်ပါတယ်… နင်က လူကောင်းတစ်ယောက်ပါ"
လူကောင်းကတ်ပြား ထုတ်ပေးပြီးနောက် ချင်ဟွိုင်ယွီက ချန်ကောဟွားအား ထပ်မံ၍ အပြစ်တင် မြည်တွန်လာပြန်သည်။
သူမကိုယ်တိုင် ကျားမိသားစုတွင် ကြိုးစားပမ်းစား ပေးဆပ်ခဲ့ပြီး တစ်နေကုန် ဝဝလင်လင်မစားရ၊ နွေးနွေးထွေးထွေးမဝတ်ရဘဲ ဤမျှကြီးမားသော မိသားစုကြီးကို တစ်ယောက်တည်း ရုန်းကန်ထိန်းကျောင်းနေရသဖြင့် အမှန်တကယ်ပင် မိန်းမကောင်းတစ်ယောက်ဟု ဆိုနိုင်သည်။
သို့သော် အဘယ်ကြောင့် ချန်ကောဟွားက သူမအား အနိုင်ကျင့်နေရသေးသနည်း။ အကယ်၍ ထိုနှစ်က သူမကိုယ်တိုင် သူ့ကို လက်မခံခဲ့ခြင်းကြောင့်ဆိုလျှင်ပင် စောစောက သူသာ လေယူလေသိမ်း အနည်းငယ်ကောင်းခဲ့လျှင် သူမကိုယ်တိုင်လည်း လက်ခံပေးရန် မကြိုးစားနိုင်စရာ အကြောင်းမရှိပေ။
သို့သော် ချန်ကောဟွားက ထိုသို့မပြောသည့်အပြင် သူမကို အပြစ်ပေးလိုနေသေးသည်။ သူက အဘယ့်ကြောင့် ဤမျှ ရက်စက်နိုင်ရသနည်း။
ထိုသို့ တွေးမိလေလေ ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ပို၍ ခံစားရခက်လေလေ ဖြစ်ပြီး နောက်ဆုံးတွင် အိမ်ထဲသို့ ပြန်ဝင်သွားသည်။
ရှားကျူးကိုပင် လှည့်မကြည့်ခဲ့ချေ။ သူ့အား အသုံးချခံလူတစ်ယောက်အဖြစ် လုံးဝ သဘောထားလိုက်ခြင်းဖြစ်သည်။
ရှားကျူးကမူ မည်သည့်မသင့်လျော်မှုမျှ မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ချင်ဟွိုင်ယွီ၏ ချီးကျူးမှုကို ရရှိပြီးနောက် ပရိဘောဂသယ်ရန် ခွန်အားများ ပိုမိုပြည့်ဝလာသည်ဟု ခံစားလိုက်ရသည်။ တစ်ယောက်တည်း တရှူးရှူးတရှားရှားဖြင့် သယ်နေလေတော့၏။
ခြံဝင်းအပြင်ဘက်မှ တိုးညှင်းသော အသံများသည် အနားယူရန် ပြင်ဆင်နေသော ချန်ကောဟွား၏ နားထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် သူက မနေနိုင်ဘဲ တံခါးကို တွန်းဖွင့်ကာ အခြေအနေကို ကြည့်ရှုရန် ခေါင်းပြူလိုက်သည်။
ထိုအချိန်တွင် ခြံဝင်းထဲရှိ ရှားကျူးက ချန်ကောဟွားကို သတိထားမိသွားသည်။ ချန်ကောဟွားက သူ့အား အနည်းငယ် အံ့အားသင့်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။ ရှားကျူးက ခါးထောက်ကာ မျက်နှာတစ်ခုလုံး အထင်သေးသော အမူအရာဖြင့် ချန်ကောဟွားကို ကြည့်လိုက်သည်။
မင်း… ချန်ကောဟွားက ငါ့ကို ပါးတစ်ချက် ရိုက်ခဲ့ပေမယ့် ပရိဘောဂလေးတစ်ခုတောင် မသယ်နိုင်ဘူးဆိုတော့ မင်းက ဘာယောက်ျားလဲဟု ပြောနေသည့်အလားပင် ဖြစ်သည်။
ချန်ကောဟွားဘက်သို့ ပြန်ကြည့်ရလျှင် သူက ရှားကျူး၏ ထိုပုံစံကို မြင်သောအခါ စကားပင် ဆွံ့အသွားရသည်။
ဤသည်မှာ ယနေ့ညအတွက် ချင်ဟွိုင်ယွီ၏ အလုပ်ဖြစ်ကြောင်း ရှင်းလင်းနေသော်လည်း ရှားကျူးဆိုသည့် ခွေးတစ်ကောင်လို ဖားတတ်သူက ဤအရာဖြင့် မျက်နှာလိုမျက်နှာရ လုပ်နိုင်နေသေးသည်မှာ တကယ်ကို အရည်အချင်းရှိသူတစ်ဦးပင် ဖြစ်သည်။
သေချာသည်မှာ ချန်ကောဟွား၏ ထိုစကားသည် ရှားကျူးအား ချီးကျူးလိုသည့် အဓိပ္ပါယ် လုံးဝမပါဝင်ပေ။ သရော်လှောင်ပြောင်မှုသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှားကျူး၏ လုပ်ရပ်သည် လူကောင်းတစ်ယောက်၏ အပြုအမူနှင့် တူနေသော်လည်း လက်တွေ့တွင်မူ အစအဆုံး အသုံးမကျသော လူကောင်းယောင်ဆောင်သူသာ ဖြစ်သည်။
သို့သော်လည်း ရှားကျူးက ချင်ဟွိုင်ယွီကို ကူညီမည်ဟု ပြောထားပြီးဖြစ်ရာ ဤပရိဘောဂတစ်စုံသည် ယနေ့ညတွင်ပင် အရှေ့ဘက်ခြံဝင်းရှိ အိမ်ထဲသို့ ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။
ချန်ကောဟွားက သူနှင့် စကားများများပြောရန် မလိုအပ်ဟု ခံစားလိုက်ရသည်။ ထို့နောက် အိမ်တံခါးကို ပိတ်လိုက်ပြီး သူ့ကို ထပ်မံကြည့်ရှုရန်ပင် ဝန်လေးသွားသည်။
ဟယ်ယွီကျူးကို သနားကြင်နာရန်ကိစ္စနှင့် ပတ်သက်၍မူ ချန်ကောဟွားက အနည်းငယ်မျှပင် သနားကြင်နာ၍ မရနိုင်ပေ။ ဂုဏ်သိက္ခာ လုံးဝမရှိသော ဖားတတ်သည့် ခွေးတစ်ကောင်ကို သနားကြင်နာရန် မဖြစ်နိုင်ချေ။
ချင်ဟွိုင်ယွီက သူ့ငွေကို ယူပြီး သူ့ကို ပစ္စည်းများ ယူဆောင်ပေးခိုင်းသည်။ ထို့အပြင် သူ၏ အလုပ်ကိုပါ ပြုတ်လုနီးပါး ဖြစ်စေသည်။ ယခုအချိန်တွင်ပင် သူ၏ လုပ်အားကို အမြတ်ထုတ်ရန် တွေးတောနေသေးသည်။ ဤအခြေအနေအောက်တွင် သူက ချင်ဟွိုင်ယွီအတွက် ပေးဆပ်ရန် ဆန္ဒရှိနေသေးသည်။ ဤသည်မှာ ယောက်ျားတစ်ယောက် မဟုတ်တော့ချေ။ အရိုးထဲထိ အောက်တန်းကျသော ဖားတတ်သည့်ခွေးတစ်ကောင်သာ ဖြစ်သည်။
ချန်ကောဟွား ယုံကြည်သည်မှာ ယောက်ျားတစ်ယောက်ဖြစ်နေသရွေ့ ဟယ်ယွီကျူးကို မည်သူမျှ သနားကြင်နာနိုင်မည် မဟုတ်ပေ။ ဤအခြေအနေအောက်တွင် ချန်ကောဟွားက ဟယ်ယွီကျူးနှင့် မည်သည့်ပတ်သက်မှု အနည်းငယ်မျှပင် မရှိလိုတော့ချေ။
ချန်ကောဟွား အိမ်ထဲသို့ ဝင်သွားပြီးနောက် ဟယ်ယွီကျူးကလည်း ပရိဘောဂများကို စတင်သယ်နေလေရာ မကြာမီမှာပင် ပင်ပန်း၍ မောဟိုက်လာလေတော့သည်။
အိမ်သို့ ယခုမှ ပြန်ရောက်လာသော ရီကျုံးဟိုင်က အသံကြားပြီးနောက် ခေါင်းပြူကြည့်လိုက်ရာ ရှားကျူး ပရိဘောဂသယ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အရင်ကဆိုလျှင် သူက အပြင်ထွက်လာပြီး ရှားကျူးနှင့် စကားအနည်းငယ် ပြောဆိုဦးမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ခေါင်းခါကာ သက်ပြင်းချရုံသာ ရှိတော့သည်။
ရီကျုံးဟိုင်၏ မျက်လုံးထဲတွင် ရှားကျူးက သူ့အား အိုမင်းမစွမ်းဖြစ်ချိန်တွင် ပြုစုစောင့်ရှောက်ရန် အရည်အချင်း လုံးဝမပြည့်မီတော့ဟု သူ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားနှင့် နှိုင်းယှဉ်လိုက်လျှင် ဟယ်ယွီကျူးက နံရံပေါ်သုတ်၍မရသော ရွှံ့နွံကဲ့သို့ အသုံးမကျသူ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ချင်ဟွိုင်ယွီအတွက် မျက်နှာအရိုက်ခံရသည်ကိုပင် မပြောလိုတော့ချေ။ ယခုအခါ မိမိ၏ဂုဏ်သိက္ခာကို ချကာ သူတစ်ပါးအတွက် ရှင်းလင်းပေးနေသေးသည်။ ဤမျှ အသုံးမကျသောလူက ခွေးတစ်ကောင်လောက်ပင် မစွမ်းဆောင်နိုင်ရာ သူ၏ အိုမင်းမစွမ်းဖြစ်ချိန်တွင် မည်သို့ အားကိုး၍ ရနိုင်မည်နည်း။
အနည်းဆုံးတော့ ခွေးက သူတစ်ပါးတွင် စားစရာမရှိလျှင် အမြီးမနှံ့ရကြောင်း သိသည်။ သို့သော် ရှားကျူးကမူ မတူညီပေ။ စိတ်ကူးယဉ်ထားသော သဘောကျမှုလေးအတွက် ယခုအချိန်တွင် ခွေးတစ်ကောင်ကိုပင် မယှဉ်နိုင်တော့ချေ။ ဤအခြေအနေအောက်တွင် ရီကျုံးဟိုင်က ရှားကျူးအပေါ် လုံးဝလက်လျှော့လိုက်ပြီဟု ဆိုရမည်ဖြစ်သည်။
ရှားကျူးကို လက်လျှော့လိုက်ပြီးနောက် ရီကျုံးဟိုင်ကလည်း စိတ်ကူးပြောင်းသွားသည်။ စိတ်ထဲတွင် ကျားမိသားစုကို မည်သို့ ဖယ်ရှားပြီး ချန်ကောဟွား၏ သဘောကျမှုကို မည်သို့ရယူရမည်ကိုသာ တွေးတောနေလေတော့သည်။
ချန်မိသားစုဘက်သို့ ပြန်ဆက်ရလျှင် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် နှစ်ယောက်သား ကုတင်ပေါ်တွင် လှဲကာ အိပ်စက်ရန် ပြင်ဆင်နေကြသည်။
ချင်ကျင်းယွီက ချန်ကောဟွား၏ ပခုံးတွင် ခေါင်းအုံးရင်းမှ ရှက်သွေးဖြာကာ ပြောလိုက်သည်။
"ကောဟွား… ခုနက ငါလုပ်ခဲ့တာ အရမ်းလွန်သွားပြီလား"
"လွန်သွားတာလား…ဒီလို တိရစ္ဆာန်အုပ်စုနဲ့ လွန်တယ်ဆိုတာတွေ ဘာပြောစရာရှိသေးလို့လဲ"
ချန်ကောဟွားက ပြုံးလိုက်ပြီး ချင်ကျင်းယွီမှာ အလွန် သဘောကောင်းလွန်းနေသေးသည်ဟု ခံစားလိုက်ရသည်။ သိထားရမည်မှာ အရင်က ချင်ကျင်းယွီတွင် အလုပ်မရှိခဲ့ရာ သူမတစ်ယောက်တည်း အိမ်တွင် ချင်ဟွိုင်ယွီ၏ နှိမ်ချဆက်ဆံမှုကို အများအပြား ခံခဲ့ရမည်မှာ အသေအချာပင်ဖြစ်သည်။
ယခုအချိန်တွင် ချင်ဟွိုင်ယွီကို အစေခံတစ်ယောက်လို ဆက်ဆံခိုင်းရုံလေးဖြင့်ပင် ချင်ကျင်းယွီက စိတ်မကောင်းဖြစ်နေပြီ ဖြစ်သည်။ ဤမျှရိုးအလွန်းသော အတွေးကို မဖြစ်မနေ ပြုပြင်ပေးရမည်ဖြစ်သည်။
"မင်းနဲ့ သူက ဆွေမျိုးပတ်သက်မှု မရှိတော့တာ ကြာလှပြီပဲ…ပိုပြီး လွန်လွန်ကျူးကျူး လုပ်လည်း ကိစ္စမရှိဘူး"
ချန်ကောဟွားက တည်ငြိမ်စွာ ပြောလိုက်သည်။
ပိုပြီး လွန်လွန်ကျူးကျူးလား…
ချင်ကျင်းယွီ အနည်းငယ် ကြက်သေသေသွားပြီးနောက် ချန်ကောဟွားက သူမကို ထောက်ခံနေကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ရင်ထဲတွင် ပန်းများ ပွင့်လန်းလာသကဲ့သို့ ဝမ်းသာသွားသည်။
သူမသည် ခြံဝင်းထဲတွင် ဤမျှ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ မည်သည့် သူတော်စင်စိတ်ထားမျိုး ရှိနိုင်မည်နည်း။ စောစောက ထိုသို့ပြောလိုက်ရခြင်းမှာ အဓိကအားဖြင့် အလွန်အမင်းလွန်ကဲသွားမည်ကို စိုးရိမ်ပြီး သူတစ်ပါး၏ အတင်းအဖျင်းပြောစရာဖြစ်ကာ ချန်ကောဟွား၏ အလုပ်ကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
သိထားရမည်မှာ ဌာနမှူးဆိုသည်မှာ အဆင့် အလွန်မမြင့်မားသော်လည်း ခေါင်းဆောင်အရာရှိတစ်ဦးဖြစ်ရာ ကိုယ်တိုင်စံပြဖြစ်ရန် လိုအပ်သည်။ အကယ်၍ တစ်ယောက်ယောက်က တိုင်တန်းလိုက်ပါက အလုပ်အကိုင်တွင် အသေအချာကို ထိခိုက်မှုရှိလာမည် ဖြစ်သည်။
ယခု ချန်ကောဟွားက ပြဿနာမရှိဟု ပြောလိုက်သဖြင့် ချင်ကျင်းယွီလည်း စိတ်အေးသွားလေတော့သည်။
"ကောဟွား ဒါဆိုရင် နင်က တကယ်ပဲ ကျားမိသားစုကို ကူညီပေးဖို့ စီစဉ်ထားတာလား"
ဤမေးခွန်းကို ချင်ကျင်းယွီက ရင်ထဲတွင် အမြဲသိမ်းဆည်းထားသည်။ ဒေါသထွက်မှုကို ဖြေဖျောက်ရန်အတွက် ဆက်ဆံရေးများကို အသုံးပြုကာ ချင်ဟွိုင်ယွီ၏ မိသားစုကို ကူညီပေးရမည်။ ထိုသို့ဆိုလျှင် ချန်ကောဟွား၏ အလုပ်အကိုင်ကို ထိခိုက်လာနိုင်စရာ အကြောင်းများစွာ ရှိသည်။ အကယ်၍ ချန်ကောဟွား၏ အလုပ်အကိုင်ကို စတေးရမည်ဆိုပါက သူမက ဤဒေါသထွက်မှုကို မဖြေဖျောက်လိုတော့ချေ။
"သူတစ်ပါးကို ကတိပေးထားတဲ့ကိစ္စဆိုတော့ သေချာပေါက် လုပ်ရမှာပေါ့"
ချန်ကောဟွားက တည်ငြိမ်စွာပင် ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ချင်ကျင်းယွီမှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားသည်။ သို့သော် ချန်ကောဟွားက သူမ၏ နားနားသို့ကပ်ကာ သူ၏ အစီအစဉ်ကို အလျင်အမြန် ပြောပြလိုက်သည်။ ချန်ကောဟွား ပြောအပြီးတွင် ချင်ကျင်းယွီက တခစ်ခစ်ဖြင့် ရယ်မောလိုက်လေတော့သည်။
"ကောဟွား နင်က သိပ်ဆိုးတာပဲ…ဒီလိုသာဆိုရင် ချင်ဟွိုင်ယွီတို့တော့ ငိုယိုပြီး မေ့လဲသွားလောက်တယ်နော်၊ဒါပေမဲ့ ငါက နင့်ရဲ့ ဒီပုံစံကို သဘောကျတယ်"
စိတ်လှုပ်ရှားမှုအောက်တွင် ချင်ကျင်းယွီက မျက်လုံးများ အရောင်လက်ကာ ချန်ကောဟွားကို ကြည့်နေသည်။
"ဒါက ဘာလုပ်ရသေးလို့လဲ မနက်ဖြန် ငါ ရဲစခန်းကို သွားပြီးရင် သူတို့ စိတ်ဒဏ်ရာရသွားတဲ့အထိကို အသေအချာ ခြောက်လှန့်ပြဦးမှာ"
ချန်ကောဟွားက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။ထိုသို့ေသာအတွေးမျိုးကိုယ်စီဖြင့် သူတို့နှစ်ဦးမှာ မကြာမီပင် အိပ်ပျော်သွားကြလေတော့သည်။